ယေရမိအနာဂတ္တိကျမ်း - ၃၅

ရေခပ်အမျိုးသားများ
1ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်းလက်ထက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊ 2သင်သည် ရေခပ်အမျိုးသားတို့အိမ်သို့သွား၍၊ သူတို့နှင့် နှုတ်ဆက်ပြီးမှ၊ ဗိမာန်တော် အခန်းတစ်ခန်းထဲသို့ ခေါ်သွင်း၍ စပျစ်ရည်ကို တိုက်ပေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ 3ငါသည် ဟာဗဇိညာသားဖြစ်သော ယေရမိ၏သားယာဇညာမှစ၍၊ သူ၏ညီအစ်ကိုတို့နှင့် သားများအပေါင်း၊ ရေခပ်အမျိုးသား အပေါင်းတို့ကို ခေါ်၍၊ 4ဗိမာန်တော်အတွင်း၊ တံခါးစောင့်ရှလ္လုံသား မာသေယ၏အခန်းအပေါ်၊ မှူးတော်မတ်တော် စည်းဝေးရာအခန်းနားမှာ ဘုရားသခင်၏လူ ဣဂဒါလိသား ဟာနန်၏သားတို့နေသောအခန်းထဲသို့ ဆောင်သွားပြီးလျှင်၊ 5ထိုရေခပ် အမျိုးသားတို့ရှေ့၌ စပျစ်ရည်နှင့် ပြည့်သောအိုးများနှင့် ခွက်ဖလားတို့ကို ထည့်၍၊ စပျစ်ရည်ကို သောက်ကြပါဟု သူတို့အားဆို၏။ 6သူတို့ကလည်း၊ အကျွန်ုပ်တို့သည် စပျစ်ရည်ကို မသောက်ပါ။ အကြောင်းမူကား၊ အကျွန်ုပ်တို့ အမျိုး၏အဘ ရေခပ်၏သား ယောနဒပ်က၊ သင်တို့မှစ၍ သားစဉ်မြေးဆက်တို့သည် စပျစ်ရည်ကို မသောက်ရကြ။ 7အိမ်ကိုလည်း မဆောက်ရ၊ မျိုးစေ့ကိုလည်း မကြဲရ၊ စပျစ်ဥယျာဉ်ကိုလည်း မစိုက်ရ၊ မရှိစေရကြ။ သင်တို့သည် ဧည့်သည်ဖြစ်လျက် နေသောပြည်၌ အသက်တာရှည်မည်အကြောင်း၊ တစ်သက်လုံး တဲနှင့်သာနေရကြမည်ဟု အကျွန်ုပ်တို့ကို မှာထားပါပြီ။ 8ထိုကြောင့်၊ အကျွန်ုပ်တို့သည် မယားသားသမီးနှင့်တကွ တစ်သက်လုံး စပျစ်ရည်ကိုမသောက်။ 9နေစရာဖို့အိမ်ကိုလည်း မဆောက်။ စပျစ်ဥယျာဉ် မရှိ။ လယ်ယာမရှိ၊ မျိုးစေ့မရှိ။ 10တဲနှင့်သာနေ၍ အကျွန်ုပ်တို့ အမျိုး၏အဘ ရေခပ်သားယောနဒပ်မှာထားသမျှသော စကားကို နားထောင်လျက်၊ အဘယောနဒပ် မှာထားသမျှအတိုင်း ပြုကြပါပြီ။ 11ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤပြည်သို့လာသောအခါ၊ အကျွန်ုပ်တို့က၊ လာကြ။ ယေရုရှလင်မြို့သို့ သွားကြကုန်အံ့။ ခါလဒဲစစ်သူရဲတို့နှင့် ရှုရိစစ်သူရဲတို့ကို ကြောက်စရာရှိသည်ဟု အချင်းချင်း ပြောဆို၍၊ ယခုယေရှုရှလင်မြို့၌ နေကြပါသည်ဟု ဆိုကြ၏။
12ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊ 13ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ ရှိရာသို့ သွား၍၊ သင်တို့သည် ငါ့စကားကိုနားထောင်အံ့သောငှာ ဆုံးမခြင်းကို မခံကြသလောဟု ထာဝရဘုရား မေးတော်မူ၏။ 14စပျစ်ရည်ကို မသောက်ရဟု၊ ရေခပ်သားယောနဒပ်သည် မိမိသားတို့၌ထားသော ပညတ်စကားအတိုင်း၊ သူတို့သည်ကျင့်၍ ယနေ့တိုင်အောင် စပျစ်ရည်ကို မသောက်ဘဲနေလျက်၊ အဘ၏ပညတ်စကားကို နားထောင်ကြ၏။ ငါသည် စောစောထ၍ သင်တို့ကို အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ 15ငါ၏ကျွန် ပရောဖက်အပေါင်းတို့ကိုလည်း၊ ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်လျက်၊ သင်တို့အသီးအသီး လိုက်သော အဓမ္မလမ်းကို ရှောင်ကြလော့။ သင်တို့အကျင့်ကို ပြုပြင်ကြလော့။ အခြားတစ်ပါးသော ဘုရားနောက်သို့ မလိုက်၊ ဝတ်မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင်တို့နှင့် သင်တို့၏ ဘိုးဘေးတို့အား ငါပေးသောပြည်၌ နေရကြလိမ့်မည်ဟု မှာလိုက်သော်လည်း၊ သင်တို့သည် နားကိုပိတ်လျက်၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ။ 16ရေခပ်သားဖြစ်သော ယောနဒပ်၏သားမြေးတို့သည် မိမိတို့အဘ မှာထားသောစကားအတိုင်း ကျင့်ကြ၍၊ ဤလူမျိုးသည် ငါ့စကားကို နားမထောင်သောကြောင့်၊ 17ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ခြိမ်းသမျှသော ဘေးဥပဒ်တို့ကို ယုဒပြည်သူ၊ ယေရှုရှလင်မြို့သား အပေါင်းတို့အပေါ်သို့ ရောက်စေမည်။ အကြောင်းမူကား၊ ငါပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော်လည်း မထူးကြဟု မိန့်တော်မူ၏။
18ရေခပ်အမျိုးသားတို့အားလည်း၊ ယေရမိဆင့်ဆိုသော၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊ သင်တို့သည် သင်တို့အဘ ယောနဒပ်၏ ပညတ်စကားကိုနားထောင်၍၊ သူစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်သောကြောင့်၊ 19ရေခပ်သားယောနဒပ်အမျိုး၌ ငါ့အမှုထမ်းတို့သည် အစဉ်ရှိကြလိမ့်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း - ၃၅ (အနက်ဖွင့်)

(ရေခပ်သားများ နာခံခြင်း ဆုလက်ဆောင်(အခန်း၃၅)

၃၅:၁၁ ယေရမိသည် ဘုရားသခင်၏ စကားတော်ကို နာခံလျက်ရေခပ်သားများကို အလည်အပတ် ဖိတ်ခေါ်သည်။ ဘုရားသခင်၏ အိမ်တော်သို့ ဖိတ်ခေါ်၍ စပျစ်ဝိုင်ဖြင့် ဧည့်ခံသည်။ သို့သော် ရေခပ်သားများက မသောက်။ အဘယ်ကြောင့်ဆိုသော် ဘိုးဘွားခေတ်မှစ၍ အရက်သေစာ မသောက်သုံးကြ။ အိမ်ဆောက်လုပ်နေထိုင်ဖို့၊ ထွန်ယက်စိုက်ပျိုးဖို့၊ စပျစ်ခြံလုပ်ဖို့လည်း ငြင်းပယ်ကြသည်။ (ခါလဒဲသားများက ယေရုရှလင်တွင် အတင်းအဓမ္မနေရာချ၍ လုပ်ကိုင်စားသောက်ခိုင်းသည်။) သူများပစ္စည်းကို အချောင်မလို။ အဘယ်မျှသာသနာခရီးသည် ကောင်းပီသကြပါသနည်း။  စံနမူနာ ယူထိုက်ပါပေသည်။

၃၅:၁၂၁၉ ထိုသူများနှင့် ဆန့်ကျင်ဘက်ကွာခြားသူများမှာ ယုဒလူမျိုး ဖြစ်သည်။ ဘုရားသခင်၏ စကားတော် မနာခံသဖြင့် အရေးယူအပြစ်ပေးခြင်း ခံရသည်။ ရေခပ်အမျိုးသားများမှာ ဘုရားသခင်ရှေ့တွင် မားမားရပ်လျက် ဆုလက်ဆောင်ကောင်းကြီးမင်္ဂလာ ထာဝစဉ် ခံစားကြရသည်။  ဘီစီ၈၄၁တွင် မြောက်ပိုင်းနိုင်ငံ၌ ဗာလဘုရားကိုးကွယ်ကြရာ ယောနဒပ်၏ သားရာခပ်အား ယေဟုက မောင်းထုတ်ရာမှ ထင်ရှားလာသူများ ဖြစ်သည်။ ကိနိအမျိုးအနွယ်မှ ဆင်းသက်၍ ယုဒလူမျိုးအား ပေါင်းဖက်ခံယူ သူများ ဖြစ်သည် (၁ရာ၂:၅၅)။ သို့သော်လည်း ဓလေ့စရိုက်အကျင့်စာရိတ္တတွင် ယုဒလူမျိုးများနှင့် မတူ (Daily Notes of the Scripture Union)

အချို့က ရေခပ်အမျိုးသည် လေဝိအမျိုးအနွယ်မှ ဆင်းသက်လာသူများဟု ယူဆကြသည်။ ထိုသို့ဆိုလျှင် ဘုရားသခင်၏ ကတိတော်နှင့်လည်း ပြည့်စုံမည်။ သို့သော် ယနေ့ကာလတိုင်အောင် အတည်မပြုနိုင်။ မည်သို့ပင် ဖြစ်စေ ထိုလူမျိုး၏ အကျင့်လက္ခဏာ ဇာတိသည် အနှစ်တစ်ထောင်ကာလတွင် ထင်ရှားမည်ဟု ယုံကြည်ရပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။