ယောလအနာဂတ္တိကျမ်း - ၁

1ပေသွေလ၏သား ယောလသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
ပျက်စီးမှုအတွက်မြည်တမ်းခြင်း
2အသက်ကြီးသောသူတို့၊ ကြားကြလော့။ ပြည်သူပြည်သား အပေါင်းတို့၊ နားထောင်ကြလော့။ ဤသို့သောအမှုသည် သင်တို့ လက်ထက်၌ ဖြစ်ဖူးသလော။ ဘိုးဘေးတို့လက်ထက်၌ ဖြစ်ဖူးသလော။ 3ကိုယ်သားတို့အား ပြောကြလော့။ သူတို့သည် သူတို့သားတို့အား ပြောကြစေ။ သူတို့သားတို့သည်လည်း ဆက်နွယ်သော အခြားသူတို့အား ပြောကြစေ။ 4ဂါဇံကျိုင်း ခြွင်းထားသောအရာကို အရာဘကျိုင်းစား၏။ အရာဘကျိုင်း ခြွင်းထားသောအရာကို ယာလက်ကျိုင်းစား၏။ ယာလက်ကျိုင်း ခြွင်းထားသောအရာကို ခါသိလကျိုင်း စား၏။ 5သေသောက်ကြူးတို့၊ နိုး၍ ငိုကြွေးကြလော့။ စပျစ်ရည်ကို သောက်ကြူးသောသူတို့၊ သင်တို့သောက်ရန် ချိုသောစပျစ်ရည် ပြတ်သောကြောင့် ငိုကြွေးမြည်တမ်းကြလော့။ 6အကြောင်းမူကား၊ အားကြီး၍ မရေတွက်နိုင်အောင် များပြားသော အမျိုးသည် ငါ့ပြည်ပေါ်သို့ တက်လာပြီ။ ထိုအမျိုး၏ သွားသည် ခြင်္သေ့သွားကဲ့သို့လည်းကောင်း၊ အံသွားသည်လည်း ခြင်္သေ့မ အံသွားကဲ့သို့လည်းကောင်းဖြစ်၏။ 7ငါ့စပျစ်နွယ်ပင်ကို ဖျက်ဆီး၍ ငါ့သင်္ဘောသဖန်းပင်ကို ကျိုးပဲ့စေပြီ။ သုတ်သင်ပယ်ရှင်း၍ ပစ်လိုက်လေပြီ။ အခက်အလက်တို့သည် ဖြူကြ၏။
8အသက်ငယ်စဉ် လက်ထပ်သော ခင်ပွန်းအတွက် လျှော်တေအဝတ်ကိုဝတ်သော သတို့သမီးကဲ့သို့ ငိုကြွေး မြည်တမ်းလော့။ 9ဘောဇဉ်ပူဇော်သကာနှင့် သွန်းလောင်းရာ ပူဇော်သကာသည် ထာဝရဘုရား၏အိမ်တော်၌ ပြတ်၏။ ထာဝရဘုရား၏ အမှုတော်စောင့် ယဇ်ပုရောဟိတ်တို့သည် ငိုကြွေးမြည်တမ်းကြ၏။ 10လယ်သည် ပျက်၏။ မြေသည် ညှိုးငယ်၏။ စပါးလည်း ပျက်၏။ ချိုသော စပျစ်ရည် ကုန်ပြီ။ ဆီလည်း လျော့ပြီ။ 11လယ်လုပ်သောသူတို့၊ လယ်၌ ရိတ်ရသော အသီးအနှံပျက်သောကြောင့်၊ ဂျုံစပါးနှင့် မုယောစပါးအတွက် ရှက်ကြောက်ခြင်း ရှိကြလော့။ ဥယျာဉ်ကို ပြုစုသောသူတို့၊ မြည်တမ်းကြလော့။ 12စပျစ်နွယ်ပင်သည် ညှိုးနွမ်း၏။ သင်္ဘောသဖန်းပင်လည်း သွေ့ခြောက်၏။ သလဲပင်၊ စွန်ပလွံပင်၊ ရှောက်ချိုပင်မှစ၍ တောသစ်ပင်ရှိသမျှတို့သည် ညှိုးနွမ်းကြ၏။ အကယ်စင်စစ် လူသားတို့၌ ဝမ်းမြောက်စရာအကြောင်းသည် သွေ့ခြောက်၏။
နောင်တရရန်ဖိတ်ခေါ်ခြင်း
13အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကို ဝတ်၍ ငိုကြွေးကြလော့။ ယဇ်ပလ္လင်တော် အမှုစောင့်တို့၊ မြည်တမ်းကြလော့။ ငါ၏ ဘုရားသခင့်အမှုတော်စောင့်တို့၊ လာကြ။ လျှော်တေအဝတ်ကို ဝတ်လျက် တစ်ညလုံးအိပ်ကြလော့။ အကြောင်းမူကား၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာကို သင်တို့ဘုရားသခင်၏ အိမ်တော်၌ မဆက်ကပ်ဘဲ နေကြပါပြီတကား။ 14အစာရှောင်ရသော အချိန်ကို ခန့်ထားကြလော့။ ခြိုးခြံစွာ ကျင့်ရသောအချိန်ကို ကြော်ငြာကြလော့။ အသက်ကြီးသူမှစ၍ ပြည်သူပြည်သား အပေါင်းတို့ကို သင်တို့ဘုရားသခင် ထာဝရဘုရား၏အိမ်တော်၌ စည်းဝေး၍ ထာဝရဘုရားအား ဟစ်ကြော်ကြလော့။ 15ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရဘုရား၏နေ့ရက်နီးပြီ။ အနန္တတန်ခိုးရှင် ဖျက်ဆီးခြင်း ဘေးကဲ့သို့ ရောက်လာလိမ့်မည်။ 16ငါတို့စားစရာသည် ငါတို့မျက်မှောက်၌ ပြတ်သည်မဟုတ်လော။ ငါတို့ဘုရားသခင်၏အိမ်တော်၌ ဝမ်းမြောက်ရွှင်လန်းခြင်း အကြောင်းလည်း ပြတ်သည် မဟုတ်လော။ 17မျိုးစေ့တို့သည် မြေစိုင်အောက်မှာ ပုပ်ကြ၏။ စပါးပြတ်သောကြောင့် စပါးကျီတို့သည် ပျက်ကြ၏။ ဘဏ္ဍာတိုက်တို့သည် ပြိုကြ၏။ 18တိရစ္ဆာန်တို့သည် အလွန်မြည်တမ်းကြ၏။ နွားစုတို့သည် ကျက်စားရာအရပ်မရှိသောကြောင့် ပင်ပန်းကြ၏။ သိုးစုတို့သည်လည်း သေကြ၏။ 19အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ဟစ်ကြော်ပါ၏။ တော၌ ကျက်စားရာအရပ်တို့ကို မီးရှို့ပါပြီ။ တောသစ်ပင်ရှိသမျှတို့ကို မီးလျှံလောင်ပါပြီ။ 20တောသားရဲတို့သည်လည်း ကိုယ်တော်ကို ဟစ်ကြော်ကြပါ၏။ မြစ်ရေ ခန်းခြောက်ပါပြီ။ တော၌ ကျက်စားရာအရပ်တို့ကိုလည်း မီးလောင်ပါပြီ။

ယောလအနာဂတ္တိကျမ်း - ၁ (အနက်ဖွင့်)

၁။ ကျိုင်းကောင်ကပ်ဆိုးကြီးအကြောင်း (အခန်း၁)

(ကမကြုံစဘူးအဖြစ်ဆိုး(:)

၁:၁-၄ ပေသွေလ၏သား ယောလကကျိုင်းကောင်ကပ်ဆိုးကြီး ကျရောက်လာမည်ဟု ဟောကြားသည့်အတိုင်း မြောက်ဘက်အရပ်မှ နယ်ချဲ့ကျူးကျော်သူတပ်မကြီးများသည် ကျိုင်းကောင်အုပ်ကြီးပမာ အလုံးအရင်းဖြင့် ယုဒပြည်ထဲသို့ဝင်ရောက်လာကြသည်။ ယောလ၏ ပရောဖက်ပြုချက်သည် ဗာဗုလုန်သားများဝင်ရောက်လာခြင်းဖြင့် တစိတ်တပိုင်း ပြည့်စုံလာသည်။ နောင်တွင် မြောက်ပိုင်းဘုရင် (အာရှုရိပြည်) ဟုဖြစ်လာသည်။

ကျိုင်းကောင်အုပ်ပမာ တပ်မဟာကြီးအလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းသည် တသက်တကိုယ် မေ့မရနိုင်သော အဖြစ်ဆိုးဖြစ်၍ သားစဉ်မြေးဆက် နောင်လာနောင်သာများသို့ လက်ဆင့်ကမ်း ပြောပြစရာ ဖြစ်ရော့မည်။ ထိုကပ်ဆိုးကြီးသည် အဆင့်(၄)ဆင့် ဖြင့် ပေါ်ပေါက်ခဲ့သည်။ ဂါဇကျိုင်းများ ချွင်းထားသည်များကို အရာဘကျိုင်းများက စားကြသည်။ အရာဘကျိုင်း ချန်ထားသည်များကို ယာလက်ကျိုင်းများက ကိုက်စားကြသည်။ ယာလက်ကျိုင်း များကချွင်းချန်ထားသည်များကို ခါသိလကျိုင်းများက စားကြပြန်သည်။” ဤနိမိတ်လက္ခဏာများမှာ ဘုရားသခင်လူများကို ဗာဗုလုန်၊ မေဗိ-ပေရသိ၊ ဂရိနှင့် ရောမအစရှိသော တပါးအမျိုးသား (၄)ပါးက အဆင့်ဆင့်အုပ်စိုး ကျွန်ပြုကြမည့် အတိတ်နိမိတ်ပင် ဖြစ်သည်။

(ခ) ခံစားရမည့်သူ

၁။ သေသောက်ကျူးအရက်သမားများ(၁:၅-၇)

၂။ ယဇ်ပုရောဟိတ်များ (၁:၈-၁၀၊ ၁၃-၁၆)

၃။ လယ်သမားများ (၁:၁၁၊၁၂၊၁၇၈)

၄။ ပရောဖက်ယောလ (၁:၁၉-၂၀)

အရက်သမား သောက်စားသူများမှစ၍ လယ်သမားများ(ငယ်၊၁၁၊၁၂။ ၁၇၊၁၈) မကျန်ယဇ်ပုရောဟိတ်များ (ငယ်၈-၁၀၊၁၃-၁၆)တပြည်လုံး တိုင်းသူပြည်သားအားလုံးအား နောင်တရကြဖို့၊ အစာရှောင် ဆုတောင်းကြဖို့ ဖိတ်ခေါ်သည်။

ကျိုင်းကောင် တပ်မဟာကြီးများက အရွက်အပွင့်များမကျန် ကိုက်စားပစ်၍ မြေပြင်တစ်ခုလုံး ခြောက်သယောင်းထနေသဖြင့် ဘုရားသခင်အား ယဇ်ပုရောဟိတ်ပူဇော်စရာဘာမှမရှိကြတော့ (ငယ်၈- ၁၀)။

ထိုနေ့ရက်သည် အမင်္ဂလာနေ့ရက်ဖြစ်သည်။ ထာဝရဘုရား၏ နေ့ရက်ကျရောက်လာလျှင်လည်း ထိုကဲ့သို့ ဖြစ်မည့်အကြောင်း ပရောဖက်ယောလက မြင်ယောင်သည်(ငယ်၊၁၅)။ ဘုရားသခင်၏ စီရင်ခြင်း၌ မာနထောင်လွှားသူများ၊ ဒုစရိုက်သမားများနှင့် မကောင်းသူများကို စီရင်လိမ့်မည်။ ဘုရားသခင်၏ နေ့ရက်ဟုဆိုရာတွင် ဘေးဒဏ်ကြီးကာလ၊ အနှစ်တစ်ထောင် ခရစ်တော်၏နိုင်ငံတော်၊ ကမ္ဘာလောက နောက်ဆုံးလောင်မီးကျမည့်နေ့အထိ ပါဝင်သည်။

ထိုကာလရောက်သောအခါ လူများသည် ဘုရားသခင်၏ ကရုဏာတော်အား တမ်းတကြမည်။ အော်ဟစ်အကူအညီတောင်းကြမည်။ အဘယ်ကြောင့်ဆိုသော် သစ်ပင်နှင့်မြက်တောအားလုံး မီးလောင်ကျွမ်းပြာကျမည်။ တောကောင်များက ခွါကိုယက်၍ ဘုရားသခင်အား မျှော်ကိုးကြမည်။ စမ်းချောင်းအင်းအိုင်များ ခမ်းခြောက်ကုန်မည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။