ဝတ်ပြုရာကျမ်း - ၂၇

ဘဏ္ဍာတော်ဆိုင်ရာပညတ်
1တစ်ဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 2လူသည်သစ္စာကတိပြု၍ပူဇော်လျှင်၊ ပူဇော်အပ်သောသူသည်၊ သင်အဖိုးဖြတ်သည်အတိုင်း ထာဝရဘုရား၏ဘဏ္ဍာတော် ဖြစ်ရမည်။ 3သင်သည် အဘယ်မျှ အဖိုးဖြတ်ရမည်နည်းဟူမူကား၊ ယောက်ျားကို အသက်နှစ်ဆယ်မှသည် ခြောက်ဆယ်တိုင်အောင်၊ အကျပ်တော်အလိုက် ငွေအကျပ်ငါးဆယ်နှင့် အဖိုးဖြတ်ရမည်။ 4မိန်းမဖြစ်လျှင်၊ ငွေအကျပ်သုံးဆယ်နှင့် အဖိုးဖြတ်ရမည်။ 5အသက်ငါးနှစ်မှသည် ဆယ်နှစ်တိုင်အောင်၊ ယောက်ျားကို အကျပ်နှစ်ဆယ်၊ မိန်းမကိုအကျပ်တစ်ဆယ်နှင့် အဖိုးဖြတ်ရမည်။ 6အသက်တစ်လမှသည် ငါးနှစ်တိုင်အောင်၊ ယောက်ျားကို ငွေငါးကျပ်၊ မိန်းမကို သုံးကျပ်နှင့် အဖိုးဖြတ်ရမည်။ 7အသက်ခြောက်ဆယ်လွန်လျှင်၊ ယောက်ျားကိုဆယ်ငါးကျပ်၊ မိန်းမကိုတစ်ဆယ်နှင့် အဖိုးဖြတ်ရမည်။ 8သင်အဖိုးဖြတ်သည်အတိုင်း၊ မတတ်နိုင်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ ချဉ်းကပ်၍၊ ယဇ်ပုရောဟိတ်သည် သစ္စာကတိပြုသောသူ တတ်နိုင်သမျှအတိုင်း အဖိုးဖြတ်ရမည်။
9လူသည်တိရစ္ဆာန်ကို ထာဝရဘုရားအားပူဇော်လျှင်၊ ပူဇော်သမျှသည် သန့်ရှင်းရမည်။ 10ကောင်းသည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ၊ တစ်ကောင်အတွက် တစ်ကောင်ကိုမလဲရ။ လဲလိုလျှင်၊ နှစ်ကောင်စလုံးသန့်ရှင်းရမည်။ 11ထာဝရဘုရားအားမပူဇော်အပ်၊ မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်အားပြ၍၊ 12ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ်အဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ်ဖြတ်သည်အတိုင်း အဖိုးရှိရမည်။ 13ပူဇော်သောသူသည်ရွေးလိုလျှင်၊ အဖိုးရင်းနှင့် ငါးစုတစ်စုကို ထပ်၍ပေးရမည်။
14လူသည်မိမိအိမ်ကို ထာဝရဘုရားအဖို့သန့်ရှင်းစေလျှင်၊ ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ်အဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ်ဖြတ်သည်အတိုင်း အဖိုးရှိရမည်။ 15ထိုအိမ်ကို သန့်ရှင်းစေသောသူရွေးလိုလျှင်၊ ဖြတ်သောအဖိုးရင်းနှင့် ငါးစုတစ်စုကိုပေး၍ အိမ်ကိုယူရမည်။
16လူသည် ကိုယ်ပိုင်သောလယ်ယာကို ထာဝရဘုရားအဖို့သန့်ရှင်းစေလျှင်၊ မုယောမျိုးစေ့ကြဲရသည်အတိုင်း အဖိုးဖြတ်ရမည်။ မျိုးစေ့ တစ်ဩမဲကြဲရသော လယ်ကို၊ ငွေအကျပ်ငါးဆယ်နှင့် အဖိုးဖြတ်ရမည်။ 17ယုဘိလနှစ်မှစ၍ မိမိလယ်ကိုသန့်ရှင်းစေလျှင်၊ ဖြတ်သည်အတိုင်း အဖိုးရှိရမည်။ 18ယုဘိလနှစ်လွန်မှ မိမိလယ်ကိုသန့်ရှင်းစေလျှင်၊ နောင်ယုဘိလနှစ်မှီအောင် လိုသေးသောနှစ်ပေါင်းကို၊ ယဇ်ပုရောဟိတ်ရေတွက်၍ ဖြတ်သောအဖိုးရင်းငွေကို လျှော့ရမည်။ 19မိမိလယ်ကို သန့်ရှင်းစေသောသူသည် ရွေးလိုလျှင်၊ ဖြတ်သောအဖိုးရင်းနှင့် ငါးစုတစ်စုကိုပေး၍ လယ်ကိုအပိုင်ယူရမည်။ 20သို့မဟုတ် လယ်ကိုမရွေးလို၊ အခြားသောသူအားရောင်းမိလျှင်၊ နောက်တစ်ဖန် မရွေးရ။ 21ယုဘိလနှစ်တွင် ထိုလယ်သည်အမှုလွတ်သောအခါ၊ ကျိန်ဆိုသောလယ်ကဲ့သို့၊ ထာဝရဘုရားအားသန့်ရှင်း၍ ယဇ်ပုရောဟိတ်၏ဥစ္စာ ဖြစ်ရမည်။ 22လူသည်ကိုယ်ပိုင်ရင်းမဟုတ်၊ ဝယ်သောလယ်ယာကို ထာဝရဘုရားအဖို့ သန့်ရှင်းစေလျှင်၊ 23ယုဘိလနှစ်တိုင်အောင်ဖြတ်သောအဖိုးကို၊ ယဇ်ပုရောဟိတ်ရေတွက်၍၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေသောနေ့၌ အဖိုးဖြတ်သောငွေကို ပေးရမည်။ 24ယုဘိလနှစ်ရောက်သောအခါ၊ ထိုလယ်ကိုအရင်ပိုင်၍ ရောင်းသောသူလက်သို့ ပြန်စေရမည်။ 25အဖိုးဖြတ်လေရာရာ၌ အကျပ်တော်အလိုက်ဖြတ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။
26ထာဝရဘုရားပိုင်ထိုက်သော တိရစ္ဆာန်သားဦးကို၊ အဘယ်သူမျှ မသန့်ရှင်းစေရ။ နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ထာဝရဘုရားဥစ္စာဖြစ်၏။ 27မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင်၊ အဖိုးဖြတ်သည်အတိုင်းရွေး၍၊ ငါးစုတစ်စုကို ထပ်၍ပေးရမည်။ မရွေးလိုလျှင်၊ အဖိုးဖြတ်သည်အတိုင်းရောင်းရမည်။
28သို့ရာတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ကိုယ်ပိုင်ရင်းလယ်ဖြစ်စေ၊ ထာဝရဘုရားအားကျိန်ဆို၍ ပူဇော်သမျှကို မရောင်းမရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန်သန့်ရှင်းရမည်။ 29လူကိုပင် ကျိန်ဆို၍ပူဇော်လျှင်၊ နောက်တစ်ဖန်မရွေးရ၊ သတ်ရမည်။
30စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသောအသီးအနှံ ဆယ်စုတစ်စုသည် ထာဝရဘုရား၏ဘဏ္ဍာတော်ဖြစ်၏။ ထာဝရဘုရားအဖို့သန့်ရှင်းရမည်။ 31ဆယ်စုတစ်စုကိုရွေးလိုလျှင်၊ အဖိုးရင်းနှင့်ငါးစုတစ်စုကို ထပ်၍ပေးရမည်။ 32နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌သွားသမျှသောအကောင် ဆယ်စုတစ်စုသည်၊ ထာဝရဘုရားအဖို့ သန့်ရှင်းရမည်။ 33ကောင်းသလော၊ ညံ့သလောဟု မမေးမစစ်ရ။ တစ်ကောင်အတွက် တစ်ကောင်ကို မလဲရ။ လဲလိုလျှင် နှစ်ကောင်စလုံးသန့်ရှင်းရမည်။ အလျှင်းမရွေးရဟု မိန့်တော်မူ၏။ 34ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဖို့ မောရှေ၌ထားတော်မူသော ပညတ်တော်များ ဖြစ်သတည်း။
ရှင်မောရှေစီရင်ရေးထားသော ဝတ်ပြုရာကျမ်းပြီး၏။

ဝတ်ပြုရာကျမ်း - ၂၇ (အနက်ဖွင့်)

၁၂။ ကတိသစ္စာနှင့်ဆယ်ဘို့တစ်ဘို့ (အခန်း၂၇)

ဤနောက်ဆုံးအခန်းသည် မိမိတို့ စိတ်အားထက်သန်ကြသည့်အတိုင်း ဘုရားသခင်၌ ကတိပြုခြင်းအကြောင်း ဖြစ်သည်။ မိမိကိုယ်တိုင်သော်၎င်း၊ မိသားစုဖြင့်၎င်း၊ အိမ်မွေးတိရစ္ဆာန်အားဖြင့်၎င်း၊ အိမ်၊ မြေဖြင့်၎င်း၊ ကတိပေးနိုင်သည်။ ထိုသို့ ကတိပြုခြင်းသည် ယုံကြည်ခြင်း မျိုးစေ့ပျိုးခြင်းဖြစ်၍ ဘုရားသခင်ထံမှ ခံစားမည့် ကောင်းကြီးမင်္ဂလာများကို ကြိုတင်ရေတွက် ခြင်းဖြစ်သည်။ ကတိပြုရမည့်အရာများကို ယဇ်ပုရောဟိတ်များသို့ ပေးရသည် (တော ၁၈:၁၄)။ ယဇ်ပုရောဟိတ်များသည် ထိုဝိညာဉ်ဆုလက်ဆောင်များအား အစဉ်သဖြင့်ရရှိကြသည်မဟုတ်။ ကတိပြုသူများသည် ငွေကြေးဖြစ်စေ။ အရာဝတ္ထုဖြစ်စေ ပေးနိုင်သည်။

၂၇: သစ္စာကတိသည် စင်ကြယ်၍ အထူးကိစ္စရပ်ဖြစ်သည်။

၂၇: ဘုရားသခင်ထံသို့ သစ္စာကတိပြုလျှင် အောက်ပါအတိုင်း တန်ဖိုးတွက်ချက်၍ ယဇ်ပုရောဟိတ်ထံသို့ အပ်နှံရသည်။

အသက်(၂၀)နှစ်မှ (၆၀)အရွယ်ယောက်ျား                                     အကျပ် (၅၀)

အသက်(၂၀)နှစ်မှ (၆၀)အရွယ်မိန်းမ                                            အကျပ် (၃၀)

အသက်(၅)နှစ်မှ (၂၀)အရွယ်ယောက်ျား                                       အကျပ် (၂၀)

အသက်(၅)နှစ်မှ (၂၀)အရွယ်မိန်းကလေး                                      အကျပ် (၁၀)

အသက်(၁)လမှ (၅)နှစ်အရွယ် ယောက်ျားကလေး                         အကျပ် (၅)

အသက် (၁)လမှ (၅)နှစ်အရွယ် မိန်းကလေး                                  အကျပ်(၃)

အသက် (၆၀)ထက် ယောက်ျား                                                    အကျပ် (၁၅)

အသက် (၆၀)ထက် မိန်းမ                                                                       အကျပ် (၁၀)

၂၇: အကယ်၍ ကတိသစ္စာပြုသူသည် အထက်ပါ ဈေးနှုန်းအား မတတ်စွမ်းနိုင်လောက်အောင် ဆင်းရဲမွဲတေနေလျှင် ယဇ်ပုရောဟိတ်ထံချဉ်းကပ်၍ ဈေးညှိနှိုင်းနိုင်သည်။

၂၇:၁၃ အကယ်၍ ကတိသစ္စာပြုချက်သည် တိရစ္ဆာန်ဖြစ်လျှင် အောက်ပါအတိုင်း ဆောင်ရွက်ရသည်။ စင်ကြယ်၍ ယဇ်ပူဇော်နိုင်သော တိရစ္ဆာန်ဖြစ်လျှင် ပြန်ရွေးခွင့်မပြု(ငယ်၉)။ ဘုရားသခင်အဖို့ ယဇ်ပူဇော်ရသည် (တော ၁၈:၁၇)။ ထိုတိရစ္ဆာန်နှင့်လဲ ယူမည့်ပစ္စည်းမူလပိုင်ရှင်သည် ဘုရားသခင်ဖြစ်သည် (ငယ် ၁၀၊၃၃)။ မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင် ယဇ်ပုရောဟိတ် သတ်မှတ်ထားသည့် ဈေးအတိုင်း ရွေးယူရသည့်အပြင် ငါးပုံတစ်ပုံ ထပ်ဆောင်းရသည်။

၂၇:၁၄၁၅ အကယ်၍ နေအိမ်ကတိသစ္စာပြု၍ စိတ်ပြောင်းသွားလျှင် ပြန်လည်ရွေးယူခွင့်ရှိသည်။ ယဇ်ပုရောဟိတ်သတ်မှတ်ထားသည့်အပြင် ငါးပုံတစ်ပုံ ဆထပ်တောင်းရသည်။

၂၇:၁၆၁၈ မြေကွက်ကို ကတိသစ္စာပြု၍ မြေကွက်တန်ဘိုးတွက်ချက်လျှင် ယုဘိလနှစ်ကိုပါ ထည့်သွင်းတွက်ချက်ရသည်။

မူပိုင်ရှင်ဖြစ်လျှင် အပိုဒ်ငယ် ၁၆-၂၁တွင် ပါရှိသည့်ထုံးနည်းနာများကိုလည်း ထည့်တွက်ရသည်။ မျိုးစေ့ကြဲသည့်တန်ဖိုး၌ မူတည်ရသည်။ ငွေအကျပ်(၅၀)ဘိုး မျိုးစေ့ကြဲရလျှင် လယ်ကွက်ဘိုးကိုလည်း ထိုပမာဏအတိုင်း ဖြစ်သည်။

အကယ်၍ လယ်ကွက်ကိစ္စသည် ယုဘိလနှစ်နှင့် နီးလျှင် အထက်ပါထုံးနည်းနာအကျိုးသက်ရောက်၍ ယုဘိလနှစ်ကျော်လွန်မည်ဆိုလျှင် ထိုနှစ်များအတွက် ဈေးလျှော့ရသည်။ တစ်နည်းအားဖြင့် လယ်ကွက်သည် ငွေအကျပ်(၃၀)တန်လျှင် ယုဘိလနှစ်နောက်တွင် အကျပ်(၂၀)ဟုသာ တန်ဘိုးတွက်ရချက်ရသည်။

၂၇:၁၉၂၁ အကယ်၍ လယ်ကွက်ကို ပြန်ရွေးလိုလျှင် တန်ရာတန်ကြေးအပြင် ငါးပုံတစ်ပုံဆ ထပ်ဆောင်းရသည်။

ဘုရားသခင်ထံသို့ ဆက်ကပ်အပ်နှံပြီးဖြစ်လျှင် ယုဘိလနှစ်မတိုင်မီ ပြန်လည်ရွေးယူခွင့်မရှိ။ အခြားသူသို လျှို့ဝှက်စွာ ရောင်းစားလျှင်လည်း ရွေးယူခွင့်မရှိ။ သို့သော် ယုဘိလနှစ်မရောက်မချင်း ယဇ်ပူရောဟုတ်က ပိုင်ဆိုင်သည်။ ထိုမြေသည် ဆက်ကပ်ပေးသောမြေ၊ သန့်ရှင်းသောမြေအဖြစ် သတ်မှတ်ရသည်။

၂၇း၂၂-၂၅ အကယ်၍ မူလပိုင်ရှင် မဟုတ်သူထံမှ ဝယ်ယူသောလယ်ကွက်ဖြစ်လျှင် အပိုဒ်ငယ် ၂၂-၂၅ ပါအတိုင်း လိုက်နာရသည်။ ယဇ်ပရောဟိတ်က ယုဘိလနှစ်မတိုင်မီက အထွက်နှုန်းပေါ်မူတည်၍ တန်ဖိုးတွက်ချက်ပေးရသည်။ ထိုနှစ်တွင် မူလပိုင်ရှင်ထံသို့ လယ်ကွက်ပြန်အပ်နှံရသည်။

၂၇:၂၆၂၇ ပထဦးဆုံးမွေးသော တိရစ္ဆာန်ကို ကတိသစ္စာပြုရာ၌ မသုံးရ။ မစင်ကြယ်သော တိရစ္ဆာန်ကို ပြန်လည်ရွေးယူလိုလျှင် တန်ရာတန်ကြေးအပြင် ငါးပုံတစ်ပုံဆ ထပ်ဆောင်းရမည်။ တစ်နည်းအားဖြင့် ယဇ်ပုရောဟိတ်က ရောင်းစားနိုင်သည်။

၂၇:၂၈၂၉ သေဒဏ်သို့မဟုတ် ဖျက်ဆီးခြင်းဒဏ်သင့်သောအရာများကို ပြန်လည်ရွေးနှုတ်ခွင့်မရှိ။ ဆိုလိုသည်မှာ ဘုရားသခင်ထံသို့ ဆက်ကပ်အပ်နှံထားပြီးသည်များကို ပြန်ရွေး၍မရ သေဒဏ်ပေးရသည်။

ဤအခန်းနှင့် ပတ်သက်၍ ကျမ်းမူတစ်ခုနှင့်တစ်ခု ကွဲပြားကြသည်။ NASB ကျမ်းမူ၌ လှူဒါန်းသည်။ NKJV နှင့် KJV က ပေးဆပ်သည်ဟု သုံးနှုန်းကြသည်။ စင်ကြယ်စေသောအရာသည် ဘုရားသခင်အသုံးပြုဖို့ လှူဒါန်းခြင်းဖြစ်၍ ပြန်ရွေးခွင့်ရှိသည်။ ပေးဆပ်ခြင်း လုံးလုံးလျားလျား ပေးလိုက်ခြင်းဖြစ်၍ ပြန်ရွေးစရာလည်း အကြောင်းမရှိပြန် ရွေး၍လည်းမရ။

၂၇:၃၀၃၁ သီးနှံသို့မဟုတ်သစ်သီး၏ဆယ်ဘို့တစ်ဘို့ကို ဘုရားသခင်ပိုင်ဆိုင်သည်။ အကယ်၍ ပိုင်ရှင်က ထိန်းသိမ်းထားလိုလျှင် ထိုပစ္စည်းနှင့် ညီမျှသော တန်ဘိုးပေးလှူနိုင်သည်။

၂၇:၃၂၃၃ “ကြိမ်လုံးအောက်၌ သွားသမျှသော” ဆိုသည်မှာ အကောင်ရေတွက် သိမ်းဆည်းရသောဆိတ်အုပ်၊ သိုးအုပ်ဖြစ်သည်။ Leslie Flynnက ဤသို့ရှင်းပြသည်။

သိုးထိန်းသည် ယမထာ ကြိမ်တုတ်ဖြင့် ရေတွက်၍ ဆယ်ကောင်တစ်ကောင် ရေတွက်သည်။ ရေတွက်မမှားနိုင်သဖြင့် ကောင်းသော တိရစ္ဆာန်များ ရွေးမှားစရာမရှိ။ သို့ကြောင့် ဘုရားသခင်ထံသို့ ပူဇော်သည့်အခါ ဆယ်ဘို့တစ်ဘို့ မှန်ကန်စွာပေးလာရနိုင်သည်။၂၄ ပထမဆယ်ဘို့တစ်ဘို့ လေဝိသားများ ပိုင်ရသောကြောင့် လေဝိဆယ်ဘို့တစ်ဘို့ဟု ခေါ်ဆိုကြသည် (ကော ၁၈:၂၁-၂၄)။ နောက်ထပ်ဆယ်ဘို့တစ်ဘို့ ပေးလှူလျှင် တရား ၁၄:၂၂-၂၉ အတိုင်းလုပ်ဆောင်ရသည်။

၂၇:၃၄ ဘုရားသခင်က မောရှေသို့ မိန့်ဆိုသမျှဆိုသည်မှာ ဝတ်ပြုရာကျမ်းတွင် မိန့်မှာချက်များအားလုံး ဖြစ်သည်။ ဤကျမ်းစာပါ အသေးစိတ်အချက်အလက်များနှင့် အသွေးယဇ်ပူဇော်ခြင်းအကြောင်း လေ့လာပြီးစီးလျှင် Matthew Henry ကဲ့သို့ ပျော်ရွှင်နိုင်ကြပေမည်။ Henryက ဤသို့ဆိုထားပါသည်။

စာဖတ်သူတို့သည် ပညတ်တရား အမှောင်ရိပ်အောက်၌ ရှိနေသူ မဟုတ်တော့ပါ။ သတင်းကောင်း အလင်းကြောင်းထဲ၌ ပျော်ရွှင်ကျေနပ်သူဖြစ်သည်။ ပညတ်တရားထမ်းပိုးကြီးအောက်မှာ ဝန်ပိနေသူမဟုတ်။ မွှေးကြိုင်ပေါ့ပါးသော ဧဝံဂေလိသတင်းကောင်းအောက်မှာ မြူးကြွသူဖြစ်သည်။ အဘဘုရားသခင်အား ဝိညာဉ်နှင့် သစ္စာဖြင့် ကိုးကွယ်သူများဖြစ်သည်။ ယဇ်ပုရောဟိတ်ကြီး ခရစ်တော်အားဖြင့် ဗိမာန်တော်၊ ယဇ်ပလ္လင်လည်း သန့်ရှင်းစင်ကြယ်စေပြီး ပွဲတော်ကျင်းပခြင်း၊ သန့်ရှင်းစင်ကြယ်ရန် ပူဇော်ခြင်းများ အတွေးအခေါင်စရာမလိုတော့ပါ။  အချိန်ရှိသမျှ ဘုရား သခင်ထံသို့ ဆက်ကပ်ရန်သာရှိသည်။ စိတ်ဝိညာဉ် လွတ်လပ်စွာ လွှင့်တင်၍ ချီးမွမ်းရမည်။ ချစ်ခြင်းမေတ္တာနှင့် ယှဉ်၍ ပျော်ရွှင်ကြရမည်။ ဘုရားသခင်၌ စင်ကြယ်စွာ အသက်ရှင်ခြင်းကို ဦးစားပေးရမည်။ ခရစ်တော်၏ အသွေးတော်အားဖြင့် အသန့်ရှင်းဆုံးဌာနတော် ကျက်သရေဆောင်သို့ ဝင်ခွင့်ရကြပြီ။ စိတ်နှလုံးအရင်းဖြင့် အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြပါစို့။ ယုံကြည်ခြင်းအပြည့်အဝရှိကြပါစို့။ ရွှင်လန်းချမ်းမြေ့စွာ ဂုဏ်တော်ချီးမွမ်းကြပါစို့။ မိမိကိုယ်ကို နှိမ့်ချ၍ ယုံကြည်ခြင်းပြည့်ဝကြပါစို့။ အိုဘုရားသခင်၊ ယေရှုခရစ်တော်အားဖြင့် ကောင်းချီးပေးပါသည်တကားဟု ကြွေးကြော်ကြပါစို့။၂၅

မှတ်စု

၁။        အခန်း(၁) ólãh ဟူသောဝေါဟာရသည် ‘to go up’ ဟူသော စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဆိုလိုသည့်သဘောမှာ တိရစ္ဆာန်အားလုံးသည် ဘုရားသခင်အား ယဇ်ပူဇော်ဖို့ ဖြစ်ပေါ်လာသည်ဟု အဓိပ္ပါယ်ရသည်။

၂။         အခန်း(၁) Pell, The Tabernacle, pp.102,103.

၃။        အခန်း(၂) KJV ကျမ်းမူ 1611တွင် “Meat”ဟူသောစကားလုံးကို “အရေမဟုတ်သောအစာ” ဟု ဆိုထားသည်။ ယနေ့စားသုံးနေရသောအသားဟူသည့် ဝေါဟာရသည် (၁၇)ရာစုမှ ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်သည်။ ပညာရှင်များက Minhah ဟူသော စကားလုံး၏ မူရင်းအဓိပ္ပါယ်မှာ “ဦးဆောင်သည် လမ်းပြသည်” ဟုဆိုလိုသည်။ မူရင်းစကားလုံး “guide” မှ ဆင်းသက်လာခြင်း ဖြစ်သည်။

၄။        (၃:၁-၅) ဗဟုကိန်းဖြင့် သုံးလေ့ရှိသော Shelãmim သည် ဟေဗြဲစကား shãlôm နှင့်ဆက်နွယ်သည်ဟု အများက သိရှိကြသည်။ ဟေဗြဲဘာသာစကားသည် အဓိပ္ပါယ်ကျယ်ပြန့်သည်။ ရက်စက်မှုကင်းစင်၍ ဘုရားသခင်နှင့် ငြိမ်သက်ခြင်း ရရှိသည်ဟုလည်း အနက်ရသည်။ ဒုတိယအဓိပ္ပါယ်မှာ ဘုရားသခင်နှင့် ဆက်ဆံနှီးနွှယ်ဖို့ရာ ယဇ်ပူဇော်မိဿဟာယပြုခြင်းဖြစ်သည်။ လူအများ နတ်ကိုးကွယ်သည်မှာ မိတ်သဟာယယဇ်ဟုခံယူကြသည်။  အချို့ပညာရှင်များက မူရင်းအတိုင်း “ပြည့်စုံစေဖို့” ဟုခံယူကြသည်။ (Carr က ဤသို့သုံးသပ်ထားသည်။ “အကယ်၍ ဤစကားအတိုင်းခံယူလျှင် ဓမ္မသစ်ကျမ်းအလိုအရ ခရစ်တော်သည် လူသားတို့၏ ငြိမ်းချမ်းရာ (ဥပမာ ဧ၂:၁၄) ဖြစ်သည်။ ပိုမို၍ အဓိပ္ပါယ်ပြည့်စုံသည်။ ခရစ်တော်သည် လူသားများအတွက် နောက်ဆုံးယဇ်ပူဇော်သော ယဇ်ပုရောဟိတ်ကြီး ဖြစ်သည်။ (ဟေဗြဲ ၉:၂၇)၊ ၁၀:၁၂ နှင့်ယှဉ်ကြည့်ပါ”။ G.Loyal Carr, Shelem, Theological Wordbook of the Old Testament; II:932.

၅။        အခန်း(၃) Pell, Tabernacle, p.92.

၆။        အခန်း(၄) ထူးထူးခြားခြား ဤဟေဗြဲဝေါဟာရကို ဓမ္မဟောင်းတွင် အကြိမ်ပေါင်း(၃၀၀)နီးပါး သုံးထားသည်။ အပြစ်သို့မဟုတ် အပြစ်ဖြေပူဇော်ခြင်းဟု အနက်ရသည်။

၇။        (၅:၁၄-၆:၇) RSV နှင့် NEB ကျမ်းမူများက “guilt offering” ဟု သုံးကြသည်။ သို့သော် အများသုံးအနက်ဖွင့် စကားလုံးကို သုံးစေချင်သည်။

၈။        (၆:၈) Keil နှင့် Delitzsch တို့က ကျမ်းပိုဒ် ဒုတိယပိုင်းကို “စင်ကြယ်သောပစ္စည်းကို ကိုင်တွယ်ထိတွေ့သော သာမန်လူများသည်လည်း စင်ကြယ်သွားကြသည်။ ညစ်ညမ်းခြင်းမရှိ။ ယဇ်ပုရောဟိတ်များကဲ့သို့ စင်ကြယ်သွားကြသည်” ဟု ဖွင့်ဆိုကြသည်။ C.F.Kerl and Franz Delitzsch, “Leviticus” in Bible Commentary on the Old Testament, II;319.

၉။        (၇:၁၁-၁၈) A.G.Clarke, Precious Seed Magazine No.2, Vol. II, March, April, 1960, p.49 Ibid.

၁၀။      (၇:၁၁-၁၈) John Reid, The Chief Meeting of the Church, p.58.

၁၂။      (၇:၂၂-၂၇) Dr.S.I, McMillen, None of Those Diseases, p.84.

၁၃။      (အခန်း ၈) Mattew Henry, Matthew Henry’s Commentary on the Whole Bible, I:474.

၁၄။      (အခန်း ၁၂) George Williams, The Student’s Commentary on the Holy Scripture p.71.

၁၅။      (၁၃: Intro) Harrison, Leviticus, p.137, ဆေးဖက်ဆိုင်ရာ ဘာသာရပ် စိတ်ဝင်စားသူများက နောက်ဆက်တွဲ “A” စာမျက်နှာ ၂၄၁ရှိ ရှင်းလင်းချက်က အခန်း ၁၃ကို အထောက်အကူပေးကြောင်း တွေ့ကြရမည်။

၁၆။      (၁၃: Inro) Ibid, pp.136,137.

၁၇။      (၁၃:၃၈-၃၉) Ibid, p.245.

၁၈။      (၁၃:၄၇-၅၉) Ibid, p.146

၁၉။      (၁၃:၄၇-၅၉) Ibid.

၂၀။      (၁၆:၂၁-၂၂) G.Morrish, Publisher, New and Concise Bible Commentary. p.91.

၂၁။      (၁၇:၁-၉) G.Campbell Morgan, Searchlights from the Word, p.38.

၂၂။       (၁၈:၁၉-၂၁) Francdis A. Schaeffer, The Chruch at the end of 20th Century; p,126.

၂၃။      (၂၃:၃၃-၄၄) Moishe and Ceil Rosen, Christ in the passover, pagination unavailabe.

၂၄။      (၂၇:၃၂-၃၃) Leslie B.Flynn, Your God and Your Gold, pp.30,31.

၂၅။      (၂၇:၃၄) Henry “Leviticus” I:502.

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။