ယေရမိအနာဂတ္တိကျမ်း - ၄၇

ဖိလိတ္တိတို့အပေါ်တရားစီရင်ခြင်း
1ဖာရောဘုရင်သည် ဂါဇမြို့ကိုမလုပ်ကြံမီ၊ ဖိလိတ္တိအမျိုးသားတို့ကိုရည်မှတ်၍၊ ပရောဖက်ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်အားဖြင့်၊ 2ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြောက်မျက်နှာဘက်က ရေသည်ထ၍ လွှမ်းမိုးသောပင်လယ်ဖြစ်လျက်၊ တစ်ပြည်လုံးနှင့်၊ ပြည်၌ ပါသမျှကိုလည်းကောင်း၊ မြို့နှင့် မြို့၌နေသော သူတို့ကိုလည်းကောင်းလွှမ်းမိုး၍၊ သူတို့သည် အော်ဟစ်ကြလိမ့်မည်။ ပြည်သူပြည်သားတို့သည် မြည်တမ်းကြလိမ့်မည်။ 3ရန်သူစီးသော မြင်းခွာသံ၊ စိုင်းသောရထားဘီးများ မြည်သံကြောင့်၊ အဘတို့သည် လက်အားလျော့၍ သားတို့ကို ပြန်မကြည့်ကြ။ 4အကြောင်းမူကား၊ ဖိလိတ္တိအမျိုးသားတို့ကို ဖျက်ဆီးရသောနေ့၊ တုရုမြို့၊ ဇိဒုန်မြို့ကို စစ်ကူနိုင်သောသူအကျန်အကြွင်းရှိသမျှကို ပယ်ဖြတ်ရသောနေ့သည်ရောက်၍၊ ထာဝရဘုရားသည် ဖိလိတ္တိအမျိုးသားနှင့် ကျန်ကြွင်းသော ကတ္တောရပြည်သားတို့ကို သုတ်သင်ပယ်ရှင်းတော်မူမည်။ 5ဂါဇမြို့သည် ဆံပင်ရိတ်ခြင်းကို ခံရ၏။ အာရှကေလုန်မြို့နှင့် ကျန်ကြွင်းသော ချိုင့်အရပ်သည် ပျက်စီးပြီ။ အဘယ်မျှကာလပတ်လုံး ကိုယ်အသားကို ခုတ်ဖြတ်ရမည်နည်း။ 6အို ထာဝရဘုရား၏ဓားတော်၊ သင်သည် အဘယ်မျှကာလပတ်လုံး မငြိမ်ဘဲနေမည်နည်း။ ကိုယ်အိမ်၌ ဝင်၍နေလော့။ နေရာကျ၍ ငြိမ်ဝပ်စွာနေလော့။ 7အာရှကေလုန်မြို့နှင့် ပင်လယ်ကမ်းအမှု၌ ထာဝရဘုရားမှာထားတော်မူသောကြောင့်၊ အဘယ်သို့ ငြိမ်ဝပ်စွာနေနိုင်သနည်း။ ထိုအမှုကို ဆောင်ရွက်စေခြင်းငှာ ခန့်ထားတော်မူ၏။

ယေရမိအနာဂတ္တိကျမ်း - ၄၇ (အနက်ဖွင့်)

(ဖိလိတ္တိအမျိုး (အခန်း ၄၇)

          မြောက်ပိုင်းသား ဗာဗုလုန်တို့က ဖိလိတ္တိများကိုလည်း တိုက် ခိုက်ဖျက်ဆီးကြသည်။ တဇရုနှင့် ဇိအုန်မြို့ကိုလည်း ဖျက် ဆီးမည်။  ဂါဇာနှင့်အရှေကေလုန်မြို့ကြီးများကို လည်း ဘုရားသခင်၏ ဓါးဒဏ်ရာ ဒဏ်ချက်ကြောင့် ငိုကြွေးမြည်တမ်းကြမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။