တရားသူကြီးမှတ်စာ - ၁၇
တရားသူကြီးမှတ်စာ - ၁၇ (အနက်ဖွင့်)
၃။ ဘာသာရေး၊ ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးခြစားခြင်း (အခန်း ၁၇–၂၁)
ဤအခန်းသည် တရားသူကြီးမှတ်စာ၏ နောက်ဆက်တွဲဖြစ်သည်။ အခန်း၁၇-၂၁ အကြောင်းအရာများနှင့် တိုက်ရိုက်ပတ်သက် နှီးနွယ်ခြင်းမရှိ။ ဘာသာရေးအဆင့်အတန်းနိမ့်ကျလာပုံ၊ ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးအယူအဆများ ဖောက်ပြန်လာကြပုံတို့ကို ရှင်းပြထားသည်။ ရုသဝတ္ထုတိုသည် တရားသူကြီးများခေတ်ကို မဖော်ဆောင်သော်လည်း၊ တရားသူကြီးမှတ်စာနှင့်ယှဉ်၍ ဘုရားသခင်၌ ဆောက်တည်ရာ အလင်းငွေ့တွေ့ရှိသည်။ ထိုခေတ်ကာလသည် ဟေဗြဲသမိုင်း၏ အမှောင်တစ်ခေတ်ဖြစ်သည်။
(က) မိက္ခာ၏ဘာသာရေးဆောက်တည်ပုံ (အခန်း ၁၇)
၁၇:၁–၄ ပထမဆုံး ဘာသာရေးအယူဝါဒ ပျက်စီးမှုတွေ့ရသည်။ ဧဖရိမ်အမျိုးသား မိက္ခာသည် သူ့မိခင်ထံမှ ငွေဆယ့်တစ်ပိဿာခိုးယူသည်။ ထိုမိခင်သည် သူခိုးအား ကျိန်စာတိုက်ရာ သူ့သားဖြစ်နေသည်။ ကျိန်စာသင့်မည်ကြောက်သောကြောင့် သားသူခိုးသည် ခိုးယူထားသော ပစ္စည်းများကို မိခင်အား ပြန်ပေးသည်။ မိခင်သည်လည်း ကျိန်စာပြန်ရုတ်သိမ်းပြီး သားတော်မောင်အား ကောင်းကြီးမင်္ဂလာပြန်ပေးသည်။ မိခင်သည် မူလရည်ရွယ်ထားသည့်အတိုင်း ငွေပိဿာ (၂၀)ဖြင့် ဘုရားတုသွန်းခိုင်းလိုက်သည်။ သစ်သားဖြင့် ရုပ်တုလုပ်ပြီး အပေါ်မှ ငွေသွန်းလုပ်သည်။
၁၇:၅–၆ မိက္ခာသည် အိမ်စောင့်နတ်ထုလုပ်ပြီး အိမ်ပေါ်တင်ကိုးကွယ်သည်။ သူ့မိသားစုထဲမှ ယဇ်ပုရောဟိတ်ပေါ်ထွန်းစေလိုသဖြင့် သင်တိုင်းကိုလည်း လုပ်သည်။ သူ့သားတစ်ယောက်ကို ယဇ်ပုရောဟိတ်အဖြစ် မြှောက်စားသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဘုရားသခင်၏ ပညတ်တော်အား ဆန့်ကျင်ခြင်းဖြစ်သည်။ ဘုရားရှင်က ဧဖရိမ်အမျိုးအား ယဇ်ပုရောဟိတ် အရိုက်အရာမပေး။ လုပ်ဆောင်သမျှသည် မောရှေပညတ်ချက်ထုံးတမ်းစဉ်လာများနှင့် အားလုံးဆန့်ကျင်သည်။
၁၇:၇–၁၃ တစ်နေ့သောအခါ ဗက်သလင်မြို့မှ လေဝိအမျိုးသားတစ်ယောက်သည် ဧဖရိမ်ပြည်တွင် တည်းခိုစရာနေအိမ် လိုက်ရှာသည်။ (ထိုသူသည် ယေဟောဝါဘုရားသခင်၏ အစေခံဖြစ်၍ ဆယ်ဘို့တစ်ဘို့ ခံထိုက်သူဖြစ်သည်။ သို့သော်လည်း ယဇ်ပုရောဟိတ်များသည် ရာထူးနေရာလိုက်လံရှာဖွေခြင်းမပြုရဟု ပညတ်တရားရှိသည်)။ ထိုသူသည် လေဝိအမျိုးဖြစ်သော်လည်း ယဇ်ပုရောဟိတ်အရိုက်အရာ ဆက်ဆံခွင့်ရှိသော အာရုန်အနွယ်ဝင်မဟုတ်။ မိက္ခာကမိသားစု ယဇ်ပုရောဟိတ်လုပ်ဖို့ ကမ်းလှမ်းသည်။ စားဝတ်နေရေး လခမှစ၍ စီစဉ်ပေးမည်ဟုဆိုသည်။ ထိုသို့မိက္ခာ၏ ကမ်းလှမ်းချက်သည် ယဇ်ပုရောဟိတ်ခံယူခြင်း၊ ထုံးနည်းနာများနှင့် ဖီလာဆန့်ကျင်သည်။ ကမ်းလှမ်းချက်လက်ခံနိုင်အောင် မက်လုံးများဖြင့် မြူဆွယ်ဗန်းပြသည်။ အတုအယောင်နှင့် လိမ်ညာသူ၊ ဘုန်းကြီးရူးနှင့် လှေလူးသည် တစ်စခန်းတည်းသွားကြပြီ။
အခန်း(၁၇)တွင် နားရှုပ်စရာရှိပါသည်။ ခိုးယူခံရသော ငွေဖြင့် ဘုရားတုသွန်းလုပ်၍ သူခိုးအား ကောင်းကြီးမင်္ဂလာပေးခြင်းဖြစ်သည် (ငယ် ၂)။ လူတစ်ဦးချင်းအတွက် ယဇ်ပလ္လင်တည်ဆောက်ကြောင်း တွေ့ရသည်။ ယဇ်ပလ္လင်ကို ယဇ်ပုရောဟိတ်များနှင့် လေဝိလူများက အနေကဇာတင်ပေးရသည်။ ရုပ်တုကို ဘုရားကိုးကွယ်ဖို့ အသုံးပြုကြသည်။ မိက္ခာပြုသမျှကို သာဓုဟုခေါ်သည် (ငယ်၁၃)။ ဤလုပ်ဆောင်ချက်များသည် လူ့အတွေးအခေါ်သက်သက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်ပညတ်ထားသော ပညတ်တော်များနှင့် ချိန်ထိုးကြည့်လျှင် မည်သို့ရှိပါစေ။ “သု ၁၄:၁၂” တွင် ” လူထင်သည့်အတိုင်း မှန်သော လက္ခဏာရှိသော်လည်း အဆုံးတွင် သေခြင်းသို့ ပို့သောလမ်းတစ်မျိုးရှိ၏။ ” ဟု ဆိုထားပါသည်။ လာမည့်အခန်းတွင် ဆက်လက် ရှုစားကြပါစို့။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။