ယေရမိအနာဂတ္တိကျမ်း - ၃၆

ဗိမာန်တော်ထဲ၌ဖတ်သောစာလိပ်
1ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်း နန်းစံလေးနှစ်တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊ 2သင်သည် စာလိပ်ကိုယူပြီးလျှင်၊ ယောရှိမင်းလက်ထက်၌ သင့်အား ငါပြောသော နေ့မှစ၍ ယနေ့တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အစရှိသော ခပ်သိမ်းသော တိုင်းပြည်တို့ကို ငါခြိမ်းသမျှသော စကားအတိုင်း ရေးထားလော့။ 3ယုဒအမျိုးတို့၌ပြုမည်ဟု ငါကြံစည်သမျှသော ဘေးဥပဒ်တို့ကို သူတို့သည် ကြားသောအခါ၊ သူတို့ ဒုစရိုက်အပြစ်ကို ငါလွှတ်မည်အကြောင်း၊ အသီးအသီးလိုက်ဖူးသော အဓမ္မလမ်းတို့ကို ရှောင်ကောင်း ရှောင်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ 4ထိုအခါယေရမိသည် နေရိသားဗာရုတ်ကို ခေါ်ပြီးလျှင် ထာဝရဘုရား မိန့်တော်မူသမျှသောစကားတော်တို့ကို ပြန်ပြောသည်အတိုင်း၊ ဗာရုတ်သည် စာလိပ်၌ ရေးထားလေ၏။ 5ယေရမိကလည်း၊ ငါသည် အချုပ်ခံလျက် နေရသောကြောင့်၊ ဗိမာန်တော်သို့ မသွားနိုင်။ 6သင်သွားလော့။ ငါပြန်ပြောသည်အတိုင်း၊ သင်သည် စာလိပ်၌ ရေးထားသော ထာဝရဘုရား၏ စကားတော်တို့ကို၊ အစာရှောင်သော နေ့တွင်၊ ဗိမာန်တော်၌ရှိသော သူတို့အား ဖတ်လော့။ အမြို့မြို့အရွာရွာကလာသော ယုဒလူတို့အားလည်း ဖတ်လော့။ 7သူတို့သည် အသီးအသီးလိုက်ဖူးသော အဓမ္မလမ်းကိုရှောင်လျက်၊ ထာဝရဘုရားအား ပျပ်ဝပ်၍ဆုတောင်းကောင်း ဆုတောင်းကြလိမ့်မည်။ ဤလူမျိုး၌ ထာဝရဘုရား ခြိမ်းတော်မူသော အမျက်ဒေါသသည် အလွန်ပြင်းထန်ပေ၏ဟု ဗာရုတ်အား မှာထားလေ၏။ 8ထိုသို့ ပရောဖက်ယေရမိ မှာထားသမျှအတိုင်း၊ နေရိသားဗာရုတ်သည် ပြု၍၊ ထာဝရဘုရား၏စကားတော်ပါသောစာကို ဗိမာန်တော်၌ ဖတ်လေ၏။
9ယုဒရှင်ဘုရင် ယောရှိသားယောယကိမ်မင်း နန်းစံငါးနှစ်၊ နဝမလတွင် ယေရုရှလင်မြို့သားအပေါင်းတို့နှင့်၊ ယုဒမြို့ရွာမှ ယေရုရှလင်မြို့သို့ရောက်လာသော သူအပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ အစာရှောင်ရာအချိန်ကို ကြော်ငြာကြ၏။ 10ထိုအခါ ဗာရုတ်သည် ဗိမာန်တော်တံခါးသစ်နားမှာ၊ အထက်တံတိုင်းအတွင်း၊ စာရေးတော်ရှာဖန်သား ဂေမရိ၏အခန်း၌၊ ယေရမိစီရင်သောစာကို လူအပေါင်းတို့ရှေ့မှာ ဖတ်လေ၏။
နန်းတော်၌ဖတ်သောစာလိပ်
11ထိုစာ၌ပါသမျှသော ထာဝရဘုရား၏ စကားတော်တို့ကို ရှာဖန်သားဖြစ်သော ဂေမရိ၏သားမိက္ခာယသည် ကြားလျှင်၊ 12နန်းတော်အတွင်း၊ စာရေးတော်အခန်းသို့ သွား၍၊ စာရေးတော် ဧလိရှမာ၊ ရှေမာယသား ဒေလာယ၊ အာခဗော်သား ဧလနာသန်၊ ရှာဖန်သား ဂေမရိ၊ ဟာနနိသား ဇေဒကိအစရှိသော မှူးတော်မတ်တော် အပေါင်းတို့သည် ထိုင်လျက်ရှိကြ၏။ 13ထိုအခါဗာရုတ်သည် လူများတို့အား ဖတ်သောစာထဲက မိက္ခာယကြားသမျှသော စကားတို့ကို ပြန်ပြောလေ၏။ 14ထိုမင်းအပေါင်းတို့သည်လည်း၊ ကုရှိ၊ ရှေလမိ၊ နာသနိတို့မှ ဆင်းသက်သော ယေဟုဒိကို ဗာရုတ်ထံသို့ စေလွှတ်လျက်၊ သင်သည် လူများတို့အား ဖတ်သောစာလိပ်ကို သင့်လက်နှင့်ကိုင်၍ လာခဲ့ဟုခေါ်ကြ၏။ နေရိသား ဗာရုတ်သည်လည်း၊ စာလိပ်ကိုကိုင်၍ လာ၏။ 15သူတို့ကလည်း ထိုင်လော့။ ငါတို့အား ဖတ်လော့ဟုဆိုသည်အတိုင်း၊ ဗာရုတ်သည် သူတို့ရှေ့မှာ ဖတ်လေ၏။ 16ထိုစကားအလုံးစုံတို့ကို မင်းများတို့သည် ကြားလျှင်၊ အချင်းချင်း ကြောက်ရွံ့သောစိတ်ရှိ၍၊ ငါတို့သည် ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်ဆက် ကြားလျှောက်ရမည်ဟု ဗာရုတ်ကို ဆိုကြ၏။ 17တစ်ဖန် သင်သည် ဤစကားအလုံးစုံတို့ကို သူ့နှုတ်မြွက်သည်အတိုင်း အဘယ်သို့ ရေးထားသနည်းဟု မေးမြန်းလျှင်၊ 18ဗာရုတ်က၊ သူသည် ဤစကားအလုံးစုံတို့ကို နှုတ်မြွက်၍၊ အကျွန်ုပ်သည် မင်နှင့် ရေးထားပါ၏ဟု ပြန်ပြောသော်၊ 19မင်းများတို့က၊ သင်သွားလော့။ ယေရမိနှင့်အတူ ပုန်းရှောင်၍နေလော့။ အဘယ်မှာနေသည်ကို တစ်စုံတစ်ယောက်မျှ မသိစေနှင့်ဟု ဗာရုတ်အားမှာခဲ့၍၊
စာလိပ်ကိုမီးရှို့ခြင်း
20စာလိပ်ကို စာရေးတော်ဧလိရှမာ၏ အခန်း၌ထားပြီးမှ နန်းတော်အတွင်း၊ ရှင်ဘုရင်ထံသို့ဝင်၍၊ ထိုအမှုကို အကုန်အစင်လျှောက်ကြ၏။
21ရှင်ဘုရင်သည် ထိုစာလိပ်ကိုယူချေဟု၊ ယေဟုဒိကို စေလွှတ်သဖြင့်၊ ယေဟုဒိသည် စာရေးတော်ဧလိရှမာ၏ အခန်းထဲကယူ၍၊ ရှင်ဘုရင်အစရှိသော အထံတော်၌ရပ်နေသော မှူးမတ်အပေါင်းတို့ရှေ့မှာ ဖတ်လေ၏။ 22ထိုအခါ နဝမလဖြစ်၍၊ ရှင်ဘုရင်သည် ဆောင်းကာလ၌ စံပျော်ရာနန်းအခန်းတွင် ထိုင်၍၊ ရှေ့တော်၌ မီးမယ်ဖျူးပေါ်မှာ မီးခဲပုံရှိ၏။ 23ယေဟုဒိသည် သုံးလေးခန်းလောက် ဖတ်မိလျှင်၊ ရှင်ဘုရင်သည် စာရေး၏ဓားနှင့်လှီး၍ မီးမယ်ဖျူးပေါ်မှာရှိသော မီးထဲသို့ စာလိပ်ကို ချပစ်လျှင်၊ အကုန်အစင် ကျွမ်းလောင်လေ၏။ 24ရှင်ဘုရင်မှစ၍၊ ထိုစကားအလုံးစုံတို့ကို ကြားသော ရှင်ဘုရင်၏ ကျွန်တစ်ယောက်မျှ မကြောက်၊ မိမိအဝတ်ကိုလည်း မဆုတ်ကြ။ 25ရှင်ဘုရင်သည် စာလိပ်ကို မီးမရှို့စေခြင်းငှာ၊ ဧလနာသန်၊ ဒေလာယ၊ ဂေမရိတို့သည် တောင်းပန်သော်လည်း၊ ရှင်ဘုရင်သည် သူတို့စကားကို နားမထောင်။ 26တစ်ဖန် ရှင်ဘုရင်သည် စာရေးဗာရုတ်နှင့် ပရောဖက်ယေရမိကို ဖမ်းဆီးစေခြင်းငှာ၊ သားတော် ယေရမေလ၊ အာဇရေလသား စရာယ၊ အာဗဒေလသား ရှေလမိတို့ကို စေလွှတ်လေ၏။ သို့ရာတွင်၊ ထာဝရဘုရားသည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားတော်မူ၏။
အခြားစာလိပ်တွင်ရေးမှတ်စေခြင်း
27ယေရမိနှုတ်မြွက်သည်အတိုင်း ဗာရုတ်ရေးထားသော ထိုစာလိပ်ကို ရှင်ဘုရင်မီးရှို့သောနောက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာသည်ကား၊ 28သင်သည် အခြားသောစာလိပ်ကိုယူ၍၊ ယုဒရှင်ဘုရင်ယောယကိမ်မီးရှို့သော အရင်စာလိပ်၌ ပါသမျှသော စကားရင်းအတိုင်း ရေးထားလော့။ 29သင်သည် ယုဒရှင်ဘုရင် ယောယကိမ်အားပြောဆိုရမည်မှာ၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်သည် ဆက်ဆက်လာ၍ ဤပြည်ကို ဖျက်ဆီးလိမ့်မည်။ လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလိမ့်မည်ဟူသောစကားကို အဘယ်ကြောင့် ရေးထားသနည်းဟု သင်သည်ဆို၍ စာလိပ်ကိုမီးရှို့ပြီ။ 30ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင်ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူ၏အမျိုးအနွယ်သည် ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာ မထိုင်ရ။ သူ၏အသေကောင်ကို နေ့အချိန်၌ နေပူထဲသို့လည်းကောင်း၊ ညအချိန်၌ နှင်းခဲထဲသို့လည်းကောင်း ပစ်လိုက်ကြလိမ့်မည်။ 31သူမှစ၍ သူ၏သားမြေးတို့ကိုလည်းကောင်း၊ သူ၏ကျွန်တို့ကိုလည်းကောင်း၊ အပြစ်နှင့်အလျောက် ငါစီရင်မည်။ သူတို့နှင့် ယေရှုရှလင်မြို့သူ ယုဒပြည်သားတို့သည် နားမထောင်၊ သူတို့အပေါ်သို့ ငါခြိမ်းသမျှသော ဘေးဥပဒ်တို့ကို ရောက်စေမည်ဟု မိန့်တော်မူ၏။ 32ထိုအခါ ယေရမိသည် အခြားသောစာလိပ်ကိုယူ၍၊ နေရိသား စာရေးဗာရုတ်အား ပေးသဖြင့်၊ ယုဒရှင်ဘုရင်ယောယကိမ် မီးရှို့သောစာ၌ ပါသမျှသော စကားတို့ကို ယေရမိသည်နှုတ်မြွက်၍၊ ဗာရုတ်သည် ရေးထား၏။ အလားတူသော စကားအများကိုလည်း ထပ်၍သွင်းရ၏။

ယေရမိအနာဂတ္တိကျမ်း - ၃၆ (အနက်ဖွင့်)

(ယေဟောကိမ်မင်းက ယေရမိ၏ စာချွန်တော်မီးရှို့ခြင်း(အခန်း၃၆)

၃၆:၁၀ ယေဟောက်ကိမ်မင်း နန်းစံစတုတ္ထနှစ်မြောက်တွင် ဘုရားသခင်က ယေရမိအား ဖွင့်ပြထားသည့် ပရောဖက်ပြုချက်များကို ရေးခိုင်းထားသည်။ ယေရမိသည် ဘုရားသခင် ဖွင့်ပြချက်များကို နှုတ်တိုက်ရွတ်ဆို၍ ဗာရုတ်အား လိုက်ရေးမှတ်ခိုင်းသည်။ နောက်တစ်နှစ်ကြာသောအခါ ဗိမာန်တော်ထဲ၌ ပရိသတ်ရှေ့တွင် ထိုစာကို ရွတ်ဆို၍ ဗာရုတ်အား လိုက်ရေးမှတ်ခိုင်းသည်။ နောက်တစ်နှစ်ကြာသောအခါ ဗိမာန်တော်ထဲ၌ ပရိသတ်ရှေ့တွင် ထိုစာကို ရွတ်ဆိုဖတ်ပြသည်။ ယေရမိ အဘယ်ကြောင့် ထိုနေရာမှမထွက်ခွာကြောင်းကို မရှင်းပြပါ။ ထိုအချိန်ကာလ ယေရမိထောင်မကျသေး။ သို့သော် ယောယကိမ်မင်း၏ သားကောင် ဖြစ်နေပြီ။

၃၆:၁၁၁၉ ဂေမရိ၏ သားမိက္ခာယသည် ယေရမိ၏ ပရောဖက်ပြု ချက်များကို ကြားလျှင်ကြားချင်း နန်းတော်သို့ သွားရောက်သတင်းပေးသည်။ ဗာရုတ်ကို လာရောက်ခေါ်ဆောင်ပြီ။ တဖန် ရွတ်ဖတ်ခိုင်းသည်။ မူးကြီးမတ်ကြီးများသည် ဗာရုတ်၏ စာကို ကြားသိသောအခါ ကြောက်လန့်ကြသည်။ ရှင်ဘုရင်ကို သွားရောက် တိုင်ကြားကြသည်။ တစ်ဘက်တွင်လည်း ဗာရုတ်နှင့် ယေရမိအား လူသူနီးရာ အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်ခိုင်းသည်။

၃၆:၂၀၂၆ ထိုစာချွန်တော်၊ စာလိပ်အကြောင်းအား ယေဟောကိမ်မင်းထံသို့ သံတော်ဦး တင်ကြသောအခါ ဘုရင်ကြီးက ထိုစာလိပ်ကို တောင်းယူသည်။  ယေဟူဒီက ဘုရင်မင်းအား ရွတ်ဖတ်ပြသည်။ ဘုရင်ကြီးသည် ထိုစာလိပ်အားအစိပ်စိပ်အမွှာမွှာ ဆုတ်ဖြဲပြစ်ပြီး မီးပုံထဲသို့ ထည့်လိုက်သည်။ ယုဒလူမျိုးများ လွတ်မြောက်ရေး ချမ်းသာရေးအတွက် ဘုရားသခင်၏ အစီအမံတော် စာလိပ်သည်လုံးဝ ပျက်စီးသွားသည်။ ဘုရင့်သားတော်(၃)ပါးက မီးမရှို့ပစ်ရန် တောင်းလျှောက်  ကြသော်လည်း ဘုရင်ကြီး ဂရုမစိုက်။ စာလိပ်တစ်ခုလုံး မီးရှို့ပြာကြစေသည်။ ဗာရုတ်နှင့် ယေရမိကိုလည်း လိုက်လံ ဖမ်းဆီးခိုင်းသည်။ သို့သော် ဘုရားရှင်က ဝှက်ထားသောကြောင့် ရှာမတွေ့ကြ။

၃၆:၂၇၃၂ ယေဟောကိမ်မင်းက စာလိပ်အား မီးရှို့ပြီးသောအခါ ယေရမိသည် ပရောဖက်ပြုချက်များကို တဖန်ပြန်ရေးသည်။ ယေဟောကိမ်မင်း ကံကြမ္မာဆိုး သက်ရောက်မည့်အကြောင်းကိုလည်း ထပ်ဖြည့်သည်။ ယေဟောကိမ်မင်း၏ သားတော် ယေဟောချိန် နန်းတက်ခြင်း (၄ရာ၂၄:၆)သည် အပိုဒ်ငယ်(၃၀)   ကျိန်စာသင့်ခြင်း ဖြစ်ပေမည်။ ယေဟောချိန်မင်းသည်လည်း နန်းသက်မရှည်။ (၃)လသာ ခံသည်။ ပေါ်လွင်ထင်ရှားခြင်းလည်း မရှိ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။