ဝတ်ပြုရာကျမ်း - ၂၃

ပွဲတော်များ
1တစ်ဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 2သင်တို့သည် စီရင်ရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ငါထာဝရဘုရား၏ ပွဲတော်များဟူမူကား၊ 3ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ ဓမ္မစည်းဝေးခြင်းကိုပြုရသောနေ့ ဖြစ်၏။ ထိုနေ့၌ သင်တို့သည် အလုပ်မလုပ်ရကြ။ သင်တို့နေရာအရပ်ရပ်၌ ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။
ပသခါပွဲနှင့်တဆေးမဲ့မုန့်ပွဲတော်
4အချိန်တန်မှ သင်တို့ကြော်ငြာရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရား၏ပွဲတော်များဟူမူကား၊ 5ပထမလဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ ထာဝရဘုရား၏ပသခါပွဲဖြစ်၏။ 6၎င်းလဆယ်ငါးရက်နေ့၌ ထာဝရဘုရားအဖို့ အဇုမပွဲကိုခံရကြမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည်။ 7ပထမနေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ 8ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပူဇော်သကာကိုပြုရမည်။ သတ္တမနေ့၌လည်း ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကိုမလုပ်ရဟု မိန့်တော်မူ၏။
9တစ်ဖန်မောရှေအား ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 10သင်တို့သည် ငါပေးသောပြည်သို့ရောက်၍ စပါးကိုရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်းတစ်စည်းကို ယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့ရမည်။ 11သင်တို့သည် စိတ်တော်နှင့်တွေ့ခြင်းငှာ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။ 12ကောက်လှိုင်းကိုချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။ 13ထိုယဇ်နှင့်ဆိုင်သောဘောဇဉ်ပူဇော်သကာကား၊ ထာဝရဘုရားအား မွှေးကြိုင်ရာဖို့ မီးဖြင့်ပြုသောပူဇော်သကာတည်းဟူသော ဆီနှင့်ရောသော မုန့်ညက်နှစ်ဩမဲဖြစ်ရမည်။ သွန်းလောင်းရာပူဇော်သကာကား၊ စပျစ်ရည်သုံးလောဃ ဖြစ်ရမည်။ 14သင်တို့၏ဘုရားသခင်ထံတော်သို့ ပူဇော်သကာကိုဆောင်ခဲ့သောနေ့ မရောက်မီ၌ မုန့်၊ ဆန်လှော်၊ စိမ်းသောအသီးအနှံကို မစားရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
ကောက်သိမ်းပွဲတော်
(တော၊ ၂၈:၂၆-၃၁)
15ချီလွှဲရာပူဇော်သကာကောက်လှိုင်းကို ဆောင်ခဲ့သောနေ့၊ ဥပုသ်နေ့အလွန် နက်ဖြန်နေ့ကစ၍ သီတင်းခုနစ်သီတင်းစေ့အောင် ရေတွက်ရမည်။ 16သတ္တမဥပုသ်နေ့အလွန်နက်ဖြန်နေ့အထိ အရက်ငါးဆယ်တိုင်တိုင် ရေတွက်ပြီးလျှင်၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာအသစ်ကို ဆက်ရကြမည်။ 17ထာဝရဘုရားအဖို့ အဦးသီးသောအသီး၊ တဆေးဖြင့်ဖောင်းကြွသော မုန့်ညက်နှစ်ဩမဲနှင့်လုပ်သော ချီလွှဲရာမုန့်နှစ်လုံးကို သင်တို့အိမ်မှထုတ်ဆောင်ခဲ့၍၊ 18ထိုမုန့်နှင့်တကွ အခါမလည်အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်၊ နွားသငယ်အထီးတစ်ကောင်၊ ဆိတ်နှစ်ကောင်ကိုဆက်၍၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာနှင့်တကွ၊ ထာဝရဘုရားအားမွှေးကြိုင်ရာဖို့ မီးဖြင့်ပြုသောပူဇော်သကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအား ပူဇော်ရမည်။ 19အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်ကိုလည်းကောင်း၊ မိတ်သဟာယယဇ်ဖို့ အခါလည်သောသိုးသငယ်နှစ်ကောင်ကိုလည်းကောင်း ပူဇော်၍၊ 20ယဇ်ပုရောဟိတ်သည် အဦးသီးသောအသီးမုန့်နှင့်တကွ ချီလွှဲသဖြင့်၊ သိုးသငယ်နှစ်ကောင်ပါလျက် ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သကာပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ်အဖို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသော အရာဖြစ်သတည်း။ 21ထိုနေ့၌လည်း ဓမ္မစည်းဝေးခြင်းကို စီရင်ရကြမည်။ လောကီအလုပ်ကို မလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်ဖြစ်သတည်း။
22ကိုယ်မြေ၌ဖြစ်သောစပါးကို ရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင်ကျန်ကြွင်းသောအရာကို ပြန်၍မကောက်မသိမ်းရ။ ထိုအရာကို ဆင်းရဲသောသူ၊ ဧည့်သည်အာဂန္တုအဖို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
တံပိုးမှုတ်ပွဲ
(တော၊ ၂၉:၁-၆)
23တစ်ဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 24သင်တို့သည်သတ္တမလ၊ ပထမနေ့ရက်၌တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသောဥပုသ်နေ့ကို စောင့်ရကြမည်။ 25လောကီအလုပ်ကို မလုပ်ရ။ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သကာကို ဆက်ရမည်ဟု မိန့်တော်မူ၏။
အပြစ်ဖြေရာနေ့
26တစ်ဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ 27သတ္တမလ၊ ဒသမနေ့သည်လည်း အပြစ်ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံစွာကျင့်ရမည်။ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သကာကိုဆက်ကပ်ရမည်။ 28ထိုနေ့၌ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်အပြစ်ဖြေခြင်းကို ပြုရသောနေ့ဖြစ်၏။ 29ထိုနေ့၌ ခြိုးခြံစွာမကျင့်သောသူမည်သည်ကား မိမိအမျိုးမှပယ်ရှင်းခြင်းကို ခံရမည်။ 30ထိုနေ့၌ အလုပ်တစ်စုံတစ်ခုကိုလုပ်သောသူ မည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှားဖျက်ဆီးမည်။ 31အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။ 32ထိုနေ့သည် ငြိမ်ဝပ်စွာနေရသောနေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ဖြစ်၏။ နဝမနေ့ ညဉ့်ဦးမှစ၍ နက်ဖြန်ညဉ့်ဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟုမိန့်တော်မူ၏။
သကေနေပွဲ
(တော၊ ၂၉:၁၂-၄၀)
33တစ်ဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 34သင်တို့သည်သတ္တမလ၊ ဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ သကေနေပွဲကိုခံရကြမည်။ 35ပထမနေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ အလုပ်ကိုမလုပ်ရ။ 36ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာကို ဆက်ကပ်ရမည်။ အဋ္ဌမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကိုပြု၍၊ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာကို ဆက်ကပ်ရမည်။ ထူးဆန်းသောစည်းဝေးခြင်းဖြစ်၍ လောကီအလုပ်ကို မလုပ်ရ။ 37-38ဤရွေ့ကား၊ ထာဝရဘုရား၏ဥပုသ်နေ့၊ ထာဝရဘုရားအားဆက်ကပ်ရသော အလှူဒါန၊ သစ္စာကတိနှင့်ဆိုင်သောပူဇော်သကာ၊ အလိုလိုပြုသောပူဇော်သကာမှတစ်ပါး၊ နေ့ရက်အသီးအသီးတို့၌ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာ၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ ယဇ်ပူဇော်ခြင်း၊ သွန်းလောင်းရာပူဇော်သကာကို ပြုစေခြင်းငှာ စီရင်ရသောဓမ္မစည်းဝေးခြင်း၊ ထာဝရဘုရား၏ပွဲတော်များ ဖြစ်သတည်း။ 39ထိုမှတစ်ပါး၊ သင်တို့သည် မြေအသီးအနှံကို သိမ်းယူသောနောက်၊ သတ္တမလ ဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအားပွဲခံရကြမည်။ ပထမနေ့နှင့် အဋ္ဌမနေ့၌ ဥပုသ်စောင့်ရကြမည်။ 40ပထမနေ့၌ ကောင်းမွန်သောသစ်သီး၊ စွန်ပလွံခက်၊ မိုးမခပင် အစရှိသော အရွက်များသောအပင်၏ အကိုင်းအခက်တို့ကိုယူ၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပတ်လုံး ရွှင်လန်းခြင်းကိုပြုရကြမည်။ 41ထိုပွဲတော်ကို တစ်နှစ်တစ်နှစ်လျှင်ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ ခံရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသောပညတ်တော်ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမလ၌ခံရကြမည်။ 42ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သောအခါ၊ 43သစ်ခက်တဲ၌နေစေကြောင်းကို သင်တို့အမျိုးအစဉ်အဆက်တို့သည် သိမှတ်မည်အကြောင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ၌ ခုနစ်ရက်ပတ်လုံးနေရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။ 44မောရှေသည်လည်း၊ ထာဝရဘုရား၏ပွဲတော်များကို ဣသရေလအမျိုးသားတို့အား ပြန်ကြားလေ၏။

ဝတ်ပြုရာကျမ်း - ၂၃ (အနက်ဖွင့်)

၈။ ဘုရားသခင်ပွဲတော်များ (အခန်း ၂၃)

(ကဥပုသ်နေ့ (၂၃:)

          ၂၃: ဣသရေလတို့၏ ဘာသာရေးပြက္ခဒိန်သည် ဘုရားသခင်၏ အမိန့်တော်တွင် အခြေပြုသည်။ ဘုရားသခင်က ဣသရေလတို့အား သန့်ရှင်းသော ဘုရားသခင်၏ပွဲတော်များ ကျင်းပရမည့်အကြောင်း မောရှေသို့ ပြောပြခဲ့သည်။

ခြောက်ရက်လုံးလုံး ကြိုးစားပမ်းစားအလုပ်လုပ်ကြပြီးနောက် သတ္တမမြောက်နေ့(သို့) ဥပုသ်နေ့တွင် အလုပ်မလုပ်ဘဲ အနားယူကြရမည်။ ထိုနေ့ရက်သည် ရက်သတ္တပတ်၏ သန့်ရှင်းရာနေ့ရက် ဖြစ်သည်။

(ပသခါပွဲ (၂၃:)

          ပထမလ (Nisan or Abib) ၏တစ်ဆယ့်လေးရက်နေ့ မြောက်တွင် ဘုရားသခင်၏ ပသခါပွဲ ကျင်းပရသည်။ ထိုပွဲသည် ဣသရေလလူမျိုး အဲဂုတ္တုကျွန်ဘဝမှ လွတ်မြောက်သည့်အထိမ်းအမှတ် ဖြစ်သည်။ ပသခါ သိုးသူငယ်သည် ယေရှုခရစ်တော်ကို ပုံဆောင်သည်။ ဘုရားသခင်၏ သိုးသူငယ်တည်းဟူသော ပသခါ သိုးသူငယ်(၁ကော၅:၇) အသွေးက လူသားများအား ဒုစရိုက်အပြစ်လောကမှ ရွေးထုတ်ပါသည်။ ခရစ်တော်သည် ဖန်ဆင်းခံ သတ္တဝါကဲ့သို့ သေသည်မဟုတ်။ အချိန်စေ့၍ အသေခံခြင်းဖြစ်သည် (ဂလာ၄:၄-၆)။

(တဆေးမဲ့မုန့်ပွဲ (၂၃:)

          ၂၃: ဤတဆေးမဲ့မုန့်ပွဲသည် ပသခါပွဲနှင့်ဆက်စပ်သည်။ (၇)ရက်လုံးလုံး ဆက်လက်ကျင်းပသော ပွဲဖြစ်၍ ပသခါနေ့နှင့်ဆက်သည်။ Nisan  (၁၅)ရက်နေ့မှ (၂၁)ရက်နေ့ထိ ဖြစ်သည်။ ထိုပွဲတော်နှစ်ရပ်၏ နာမည်ကို မကြာခဏပြောင်းခေါ်လေ့ရှိခဲ့သည်။ ထိုနေ့ရက်ကာလတွင် ယုဒနေအိမ်များ၌ တဆေးမရှိစေရ။ အကုန်လွှင့်ပစ်ရသည်။ သမ္မာကျမ်းစာတွင် တဆေးသည် အပြစ်ပုံဆောင်သည်။ ပွဲတော်သည် ဘဝအသက်ပုံဆောင်သည်။ သို့ကြောင့် မိမိဘဝတွင် အပြစ်ဒုစရိုက်ကင်းစင်စေရန် ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်းဒုစရိုက်အတိတ်နိမိတ်ဖြစ်သော တဆေးကို နေအိမ်မှ ဖယ်ရှားကြသည်။ “တဆေးမပါသောမုန့်သည် ကြည်ဖြူခြင်း သစ္စာစောင့်ခြင်း ပုံဆောင်သည်” (၁ကော၅:၈)။ ပသခါပွဲ (ရွေးနှုတ်ခြင်းအထိမ်းအမှတ်)နှင့် တဆေးမဲ့မုန့် (သန့်ရှင်းသောအသက်တာတွင် လျှောက်လှမ်းခြင်း) အခြားတွင် ခြားနားစရာတစ်စုံတရာ တစ်ခု မဝင်ရောက်စေရ။ ယနေ့ကာလတိုင်အောင် ယုဒများသည် တဆေးမဲ့မုန့်ပွဲ ကျင်းပလေ့ရှိသည်။ ထိုတဆေးမဲ့မုန့်ကို Matzo ဟုခေါ်သည်။ မုန့်ညက်ကို ခပ်ပြားပြားလုပ်၍ ပေါင်မုန့်ဖုတ်သကဲ့သို့ ဖုတ်ကြသည်။ ဤတဆေးမဲ့မုန့်သည် အပြစ်ကင်းစင်သော မေရှိယသခင်ကို ပြန်လည်သတိရစေပါသည်။ လောက လူသားများအတွက် ဝေဒနာခံစားခဲ့သည်။ ခံစားရသော ဝေဒနာအားဖြင့် လောကသားများ ကျန်းမာ ငြိမ်သက်ခွင့် ရှိကြသည်။

(အဦးသီးပွဲ (၂၃:၁၄)

          ၂၃:၁၄ ဘုရားသခင်ရှေ့မှာ ချီလွှဲရသော ပထမဦးဆုံးကောက်လှိုင်းမှ အသီးများဖြင့် တဆေးမဲ့မုန့်၏ ဒုတိယနေ့တွင် ကျင်းပရသည်။ (ဥပုသ်နေ့၏ နောက်နေ့ရက်သတ္တပတ်၏ပထမဦးဆုံးနေ့)။ ထိုပွဲကို အဦးသီးသောအသီးပွဲနေ့ဟု လူသိများသည်။ တစ်နှစ်လုံးမှ ပထမဦးဆုံးသီးသောအသီးဖြင့် ပူဇော်ရသည်။ ကျေးဇူးတော်ချီးမွမ်းသည့်အနေဖြင့် ထိုပထမဆုံး ရိတ်သိမ်းရသော ကောက်လှိုင်းကို ဘုရားသခင်ရှေ့တွင် ချီလွှဲရသည်။ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်ယဇ် ချီလွှဲသကဲ့သို့ ချီလွှဲရသည်။  ထိုကောက်လှိုင်းချီလွှဲသည့် ကောက်လှိုင်းများ အထက်တန်ဖိုးကြီးပွားမည် ကတိဆိုခြင်းဖြစ်သည်။ ထိုအပြုအမူသည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း ပုံဆောင်သည်။ “ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့တွင် အဦးသီးသော အသီးဖြစ်တော်မူပြီ။” (၁ကော၅:၂၀)ဟု ဆိုထားသည်။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်တော်အား ယုံကြည်ကိုးစားသူများသေခြင်းမှ ပြန်လည် ထမြောက်မည့်အကြောင်း အာမခံချက်ပေးခြင်းဖြစ်သည်။

(သီတင်းပတ်ပွဲတော် (၂၃:၁၅၂၂)

          ၂၃:၁၅၂၂ ရက်သတ္တသီတင်းပတ်ပွဲတော် (Heb.Shãvûôt) သို့မဟုတ် ပင်တေကုတ္တေ (dk.for “fifty”)ပွဲကို ပသခါပွဲတော်အပြီး ဥပုသ်နေ့အလွန် ရက်ပေါင်း၅၀မြောက်တွင် ကျင်းပရသည်။ ကောက်ပဲ သီးနှံရိတ်သိမ်းခြင်းအတွက် ဘုရားသခင်အား ကျေးဇူးတော် ချီးမွမ်းခြင်းဖြစ်သည်။ အဦးသီးသော အသီးများကိုလည်း ဤပွဲတော်တွင် ပေးလှူရသည်။ မီးရှို့ပူဇော်ခြင်း၊ ဘောဇဉ်သစ်ယဇ်၊ မိဿဟာယယဇ်များ ပူဇော်ရသည်။ ယုဒထုံးစံအရ ဤနေ့ရက်သည် မောရှေထံမှ ပညတ်တရားခံယူရာနေ့ရက်ဟု သိမှတ်ကြသည်။ သန့်ရှင်းဝညာဉ်တော်သည် ဤပင်တေကုတ္တေနေ့ရက်တွင် အသစ်ဖြင့် တဖန်ဆင်းသက်လာ၍ အသင်းတော်မျိုးစေ့ချခဲ့ပေသည်။ မုန့်နှစ်လုံးကို လတ်ဆတ်သော အသီးမှသီးသန့် ပြုလုပ်၍ ချီလွှဲရာယဇ် အဖြစ် ပူဇော်ရသည်။ (ဘောဇဉ်ဖြင့်  ပူဇော်ရာတွင် ဤမုန့်၌သာလျှင် တဆေးပါဝင်သည်)။ ထိုသို့တဆေးပါခြင်းသည် ဘုရားသခင်ရှေ့တော်၌ ယုဒလူမျိုးနှင့် တပါးအမျိုးသားများအတူတကွ ပေါင်းဖက်၍ လူသစ်ဖြစ်ကြပြီ (ဧ၂:၁၅)ဟု အဓိပ္ပါယ်ရသည်။

နောက်ထပ် လေးလတွင် အခြားပွဲတော်ကျင်းပရသည်။ ထိုကာလသည် အသင်းတော်ကာလ ပုံဆောင်သည်။ ကယ်တင်ရှင်ဘုရားပြန်လည်ကြွလာမည့်အချိန် လက်ချိုးရေ စောင့်မျှော်ရသည့်အချိန် နာရီဖြစ်သည်။

(တံပိုးမှုတ်ပွဲ (၂၃:၂၃၂၅)

          ၂၃:၂၃၂၅ တံပိုးမှုတ်ပွဲတော်ကို သတ္တမလ၏ ပထမနေ့တွင် ကျင်းပသည်။ ဣသရေလေ တစ်မျိုးသားလုံး အပြစ်နောင်တရ၍ မိမိမြေပေါ်တွင် ပြန်လည်သွေးစည်းခိုင်မာခြင်း အထိမ်းအမှတ် ဖြစ်သည်။ အစိုးရပြက္ခဒိန်အရ နှစ်သစ်ရက်နေ့ဖြစ်သည်။ Rosh Hashanah (Heb, head of the year) ဟု ခေါ်သည်။ အျို့ကျမ်းစာပညာရှင်များက သန့်ရှင်းသူများ ခရစ်တော်ဘုရားအား တွေ့ဆုံဖို့ အသင်းတော်ချီဆောင်ခြင်းတွင် လာရောက်ပါဝင်ကြရန် ဖိတ်ခေါ်ခြင်း ပုံဆောင်သည်ဟုဆိုကြသည်။

(အပြစ်ဖြေရာနေ့ (၂၃:၂၆၃၅)

၂၃:၂၆၃၂ အပြစ်ဖြေရာနေ့ (Heb, Yôm Kippur) ကို သတ္တမလ၏ ဒဿမမြောက်နေ့ရက်တွင် ကျင်းပသည်။ အသေးစိတ်အကြောင်းအရာကို အခန်း၁၆တွင် ရှင်းပြပြီးဖြစ်သည်။ ဣသရေလ တစ်မျိုးသားလုံးနှင့် ယှဉ်၍ အပြစ်နောင်တရကြသည့်နေ့၊ မေရှိယသခင်ကို မေ့လျော့ခြင်းအား ပြန်လည်နောင်တရ၍ ရွေးနှုတ်ထားသောလူမျိုးဖြစ်ကြောင်း ဝန်ခံသည့် နေ့ရက် (ဇာ ၁၂:၁၀၊ ၁၃:၁) ဖြစ်သည်။ ထိုနေ့ရက်တွင် အလုပ်မလုပ်ကြရန် ကျမ်းစာ ခပ်များများ၌ အမိန့်တော်ရှိထားသည်။ ထိုနေ့တွင် အလုပ်လုပ်သူသည် ယဇ်ပုရောဟိတ်တစ်ပါးသာရှိသည်။ ထိုနေ့ရက်တွင် တရားတော်နှင့်အညီ မရှိသူများကို ဖျက်ဆီးပစ်မည်ဟု ဘုရားရှင်က သတိပေးထားသည်။ အဘယ်ကြောင့်ဆိုသော် ယဇ်ပုရောဟိတ်ကြီးပြုသော အမှုသည် လူတို့၏ လုပ်ငန်းအပေါ်တွင်      မမူတည် (တိ ၃:၅)။ လူသည် မိမိအပြစ်ဒုစရိုက်များကို ဖယ်ရှားသန့်စင်နိုင်စွမ်းရှိသူများမဟုတ်။ ခရစ်တော်နှင့် ခရစ်တော်ပြုတော်မူသော အမှုတော်ဖြစ်လာလျှင် ထာဝရကယ်တင်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ သင့်ဝိညာဉ်ကို နာကျင်စေလော့” (ငယ် ၂၇:၂၉)ဆိုသည်မှာ အစာရှောင် ဥပုသ်စောင့်ခိုင်းခြင်းဖြစ်သည်။ ယနေ့ခေတ်ကာလတွင် ဘာသာရေးကိုင်းရှိုင်းသော ယုဒများသည် အစာရှောင် ဥပုသ်စောင့်လေ့ရှိသည်။ အပြစ်ဖြေရာနေ့သည် ယေဟောဝါဘုရားသခင်နှင့် သက်ဆိုင်သော ပွဲတော်ဟု ဆိုသော်လည်း စင်စင်တွင်မူ ပွဲတော်ထက် အစာရှောင်ဥပုသ်စောင့်ခြင်းကို ဦးစားပေးသည်။ မည်သို့ပင်ဖြစ်စေ အပြစ်ဒုစရိုက်အကြောင်း လွန်မြောက်၍ တဲတော်ပွဲတော်၌ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခွင့်ကြုံရသည်။

(တဲတော်ပွဲ (၂၃:၃၄၄၄)

          ၂၃:၃၃၄၄ တဲတော်ပွဲ (သကေနေပွဲတော်) (Heb, Sukkoth, သီးသန့်ရုံ)ကို သတ္တမလ တစ်ဆယ့်ငါးရက်နေ့မှ စ၍()ရက်တိုင်တိုင် ကျင်းပရသည်။ ခုနှစ်ရက်လုံးလုံး သီးသန့်ရုံ၊ တဲထဲတွင် နေရသည် (ငယ်၄၂)။ ထိုသို့ပြုလုပ်ခြင်းမှာ နောက်ဆုံးသော၊ ကာလ၊ အနှစ်တစ်ထောင်တိုင်းပြည်၌ ဘုရားသခင်ထံတွင် ဘေးကင်းလုံခြုံစွာနေကြရမည့်အကြောင်း ပုံဆောင်သည်။ ထိုပွဲတော်ကို ပြန်လည် စုစည်းခြင်းပွဲတော် (ထွ၂၃:၁၆)ဟုလည်း ခေါ်သည်။ ကောက်လှိုင်းများ ပြန်လည်စုစည်းခြင်းနှင့်လည်း သဏ္ဍာန်တူသည်။ ဤအခန်းရှိ ပွဲတော်များသည် ကောက်စိုက်ခြင်း ပုံဆောင်သည်။ ဥပုသ်နေ့()ခုမှာ အနှစ်တစ်ထောင် အုပ်စိုးခြင်းနှင့် ထာဝရအနားယူခြင်းကို ပုံဖော်သည်။ ယုဒများထုံးတန်းစဉ်လာနှင့် ပတ်သက်၍ Moishe နှင့် Ceil Rosen တို့က ဤသို့ရှင်းပြကြသည်။

ယုဒလူမျိုးများ တဲအသီးသီးဆောက်လုပ်ကြ၍ ပွဲတော်ရက်ကာလတွင် ထိုတဲထဲသို့ အောင်းနေကြခြင်းသည် အဲဂုတ္တုပြည်မှ ထွက်လာကြသည့် ကန္တာရခရီးတလျှောက်ကို ပြန်လည်အမှတ်ရစေသည်။ ယနေ့ခေတ်ကာလတွင် ထိုပွဲတော်ရာသီကာလတွင် အမိုးဖွဲ့ သုံးဖက်ကာတဲ ဆောက်လုပ်နေထိုင်ကြသည်။ သစ်ပင်များ စိုက်ထူ၍ ဆောင်းဦးသီးနှံများဖြင့် တန်ဆာဆင်မြန်းကြသည်။ ကောက်လှိုင်းများ ချိတ်ဆွဲကြသည်။ ထိုပွဲတော်ကာလတွင် လူတိုင်းယေရုရှလင်မြို့သို့ နှစ်စဉ်လာရောက်ကြသည်။ ရှိလောင်ကန်မှ ရေဖြင့် သွန်းလောင်းခြင်း အစီအစဉ်လည်းရှိသည်။ ဆောင်းရာသီတွင် မိုးရွာဖို့ ဆုတောင်းကြသည်။ ထိုအချိန်သည် “ခရစ်တော်ယေရှုက ရေငတ်သောသူရှိလျှင် ငါ့ထံသို့ လာ၍ သောက်လော့။ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည့်အတိုင်း အသက်ရေထွက်ရာစမ်းရေတွင်းဖြစ်သည်” (ယော၇:၃၇)ဟု မတ်တပ်ရပ်၍ ကြွေးကြော်ခဲ့သည့် အချိန်အခါဖြစ်သည်။

ထိုသို့အပြစ်ဖြေရာနေ့၊ တဲတော်ပွဲကျင်းပပြီးသောအခါ ယေရုရှလင်တွင် တဖန်ကျင်းပရဦးမည်(ဇာ၁၄:၁၆)၂၃ဟု ကျမ်းစကားဆိုထားသည်။

ဤပွဲတော်များသည် ရိုးရာထုံးတမ်းစဉ်လာအရ ကျင်းပသောပွဲတော်သက်သက်မဟုတ်ပါ။ လူ့အရေးအရာဖြင့် ပြုလုပ်ကျင်းပခြင်းဖြစ်သော်လည်း ဝိညာဉ်ရေးရာအဓိပ္ပါယ်လည်းဆောင်သည်။ ဘုရားသခင်ရှေ့တော်တွင် ပွဲတော်ကျင်းပခြင်းသည် ကောင်းကြီးမင်္ဂလာအပြည့်အလျှံခံစားရာဖြစ်သည်။ ဘုရားသခင်သည် လူသားများ၏ နေ့စဉ်လိုအပ်ချက်များကို အလုံအလောက်ပေးဝေသောအရှင်ဖြစ်သည်။ ထိုဘုရားရှင်၏ ကောင်းမြတ်ခြင်းကို မိမိတို့နေစဉ်ဘဝအသက်တာတွင် အဖြေရှာ၍ ကျေးဇူးတော်တုန့်ပြန် ချီးမွမ်းခြင်းဖြစ်သည်။

ထိုပွဲတော်ရက်များတွင် ဣသရေလလူမျိုးများ အလုပ်လုပ်ခြင်းမရှိပါ။ ရိုးရာထုံးတမ်းစဉ်လာအဖြစ် ပွဲတော်ကျင်းပခြင်းလည်း မဟုတ်။ ဘုရားသခင်၏ မိန့်မှာချက်ကို နာခံကျင်းပခြင်းဖြစ်သည်။ (ငယ် ၃၊၇၊၈၊၂၁၊၂၅၊၂၀၊၃၀၊၃၁၊၃၅၊၃၆)။

ယေဟောဝါဘုရားသခင်အတွက် ကျင်းပသော ပွဲတော်များတွင် အဓိပ္ပါယ်အသီးသီးရှိကြသည်။ ဥပုသ်နေ့သည် ဖန်ဆင်းခြင်းပြီးဆုံးသည့်နေ့ တစ်နေ့တွင်  အနားယူခြင်းဖြစ်သည်။ ပသခါပွဲနှင့်တဆေးမဲ့ မုန့်ပွဲသည် ကရာနီကုန်းပေါ်တွင် ပြုတော်မူခဲ့သော ခရစ်တော်၏ မုန့်ကို သရုပ်ဖော်သည်။ အဦးသီးပွဲသည် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအမှတ်လက္ခဏာဖြစ်သည်။ ပင်တေကုတ္တေပွဲတော်သည် သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်လာရာနေ့ချိန်ခါဖြစ်သည်။ အနာဂတ်နှင့်သက်ဆိုင်သော တပိုးမှုတ်ပွဲတော်သည် ဣသရေလလူမျိုးတို့ ပြန်လည်စုရုံးသွေးစည်းခိုင်မာသည့်အမှတ်သင်္ကေတဖြစ်သည်။ အပြစ်ဖြေရာနေ့သည် ဣသရေလတို့ အပြစ်နောင်တရ၍ သူတို့အား ရွေးနှုတ်ပေးသော ခရစ်တော်ကို မေရှိယသခင်အဖြစ် သိမှတ်ဝန်ခံရာြဖစ်သည်။ နောက်ဆုံးတဲတော်ပွဲသည် ခရစ်တော်၏ အနှစ်တစ်ထောင်နိုင်ငံတော်၌ ဣသရေလတို့ ပျော်ရွှင်စွာပါဝင်ကြရမည့် အမှတ်လက္ခဏာဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။