ဘုရားသခင်၏တရားမျှတခြင်း
1တစ်ဖန် ဧလိဟုဆက်၍ မြွက်ဆိုသည်ကား၊ 2အကြားအမြင်များသော ပညာရှိတို့၊ ငါ့စကားကို နားထောင်နာယူကြလော့။ 3ခံတွင်းသည် အစာကို မြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းတတ်၏။ 4ငါတို့သည် ကိုယ်အဖို့အလိုငှာ စစ်၍ တရားသဖြင့် စီရင်ကြကုန်အံ့။ ကောင်းသောအရာကို ကိုယ်တိုင်အားဖြင့် သိမှတ်ကြကုန်အံ့။ 5ယောဘက၊ ငါဖြောင့်မတ်၏။ ဘုရားသခင်သည် ငါ့ကို အမှုရှုံးစေတော်မူ၏။ 6ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှာ မုသားပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သော အနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။ 7ယောဘနှင့်တူသောသူ တစ်စုံတစ်ယောက် ရှိလိမ့်မည်လော။ ရေကို သောက်သကဲ့သို့ ကဲ့ရဲ့ခြင်းကိုမျိုတတ်၏။ 8မတရားသဖြင့် ကျင့်သောသူတို့နှင့် ပေါင်းဖော်၍၊ လူဆိုးတို့နှင့် သွားလာတတ်၏။ 9လူသည် ဘုရားသခင်၌ မွေ့လျော်၍၊ အကျိုးမရှိဟု ယောဘသည် ဆိုမိပြီ။ 10သို့ဖြစ်၍ ဉာဏ်ကောင်းသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ ဒုစရိုက်သည် ဘုရားသခင်နှင့်လည်းကောင်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်လည်းကောင်း ဝေးပါစေ။ 11လူပြုသောအမှု၏ အကျိုးအပြစ်ကို ပေးတော်မူမည်။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့် အထိုက်အလျောက် ခံစေတော်မူမည်။ 12အကယ်စင်စစ် ဘုရားသခင်သည် ဒုစရိုက်ကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့် စီရင်တော်မမူ။ 13မြေကြီးကို ဘုရားသခင်၌ အဘယ်သူအပ်သနည်း။ လောကဓာတ်လုံးကို အဘယ်သူ စီရင်ပြုပြင်သနည်း။ 14ဘုရားသခင်သည် လူကိုအလိုတော်မရှိ၍၊ လူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင်၊ 15ခပ်သိမ်းသောလူသတ္တဝါတို့သည် ချက်ချင်းသေပျောက်၍ မြေမှုန့်သို့ တစ်ဖန်ရောက်ရကြလိမ့်မည်။ 16ယခုမှာသင်သည် ဉာဏ်ရှိသည်ဖြစ်၍ ဆင်ခြင်ဦးလော့။ ငါ့စကားသံကို နားထောင်ဦးလော့။ 17တရားကို မုန်းသောသူသည် အစိုးရရမည်လော။ တရားသဖြင့် စီရင်၍ တန်ခိုးကြီးသောသူကို အပြစ်တင်သင့်သလော။ 18သင်သည်လူဆိုးဖြစ်၏ဟု ရှင်ဘုရင်ကိုလည်းကောင်း၊ သင်တို့သည် အဓမ္မလူဖြစ်ကြ၏ဟု မင်းတို့ကိုလည်းကောင်း ဆိုသင့်သလော။ 19ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ်သောသူကို သာ၍ အားနာတော်မမူသော ဘုရားသခင်ကို မဆိုသင့်သည် မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်းသောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။ 20တစ်ခဏချင်းတွင် သတ္တဝါတို့သည် သေတတ်ကြ၏။ သန်းခေါင်အချိန်၌ လူမျိုးတစ်စုံတစ်မျိုး တုန်လှုပ်ကွယ်ပျောက်၍၊ အားကြီးသောသူသော်လည်း အဘယ်သူမျှမပြုဘဲ သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။ 21အကြောင်းမူကား၊ လူသွားရာလမ်းတို့ကို ဘုရားသခင်ကြည့်ရှု၍၊ လူခြေရာရှိသမျှတို့ကို မြင်တော်မူ၏။ 22မတရားသဖြင့် ကျင့်သောသူ၏ပုန်းရှောင်ရာ မှောင်မိုက်၊ သေမင်းအရိပ်တစ်စုံတစ်ခုမျှမရှိ။ 23ဘုရားသခင့်ရှေ့တော်၌ လူသည် တရားတွေ့သောအခါ၊ အထပ်ထပ်စစ်ကြောတော်မူစရာ အကြောင်းမရှိ။ 24အားကြီးသောသူတို့ကိုပင် မစစ်ကြောဘဲ ချိုးဖျက်၍၊ သူတို့အရာ၌ အခြားသောသူကို ခန့်ထားတော်မူ၏။ 25သို့ဖြစ်၍ သူတို့ပြုသမျှကို သိတော်မူသဖြင့်၊ ညမှောင်မိုက်ကို ရောက်စေ၍ ဖျက်ဆီးတော်မူ၏။ 26သူတို့အပြစ်ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ်တော်မူ၏။ 27အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်ကို ငြင်းပယ်ကြ၏။ ပြုတော်မူသောအမှုတို့ကို အလျှင်းမဆင်ခြင်ကြ။ 28ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက်၍၊ ညှဉ်းဆဲခံရသောသူ၏ ငိုကြွေးသံကို ကြားတော်မူရ၏။ 29ဘုရားသခင်သည် ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ယှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတစ်မျိုးလုံးဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင်နိုင်သနည်း။ 30ထိုသို့ ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်း အဓမ္မမင်းတို့ကို နှိမ့်ချတော်မူ၏။
31အကျွန်ုပ်သည် ဆုံးမတော်မူခြင်းကို ခံရပါပြီ။ နောက်တစ်ဖန် မပြစ်မှားပါ။ 32အကျွန်ုပ် နားမလည်သောအရာကို သွန်သင်တော်မူပါ။ ဒုစရိုက်ကို ပြုမိသည်ဖြစ်၍၊ နောက်တစ်ဖန် မပြုဘဲနေပါမည်ဟု ဘုရားသခင်အား လျှောက်သင့်သည် မဟုတ်လော။ 33သင်သည် ငြင်းပယ်သည်ဖြစ်စေ၊ ရွေးယူသည်ဖြစ်စေ၊ သင်၏အလိုသို့သာ ဘုရားသခင်လိုက်၍၊ အလိုတော်သို့မလိုက်ဘဲ အကျိုးအပြစ်ကို ပေးတော်မူရမည်လော။ သို့ဖြစ်လျှင် နားလည်သည်အတိုင်း ပြောပါ။ 34ဉာဏ်ကောင်းသော သူတို့သည် စကားပြောပါစေ။ ပညာရှိသော သူတို့သည် ငါ့စကားကို နားထောင်ပါစေ။ 35ယောဘသည် နားမလည်ဘဲ ပြောမိပြီ။ သူပြောသောစကားသည် ပညာစကားမဟုတ်။ 36ယောဘသည် မတရားသောသူကဲ့သို့ ပြန်ပြောတတ်သောကြောင့်၊ အဆုံးတိုင်အောင် စုံစမ်းစေခြင်းငှာ ငါအလိုရှိ၏။ 37ဒုစရိုက်ကို ပြုသည်သာမက၊ ပုန်ကန်သော အပြစ်ရှိသေး၏။ ငါတို့တွင် အောင်ပွဲကိုခံ၍၊ ဘုရားသခင်ကို ပြစ်မှားသောစကားနှင့် များစွာပြောတတ်သည်ဟု မြွက်ဆို၏။