ရှင်လုကာခရစ်ဝင် - ၁၅

ပျောက်သောသိုး
(မ၊ ၁၈:၁၂-၁၄)
1အခွန်ခံသောသူတို့နှင့် ဆိုးသောသူအပေါင်းတို့သည် နားထောင်ခြင်းငှာ အထံတော်သို့ ချဉ်းကပ်သည်ဖြစ်၍၊-လု၊ ၅:၂၉-၃၀။ 2ဖာရိရှဲနှင့် ကျမ်းပြုဆရာတို့က၊ ဤသူသည် ဆိုးသောသူတို့ကိုလက်ခံ၍ သူတို့နှင့်အတူ စားပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။- 3ထိုအခါ ဥပမာစကားကို မိန့်တော်မူသည်ကား၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူ၌ သိုးတစ်ရာရှိ၍၊- 4သိုးတစ်ကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုးတစ်ကောင်ကို မတွေ့မီတိုင်အောင် သွား၍ မရှာဘဲနေမည်လော။- 5တွေ့ပြီးလျှင် ဝမ်းမြောက်သောစိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊- 6မိမိအိမ်သို့ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောသိုးကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည် မဟုတ်လော။- 7ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်း မရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတစ်ယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏။
ပျောက်သောငွေ
8တစ်နည်းကား၊ တစ်စုံတစ်ယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တစ်ပြားပျောက်လျှင်၊ ဆီမီးကိုထွန်း၍ မတွေ့မီတိုင်အောင် တစ်အိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲ နေမည်လော။- 9တွေ့ပြီးလျှင် အဆွေခင်ပွန်းအိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောငွေကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည်မဟုတ်လော။- 10ထိုနည်းတူ ငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။
ပျောက်သောသား
11တစ်ဖန် မိန့်တော်မူသည်ကား၊ တစ်စုံတစ်ယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။- 12သားအငယ်သည် အဘထံသို့ သွား၍၊ အဘ၊ အကျွန်ုပ်ရထိုက်သော အမွေဥစ္စာကိုဝေ၍ ပေးပါဟု တောင်းပန်လျှင်၊ အဘသည် ဥစ္စာများကိုဝေ၍ သားတို့အား ပေးလေ၏။- 13ထိုနောက်များမကြာ၊ သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ၍ ဝေးစွာသောပြည်သို့ သွားပြီးလျှင်၊ ထိုပြည်မှာ ကာမဂုဏ်၌ လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး၍၊- 14ရှိသမျှကုန်သောအခါ၊ ထိုပြည်၌ ကြီးစွာသော အစာခေါင်းပါးခြင်းဖြစ်၍၊ သူသည် အလွန်ဆင်းရဲခြင်းသို့ ရောက်၏။- 15ထိုအခါ ပြည်သားတစ်ယောက်ထံသို့သွား၍ အစေခံလျှင်၊ ဝက်တို့ကို ကျောင်းစေခြင်းငှာ သူ့သခင်သည် တောသို့ စေလွှတ်သဖြင့်၊- 16သူသည် ဝက်စားတတ်သော ပဲတောင့်ကိုပင် စားချင်မတတ် ငတ်မွတ်လျက်နေရ၏။ အဘယ်သူမျှ အစာကိုမကျွေး။- 17ထိုအခါ သတိရလျှင်၊ ငါ့အဘ၏အိမ်၌ အခစားသောသူများတို့သည် ဝစွာစားရကြ၏။ ငါမူကား ဤပြည်၌ သေအောင်အငတ်ခံရ၏။- 18ငါထ၍ အဘထံသို့ သွားမည်။ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ပြစ်မှားပါပြီ။- 19ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါ။ သူငှားအရာ၌ အကျွန်ုပ်ကို ထားတော်မူပါဟု ငါပြောမည်ဟူ၍ အကြံရှိသည်နှင့်၊- 20ထ၍ အဘထံသို့ သွားလေ၏။ သွား၍ ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင်၊ သနားသော စိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဖက်လျက် နမ်းရှုပ်လေ၏။- 21သားကလည်း၊ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကို မခံထိုက်ပါဟုဆိုလျှင်၊- 22အဘက၊ မြတ်သောဝတ်လုံကို ယူခဲ့၍ သူ့ကိုခြုံကြ၊ သူ၏လက်၌ လက်စွပ်တန်ဆာကို ဆင်ကြ။- 23ခြေနင်းကိုလည်း စီးစေကြ။ ဆူအောင်ကျွေးသော နွားကလေးကို ယူ၍သတ်ကြ။ သို့ပြီးမှ ငါတို့သည် စားကြကုန်အံ့။ ပျော်မွေ့ခြင်းကို ပြုကြကုန်အံ့။- 24ငါ့သားသည် အထက်ကသေ၏။ ယခု ရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုပြန်တွေ့၏ဟု အစေအပါတို့ကို ဆိုပြီးမှ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ခြင်းကို ပြုကြ၏။
25သားအကြီးသည် တောင်ယာကလာ၍ အိမ်အနီးသို့ရောက်သောအခါ၊ ကခြင်း၊ တီးမှုတ်ခြင်းအသံကို ကြားလျှင်၊- 26ငယ်သားတစ်ယောက်ကိုခေါ်၍ အဘယ်သို့သော အခြင်းအရာနည်းဟု မေး၏။- 27ငယ်သားက၊ သခင်၏ညီသည် ရောက်လာပါပြီ။ ဘေးနှင့်ကင်းလွတ်လျက်ရှိသည်ကို အဘတွေ့သောကြောင့်၊ ဆူအောင်ကျွေးသော နွားကလေးကိုသတ်ပါပြီဟု ပြောဆို၏။ သားအကြီးသည် အမျက်ထွက်၍ အိမ်သို့ မဝင်ဘဲနေ၏။- 28အဘသည် သူ့ဆီသို့သွား၍ ချော့မော့ရ၏။- 29သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလတာရှည်စွာ အဘ၏အစေကို ခံပါပြီ။ အဘ၏အလိုကို တစ်ခါမျှ မလွန်ကျူးပါ။ သို့သော်လည်း အကျွန်ုပ်သည် အဆွေတို့နှင့်အတူပျော်မွေ့ခြင်းကို ပြုစေခြင်းငှာ၊ အဘသည် ဆိတ်ကလေးတစ်ကောင်ကို တစ်ခါမျှ မပေး။- 30ပြည့်တန်ဆာမိန်းမတို့နှင့် ပေါင်းဖော်၍ မိမိဥစ္စာကိုဖြုန်းသော ဤသားငယ် ရောက်လာသောအခါမူကား၊ အဘသည် ဆူအောင်ကျွေးသော နွားကလေးကို သတ်လေပြီတကားဟု ဆို၏။- 31အဘကလည်း၊ ငါ့သား၊ သင်သည် ငါ့ထံမှာ အစဉ်နေ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။- 32သင်၏ညီမူကား အထက်ကသေ၏။ ယခုရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုတွေ့ပြန်၏။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်း ရှိ၏၊ အဘဆိုသည်ဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် - ၁၅ (အနက်ဖွင့်)

(ဓ) ပျောက်သောသိုးပုံဥပမာ (၁၅:၁-၇)

၁၅:၁-၅ ခန်း ၁၄တွင် သွန်သင်ချက်များက အခွန်အကောက်ကောက်ခံသူများနှင့် အပြစ်ဒု စရိုက်သားများကို ညိူ့ယူဖမ်းစားသည်။ သူတို့အပြစ်ဒုစရိုက်များကို ထောက်ပြသော်လည်း ကိုယ်တော် ဘုရား၏ သွန်သင်ချက်များသည် အမှန်တရားဖြစ်သည်ဟု ခံယူသိမှတ်ကြသည်။ ခရစ်တော်ဘက်သို့ ယိမ်း ယိုင်လာကြသည်။ နောင်တရလျက် ခရစ်တော်ကို သခင်ဘုရားအဖြစ်ခံယူကြသည်။ မိမိတို့အပြစ်ကို သိရှိ ဝန်ခံသူတိုင်း ဝိညာဉ်ရေးရာ ရှင်သန်ကြီးထွားဖို့ ကူညီကောင်းကြီးသွန်းလောင်းသည်။

ထိုသို့နောင်တရသူများနှင့် အတူတကွ ပေါင်းသင်စားသောက်သည်ကို မြင်ကြသောအခါ ဖာရိရှဲနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များက ခရစ်တော်အား ကဲ့ရဲ့အပြစ်တင်ကြသည်။ ဖာရိရှဲများသည် လူမှုရေး အားနည်းသူများကို သခင်ယေရှုကဲ့သို့ ကူညီမစရိုးမရှိသည့်အပြင်သခင်ယေရှုကို ဤသူသည် ဆိုးသော သူတို့ကို လက်ခံ၍ အတူတူစားပါသည်တကား ဟု ရှုတ်ချကြသည်။ စွပ်စွဲချက်များမှန်ပါသည်။ ပြစ်တင်ကဲ့ ရဲ့စရာဖြစ်ပါသည်။ သို့သော်လည်း သခင်ယေရှု လူ့လောကသို့ ကြွလာသည့်ရည်ရွယ်ချက်သည် ထိုကဲ့သို့ သော အပြစ်သားများအား ကယ်တင်ဖို့ဖြစ်သ်။

ဖာရိရှဲများ၏ စွပ်စွဲချက်များကို သခင်ယေရှုက ပျောက်သောသိုး၊ ပျေက်သော ဒင်္ဂါးပြား၊ ပျောက်သော ပုံပြင်များဖြင့် ပြန်လ်ညချေပရှင်းပြခဲ့သည်။ ထိုပုံပြင်များ၏ ရည်ရွယ်ချက်သည် ဖာရိရှဲနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များအား ဘုရားသခင်ရှေ့၌ ပျောက်သောသူများဖြစ်ကြောင်း သိရှိစေလိုခြင်းဖြစ်သည်။ အပြစ်နွံထဲတွင် အမှန်တကယ်ပျောက်ဆုံးသူများဖြစ်သော်လည်း မဝန်ခံချင်ကြ။ ပုဥပမာများထဲတွင် အပြစ်နောင်တရ၍ ဘုရားသခင်က ပျော်ရွှင်စွာ ပြန်လည်လက်ခံပုံကို ရှင်းပြထားသည်။ သို့သော် မိမိကိုယ် ကို အထင်ကြီးဘဝင်မြင့်သူများ၊ ဒေါင်းယောင်ဆောင်သောကျီးများဖြစ်ကြသောကြောင့် မိမိတို့အပြစ်ကို ဝန်မခံနိုင်ကြ။

၁၅:၃-၄ ဤနေရာတွင် သခင်ယေရှုအား သိုးထိန်းအဖြစ်တင်စားထားသည်။ ကိုးဆယ့် ကိုးကောင်သော သိုးသည် ကျမ်းတတ်ပုဂ္ဂိုလ်နှင့် ဖာရိရှဲများဖြစ်သည်။ ပျောက်သောသိုးမှာ အခွန်ခံ သို့မဟုတ် မိမိကိုယ်ကို အပြစ်သားမှန်း သိရှိသူဖြစ်သည်။ သိုးထိန်းသည် သိုးတကောင်းပျောက်နေမှန်းသိ သောအခါ ကိုးဆယ့်ကိုးကောင်သောသိုးကို ထားပစ်ခဲ့ပြီး ပျေက်သော သိုးအား မတွေ့မမြင်လိုက်ရှာသည်။ သခင်ဘုရားလူ့လောကသို့ ကြွလာခြင်းသည်လည်းထိုအတိုင်းဖြစ်သည်။ ပျောက်သော သိုးတကောင် လိုက်ရှ သောကာလသည် လူ့လောကတွင် အမှုတော်ဆောင်ခြင်း၊ လူတို့၏ ငြင်းပယ်မှုခံခြင်း၊ ဆင်းရဲဒုက္ခခံ ခြင်းဖြစ်သ်။ ထိုအကြောင်းကို “ကိုးဆယ့်ကိုး” ခေါင်းစဉ်ဖြင့် သီချင်းစပ်ဆိုထားသည်။

မည်မျှတန်ဖိုးထားကြောင်းသိ

ရမည်မျှနက်ပါလေစေ

ညကြီးနက်မှောင် မိုက်မဲပါစေ

ပျောက်သော သိုးတွေ့အောင်လိုက်လို့ရှာ။

Elizabeth. C. Clephane

၁၅:၅ ပျောက်သောသိုးကိုတွေ့လျှင် ဝမ်းမြောက်စွာ ပွေ့ချီ၍ အိမ်ပြန်ပြေးလာသည်။ မျက်စိလည်လမ်းမှားသွားသော သိုးသငယ်၏ အခွင့်ထူး ကံကြမ္မာကို အခြားသိုးများက မသိရှိနိုင်ကြပါ။

၁၅:၆ သိုးထိန်းသည် ပျောက်သောသိုးပြန်တွေ့ကြောင်း အိမ်နီးနားချင်းများသို့ ဝမ်းသာစွာ ကျေညာမောင်းခတ်တော့သည်။ အိမ်နီးနားခြင်းများလည်း ဝမ်းသာကြသည်။ ထိုစကားသည် အပြစ်သား နောင်တရသောအခါ သခင်ယေရှု၏ ဝမ်းသူမှုကို ဖော်ကျူးသည်။

၁၅:ရ သခင်ခန်းစာ ရှင်းရှင်းလေး။ အပြစ်သားမှန်မသိ၊ အပြစ်နောင်တမရသော ကိုးဆယ်ကိုးယောက်ထက် နောင်တရသော အပြစ်သားတယောက်အတွက် ပို၍ ဝမ်းသာဂုဏ်ယူစရာရှိ ကြောင်း သွန်သင်ပါသည်။ အချို့သူများသည် နောင်တရချင်ကြသည်ဟု ဤကျမ်းပိုဒ်ကဆိုလိုသည်မဟုတ် လူသားတိုင်းအပြစ်သားများဖြစ်ပါသည်။ ကယ်တင်ခြင်းရဖို့ လူတိုင်းနောင်တရဖို့လိုသည်။ “နောင်တရစရာ အကြောင်းမရှိသောသူမရှိဟု ကျမ်းစာက ဆိပါသည်။

(န) ပျေက်သော ဒင်္ဂါးပြား (၁၅:၈-၁၀)

၁၅:၈-၁ဝ ဤပုံဥပမာထဲမှ အမျိုးသမီးသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပုံဆောင် သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အလင်းကို လိုက်ရှာခြင်းဖြစ်သည်။ ဒင်္ဂါးကိုးပြားသည် နောင်တရ သူများဖြစ်သည်။ ကျန်ဒင်္ဂါးပြားမှာ နောင်တမရသူများဖြစ်သည်။ ကျန်ဒင်္ဂါးပြားမှာ ဘုရားသခင်နှင့် ထိတွေ့ မှုမရှိဟု မိမိကိုယ်ကို ဝန်ခံသူဖြစ်သည်။ အထက်က ပျောက်သော သိုးပုံဥပမာတွင် ပျောက်သော သိုးသည် မိမိရှိသင့်သော နေရာမှ ဝေးလွင့် သွားခြင်းဖြစ်သည်။ ဤဒင်္ဂါးပြားသည် အသက်မရှိသော အပြစ်ဒုစရိုက်ပုံ ဆောင်သည်။ အပြစ်ဒုစရိုက်ထဲတွင် ပျောက်ဆုံးခြင်းဖြစ်သည်။

အမျိုးသမီးသည် ထိုဒင်္ဂါးပြားကို မတွေ့မချင်းစေ့စေ့စပ်စပ် ရှာဖွေသည်။ ပြန်လည်တွေ့ရှိ သောအခါ အမ်နီးနားချင်း မိတ်ဆွေများနှင့် အတူ အောင်ပွဲခံကြသည်။ ပျောက်သောဒင်္ဂါးပြားပြန်တွေ့၍ ပျောက်ရွှင်ခြင်း ထက်သာသည်။ ထိုပျော်ရွှင်ခြင်းသည် ဘုရားသခင်နှင့် ပျော်ရွှင်ခြင်းကို ဆိုလိုသည်။ မိမိကိုယ်ကို ပျောက်သော သူဖြစ်မှန်း သိရှိ၍ နှိမ့်ချစွာ ဝန်ခံသူသည် ဘုရားသခင်၏ စိတ်တော်နှင့် ထိတွေ့ သူဖြစ်သည်။ ထိုကဲ့သို့ သော ပျော်ရွှင်ချမ်းမြေ့မှုမျိုးမခံစားဘူးချေ။

(ပ) ပျောက်သောသားပုံဥပမာ (၁၅:၁၁-၃၂)

၁၅:၁၁-၁၆ အဘဘုရားသခင်ကို သားနှစ်ယောက်၏ ဖခင်အဖြစ်ပုံဖော်ထားသည်။ သားအငယ်ကောင်သည် နောင်တရသောသားဖြစ်၍ သားအကြီးသည် ကျမ်းတတ်ပုဂ္ဂိုလ်နှင့် ဖာရိရှဲများ ပုံဆောင်သည်။ သားအငယ်ကို ပျောက်သောသား၊ သားမိုက်ဟု လူသိများ မှတ်ယူကြသည်။ သားဆိုးသား မိုက်သည် ပစ်စလက်ခတ်နေထိုင်၍ ရှိသမျှပိုက်ဆံကို ဖြုန်းတီးပစ်သည်။ ဖခင်အိမ်တွင် သတ်မှတ်သော စည်းကမ်းစနစ်များကြား၌ မနေတတ်သောကြောင့် အိမ်မှထွက်ပြေးဖို့ ကြံသည်။ ဖခင်ကွယ်လွန်သည့်အခါ ရရှိမည့် အမွေဝေစုကိုလည်း စိတ်ရှည်စွာမစောင့်နိုင်။ ထို့ကြောင့် ဖခင်က အမွေခွဲပေးလိုက်သည်။ အမွေဝေစု ရရှိသည်နှင့် သားငယ်သည် ဝေးလံသောအရပ်ဒေသသို့ သွား၍ မြူးတူးပျော်ပါးငွေဖြုန်းတီးပစ် သည်။ ငွေရှိသည့်အခါ ပျော်ရွှင်သလော၊ ငွေကုန်သောအခါ ဘိုင်ကျသည်။ ငွေရှိမှခင်တတ်သော အပေါင်း အသင်းများလည်းအနီးအနားမှာ တယောက်မှမရှိတော့ပါ။ သူလုပ်နိုင်သော အလုပ်မှာ ဝက်စာကျွေးခြင်း သာဖြစ်တော့သည်။ ထိုအလုပ်သည် ယုဒများရွံ့ရှာသော အောက်တန်းကျသည့်အလုပ်ဖြစ်သည်။ ဝက်များ သည် စားမာန်ခုတ်တတ်ဩည်။ ဝက်သည် မိမိစားသောပဲတောင့်ကို အခြားဝများကို မစားစေလို။ လုစားကြ သည်။ အငန်းမရစားဖို့ သာစိတ်ကူသည်။ အခြားသူများအတွက် မစဉ်းစား။ အတ္တစိတ်များသည်။

၁၅:၁၇-၁၉ ငတ်မွတ်ခေါင်းပါးခြင်းသည် ကောင်းကြီးမင်္ဂလာကို ပြညွန်တတ်သည်။ ထိုငတ်မွတ်သောသားငယ်သည်လည်း ဖခင်၏ အစေခံများကို သွားသတိရသည်။ သူငတ်မွတ်နေသည့် အချိန်တွင်ဖခင်၏ စာရင်းငှားများသည် ဝလင်စွာ စားကြသည်။ ထို့ကြောင့် ဖခင်ထံပြန်ဖို့ စိတ်ကူးသည်။ အပြစ်ဝန်ချတောင်းပန်ဖို့ ဆုံးဖြတ်လိုက်သည်။ ဖခင်ထံသွား၍ အခေါ်မခံထိုက်ကြောင်း၊ ဝန်ခံကာ စာရင်း ငှားအဖြစ်သာ လက်ခံပါ မည့်အကြောင်း တောင်းပန်ရတော့မည်။

၁၅:၂ဝ သားအလာကို ခပ်လှမ်းလှမ်းမှ တွေ့သော ဖခင်သည်သားထံသို့ ပြေးသွား၍ လည်ပင်းကို ပွေ့ဖက်နမ်းရှုပ်၏၊ ဤကျမ်းပိုဒ်တနေရာတွင် အလျင်စလိုပြုမူသော အကျင့် ကောင်းကို တွေ့ရသည်။ Stewart က ဤသို့ပုံဖော်ထားသည်။

သခင်ယေရှုက ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းပုံကို ဖော်ပြထားသည်။ သားမိုက်နောင် တနှင့် ပြန်အလာကို ဣန္ဒြေရှိရှိ ခပ်တည်တည်နှင့် စောင့်မနေဘဲ၊ သားကို ချစ်သည့်ဇောဖြင့် ပြေးသွားသည် အဝတ်စုတ်၊ ရွံ့နွံပေပွနေခြင်းကိုလည်း ဂရုမစိုက်၊ မသတီစာရာမရှိ။ ပွေ့ဖက်လိုက်သည်။ ထိုကဲ့သို့ပင် မှောင်မိုက် အပြစ်နွံထဲတွင် ပျောက်သော အပြစ်သားများကိုလည်း အဘဘုရားသခင်က အပြစ်ခွင့်လွတ် ခြင်းနှင့် အတူစောင့်ကြိုနေပါသည်။၄၇

၁၅:၂၁-၂၄ သားမိုက်သည် ဖခင်အား စာရင်းငှားခန့်ရန် တောင်းပန်သည်။ သို့သော် ဖခင်သည်အစေခံများအား ထိုသားမိုက်ကို အကောင်းဆုံးအဝတ်အစား ဝတ်ဆင်ပေးကြရန် စေခိုင်း သည်။ လက်စွပ်နှင့် ဘိနပ်သစ်ပေးခိုင်းသည်။ ပျောက်သော သားပြန်လာသည့် အထိမ်းအမှတ်အဖြစ် အောင်ပွဲခံ ညစာစားပွဲ ကျင်းပပေးသည်။ ပျောက်သောသားအား သေရာမှ ပြန်ရှင်လာပြီဟု မှတ်ယူလိုက်သည်။ ဆရာကြီးတပါးကမူ “ထိုသားငယ်သည် ဝေးလံသော အရပ်ဒေသမှာ အခွင့်အရေးကောင်းမျှော်လင့်ချက် ဖြင့် သွားရှာသည်။ သို့သော် အကောင်းဆုံးအရာသည် ဖခင်၏ အိမ်တွင် သာရှိသည်”ဟု မှတ်ချက်ပြုလိုက် သည်။ ဆုံးစမဖော်ပြနိုင်သော ပျော်ရွှင်ခြင်းအသစ်စကြသည်။ ထိုပျော်ရွှင်ခြင်းသည် အပြစ်သားဘဝမှ ကယ်တင်ခြင်းရရှိခြင်းဖြစ်သည်။

၁၅:၂၅-၂ရ လယ်ယာလုပ်ငန်းခွင်မှ သားကြီးပြန်ရောက်၍ ထိုသို့စားပွဲကြီးကျင်းပနေ ကြောင်းတွေ့သောအခါ အစေခံတဦးအား အဘယ်ကြောင့် ထိုသို့ ဆင်နွဲနေကြသနည်းဟု မေးသည်။ အိမ်မှထွက်ပြေးသောသားငယ်ပြန်ရောက်လာသဖြင့် ဖခင်က ပွဲကျင်းပပေးကြောင်းရှင်းပြသည်။

၁၅:၂၈-၃ဝ သားကြီးသည် စိတ်ဆိုးလျက်အိမ်ထဲသို့ မဝင်ချင်။ ထိုပျော်ရွှင်ပွဲသို့ မပါဝင်လို။ ထိုအကြောင်းကို Darby က “ဘုရားသခင်၏ ပျော်ရွှင်ခြင်းသည် ဘယ်မှာလဲ၊ မှန်ကန်သော ပျော်ရွှင်ခြင်း မဟုတ်။ ဘုရားသခင်သည် အပြစ်သားများအပေါ်တွင် ကောင်းသည်ဟုဆိုလျှင် ငါဖြောင့်မတ်ခြင်းကို ဘာလုပ်ရမလဲ” ဟုဝင်ပြောပေးသည်။ ဖခင်က သွားရောက်ချော့မော့သော်လည်း စိတ်မပြေ။ တသက်လုံး ကျိုးနွံစွာ လုပ်ဆောင်လာခဲ့သော်လည်း မည်သည့် ဆုလက်ဆောင်မှ မရရှိဘူးပါ။ အသိအမှတ်ပြုခြင်း မခံ ရဘူးပါ။ သားငယ်ကဲ့သို့ ပွဲလမ်းသဘင် မကျင်းပပေးဘူးပါ။ ဖခင်၏ ငေွကြေးပိုက်ဆ့များကို မကောင်းသော မိန်းမများနှင့် အတူပျော်ပါးဖြုန်းတီးပြီးပြန်လာသူကို ဖခင်က မမုန်းသည့်အပြင် ပွဲကျင်းပပေးသေးသည်။ အဖေ့သားင့ါညီ မဟုတ်ဟု ငြင်းဆိုသည်။

၁၅:၃၁-၃၂ ဖခင်၏ ဝမ်းသာစကားသည် ပျောက်သောသား အပေါ်တွင် တည်သည်။ ခေါင်းမာသော၊ ကျေးဇူးမသိတတ်သော၊  ပြေလည်ငြိမ်းချမ်းခြင်းမရှိသောသူနှင့် မသက်ဆိုင်။

သားကြီးသည် ဖာရိရှဲနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များကို ပုံဆောင်သည်။ ဖခင်၏ ကရုဏာကို အပေါ်ယံမျှသာ လိုချင်သည်။ ပညတ်ချက်များကို စောင့်ထိန်းခဲ့ကြပြီဖြစ်၍ ဆုလက်ဆောင်ရထိုက်သည်ဟု တွေးထင်ကြသည်။ စင်စစ်တွင် ဘာသာရေး အရေခွံခြုံသော အပြစ်သားများဖြစ်သည်။ သူတို့၏ မာန်မာန များက ဘုရားရှင်နှင့် ဝေးကွာစေသည်။ အကယ်၍ မိမိအပြစ်ကို သိပြီး၊ နောင်တရပါက ခမည်းတော်၏ စိတ်နှလုံးနှင့် ထိတွေ့၍ ပွဲလမ်းသဘင်ကျင်းပပေးခြင်း ခံရမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။