ယောန၀တ္ထု - ၃

နိနေဝေမြို့နောင်တရခြင်း
1နောက်တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယောနသို့ ရောက်လာသည်ကား၊ 2သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမှာထားသည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ၏။ 3ထိုအခါ ထာဝရဘုရား၏အမိန့်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့သည် အလွန်ကြီးသောမြို့၊ သုံးရက်ခရီး ကျယ်ဝန်းသောမြို့ ဖြစ်သတည်း။ 4ယောနသည် မြို့ထဲသို့ဝင်၍ တစ်နေ့ခရီးသွားလျက်၊ အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု ကြွေးကြော်လေ၏။
5နိနေဝေမြို့သားတို့သည် ဘုရားသခင်၏ အမိန့်တော်ကိုယုံ၍၊ လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင်ရာအချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ်ကြ၏။ 6နိနေဝေမင်းကြီးသည် ထိုသတင်းကိုကြားသောအခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကိုချွတ်ပြီးမှ၊ လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။ 7လူသတ္တဝါ တိရစ္ဆာန်သိုးနွားတို့သည် အလျှင်း မမြည်စေနှင့်။ အစာကို မစား၊ ရေကိုမသောက်စေနှင့်။ 8လူသတ္တဝါ တိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ဝတ်ကြစေ။ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းကြစေ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ။ 9ငါတို့သည် ပျက်စီးခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဘုရားသခင်သည်ပြောင်းလဲ၍ နောင်တရသဖြင့်၊ ပြင်းစွာသော အမျက်တော်ကို ငြိမ်းစေတော်မူမည် မမူမည်ကို အဘယ်သူပြောနိုင်သနည်းဟု မင်းကြီးအာဏာ၊ မှူးမတ်အာဏာနှင့် နိနေဝေတစ်မြို့လုံးတွင် သတင်းကြားပြော၍ ကြော်ငြာစေတော်မူ၏။ 10မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်းကိုလွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ အရင်ခြိမ်းသော ဘေးဒဏ်ကို မပေးဘဲနေတော်မူ၏။

ယောန၀တ္ထု - ၃ (အနက်ဖွင့်)

၃။ ဘုရားသခင်၏နှုတ်ကပတ်တော်ဟောကြားခြင်း(အခန်း၃)

(ကကြောက်မက်ဖွယ်ရာ တရားစီရင်ခြင်း (:)

ဘုရားသခင်က ယောနအား နိနေဝေမြို့သို့ တဖန်စေလွှတ်သည်။ နောင်ကြဉ်သွားပြီဖြစ်သဖြင့် ဤတခေါက်တွင်မူ အပိုးကျိုးစွာနာခံသည်။ မြို့တော်ထဲသို့ ဝင်ရောက်ပြီးနောက်၊ နောက်ရက်ပေါင်း(၄၀)လွန်သော် နိနေဝေမြို့ပျက်စီးမည့်အကြောင်း တလမ်းဝင် တလမ်းထွက် လိုက်လံဟောပြောသည်။

(မြို့တော်အဝှမ်းနောင်တရကြခြင်း(:)

ငါးဘုရားကို ကိုးကွယ်နေကြသော နိနေဝေသားများသည် ယောန၏ စကားကို ကြားကြသောအခါ ထိတ်လန့်ကြသည်။ လူမိုင်းတွင် ထိုသတင်းစကားမျိုးမကြားဘူးကြသဖြင့် စိုးရိမ်ထိတ်လန့်ကြသည်။ လမ်းသွားလမ်းလာများမရှိ။ လူခြေတိတ်သွားသည်။ ယောနသည် နိနေဝေသားများအတွက် အတိတ်မိတ်ယူဆောင်သူဖြစ်သည်။ မြို့တော်နှင့်အဝှမ်း နောင်တရလျက် ထာဝရဘုရားသခင်ကို အကြီးမြတ်ဆုံးဘုရင်မှသည်အယုတ်ညံ့ဆုံးသူအထိ ယုံကြည်ကြသည်။ လူရောတိရစ္ဆာန်များပါ အစာရှောင် ဥပုသ်စောင့်ကြသည်။ ဘုရင်ကိုယ်တိုင် လျှော်တေ အဝတ်ဝတ်၍ ပြာပုံတွင်ထိုင်သည်။

(တရားစီရင်ခြင်းမှုပယ်ရှားခြင်း (:၁၀)

ထိုသို့ယုံကြည်ခြင်း၏ ရလဒ်ကြောင့် နိနေဝေမြို့သည် ချမ်းသာရာရသွားသည်။ သို့သော်လည်း အမျိုးမမှန် ပင်မသန် ဆိုစကားအတိုင်း အာရှုရိသားများက ခွေးမြီးကောက်ကျည်တောက်စွပ်သကဲ့သို့ ဖြစ်ကြ၏။ နကိုယ်မူလလမ်းဟောင်းသို့ ပြန်သွားကြသဖြင့် နှစ်ပေါင်း(၁၅၀) ကြာလာသောအခါ မြို့တော်သည် တိမ်ကောပပျောက်သွားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။