ရှင်မဿဲခရစ်ဝင် - ၁၄

ဗတ္တိဇံဆရာယောဟန်ကွယ်လွန်ခြင်း
(မာ၊ ၆:၁၄-၂၉။ လု၊ ၉:၇-၉။)
1ထိုအခါ စော်ဘွားဟေရုဒ်သည် ယေရှု၏ သတင်းတော်ကိုကြားလျှင်၊- 2ဤသူကား ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု မိမိငယ်သားတို့အား ဆို၏။- 3အထက်က ဟေရုဒ်သည် မိမိညီဖိလိပ္ပု၏ခင်ပွန်း ဟေရောဒိအကြောင်းကြောင့်၊ ယောဟန်ကို ဖမ်းဆီးချည်နှောင်၍ ထောင်ထဲမှာ လှောင်ထား၏။-လု၊ ၃:၁၉-၂၀။ 4အကြောင်းမူကား၊ ယောဟန်က၊ အရှင်မင်းကြီးသည် ထိုမိန်းမကို မသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ။-ဝတ်၊ ၁၈:၁၆၊ ၂၀:၂၁။ 5ယောဟန်ကိုသတ်ခြင်းငှာ အလိုရှိသော်လည်း၊ လူအပေါင်းတို့၏မျက်နှာကို ထောက်၍ မသတ်ဝံ့ဘဲနေ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြသတည်း။
6ထိုနောက်မှ ဟေရုဒ်ကို ဖွားသောနေ့ရက်၌ နှစ်စဉ်ပွဲခံစဉ်တွင်၊ ဟေရောဒိ၏သမီးသည် ပွဲသဘင်၌ ကသဖြင့် ဟေရုဒ်သည် နူးညွတ်သောစိတ်ရှိလျှင်၊- 7ငါသည် သင်တောင်းသမျှကို ပေးမည်ဟု ကျိန်ဆိုလေ၏။- 8ထိုမိန်းမငယ်သည် သူ၏အမိ တိုက်တွန်းသည်အတိုင်း၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို ဤလင်ပန်း၌ ပေးတော်မူပါဟု တောင်းလျှောက်၏။- 9မင်းကြီးသည် ဝမ်းနည်းသော်လည်း ကျိန်ဆိုခြင်းကိုလည်းကောင်း၊ အပေါင်းအဖော်တို့၏ မျက်နှာကိုလည်းကောင်း ထောက်သောကြောင့် ပေးစေဟု အမိန့်တော်ရှိလျက်၊- 10လူကိုစေလွှတ်၍ ယောဟန်၏လည်ပင်းကို ထောင်ထဲမှာ ဖြတ်စေ၏။- 11ဦးခေါင်းကို လင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အား ပေးပြီးမှ၊ သူသည်လည်း မိမိအမိထံသို့ ယူသွား၏။- 12ယောဟန်၏တပည့်တို့သည်လည်း လာ၍ အလောင်းကို ဆောင်သွားသဖြင့် သင်္ဂြိုဟ်ပြီးမှ၊ ယေရှုထံတော်သို့ သွား၍ ကြားလျှောက်ကြ၏။
လူငါးထောင်ကိုကျွေးမွေးခြင်း
(မာ၊ ၆:၃၀-၄၄။ လု၊ ၉:၁၀-၁၇။ ယော၊ ၆:၁-၁၄။)
13ယေရှုသည် ကြားတော်မူလျှင်၊ ထိုအရပ်မှထွက်၍ လှေကိုစီးလျက် တော၌ဆိတ်ကွယ်ရာအရပ်သို့ ကြွတော်မူ၏။ လူအစုအဝေးတို့သည် ကြားသိရလျှင်၊ မြို့ရွာမှထွက်၍ ကုန်းကြောင်းလိုက်ကြ၏။- 14ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ သနားခြင်းစိတ်တော်ရှိ၍ လူနာရှိသမျှတို့ကို ချမ်းသာပေးတော်မူ၏။
15ညဉ့်ဦးယံ၌ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုးလည်း ချုပ်ပါပြီ။ လူအစုအဝေးတို့သည် မြို့ရွာသို့သွား၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါဟု လျှောက်ကြလျှင်၊- 16ယေရှုက၊ သွားရသောအကြောင်းမရှိ။ သူတို့စားစရာဖို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။- 17တပည့်တော်တို့ကလည်း၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတစ်ပါး အဘယ်စားစရာမျှ အကျွန်ုပ်တို့၌မရှိပါဟု လျှောက်ပြန်လျှင်၊ ထိုမုန့်နှင့် ငါးကို ယူခဲ့ကြဟု မိန့်တော်မူ၏။- 18ထိုအခါ လူအစုအဝေးတို့ကို မြက်ပင်ပေါ်မှာ လျောင်းကြစေဟု အမိန့်တော်ရှိ၏။- 19မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်းယူ၍ ကောင်းကင်သို့ ကြည့်မျှော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်နှင့် ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။- 20တပည့်တော်တို့သည်လည်း လူအပေါင်းတို့အား ပေးကြ၏။ လူအပေါင်းတို့သည် စား၍ ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ တစ်ဆယ်နှစ်တောင်း အပြည့်ရကြ၏။- 21စားသောသူ အရေအတွက်ကား၊ မိန်းမနှင့် သူငယ်ကို မဆိုဘဲ၊ ယောက်ျားငါးထောင်မျှလောက် ရှိသတည်း။
အိုင်ပေါ်မှာစက်တော်ဖြန့်ခြင်း
(မာ၊ ၆:၄၅-၅၂။ ယော၊ ၆:၁၅-၂၁။)
22ယေရှုသည် စည်းဝေးသောသူတို့ကို လွှတ်တော်မူစဉ်တွင်၊ တပည့်တော်တို့ကို လှေစီးစေ၍ ကမ်းတစ်ဖက်သို့ အရင် ကူးစေတော်မူ၏။- 23စည်းဝေးသောသူတို့ကို လွှတ်ပြီးမှ ဆုတောင်းပတ္ထနာ ပြုအံ့သောငှာ တောင်ပေါ်၌ ဆိတ်ကွယ်ရာအရပ်သို့ တက်ကြွသဖြင့်၊ ညအချိန် ရောက်သောအခါ၊ တစ်ယောက်တည်း ရှိနေတော်မူ၏။- 24လှေမူကား အိုင်အလယ်၌ရှိ၍ လေမသင့်သောကြောင့် လှိုင်းတံပိုးလှုပ်ရှားခြင်းကို ပြင်းစွာခံရ၏။- 25ညသုံးချက်တီးကျော်အချိန်၌ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်လျက် တပည့်တော်တို့ရှိရာသို့ ကြွတော်မူ၏။- 26ထိုသို့ အိုင်ပေါ်မှာစက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူတို့သည်မြင်လျှင် ထိတ်လန့်၍၊ ဖုတ်တစ္ဆေဖြစ်သည်ဟု ကြောက်သောစိတ်နှင့် အော်ဟစ်ကြ၏။- 27ယေရှုသည် ချက်ချင်းနှုတ်ဆက်၍ တည်ကြည်သောစိတ် ရှိကြလော့။ ငါပင်ဖြစ်သည်။ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူ၏။- 28ပေတရုကလည်း၊ သခင် ကိုယ်တော်မှန်လျှင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ ရေပေါ်မှာ လာရမည်အကြောင်း မိန့်တော်မူပါဟု လျှောက်လျှင်၊- 29လာခဲ့လော့ဟု မိန့်တော်မူ၏။ ပေတရုသည် လှေပေါ်ကဆင်း၍ ယေရှုထံသို့ရောက်အံ့သောငှာ ရေပေါ်မှာ လှမ်းသွား၏။- 30လေပြင်းသည်ကိုမြင်လျှင် ကြောက်လန့်၍ နစ်မွန်းလုသည်ရှိသော်၊ ကယ်မတော်မူပါသခင်ဟု ဟစ်ကြော်လေ၏။- 31ယေရှုသည် လက်တော်ကို ချက်ချင်းဆန့်၍ ပေတရုကို ကိုင်တော်မူလျက်၊ ယုံကြည်အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှားသောစိတ် ဝင်သနည်းဟု မေးတော်မူ၏။- 32လှေပေါ်သို့ရောက်ကြလျှင် လေသည် ငြိမ်းလေ၏။- 33လှေသားတို့သည် ချဉ်းကပ်၍၊ စင်စစ်ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်ပါသည်ဟု ညွတ်ပြပ်၍ လျှောက်ကြ၏။
ဖျားနာသူများကိုကျန်းမာစေခြင်း
(မာ၊ ၆:၅၃-၅၆။)
34ကမ်းတစ်ဖက်သို့ကူးလျှင် ဂင်္နေသရက်နယ်သို့ ရောက်ကြ၏။- 35ထိုအရပ်သားတို့သည် မျက်နှာတော်ကို မှတ်မိလျှင်၊ ပတ်ဝန်းကျင်အရပ် ရှိသမျှသို့ စေလွှတ်သဖြင့် လူနာရှိသမျှတို့ကို ဆောင်ခဲ့၍၊- 36အဝတ်တော်၏ ပန်းပွားကိုမျှသာ တို့ရပါမည်အကြောင်း အခွင့်တောင်းကြ၏။ တို့သမျှသော သူတို့သည်လည်း ချမ်းသာရကြ၏။

ရှင်မဿဲခရစ်ဝင် - ၁၄ (အနက်ဖွင့်)




၁၄:၃ အပိုဒ်ငယ် ၃-၁၂တွင် ယောဟန်၏ အတိတ်ပုံရိပ်ကို ပြန်လည်ထုတ်ဖြေသည်။ ရှင်မဿဲက ထိုအဖြစ်အပျက်ကို ဇာတ်လမ်းစုံခင်းပြသည်။

၁၄:၄-၅ ထိုဟေရုဒ်သည် စည်းစိမ်ဥစ္စာခံစားခြင်း၌ ရမက်အသာပြေနိုင်သောကြောင့် ညီတော်ဖိလိပ္ပိ၏ မိန်းမ၊ ခယ်မဖြစ်သူ ဟေရောဒိနှင့် လိင်ဖောက်ပြန်ကြသည်။ ပရောဖက်ယောဟန်က ထိုညစ်ညမ်းသော ဖောက်ပြန်ခြင်းပြစ်မှုကိုခွင့် မလွတ်လက်ညိုးထိုးပြသည်။

လူပုံအလယ် ထိုသို့ပြစ်တင်ရှုတ်ချခြင်းခံရသည်ကို ဟေရုဒ်မကျေနပ်၊ အမျက်ဒေါသထွက် လျက် ယောဟန်အား သတ်ပစ်ကွက်မျက်ချင်သည်။ သို့သော်တိုင်းသူပြည်သားများက ယောဟန်အား ပရောဖက်အဖြစ် ကိုးကွယ်ကြသောကြောင့် လက်ရွံ့သည်။ ရပ်သူရွာသားများကို မဆန့်ကျင်ရဲ။ သို့ကြောင့် အမျက်ဒေါသတထစ်ချ၍ ယောဟန်အား ထောင်သွင်းလိုက်သည်။ ဘုရားတရား မသိသူများ၏ အသိဉာဏ် ပညာသည် ခြင်္သေ့ကဲ့သို့ အခြားသူများကို သတ်စားဝါးမြိုရန် သာမြင်တတ်ကြသည်။ ဘာသာတရားနှင့် ကင်းလွတ်သူများဖြစ်သဖြင့် အရှက်အကြောက်မရှကြ။၃၁



ဟေရုဒ်သည် ကိုယ်ထိုလက်ရောက်ကျူးလွန်ပြီးမြောက်ခြ့သော်လည်း အတိတ်တစ္ဆေက တောက်လျှောက်လိုနေသည်။ သခင်ယေရှု၏ လှုပ်ရှားမှုသတင်းကြားသိသောအခါ စားမရ၊ အိပ်မရ၊ ကဏှာမငြိမ်းဖြစ်နေသည်။

(ခ) လူငါးထောင်ကျွေးမွေးခြင်း (၁၄:၁၃-၂၁)

၁၄:၁၃-၁၄ ဟေရုဒ်၏ ဆိုးသွမ်းသောင်းကျန်းပုံကို သခင်ယေရှုကြားသိသောအခါ ဂါလိလဲ အိုင်သို့ လှေဖြင့် ထွက်သွားသည်။ စင်စစ်ကိုယ်တော်ဘုရားသည် အသက်ရန် စိုးရိမ်သောကြောင့် ထွက်ပြေးတိမ်းရှောင်ခြင်းမဟုတ်ပါ။ အချိန်အခါမကျရောက်လျှင်ကိုယ်တော်ဘုရား သေနေ့မစေ့နိုင်ပါ။ ကိုယ်တော်ဘုရားသည် နေ့ရက်ချိန်ခါပြက္ခဒိန်၏ အရှင်သခင်လည်းဖြစ်သည်။ သို့ကြောင့် ထိုသို့ထွက်ခွာ ရခြင်း၏ အကြောင်းရင်းမှန်ကို မသိရသော်လည်း ဧဝံဂေလိဟောကြားခြင်းမှ ပြန်လည်ရောက်လာကြ သောတပည့်တော်များကို တွေ့ဆုံဖို့ဖြစ်နိုင်သည်။ (မာ ၆:၃၀၊ လု ၉:၁၀)။ တပည့်တော်များနှင့်အတူ အေးအေးဆေးဆေးအနားယူလိုခြင်းဖြစ်ပေမည်။

မည်သည် အကြောင်းကြောင့် သွားသည်ဖြစ်စေ၊ လူအုပ်ကြီးသည် ကိုယ်တော်နောက်သို့ ခြေလျင်လျှောက်ကာလိုက်သွားကြသည်။ ပင်လယ်ကမ်းခြေသို့ရောက်သောအခါ လူအုပ်ကြီးကိုစောင့် ကြည့်သည်။ ထိုနေမကောင်း၊ မကျန်းမာသောလူအုပ်ကြီးအား ချက်ချင်း ကျန်းမာစေလိုက်သည်။

၁၄:၁၅ ညနေ(၃)နာရီထိုးနေပြီ။ ထိုလူအုပ်ကြီးအားကျွေးမွေးစရာမရှိသောကြောင့် တပည့်တော်များအခက်အခဲ တွေ့နေကြသည်။ ထို့ကြောင့် အနီးအနားရှိရွာထဲသို့သွား၍ စားစရာသွားရှာ ရန် သခင့်ထံ ခွင့်ပန်ကြသည်။ သခင်ဘုရား၏ ဘုန်းတန်ခိုးကို အမှန်တကယ်မသိရှိ၊ နားမလည်နိုင်ကြပါ လား။

၁၄:၁၆-၁၈ သခင်ဘုရားက သွားစရာလိုဟုတားမြစ်လိုက်သည်။ သခင်ဘုရားက စားစရာ တခုခုကျွေးလိုက်ပါ်ဟု ဆိုရာ မုန့်ငါးလုံးနှင့် ငါး နှစ်ကောင်းသာရှိသဖြင့် မလုံလောက်နိုင်ဟုဆိုကြသည်။ အရာခမ့်သိမ်းကို ဖန်ဆင်းပိုင်သတော်မူသော ဘုရားရှင် သူတို့နှင့်အတူရှိကြောင်းကိုမူ မေ့နေကြသည်။ သခင်ဘုရားက ထိုရှိသမျှသော အစာကို င့ါထံယူလာခဲ့ကြဟုဆိုသည်။

၁၄:၁၉-၂ဝ ပရိသတ်ကြီးအားမြက်ခင်းလွင်ပြင်တွင်ထိုင်စေကြသည်။ သခင်ဘုရားသည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်အပေါ် ကျေးဇူးတော်ချီးမွမ်းပြီးနောက်၊ မုန့်ကိုဖဲ့ကာ တပည့်တော်များအား ဝေခိုင်းလိုက်သည်။ ဝေပြီးသောအခါ အပြည့်အလျှံဖြစ်နေသည် ပိုလျှံသောမုန့်ကို ပြန်လည်စုစည်းရာခြင်း တောင်းတဆယ့်နှစ်တောင်း ရရှိကြသည်။ အစထက်အဆုံးတွင် ပိုများနေသည်။ မယုံနိုင်စရာဖြစ်သည်။ လူအုပ်ကြီးမှာ လူတစ်သောင်းမှာ တသောင်းခွဲခန့်ဖြစ်သည်။ ယောကျာ်ကြီးသက်သက် ငါးထောင်ရှိသည်။ မိန်းမများနှင့် ကလေးများပါသေးသည်။

ဤအံ့ဖွယ်လက္ခဏာသည် ကြီးမားသော ဝိညာဉ်ရေးရာသင်ခန်းစာ တရပ်ဖြစ်သည် ငတ်မွတ်ဆာလောင်နေသော လူများစွာရှိနေသည်။ သနားစရာတပည့်တော်လူနည်းစုကသာ ဝိညာဉ်အစာ လိုက်ကျွေးနေကြသည်။ ကယ်တင်ရှင်းဘုရားသည် ထိုအမှုတော် တွင်အမြဲတန်းပါဝင်သည်။ တပည့်တော် များကစေတနာ သဒ္ဓါထက်သန်စွာကျွေးမွေးကြသောအခါ ပရိသတ်ကြီးအတွက် လုံလောက်ပြည်လျှံသည် အနည်းငယ်သော အရာကို အဆမတန်များပြားစေသည်။ တမဟုတ်ချင်းတွင်လူပေါင်းငါးထောင်သည် ဝမ်းဝသွားကြသည်။ ထိုအစာသည် ခဏတဖြုတ်သာဝသည်။ ထာဝရဝမ်းဝဖို့ အသက်ရှင်ေသာ ခရစ်တော် အစာလိုအပ်သည် (ယော ၆:၃၅ ကိုလည်းကြည့်)။

(ဂ) ရေပြင်ပေါ်တွင် ကိုယ်တော်ဘုရားလမ်းလျှောက်ခြင်း (၁၄:၂၂-၃၃)

အထက်ကအံ့ဖွယ်နိမိတ်လက္ခဏာတွင် လိုအပ်သော ဘုရားကို သခင်ဘုရားဖြည့်စွမ်း နိုင်ကြောင်းတပည့်တော်များတွေ့မြင်သိရှိခဲ့ကြသည်။ တပည့်တော်များကို ကွယ်ကာနိုင်ကြောင်းနှင့် တန်ခိုး ပေးနိုင်ကြောင်းလည်းယုံကြည်ကြသည်။

၁၄:၂၂-၂၃ ပရိသတ်များထွက်ခွာကြပြီးသော အခါ တပည့်တော်များအား လှေပေါ်သို့ တက်စေပြီးတဖက်ကမ်းသို့ကူးခိုင်းသည်။ ကိုယ်တော်ကြွမြန်းသည်။ ညနေစောင်း၍ နေဝင်ရီတရောအချိန် ရောက်နေပြီ။ (အချို့ကျမ်းပိုဒ်များတွင် ညနေခင်းဟုဆို၍ အချို့ကျမ်းပိုဒ်တွင် နေဝင်ချိန်ဟုဆိုကြသည်)။

၁၄:၂၄-၂ရ လှေသည် ကမ်းစပ်မှ ခွာလျက်ရေလယ်ခေါင်ရောက်နေပြီ။ ဆိုးမဆင့် ဗုံမဆင့် လေပြင်းတိုက်ခတ်လာသည်။ လှိုင်းတံပိုးများက လှေကို တဗျမ်းဗျမ်းရိုက်ပုတ်သည်။ မိုးရိပ်မှောင်မဲနေသည် တပည့်တော်များ မျက်လုံးမျက်ဆံပြူးနေကြသည်ကို ခရစ်တော်ဘုရား သိရှိ (ထိုအချိန်သည် ညနေ ၃နာရီ နှင့် ၆နာရီအကြားဖြစ်သည်) သဖြင့် ပင်လယ်ပေါ်လမ်းလျှောက်ပြီးတပည့်တော်များထံသို့ သွားသည်။ သို့သော် တခဏချင်းတွင် မစိုးရိမ်ကြနှင့် ငါပင်ဖြစ်သည်ဟူသော သခင်ဘုရား၏ အသံတော်ကြားသိသော အခါမူ သက်ပြင်းချကြသည်။

ထိုဖြစ်စဉ်ကို မှတ်သားပါ။ ယုံကြည်သူများ ဘဝမုန်တိုင်း ခက်ထန်သော အခါ၊ ဆင်းရဲဒုက္ခ ပြဿနာရင်ဆိုင်ရသောအခါ သခင်ဘုရားမရှိသော်လည်း တချိန်လုံးဆုတောင်းပေးနေသည်ကို သတိရပါ။ မှောင်မိုက်ကာလရောက်သောအခါ အနားသို့ ချဉ်းကပ်လာပြီး လက်တွက်ကူဖော်ပြုပါသည်။ မကြာခဏ သခင်ဘုရားကို အထင်မှားတတ်ကြသည်။ အသံတော်ကြား၍ လက်တော်ထိတွေ့သောအခါ သခင်ဘုရား မှန်းသိရှိကြသည်။ လှိုင်းတံပိုးများသည် ကိုယ်တော့်ဘုရား၏ ခြေဖဝါးအောက်၌သာ ရှိသည်ကို အမြဲသတိရ ပါ။

၁၄:၂၈ ပေတရုက သခင်ယေရှု၏ အသံတော်မှန်းသိရှိသောအခါ ဝမ်းသာ အားရနှင့် သခင်ကိုယ်တော်မှန်လျှင် အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ ရေပေါ်မှာလာရမည် ဟုဆိုသည်။ ဤနေရာ သည်ပေတရု၏ စကားတါင် မှန်လျှင် ဟူသောစကားသည် သံသယ စိတ်အရိပ်မကင်းသည်ကို သတိပြုပါ။ ယုံကြည်သည်မှန်သော်လည်း အပြည့်အဝမဟုတ်။ ကိုယ်တော်ဘုရားကလည်း တပည့်တော်ပေတရု တောင်းလျှောက်သည့်အတိုင်းခွင့် ပြုလိုက်သည်။

၁၄:၂၉-၃၃ သခင်ဘုရားက လာခဲ့လော့ ဟု မိန့်တော်မူသည်နှင့် ပေတရုသည် လှေပေါ်မှ လွှားကနဲခုန်ထွက်ကာရေပေါ်မှာ လျှောက်လှမ်းသွားသည်။ သခင်ယေရှုမျက်နှာကိုကြည့်၍ တောက် လျှောက်သွားသည်။ ထိုအခိုက်လေပြင်းတိုက်ရာသို့ အာရုံတချက်လွင့် သွားသောအခါ ရေထဲသို့ နစ်မြုပ် သွားသည်။ ကြေားအားလန့်အားဖြင့် သခင်ကယ်တင်တော်မူပါ ဟုအော်ခေါ်ရာသခင်ဘုရားက လက်ကမ်း လှမ်းဆွဲလိုက်သည်။ ယုံကြည်ခြင်းလွင့်ပါးမှုကို အပြစ်တင်လိုက်သည်။ လှေပေါ်သို့နှစ်ယောက်သားရောက် သွားသောအခါ လေပြင်းမုန်တိုင်းလည်း ငြိမ်ကျသွားသည်။ ဘုရားသားတော်အမှန်ဖြစ်လျှင် ဟူသော တပည့်တော်များ၏ ယုံကြည်ခြင်းကိုစဉ်းစားကြည့်ကြပါ။

ရေပေါ်မှာလမ်းလျှောက်ခြင်းမှာ လူ့အတွေးဖြင့် မဖြစ်နိုင်ပါ။။ သန့်ရှင်းသော ဝိညာဉ်တော် တန်ခိုးဖြင့် သာဖြစ်နိုင်ပါသည်။ ဘဝအတက်တာ ရှေ့ခရီးမှာ ခရစ်တော်ယေရှုဖြင့်သာလျှင် (ဟေဗြဲ ၁၂:၂) ရည်မှန်းချက်ရောက်နိုင်ပါသည်။ တစ်စက္ကန့်မျှ အတွေးချော်လျှင် ရေနစ်မည်။ သခင်ယေရှုအား အော်ခေါ် ရမည်။

(ဃ) ဂင်္နေသရက်နယ်တွင်အနာရောဂါကင်းငြိမ်းစေခြင်း (၁၄:၄-၃၆)


ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။