ယောရှုမှတ်စာ - ၁၀

ငြိမ်၀ပ်စွာရပ်နေသောနေ
1ယောရှုသည် ယေရိခေါမြို့နှင့် မင်းကြီးကို ပြုသကဲ့သို့၊ အာဣမြို့နှင့် မင်းကြီးကို တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကိုလည်းကောင်း၊ ဂိဗောင်မြို့သားတို့သည် ဣသရေလအမျိုးသားတို့နှင့် မိတ်သဟာယဖွဲ့၍ အတူနေကြောင်းကိုလည်းကောင်း၊ ယေရုရှလင်မင်းကြီး အဒေါနိဇေဒက်သည် ကြားသောအခါ၊ 2ဂိဗောင်မြို့သည် မြို့တော်ကဲ့သို့ ကြီးစွာသောမြို့၊ အာဣမြို့ထက်ကြီး၍ မြို့သားယောက်ျားအပေါင်းတို့သည် ခွန်အားနှင့်ပြည့်စုံသောကြောင့် အလွန်ကြောက်ရွံ့ကြ၏။ 3ထိုအခါ ယေရုရှလင်မင်းကြီး အဒေါနိဇေဒက်သည်၊ ဟေဗြုန်မင်းကြီးဟောဟံ၊ ယာမုတ်မင်းကြီးပိရံ၊ လာခိရှမင်းကြီးယာဖျာ၊ ဧဂလုန်မင်းကြီးဒေပိရတို့ထံသို့ စေလွှတ်၍၊ 4ဂိဗောင်မြို့သည် ယောရှုမှစ၍ ဣသရေလအမျိုးသားတို့နှင့် မိတ်သဟာယဖွဲ့သောကြောင့်၊ ထိုမြို့ကို လုပ်ကြံခြင်းငှာ ငါ့ထံသို့လာ၍ ငါနှင့်အတူကူညီကြပါဟု နှိုးဆော်သည်အတိုင်း၊ 5ယေရုရှလင်မင်းကြီး၊ ဟေဗြုန်မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန်မင်းကြီးတည်းဟူသော အာမောရိမင်းကြီးငါးပါးတို့သည် စည်းဝေး၍ မိမိတို့ဗိုလ်ပါစစ်သည် အပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ဂိဗောင်မြို့ရှေ့မှာတပ်ချလျက် စစ်တိုက်ကြ၏။ 6ဂိဗောင်မြို့သားတို့သည် ယောရှုရှိရာ ဂိလဂါလမြို့သို့ စေလွှတ်၍၊ ကိုယ်တော်၏ကျွန်တို့ကိုကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန်ကြွ၍ မစကယ်တင်တော်မူပါ။ တောင်ပေါ်မှာနေသော အာမောရိမင်းကြီးအပေါင်းတို့သည် ကျွန်တော်တို့ကိုတိုက်ခြင်းငှာ စည်းဝေးကြပါပြီဟု လျှောက်ကြ၏။ 7ယောရှုသည်လည်း၊ စစ်မှု၌ကျင်လည်သောသူ၊ ခွန်အားကြီးသော သူရဲအပေါင်းတို့နှင့်တကွ၊ ဂိလဂါလမြို့မှ တက်သွားလေ၏။ 8ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ သင်၏လက်၌ ငါအပ်မည်။ သင့်ရှေ့မှာ လူတစ်စုံတစ်ယောက်မျှ မခံမရပ်နိုင်ရာဟု ယောရှုအားမိန့်တော်မူ၏။ 9ယောရှုသည် ဂိလဂါလမြို့မှ တစ်ညလုံးချီသွား၍၊ ရန်သူတို့ကို အမှတ်တမဲ့တိုက်လာသဖြင့်၊ 10ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုးသားရှေ့မှာရှုံးစေ၍၊ ဂိဗောင်မြို့အနားမှာ ကြီးစွာသောလုပ်ကြံခြင်းအားဖြင့်သတ်၍၊ ဗေသောရုံမြို့သို့သွားသောလမ်း၌ လိုက်လျက်၊ အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လုပ်ကြံတော်မူ၏။ 11ထိုသူတို့သည် ဣသရေလလူတို့ရှေ့မှာပြေး၍ ဗေသောရုန်မြို့သို့ ဆင်းသွားရာတွင်၊ ထာဝရဘုရားသည် မိုးကောင်းကင်မှ ကြီးစွာသော မိုးသီးကို အဇေကာမြို့တိုင်အောင် သူတို့အပေါ်၌ ချတော်မူ၍၊ သူတို့သည် ဣသရေလလူတို့၏ ဓားကြောင့်သေသည်ထက် မိုးသီးကြောင့် သာ၍သေကြ၏။ 12ထိုသို့ အာမောရိလူတို့ကို ဣသရေလအမျိုးသားတို့၌ အပ်တော်မူသောနေ့မှာ၊ ယောရှုသည် ထာဝရဘုရားကို ဆုတောင်းပြီးလျှင်၊ အို နေ သင်သည်ဂိဗောင်မြို့၌လည်းကောင်း၊ အို လ သင်သည်အာယလုန်ချိုင့်၌လည်းကောင်း ငြိမ်ဝပ်စွာနေလော့ဟု ဣသရေလအမျိုးသားများရှေ့တွင် မြွက်ဆိုသည်အတိုင်း၊ 13ဣသရေလလူတို့သည် ရန်သူတို့အား အပြစ်ဒဏ်မပေးမီတိုင်အောင် နေသည် ငြိမ်ဝပ်စွာနေ၍ လသည်ရပ်လေ၏။ ယာရှာ၏စာ၌ပါသည်ကား၊ မိုးကောင်းကင်အလယ်၌ နေသည်ရပ်နေ၏။ ဝင်မြဲဝင်အံ့သောငှာ တစ်နေ့လုံးအလျှင်းမပြုဟု ပါသည်မဟုတ်လော။ 14ထာဝရဘုရားသည် လူစကားကို နားထောင်၍၊ ထိုသို့သောနေ့တစ်နေ့မျှ မဖြစ်စဖူး။ နောက်တစ်ဖန်လည်းမဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေလအမျိုးဘက်မှာ စစ်တိုက်တော်မူ၏။ 15ထိုနောက်၊ ယောရှုသည်၊ ဣသရေလလူအပေါင်းတို့နှင့်တကွ၊ ဂိလဂါလတပ်သို့ ပြန်သွား၏။
16မင်းကြီးငါးပါးတို့သည် ပြေး၍ မက္ကဒါလိုဏ်ခေါင်း၌ ပုန်းလျက်နေကြ၏။ 17မက္ကဒါလိုဏ်ခေါင်း၌ ပုန်းလျက်နေသော မင်းကြီးငါးပါးကို တွေ့ပါပြီဟု ယောရှုအားကြားလျှောက်လျှင်၊ 18ယောရှုက၊ လိုဏ်ခေါင်းဝပေါ်မှာ ကြီးစွာသောကျောက်တို့ကို လှိမ့်ပုံ၍ လူစောင့်တို့ကို ထားကြလော့။ 19သင်တို့မူကား မဆိုင်းမလင့်။ ရန်သူတို့ကိုလိုက်၍ မီသမျှသောသူတို့ကို ကွပ်မျက်ကြ။ မြို့ထဲသို့ မဝင်စေကြနှင့်။ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင်တို့လက်၌အပ်တော်မူပြီဟု မှာထားလေ၏။ 20ယောရှုနှင့် ဣသရေလလူတို့သည် ရန်သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သုတ်သင်ပယ်ရှင်းပြီးမှ၊ ကျန်ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့သောမြို့သို့ဝင်၍ နေကြ၏။ 21လူအပေါင်းတို့သည် ယောရှုရှိရာ မက္ကဒါတပ်သို့ ငြိမ်ဝပ်စွာပြန်လာကြ၏။ ဣသရေလလူ တစ်စုံတစ်ယောက်ကို အဘယ်သူမျှ အပြစ်မတင်ရ။ 22ယောရှုကလည်း၊ လိုဏ်ခေါင်းကိုဖွင့်ပြီးလျှင်၊ ထိုမင်းကြီးငါးပါးတို့ကို လိုဏ်ခေါင်းထဲကထုတ်၍ ငါ့ထံသို့ ဆောင်ခဲ့ကြဟု မှာလိုက်သည်အတိုင်း၊ 23သူတို့သည် ပြု၍၊ ယေရုရှလင်မင်းကြီး၊ ဟေဗြုန်မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန်မင်းကြီးငါးပါးတို့ကို လိုဏ်ခေါင်းထဲက ဆောင်ခဲ့၍၊ 24ယောရှုထံသို့ရောက်ပြီးမှ၊ ယောရှုသည် မိမိနှင့်အတူ စစ်ချီသော ဗိုလ်မင်းတို့နှင့် ဣသရေလလူအပေါင်းတို့ကိုခေါ်လျှင်၊ ချဉ်းလာကြ။ ဤမင်းကြီးတို့၏ လည်ကုပ်အပေါ်၌ ခြေကိုတင်ကြဟု ဗိုလ်မင်းတို့အားဆိုသည်အတိုင်း၊ သူတို့သည် ချဉ်းလာ၍ ထိုမင်းကြီးတို့၏ လည်ကုပ်အပေါ်၌ ခြေကိုတင်ကြ၏။ 25ယောရှုကလည်း သင်တို့တိုက်ရသော ရန်သူအပေါင်းတို့ကို ထာဝရဘုရားသည် ဤကဲ့သို့ပြုတော်မူမည်ဖြစ်၍ မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့ဟု ဆိုပြီးမှ၊ 26ထိုမင်းကြီးတို့ကို ဓားနှင့်ကွပ်မျက်၍ သစ်ပင်ငါးပင်တို့၌ ဆွဲထားလေ၏။ ညဉ့်ဦးတိုင်အောင် သစ်ပင်၌ဆွဲထားပြီးမှ၊ 27နေဝင်ချိန်ရောက်သောအခါ၊ ယောရှုစီရင်သည်အတိုင်း သစ်ပင်မှချပြီးလျှင်၊ သူတို့ပုန်းလျက်နေရာ လိုဏ်ခေါင်း၌ပစ်ထား၍၊ လိုဏ်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို စုပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင်ရှိ၏။
28ထိုနေ့၌ ယောရှုသည် မက္ကဒါမြို့ကိုတိုက်ယူ၍ မြို့နှင့် မင်းကြီးကို ဓားနှင့်လုပ်ကြံပြီးလျှင်၊ မင်းကြီးနှင့်တကွ မြို့သားအပေါင်းတို့ကို တစ်ယောက်မျှ မကျန်ကြွင်းရဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။ ယေရိခေါမင်းကြီးကို ပြုသကဲ့သို့ မက္ကဒါမင်းကြီးကို ပြုသတည်း။ 29ထိုနောက် ယောရှုသည်၊ ဣသရေလလူအပေါင်းတို့နှင့်တကွ၊ မက္ကဒါမြို့မှ လိဗနမြို့သို့ချီသွား၍ တိုက်သဖြင့်၊ 30ထာဝရဘုရားသည် ထိုမြို့နှင့်မင်းကြီးကို ဣသရေလလူတို့လက်၌ အပ်တော်မူ၍၊ မြို့နှင့် မြို့သားအပေါင်းတို့ကို တစ်ယောက်မျှ မကျန်ကြွင်းရဘဲ ဓားနှင့်လုပ်ကြံ၍၊ ယေရိခေါမင်းကြီးကို ပြုသကဲ့သို့ ထိုမင်းကြီးကို ပြုကြ၏။ 31ယောရှုသည် ဣသရေလ လူအပေါင်းတို့နှင့်တကွ၊ လိဗနမြို့မှ လာခိရှမြို့သို့ချီသွား၍ တပ်ချလျက်တိုက်ကြ၏။ 32ထာဝရဘုရားသည် ထိုမြို့ကို ဣသရေလလူတို့ လက်၌အပ်တော်မူသဖြင့်၊ ဒုတိယနေ့၌ရ၍ လိဗနမြို့ကိုပြုသကဲ့သို့ ထိုမြို့နှင့် မြို့သူမြို့သားအပေါင်းတို့ကို ဓားနှင့်လုပ်ကြံကြ၏။ 33ထိုအခါ ဂေဇာမင်းကြီးဟောရံသည်၊ လာခိရှမြို့ကို ကူညီမည်ဟု လာသောကြောင့်၊ ယောရှုသည် ထိုမင်းကြီးနှင့် သူ၏လူအပေါင်းတို့ကို တစ်ယောက်မျှမကျန်ကြွင်းရဘဲ ရှင်းရှင်းလုပ်ကြံလေ၏။ 34တစ်ဖန် ယောရှုသည် ဣသရေလ လူအပေါင်းတို့နှင့်တကွ၊ လာခိရှမြို့မှ ဧဂလုန်မြို့သို့ချီသွား၍ တပ်ချလျက်တိုက်ကြ၏။ 35ထိုနေ့ချင်းတွင်ရ၍ လာခိရှမြို့ကို ပြုသကဲ့သို့၊ ထိုမြို့နှင့် မြို့သူမြို့သားအပေါင်းတို့ကို ဓားနှင့်လုပ်ကြံ၍ တစ်နေ့ချင်းတွင် ရှင်းရှင်းဖျက်ဆီးကြ၏။ 36တစ်ဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့နှင့်တကွ၊ ဧဂလုန်မြို့မှ ဟေဗြုန်မြို့သို့ ချီသွား၍ တိုက်ကြ၏။ 37ရသောအခါ၊ ဧဂလုန်မြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မင်းကြီးကိုလည်းကောင်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကိုလည်းကောင်း၊ မြို့သူမြို့သားအပေါင်းတို့ကိုလည်းကောင်း၊ တစ်ယောက်မျှ မကျန်ကြွင်းရဘဲ ဓားနှင့်လုပ်ကြံ၍ မြို့နှင့်မြို့သားအပေါင်းတို့ကို ရှင်းရှင်းဖျက်ဆီးကြ၏။ 38တစ်ဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့နှင့်တကွ၊ ဒေဗိရမြို့သို့ ပြန်လာ၍ တိုက်ကြ၏။ 39ထိုမြို့နှင့် မင်းကြီးကိုလည်းကောင်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကိုလည်းကောင်းရ၍၊ ဓားနှင့်လုပ်ကြံသဖြင့် မြို့သားအပေါင်းတို့ကို တစ်ယောက်မျှမကျန်ကြွင်းရဘဲ ရှင်းရှင်း ဖျက်ဆီးလေ၏။ ဟေဗြုန်မြို့၊ လိဗနမြို့နှင့် မင်းကြီးကိုပြုသကဲ့သို့ ဒေဗိရမြို့နှင့်မင်းကြီးကို ပြုသတည်း။ 40ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ချိုင့်ထဲအရပ်၊ စမ်းရေတွင်းအရပ် ရှိသမျှတို့နှင့်တကွ မင်းကြီးအပေါင်းတို့ကို လုပ်ကြံ၍၊ အသက်ရှင်သောသူတစ်ယောက်မျှ မကျန်ကြွင်းရဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။ 41ကာဒေရှဗာနာမြို့မှစ၍ ဂါဇမြို့တိုင်အောင်လည်းကောင်း၊ ဂေါရှင်ပြည်တစ်လျှောက်လုံးနှင့်တကွ၊ ဂိဗောင်မြို့တိုင်အောင်လည်းကောင်း လုပ်ကြံ၍၊ 42ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည်၊ ဣသရေလအမျိုးဘက်မှာ စစ်တိုက်တော်မူသောကြောင့်၊ ထိုပြည်များနှင့်တကွ မင်းကြီးအပေါင်းတို့ကို တစ်ခါတည်းအောင်လေ၏။ 43ထိုနောက် ယောရှုသည်၊ ဣသရေလလူအပေါင်းတို့နှင့်တကွ ဂိလဂါလတပ်သို့ပြန်သွား၏။

ယောရှုမှတ်စာ - ၁၀ (အနက်ဖွင့်)

(တောင်ဘက်တိုက်ပွဲ (အခန်း ၁၀)

          ၁၀: အခန်းကြီး(၁၀)သည် တောင်ဘက်စစ်စခန်းအကြောင်းဖြစ်သည်။ ခါနန်မင်း(၅)ပါးက ဂိဗောင်တို့၏ လုပ်ဆောင်ပုံသတင်းကြားသိကြသောအခါ ခါနန်ပြည်အလယ်ပိုင်း ကုန်းမြင့်ဒေသ စိုးမိုးနယ်မြေကျရှုံးသွားမည် စိုးရိမ်ကြသောကြောင့် ဂိဗောင်တို့အား တိုက်ခိုက်ကြရန် စီစဉ်ကြသည်။ ဂိဗောင်သားများကလည်း ယောရှုထံ စစ်ရေးအကူအညီတောင်းခံကြသည်။

၁၀: ယောရှုသည် ဘုရားသခင်ထံမှ စိုးရိမ်ခြင်းမရှိနှင့်ဟူသော စကားတော်ကြားရပြန်သဖြင့် ကြောက်စိတ်မရှိ။ ယေရိခေါနှင့် အာဣတိုက်ပွဲသတင်းစကားများ ကြိုတင်သိရှိကြပြီးဖြစ်သောကြောင့် တောင်ပိုင်းသားတို့သည် ယောရှုတို့နှင့်မတိုက်ခင်ကတည်းက အရှုံးပေးချင်ကြသည်။ ယောရှုကလည်း သူ၏စစ်သည်တော်များကို အောင်စိတ်အောင်သွေး စစ်သွေးစစ်မာန် ရဲဆေးတိုက်ကျွေးထားသည်။

၁၀:၁၀ ဘုရားသခင် စကားတော်ကို ဆွဲကိုင်ကြသောအခါ ဟေဗြုန်သားများသည် သေပြေးရှင်ပြေး ထွက်ပြေးကြသည်။ ရန်သူများသည် အံ့ဩဖွယ်ကောင်းလောက်အောင် ပျက်စီးကြသည်။ ဟေဗြုန်သားများ ထွက်ပြေးရာလမ်းတလျှောက်တွင် ကောင်းကင်မှ မိုးသီးလက်နက်ကြီးပစ်ချသဖြင့် အတုံးအရုံးလဲသေကြသည်။ ထိုလက်နက်ကြီးဒဏ်ရာကြောင့် လဲကျသေသူများသည် ဣသရေလတို့ ဓါးဒဏ်ရာဖြင့်သေဆုံးသူများသထက် ပိုများသည်။

၁၀:၁၂၁၅ ထိုဆုတ်ခွာသွားသောရန်သူများအား အပြီးအပိုင်ချေမှုန်းတိုက်ခိုက်လက်စသတ်နိုင်ရန် ယောရှုက ဘုရားသခင်ထံနေနှင့်လရပ်တန့်ပေးရန် လက်မြှောက်ဆုတောင်းသည်။ ယောရှုဆုတောင်းသည့်အတိုင်း နေနှင့်လရပ်တန့်ပေးသည်ဟု တိုက်ရိုက်အဓိပ္ပါယ်အားဖြင့် နားလည်ရသည်။ လူ့သဘောသဘာဝအားဖြင့် မွှမ်းဆိုရာတွင်လည်း ထိုစကားမျိုးသုံးတတ်သည်ကို သတိပြုပါ။ ဤကျမ်းချက်နှင့်ပါတ်သက်၍ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြသည်။ သို့သော်လည်း ရေကြည်လည်းနောက် ခြေရာမပျောက်ခင် ဘုရားရှင်က ရန်သူများအား သုတ်သင်ချိန်ပေးသည်ဟု ယူဆလျှင်လုံလောက်ပါသည်။ ထိုအကြောင်းနှင့်ပတ်သက်၍ Spugeon ကဤသို့ ဆိုသည်။

ဘုရားသခင်က သူ့လူများအတွက် ပြုတော်မူသောအမှုများသည် စောကြောစရာမဟုတ်ပါ။ မိမိတို့တောင်းဆိုချက်ဖြင့် အံ့ဖွယ်နိမိတ်ကြုံတွေ့ခံစားရသည်မဟုတ်။ ယုံကြည်သူများ၏ ဘဝလိုအပ်ချက်အတွက် ကျေးဇူးတော်ပြုဖို့ ဘုရားသခင်၏ လက်ရှည်ခြင်းဖြစ်ပါသည်။

            အပိုဒ်ငယ် ၁၃တွင်ပါရှိသည့် ယာရှာ၏စာဆိုသည်မှာ “ထက်ကောင်းကင်အရပ်က စာအုပ်တော်” ဆိုလိုဟန်ရှိသည်။ ထိုစာအုပ်အကြောင်းအရာများကို ယနေ့ခေတ်တိုင်အောင် အထင်အရှားပြဆိုနိုင်ခြင်းမရှိပါ။

တိုက်ပွဲရလာဒ်အောင်မြင်မြေချဲ့ခြင်းသည် ဣသရေလတို့အတွက် မယုံကြည်နိုင်လောက်အောင် လွယ်ကူသည် တစ်ညဉ့်လုံးချီတက်သိမ်းပိုက်ရာ လူ့ဘဝသမိုင်းအရှည်လျားဆုံးနေ့အဖြစ် မှတ်တမ်းတင်ခဲ့သည်။ ခြေနင်းရာ၊ ဓါးရမ်းရာဟူသမျှတွင် အောင်ပွဲခံကြသည် (ငယ် ၁၀၊၁၁)။ ထိုအကြောင်းနှင့်ပတ်သက်၍ Matthew Henry က ဤသို့ဆိုသည်။

ယောရှုတို့အဖွဲ့သည် အဘယ်ကြောင့် ထိုမျှ အောင်မြေချဲ့ကြပါသနည်း။ ဘုရားသခင်က သူတို့အား ရန်သူ့လက်တွင်းသို့ မကျရောက်စေရ၊ အောင်ပွဲခံမည့်အကြောင်း ကတိတော်ပြုခဲ့ပြီမဟုတ်လား။ မှန်ပါသည်။ ဘုရားသခင်က ကတိတော်ပေးပါသည်။ ဘုရားသခင်၏ အမှုတော်တွင် သုန်မှုန်နှေးကွေးကြန့်ကြာခြင်း အလိုမရှိ။ သွက်လက်ချက်ချာ၍ သတ္တိရှိရှိ လုပ်ဆောင်တတ်ဖို့ သွန်သင်ခြင်းဖြစ်သည်။၁၀

၁၀:၁၆၂၇ ဂိဗောင်သားများကို ဝိုင်းဝန်းတိုက်ခိုက်နေကြသော မင်းငါးပါးတို့သည် မက္ကဒါလိုင်ခေါင်း၌ ပတ်မိကြသည်။ မင်းကြီးငါးပါးကို ကွပ်မျက်၍ သစ်တိုင်တွင် ချိတ်ဆွဲကြသည်။ အလောင်းများကို ထိုဂူထဲတွင် မြှုပ်နှံခဲ့ကြသည်။

၁၀:၂၈၃၉ ထိုသို့ဖြင့်ယောရှုသည် ခါနန်ပြည်ရှိ မက္ကဒါ(ငယ်၂၈)၊ လိဗန(ငယ်၂၉၊၃၀)၊ လာခိရှ(ငယ်၃၁၊၃၂)၊ ဂေဇာ(ငယ်၃၃)၊ ဧဂလုန်(ငယ်၃၄၊၃၅)၊ ဟေဗြုန်(ငယ်၃၆၊၃၇)၊ ဒေဗိရ(ငယ်၃၈၊၃၉) မြို့များကို သိမ်းပိုက်သည်။ အပိုဒ်ငယ်၃၇ တွင် ပါရှိသည့်ဟေဗြုန်သည် အပိုဒ်ငယ် ၂၆တွင် သုတ်သင်ခဲ့သည့် ဟေဗြုန်ဖြစ်သည်။

၁၀:၄၀၄၃ ဤကျမ်းချက်တွင် တောင်ပိုင်းစစ်စခန်းအကြောင်း အကျဉ်းချုံး၍ ပြန်လည်ရေးသားသည်။

ယောရှုတို့၏ ဖျက်ဆီးသမ်းပိုက်ခြင်းများကို ယေဘုယျမှတ်တမ်းတင်ခြင်းဖြစ်သည်။ Haley က ဤသို့ဆိုထားသည်။

ယောရှုက ဤအရပ်ဒေသအား ပြန်လည်နလံထူမပုန်ကန်နိုင်အောင် အပြီးအပိုင် အမြစ်ပြုတ်ချေမှုန်းခြင်းဖြစ်သည်။ ရန်သူများအား တွေ့ရာသင်္ချိုင်းဓါးမဆိုင်း ရှင်းလင်းခဲ့သည်။ ချောင်ကြို ချောင်ကြား ပုန်းအောင်းနေသူများပါမကျန် ကလော်ထုတ်ရှင်းပစ်သည်။ ထိုသို့ အပြီးအပိုင် သန့်စင်ရှင်းလင်းပြီးမှသာလျှင် အမွေတော်ခံ ဣသရေလလူမျိုးတို့ သန့်သန့်လေး နေနိုင်ကြမည်။၁၁

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။