ဝတ်ပြုရာကျမ်း - ၂၅

သတ္တမနှစ်
(တရား၊ ၁၅:၁-၁၁)
1တစ်ဖန် သိနာတောင်ပေါ်မှာ၊ မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 2သင်တို့သည် ငါပေးသောပြည်သို့ရောက်သောအခါ၊ ထိုပြည်သည် ထာဝရဘုရားအဖို့ ဥပုသ်စောင့်ရမည်။ 3ခြောက်နှစ်ပတ်လုံးလယ်လုပ်လျက် စပျစ်ဥယျာဉ်ကိုသုတ်သင်၍ အသီးကိုသိမ်းလျက်နေရမည်။ 4သတ္တမနှစ်သည်၊ ထာဝရဘုရားအဖို့ဥပုသ်နှစ်၊ တစ်ပြည်လုံးငြိမ်ဝပ်စွာနေ၍ ဥပုသ်စောင့်ရသောနှစ်ဖြစ်၏။ လယ်မလုပ်ရ၊ စပျစ်ဥယျာဉ်ကို မသုတ်သင်ရ၊ 5လယ်၌ အလိုလိုပေါက်သောအသီးအနှံကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။ တစ်ပြည်လုံး ငြိမ်ဝပ်စွာနေရသောနှစ်ဖြစ်၏။ 6ပြည်ဥပုသ်တည်းဟူသော အလိုလိုဖြစ်ပွားသောအရာရှိသမျှသည်၊ သင်ကိုယ်မှစ၍ သင်၏ကျွန်၊ ကျွန်မ၊ သူငှား၊ ဧည့်သည်စားစရာ၊ 7သင်၏ပြည်၌ရှိသော သားယဉ်သားရဲ စားစရာဖြစ်ရသည်။
ငါးဆယ်မြောက်သောနှစ်
8ဥပုသ်နှစ် ခုနစ်နှစ်ကိုရေတွက်၍၊ ခုနစ်နှစ် ခုနစ်လီတည်းဟူသော လေးဆယ်ကိုးနှစ်စေ့ပြီးမှ၊ 9သတ္တမလဆယ်ရက်နေ့၊ အပြစ်ဖြေခြင်းပြုရာနေ့၌၊ ယုဘိလတံပိုးကို တစ်ပြည်လုံး မှုတ်စေရမည်။ 10ငါးဆယ်မြောက်သောနှစ်ကို သန့်ရှင်းစေသဖြင့်၊ တစ်ပြည်လုံး၌ ပြည်သားအပေါင်းတို့အား၊ လွတ်ရာအခွင့်ကိုကြွေးကြော်ရမည်။ ယုဘိလနှစ်ဖြစ်၍၊ လူတိုင်းမိမိပိုင်သောမြေ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည်။ 11ငါးဆယ်မြောက်သောနှစ်သည် ယုဘိလနှစ်ဖြစ်သောကြောင့် လယ်မလုပ်ရ။ အလိုလိုပေါက်သော အပင်ကိုမျှမရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။ 12ယုဘိလနှစ်သည် သန့်ရှင်းသောနှစ်ဖြစ်သောကြောင့်၊ လယ်၌ရသော အသီးအနှံကိုသာစားရမည်။ 13ယုဘိလနှစ်တွင် လူတိုင်း မိမိပိုင်သောမြေသို့ ပြန်ရမည်။ 14သင်တို့သည် အချင်းချင်းရောင်းဝယ်မှုကိုပြုလျှင်၊ တစ်ယောက်ကိုတစ်ယောက် မညှဉ်းဆဲရ။ 15ယုဘိလနှစ်လွန်၍ လိုသေးသောနှစ်ပေါင်း၊ အသီးအနှံသီးလတ္တံ့သော နှစ်ပေါင်းကိုရေတွက်၍ ရောင်းဝယ်မှုကိုပြုရမည်။ 16ထိုသို့ အသီးသီးရသော နှစ်များကိုလိုက်၍ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက် အဖိုးလျော့လျက်၊ တိုးလျက်ရောင်းဝယ်ရမည်။ 17သင်တို့သည် တစ်ယောက်ကိုတစ်ယောက် မညှဉ်းဆဲရ။ သင်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
သတ္တမနှစ်နှင့်ဆိုင်သောပြဿနာ
18သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်စောင့်လျှင်၊ ထိုပြည်၌ ဘေးလွတ်လျက်နေရကြလိမ့်မည်။ 19မြေသည်လည်း မိမိအသီးအနှံကိုပေးသဖြင့်၊ သင်တို့သည် ဝစွာစား၍ ဘေးလွတ်လျက် နေရကြလိမ့်မည်။ 20သင်တို့ကလည်း၊ သတ္တမနှစ်တွင် ငါတို့သည် အဘယ်သို့စားရမည်နည်း။ လယ်မလုပ်ရ။ အသီးအနှံကိုမသိမ်းရပါတကားဟု ဆိုလျှင်၊ 21အဋ္ဌမတွင် သင်တို့ကိုငါကောင်းကြီးပေး၍၊ ထိုနှစ်တွင် သုံးနှစ်အဖို့ အသီးအနှံကိုဖြစ်စေမည်။ 22သင်တို့သည် အဋ္ဌမနှစ်တွင်လယ်လုပ်၍ နဝမနှစ်တွင် အသီးအနှံကိုသိမ်းရာ ကာလတိုင်အောင် ဟောင်းသောအသီးအနှံကို စားရကြမည်။
ဥစ္စာကိုပြန်လည်ပေးအပ်ခြင်း
23မြေကို သူတစ်ပါးအစဉ်ပိုင်စေခြင်းငှာ မရောင်းရ။ မြေသည် ငါ့ဥစ္စာဖြစ်၏။ သင်တို့သည် ငါ၌တည်းသော ဧည့်သည်အာဂန္တုဖြစ်ကြ၏။ 24သင်တို့သည် မြေကိုပိုင်လေရာရာ၌ ရွေးနုတ်ရသောအခွင့်ကို ပေးရကြမည်။ 25သင်၏အမျိုးသားချင်းသည်ဆင်းရဲ၍၊ မိမိပိုင်သောမြေကိုရောင်းလျှင်လည်းကောင်း၊ သူ၏ပေါက်ဖော်တစ်စုံတစ်ယောက်သည် ဝယ်ခြင်းငှာလာလျှင်လည်းကောင်း၊ မိမိပေါက်ဖော် ရောင်းသောဥစ္စာကို ရွေးနုတ်ရသောအခွင့်ရှိရမည်။ 26ထိုမြေကို ရွေးနုတ်သောသူတစ်ယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနုတ်နိုင်လျှင်၊ 27မိမိမြေသို့ ပြန်အံ့သောငှာ၊ ရောင်း၍လွန်သော နှစ်ပေါင်းကိုရေတွက်ပြီးမှ၊ လိုသေးသောအဖိုးကို အထက်ကရောင်းခဲ့သောသူအား ပြန်ပေးရမည်။ 28ပြန်၍မပေးနိုင်လျှင် ရောင်းခဲ့သောဥစ္စာကို ယုဘိလနှစ်တိုင်အောင် ဝယ်သောသူလက်၌ ရှိစေရမည်။ ယုဘိလနှစ်တွင် လက်လွှတ်၍ အရှင်ဟောင်းလက်သို့ ရောက်စေရမည်။
29မြို့ထဲ၌ရှိသောအိမ်ကို အိမ်ရှင်ရောင်းလျှင်၊ တစ်နှစ်အတွင်းတွင် ရွေးနုတ်သောအခွင့်ရှိစေရမည်။ 30တစ်နှစ်အတွင်းတွင် မရွေးနုတ်လျှင်၊ ထိုအိမ်ကိုဝယ်သောသူမှစ၍ သားစဉ်မြေးဆက်တို့သည် အမြဲပိုင်ရကြမည်။ ယုဘိလနှစ်ရောက်သော်လည်း လက်မလွှတ်ရ။ 31မြို့ရိုးမရှိ၊ ရွာ၌ရှိသောအိမ်ကို လယ်ယာကဲ့သို့မှတ်၍ ရွေးနုတ်ရသော အခွင့်ရှိ၏။ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။ 32သို့ရာတွင် လေဝိသားပိုင်သောမြို့နှင့် မြို့အိမ်တို့ကို၊ အဘယ်ကာလအချိန်မဆိုဘဲ ရွေးနုတ်ရသောအခွင့်ရှိ၏။ 33လေဝိသားပိုင်သောမြို့ကိုလည်းကောင်း၊ အိမ်ကိုလည်းကောင်း၊ သူတစ်ပါးဝယ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။ အကြောင်းမူကား၊ ဣသရေလ လူအမျိုးသားတို့တွင် လေဝိသားတို့သည်၊ ကိုယ်နေရာမြို့အိမ်မှ တစ်ပါးအခြားသော ဥစ္စာမရှိ။ 34သို့ဆိုသော်လည်း၊ လေဝိသားမြို့နယ်၌ရှိသော လယ်ယာတို့ကိုမရောင်းရ။ အစဉ်အမြဲပိုင်ရမည်။
ဆင်းရဲသားတို့ကိုချေးငှားခြင်း
35သင်၏အမျိုးသားချင်းသည် ဆင်းရဲ၍လက်အားလျော့သဖြင့် တစ်ပါးအမျိုးသား ဧည့်သည်အာဂန္တုကဲ့သို့ဖြစ်လျှင်၊ သင့်ထံမှာနေစေခြင်းငှာ သူ့ကိုမစရမည်။ 36သူ၌ အတိုးအပွားကိုမယူရ။ သင်၏အမျိုးသားချင်းသည် သင့်ထံမှာနေစေခြင်းငှာ၊ သင်၏ဘုရားသခင်ကို ကြောက်ရွံ့လော့။ 37အတိုးအပွားကိုမျှော်လင့်၍ ငွေကိုလည်းကောင်း၊ စားစရာကိုလည်းကောင်း သူ၌မချေးမငှားရ။ 38ငါသည် ခါနာန်ပြည်ကိုသင်တို့အားပေး၍၊ သင်တို့၏ ဘုရားသခင်ဖြစ်အံ့သောငှာ၊ သင်တို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။
39သင်၏အမျိုးသားချင်းသည်ဆင်းရဲ၍ သင်၌အရောင်းခံလျှင်၊ အစေခံကျွန်ကိုပြုသကဲ့သို့ သူ့ကိုအနိုင်မပြုရ။ 40သူသည်သူငှားကဲ့သို့လည်းကောင်း၊ ဧည့်သည်ကဲ့သို့လည်းကောင်း၊ သင့်ထံမှာနေ၍ ယုဘိလနှစ်တိုင်အောင် အစေခံရမည်။ 41ထိုအခါ သူသည် သားသမီးနှင့်တကွထွက်၍၊ မိမိအဆွေအမျိုး၊ မိမိ ဘိုးဘပိုင်သောမြေသို့ ပြန်ရမည်။ 42အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်မှငါနုတ်ဆောင်သော ငါ၏အမှုထမ်းဖြစ်၍၊ အစေခံကျွန်ဖြစ်စေခြင်းငှာ၊ မရောင်းရ။ 43သူ့ကို ကြမ်းတမ်းစွာမစီရင်ရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ 44သင်သည်စေခိုင်းသောကျွန်၊ ကျွန်မတို့ကို၊ သင့်ပတ်လည်ဝန်းကျင်တို့၌ နေသောသာသနာပလူတို့တွင် ဝယ်ရမည်။ 45ထိုမှတစ်ပါး၊ သင်တို့တွင်တည်းနေသော တစ်ကျွန်းတစ်နိုင်ငံသားတို့ကိုလည်းကောင်း၊ သင်တို့ပြည်၌ သူတို့ရသောသားသမီးများကိုလည်းကောင်း ဝယ်၍ပိုင်ရမည်။ 46သူတို့သည် ကျွန်သားပေါက်ဖြစ်၍၊ သင်တို့နှင့် သင်တို့သားသမီးတို့သည် အမွေခံ၍ပိုင်ရမည်။ ကိုယ်အမျိုးသားချင်းတည်းဟူသော ဣသရေလအမျိုးသားဖြစ်လျှင်၊ တစ်ယောက်ကိုတစ်ယောက် ကြမ်းတမ်းစွာမစီရင်ရ။
47သင့်အနားမှာတည်းနေသော တစ်ကျွန်းတစ်နိုင်ငံသားသည် ငွေရတတ်၍ သူ၏အနားမှာနေသော သင်၏အမျိုးသားချင်းဆင်းရဲသဖြင့်၊ သင့်အနားမှာတည်းနေသော တစ်ကျွန်းတစ်နိုင်ငံသား၌လည်းကောင်း၊ သူ၏သားမြေး၌လည်းကောင်း၊ ကိုယ်ကိုရောင်းချလျှင်၊ 48ရောင်းပြီးမှ ရွေးနုတ်သောအခွင့် ရှိစေရမည်။ မိမိအမျိုးသား တစ်စုံတစ်ယောက်သည် ရွေးနုတ်ရမည်။ 49ဘကြီး၊ ဘထွေး၊ ညီအစ်ကိုတော်မှစ၍ အဆွေအမျိုးပေါက်ဖော်ရင်း တစ်စုံတစ်ယောက်သည် ရွေးနုတ်ရမည်။ ကိုယ်တိုင်တတ်နိုင်လျှင်လည်း ကိုယ်ကိုရွေးနုတ်ရမည်။ 50သခင်နှင့် ကျွန်တို့သည်၊ ရောင်းဝယ်သောနှစ်မှစ၍ ယုဘိလနှစ်တိုင်အောင် နှစ်ပေါင်းကိုရေတွက်ပြီးလျှင်၊ နှစ်ပေါင်းအနည်းအများကို ထောက်၍လည်းကောင်း၊ သူငှားလုပ်ရသည်ကာလကို ထောက်၍လည်းကောင်း၊ ကိုယ်အဖိုးကိုစီရင်ရမည်။ 51ယုဘိလနှစ်မရောက်မီ၊ အစေခံရသော နှစ်ပေါင်းအနည်းအများကို ရေတွက်၍၊ 52လိုသေးသော နှစ်ပေါင်းအနည်းအများအလိုက် ရွေးရန်အဖိုးကို၊ ဝယ်ရင်းငွေထဲက နုတ်၍ပြန်ပေးရမည်။ 53ထိုသူသည် တစ်နှစ်နောက်တစ်နှစ်၊ သူငှားကဲ့သို့နေရမည်။ သင့်မျက်မှောက်၌ ညှဉ်းဆဲခြင်းကိုမခံရ။ 54ထိုသို့သောနည်းဖြင့် မရွေးမနုတ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ၊ သူ့ကိုသားမယားနှင့်တကွ သခင်လက်မှလွှတ်ရမည်။ 55အကြောင်းမူကား ဣသရေလအမျိုးသားတို့သည်၊ ငါ၏အမှုထမ်းဖြစ်ကြ၏။ အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်ခဲ့သော ငါ၏အမှုထမ်းဖြစ်ကြ၏။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။

ဝတ်ပြုရာကျမ်း - ၂၅ (အနက်ဖွင့်)

၁၀။ ဥပုသ်နှစ်နှင့်ပွဲတော်နှစ် (အခန်း ၂၅)

အခန်း ၂၅-၁၇ ပါ ပြဌာန်းချက်များသည် သိနာတောင်ပေါ်တွင် မောရှေသို့ ပြဌာန်းချက်များထဲမှ ဖြစ်သည်။ တဲတော်ထဲမှာ မဟုတ်ကြောင်း (၂၅:၁၊ ၂၆:၄၆၊ ၂၇:၃၄)တို့တွင် တွေ့ရသည်။

၂၅: သတ္တမနှစ်တိုင်းသည် ဥပုသ်နှစ်ဖြစ်သည်။ ဣသရေလတို့ရောက်မည့် ခါနန်မြေသည် မထွန်ယက်သေးသော တောင်ပိုင်းမြေဖြစ်သည်။ ခြောက်နှစ်ပတ်လုံးထွန်ယက်စိုက်ပျိုးရာတွင် သီးနှံများဖြစ်ထွန်းအောင်မြင်မည်။ မြေကြီးထဲမှ ပဒေသာပင်ပေါက်လာမည်။ သတ္တမနှစ်တွင် စိုက်ပျိုးခြင်း မလုပ်ရ။ အလေ့ကျပေါက်ပင်များကိုလည်း မရိတ်ရ။ မြေကြီးကို အနားပေးရမည်။

၂၅:၁၇ အနှစ်(၅၀)မြောက်နှစ်သည်လည်း ဥပုသ်နှစ်ဖြစ်သည်။ ရွှေရတုသဘင်နှစ်ဖြစ်သည်။ အပြစ်ဖြေရာနှစ်မှ စတင်ရေတွက်လျှင် (၄၉)နှစ်မြောက်တွင် ဥပုသ်နှစ်ကျရောက်သည်။ ကျွန်များ လွှတ်ပစ်၇သည်။ မြေကြီးကို ပလပ်ထားရသည်။ ထိုယုဘလီနှစ်တွင် ကျေးကျွန်များ မြေယာများ၏ တန်ဘိုးများကို ဈေးလျှော့ပစ်ရသည်(ငယ်၁၅-၁၇)။ ထွက်ကုန်၊ ထုတ်ကုန်ပစ္စည်းဟူသမျှ ခါတိုင်းထက် ဈေးလျှော့ရသည်။ “လွတ်မြောက်သောနှစ်ဖြစ်၍ မြေကြီးမှအစ သက်သာခွင့်ပေးရသည်” (ငယ်၁၀ KJO)။ ထိုအတိုင်းပင် အမေရိကန်နိုင်ငံ၌ လွတ်လပ်ရေးခေါင်းလောင်းထိုးလေ့ရှိကြသည်။ ယုံကြည်သူများအတွက်မူ ခရစ်တော်ကြွလာမည့်နှစ်သည် ယုဘလီပွဲတော်ဖြစ်ပေမည်။ ခရစ်တော်ဘုရားကြွလာနီးပြီဖြစ်သောကြောင့် မိမိတို့စည်းစိမ်ဥစ္စာများကို ဈေးလျှော့သောသဘောဖြင့် မရှိဆင်းရဲသားများသို့ ပေးကမ်းစွန့်ကြဲကြပါစို့။ အကယ်၍ စနိုးစနှောင့်ဖြစ်နေတုန်း ဘုရားရှင်ကြွလာလျှင် မိမိလယ်ယာ၊ တိုက်တာ၊ စည်းစိမ်ဘဏ္ဍာများသည် အချည်းနှီးဖြစ်သွားမည်။ သင်ပိုင်ဆိုင်သမျှကို အမှုတော်အတွက် ရည်စူးသုံးစွဲပါ။

၂၅:၁၈၂၂ ဥပုသ်နှစ်နှင့်ပတ်သက်၍ ဘာစားရမည်လဲ။ နောက်နှစ် သီးနှံပေါ်ထွန်းမီ ဘာစားရမည်နည်းဟု အချို့က တွေးယူကြသည်။ နာခံခြင်းရှိလျှင် ထိုနှစ်အတွက်သာမက နောက်ထပ်()နှစ် စားလောက်အောင် လက်ဦးနှစ်များတွင် ပေးထားမည်ဟု ကတိတော်ပေးထားပါသည်။

နှစ်(၅၀)ပြည့်တိုင်း မျိုးကြဲစရာမလို။ ရိတ်သိမ်းစရာမလိုသော မင်္ဂလာနှစ်ကြုံရသည်။ ဥပုသ်နှစ် မရောက်မီ (၄၈)နှစ်ကာလ၌ အလုံအလောက် စီမံပေးထားပြီးဖြစ်သည်။ နောက်ထပ်(၄)နှစ်ထိုင်စားနိုင်အောင် ကြိုတင်ဖြည့်ဆည်းထားပါသည်။

အချို့ကျမ်းစာပညာရှင်များက အနှစ်(၅၀)မြောက်သည်(၄၉)နှစ်မြောက်ကို အခေါ်လွယ်အောင် ဆိုခြင်းဖြစ်သည်ဟု ခံယူကြသည်။ မည်သို့ပင်ဖြစ်စေ၊ နမူနာယူထိုက်သော  ရှေးဦးကာလ၊ မြေကြီးကို အနားပေး၍ မြေဩဇာဖြစ်ထွန်းစေသည့် အလေ့အကျင့်ကောင်းများ သင်ခန်းစာ ရရှိပါသည်။ ယနေ့ခေတ်ကာလတွင် သိပ္ပံပညာရှင်များက ဂြိုဟ်၊ နက္ခတ်၊ ကမ္ဘာ အခြေအနေကို တွက်ချက်၍ မြေကြီးကို အနားပေးကုသရန် အကြံပြုကြသည်။ ရှေးပဝေသဏီကတည်းက ဘုရားရှင်မိန့်မှာပြီးဖြစ်သည်။

၂၅:၂၃၂၈ မြေကြီးကို ရောင်းပိုင်ခွင့် ရှိသော်လည်း အစဉ်ပိုင်ဆိုင်ဖို့ ရောင်းချခွင့်မရှိ။ အဘယ်ကြောင့်ဆိုသော် မြေကြီးမူလပိုင်ရှင်သည် ဘုရားရှင်ဖြစ်သည်။ သို့ကြောင့် မြေကြီးကို စီရင်ခြင်း(၃)မျိုး ရှိသည်။ (၁)ပြန်လည်ရွေးဝယ်ပိုင်ခွင့်ရှိသည် (မူလပိုင်ရျင်သည် ယုဒလူမျိုးဖြစ်သည်)။ အနီးစပ်ဆုံးဆွေမျိုးက ပြန်ဝယ်ယူပိုင်ခွင့် (ငယ်၂၅)ရှိသည်။ ငွေကြေးအဆင်ပြေသောအခါ ပြန်လည်ရွေးယူခွင့်ရှိသည်။ သို့သော် ယုဘိလနှစ်အတွင်းတွင် အရောင်းအဝယ် မရှိလျှင် မူလပိုင်ရှင်က ပြန်ရွေးနိုင်သည် (ငယ်၂၆၊၂၇)။ တစ်နည်းအားဖြင့် ယုဘိလနှစ်ပြန်ရောက်လျှင် မူလပိုင်ရှင် ယုဒလူမျိုးလက်ထဲသို့ အလိုလို ပြန်ရောက်သည် (ငယ်၂၈)။

၂၅:၂၉၃၄ မြို့ထဲရှိအိမ်ကိုမူ ရောင်းလျှင် တစ်နှစ်အတွင်းသာ ပြန်ရွေးယူခွင့်ရှိသည်။ တစ်နှစ်ကျော်လျှင် ဝယ်သူ၏လက်ထဲတွင် လုပ်ပိုင်ခွင့်တည်သည်။ သို့သော် ဇနပုဒ်ကျေးလက်ရှိအိမ်ကိုမူ လယ်ယာမြေကဲ့သို့ သဘောထားရသည်။ ယုဘိလနှစ်တွင် မူလပိုင်၍ လယ်ထဲသို့ ပြန်ရောက်ရသည်။ သို့သော် လေဝိသားများအတွက်မူ မည်သည့်လယ်ယာအိမ်မဆို ယုဘိလနှစ်တွင် ပြန်လည်ပိုင်ဆိုင်ခွင့်ရှိသည်။ လေဝိသားများသည် မိမိလယ်ယာမြေကို ရောင်းချပေါင်နှံပိုင်ခွင့်မရှိ။

          ၂၅:၃၅၃၈ အကယ်၍ ဣသရေလလူမျိုးသည် ချွတ်ခြုံကျ၍ အကြွေးယူမွဲတေလျှင် အကြွေးရှင်သည် ထိုဣသရေလအား ဖိအားမပေးရ။ အတိုးထပ်မတောင်းရ။ ငွေမဟုတ်ဘဲ အခြားအစားအစာ ပစ္စည်းများကိုလည်း တောင်းယူပိုင်ခွင့်မပြု။

၂၅:၃၉၄၆ အကယ်၍ အကြွေးမဆပ်နိုင်သဖြင့် ဣသရေလလူသည် မိမိကိုယ်ကို ရောင်းစားကျွန်ခံလျှင် ထိုအကြွေးရှင်သည် ထိုသူကို ကျွန်အဖြစ် မအောက်မေ့ရ။ အစေခံကဲ့သို့ သဘောထားဆက်ဆံရသည်။ ယုဘိလနှစ် ရောက်သောအခါ လွတ်မြောက်ခွင့်ပေးရသည်။ မိမိကိုယ်ကို ရွေးနှုတ်သောယုဒများသည်လည်း ယုဘိလနှစ်တွင် လွှတ်ပေးရသည်။ အကယ်၍ ရွေးနှုတ်ပေးသူ ဆွေမျိုးသားချင်းမရှိလျှင် အလိုလိုလွတ်မြောက်ခွင့်ရရှိသည်။

၂၅:၄၇၅၄ အကယ်၍ ယုဒလူတစ်ဦးသည် မိမိကိုယ်ကို ယုဒမြေပေါ်ရှိ တစ်ပါးအမျိုးသားထံသို့ ရောင်းစားလျှင် အခြားယုဒလူများက အချိန်မရွေး ပြန်ရွေး၍  ကျွန်ဘဝမှ လွတ်မြောက်စေနိုင်သည်။ ရွေးခတန်ဘိုးကို ယုဘိလကာလအပိုင်းအခြားအပေါ်တွင် တွက်ချက်ရသည်။ ရွေးယူသော ဆွေမျိုးသားချင်းများက ထိုသူအား မလွှတ်ဘဲ၊ ယုဘိလနှစ်ထိ ကျွန်အဖြစ်သုံးပိုင်ခွင့်လည်းရှိသည်။ အကယ်၍ ဆွေမျိုးသားချင်းများက ရွေးယူခြင်း မဟုတ်လျှင် ယုဘိလနှစ်ရောက်လျှင် လွှတ်ပေးရသည်။

၂၅:၅၅ ဤကျမ်းပိုဒ်သည် ဣသရေလနှင့်သူ့မြေယာအကြောင်းကို ထပ်မံနှိုးဆော်ခြင်းဖြစ်သည် (ငယ် ၂၃)။ ဘုရားသခင်သည် အရာခပ်သိမ်း မူလပိုင်ရှင်ဖြစ်သကဲ့သို့ ယုဒများသည်လည်း သူတို့မြေ၏ မူလပိုင်ရှင်များဖြစ်ကြသည်။ ဘုရားသခင်၏ လူသော်၎င်း၊ ဘုရားသခင်၏မြေသော်၎င်း အစဉ်သဖြင့် ပိုင်ဆိုင်ရောင်းချခွင့်မရှိ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။