ဟေရှာယအနာဂတ္တိကျမ်း - ၆၃

ထာဝရဘုရား၏ချေမှုန်းခြင်း
1တင့်တယ်သော အဝတ်တန်ဆာဆင်ခြင်း၊ ကြီးသောတန်ခိုးကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုးသော အဝတ်ကိုဝတ်လျက်၊ ဧဒုံပြည်ဗောဇရမြို့မှ လာသောဤသူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။
ဖြောင့်မတ်ခြင်းတရားကို ဟော၍၊ ကယ်တင်ခြင်းငှာ တန်ခိုးကြီးသော ငါပေတည်း။
2ကိုယ်တော်သည် အဘယ်ကြောင့် နီသောအဝတ်ကို ဝတ်တော်မူသနည်း။ အဝတ်တော်သည် စပျစ်သီးကို နင်းနယ်သော သူ၏အဝတ်နှင့် အဘယ်ကြောင့် တူပါသနည်း။
3စပျစ်သီးကို ငါတစ်ယောက်တည်း နင်းနယ်ရပြီ။ လူများအထဲက တစ်ယောက်မျှမပါ။ သူတို့ကို ငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့အသွေးသည် ငါ့အဝတ်ပေါ်မှာ ဖျန်းလျက်ရှိပြီ။ ငါ့အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ။ 4အပြစ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပြီ။ ငါရွေးနုတ်သော သူတို့၏နှစ်သည် ရောက်လာပြီ။ 5ငါကြည့်ရှု၍ မစသောသူမရှိ။ မှိုင်တွေသော်လည်း ထောက်ပင့်သောသူမရှိ။ ထိုကြောင့်၊ ကိုယ်လက်သည် ကိုယ်အဖို့ ကယ်တင်ခြင်းကို ပြုပြီ။ ကိုယ်ဒေါသအမျက်သည် ကိုယ်ကို ထောက်ပင့်ပြီ။ 6လူများကို အမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ ကျပ်ကျပ်နှိပ်နင်းပြီ။ သူတို့အသွေးကို မြေပေါ်မှာသွန်ပြီ။
ထာဝရဘုရား၏ကျေးဇူးတော်
7ကရုဏာနှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါတို့အား သနားတော်မူသောအရာ အလုံးစုံကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသော မဟာကျေးဇူးတော်ကိုလည်းကောင်း ထောက်၍၊ ထာဝရဘုရား၏ မဟာမေတ္တာတော်နှင့်၊ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ငါချီးမွမ်းမည်။ 8အကယ်စင်စစ် သူတို့သည် ငါ၏လူဖြစ်ကြ၏။ သစ္စာမပျက်သော သားလည်း ဖြစ်ကြ၏ဟု မိန့်တော်မူသဖြင့်၊ သူတို့ကို ကယ်နုတ်တော်မူ၏။ 9အမှုရောက်လေရာရာ၌ သူတို့ကို ညှဉ်းဆဲတော်မမူ။ ရှေ့တော်မှ စေလွှတ်သော ကောင်းကင်တမန်သည် ကယ်တင်လျက်၊ မေတ္တာကရုဏာတော် ရှိသည်အတိုင်း ရွေးနုတ်တော်မူ၏။ ရှေးကာလပတ်လုံး သူတို့ကို ချီဆောင်တော်မူ၏။ 10သူတို့သည်လည်း ပုန်ကန်၍၊ သန့်ရှင်းသောဝိညာဉ်တော်ကို နာစေကြ၏။ ထိုကြောင့်၊ သူတို့ကို ရန်ဘက်ပြု၍ စစ်တိုက်တော်မူ၏။ 11ထိုအခါ ထာဝရဘုရား၏ လူတို့သည် ရှေးကာလ၊ မောရှေ၏ကာလကို အောက်မေ့ကြ၏။ မိမိလူတို့ကို သိုးထိန်းနှင့်တကွ ပင်လယ်ထဲက ထုတ်ဆောင်သောဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ မိမိလူတို့အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို သွင်းလျက်၊ 12မောရှေ၏လက်ယာနားမှာ ဘုန်းကြီးသော လက်ရုံးတော်ကို သွင်း၍၊ အသရေတော်ကို အစဉ် ထင်ရှားစေခြင်းငှာ၊ သူတို့ရှေ့မှာ ရေကိုခွဲသဖြင့်၊ 13လွင်ပြင်၌ မြင်းကိုနှင်သကဲ့သို့၊ အဆီးအတားမရှိဘဲ နက်နဲရာအရပ်၌ သူတို့ကို ဆောင်သွားသောဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ 14ချိုင့်ထဲသို့သိုးနွား ဆင်းသွားသကဲ့သို့၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငြိမ်ဝပ်ရသောအခွင့်ကို ပေးတော်မူ၏။ ထိုသို့ အသရေတော်ကို ထင်ရှားစေခြင်းငှာ၊ ကိုယ်တော်၏လူတို့ကို ဆောင်သွားတော်မူပါပြီ။
ကရုဏာထား၍ကူမရန်ဆုတောင်း
15ကောင်းကင်ဘုံက ငုံ့ကြည့်တော်မူပါ။ သန့်ရှင်း၍ ဘုန်းကြီးသောနေရာက ကြည့်ရှုတော်မူပါ။ စိတ်တော်အားကြီး၍ တန်ခိုးကို ပြတော်မူခြင်း၊ ကရုဏာတော်လှုပ်ရှား၍ အကျွန်ုပ်တို့ကို သနားစုံမက်တော်မူခြင်းသည် အဘယ်မှာရှိပါသနည်း။ ချုပ်တည်းတော်မူသလော။ 16အာဗြဟံသည် အကျွန်ုပ်တို့ကို မသိ၊ ဣသရေလသည် လက်မခံသော်လည်း၊ အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။ ရှေးကာလမှစ၍ အကျွန်ုပ်တို့ကို ရွေးနုတ်သောဘုရား ဖြစ်တော်မူ၏။ 17အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းမှ အကျွန်ုပ်တို့ကို အဘယ်ကြောင့် လွှဲစေတော်မူသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်တို့၏စိတ်နှလုံးကို အဘယ်ကြောင့် ခိုင်မာစေတော်မူသနည်း။ ကိုယ်တော်၏ကျွန်တို့အတွက်၊ အမွေတော်ဖြစ်သော အနွယ်တို့အတွက် ပြန်လာတော်မူပါ။ 18ကိုယ်တော်၏သန့်ရှင်းသူတို့သည် ခဏသာအစိုးရပြီးမှ၊ ရန်သူတို့သည် သန့်ရှင်းရာဌာနတော်ကို ကျော်နင်းကြသည်ဖြစ်၍၊ 19အကျွန်ုပ်တို့သည် ကိုယ်တော် မအုပ်စိုးဖူးသော သူကဲ့သို့လည်းကောင်း၊ နာမတော်ဖြင့် သမုတ်ခြင်းကို မခံဖူးသော သူကဲ့သို့လည်းကောင်း ဖြစ်ကြပါ၏။

ဟေရှာယအနာဂတ္တိကျမ်း - ၆၃ (အနက်ဖွင့်)

၆။ ဆိုးယုတ်သူများဝဋ်လည်ကြမည့်အကြောင်း (၆၃:၁-၆)

သခင်ဘုရားနိုင်ငံတော်တည်ထောင်သောအခါပထမဦးစွာရန်သူများကို ချေမှုန်းသုတ်သင်မည်။ တစ်ခုနှင့်တစ်ခုအချိန်နာရီ၊နေရာဒေသတူညီကြမဟုတ်။  ပထမအဆင့်မှာအမေဂေဒုန် (ဗျာ၁၆:၁၆)ချိုင့်ဝှမ်းဖြစ်၍နောက်တစ်ခုမှာယဟော ရှဖတ်ချိုင့်ဝှမ်း(ယောလ ၃:၁၂)နှင့်ဧဒုံဒေသဖြစ်သည်။ ဧဒုံဒေသအကြောင်းကို ဤအခန်းကြီး(၆၃)တွင်ရှင်းပြထားပါသည်။ မေရှိယသခင်သည်အထက်ဗောဇ ပြည်မှကြွလာပါသည်။ ဘုန်းတန်ခိုးနှင့်ပြည့်စုံသောအဝတ်အစားများသည်ဣသ ရေလရန်သူတို့၏သွေးဖြင့်ရဲရဲနီမည်။ အဘယ်ကြောင့်ထိုသို့နီမြန်းသနည်း။ အ ဘယ်ကြောင့်ဆိုသော်ဣသရေလတို့ရန်သူများကိုကိုယ်တော်ရှင်ကစပျစ်သီး နယ်နေရပြီ။ ဘုရားရှင်၏လူများကိုကယ်နှုတ်ဖို့မတရားသူများ၊ဆိုးယုတ်သူ များဝဋ်လည်ကြဖို့အချိန်စေ့ပြီ။ အဘယ်သူမှကယ်တင်ကူညီခြင်းငှာမစွမ်းနိုင် ကြသောကြောင့်ဘုရားရှင်ကိုယ်တိုင်ကစီရင်သည်။ ရန်သူများကိုအနိုင်ယူ အောင်ပွဲခံပေးသည်။

၇။ ရွေးနှုတ်ထားသူများ၏ဆုတောင်း

(၆၃:၇-၆၄:၁၂)

၆၃:၇-၁၀ ရွေးနှုတ်ထားသူများ၏သနားစရာဆုတောင်းသံများကိုတဖန် ရှင်းပြသည်။ ပထမဦးစွာဘုရားသခင်နှင့်ဆက်ဆံခဲ့ကြပုံကိုပြန်လည်ထုတ်ဖေါ် ပြသသည်။ ယေဟောဝါဘုရားသခင်သည်ပြောင်းလဲခြင်းမရှိ။ ကရုဏာတော်၊ မေတ္တာတော်။ မဟာကျေးဇူးတော်အစဉ်ပေးပါသည်။ ဘုရားသခင်ကငါ့လူများ ဟုအစဉ်အမြဲခေါ်သည်။ ထိုသူများဖောက်ပြန်ကြမည့်အကြောင်းဘုရားကိုပစ် ၍ဘုရားတုကိုးကွယ်ကြမည့်အကြောင်းကိုလည်းကြိုတင်သိရှိသည်။ သို့သော် ဘုရားသခင်သည်သူ့လူများအားသံယောဇဉ်မပြတ်ချစ်စိတ်မပြယ်။ ထိုသူများ အားကယ်တင်သည်။ စုံစမ်းစစ်ကြောခြင်းရောက်သည့်ကာလ၌လည်းမိတ် ကောင်းဆွေသဟာအဖြစ်အနီးတွင်ရပ်တည်ပေးသည်။ အထူးသဖြင့်အဲဂုတ္တု ပြည်တွင်ဆင်းရဲဒုက္ခရောက်ကြစဉ်တွင်အနီးဆုံးလူအဖြစ်အဖေါ်ပြုသည်။  ကောင်းကင်တမန်အဖြစ်ထင်ရှားလျက်၊မေရှိယသခင်အနေဖြင့်ကယ်တင် ခဲ့သည်။ ကရုဏာတော်၊မေတ္တာတော်ရှိသဖြင့်အဲဂုတ္တုပြည်မှခေါ်ထုတ်ခဲ့သည်။  ကန္တာရခရီးတလျှောက်လုံးတွင်စောင့်ထိန်းကျွေးမွေးခဲ့သည်။ သို့သော်ဣသရေ လလူများကဘုရားသခင်၏မေတ္တာတော်ကိုပုန်ကန်ခြားနားခြင်းဖြင့်ကျေးဇူး တုံ့ပြန်ကြသည်။ ထို့ကြောင့်ကတောက်ကဆဖြစ်ခဲ့ကြသည်။

၆၃:၁၁-၁၃ ထိုအကြောင်းကိုပြန်ပြောင်းအောက်မေ့သတိရကြသောအ ခါမောရှေ၏သားသမီးများပီပီပြန်လည်မေးမြန်းကြသည်။ ”ပင်လယ်နီဖြတ် သန်းကြစဉ်ဦးဆောင်ကြသောမောရှေ၊အာရုန်နှင့်အခြားသိုးထိန်းများသည် အဘယ်သို့ရောက်ကြသနည်း”သန့်ရှင်းဝိညာဉ်တော်တန်းခိုးပေး၍မောရှေက ပင်လယ်နီကိုနှစ်ခြမ်းကွဲစေခဲ့သည်။ ထိုသူ၏နာမတော်ကိုအဘယ်သူနည်း။  မြင်းလားများခြေမချနိုင်အောင်နက်သည့်ပင်လယ်ပြင်ကိုလွင်ပြင်ဖြစ်စေသော အရှင်သခင်သည်အဘယ်မှာနည်းဟုဆိုကြသည်။

၆၃:၁၄ အစာဝသောနွားအရုပ်တွင်စားမြုံပြန်ဖို့အနားယူသကဲ့သို့ဘုရား သခင်ကသူ့လူများကိုခွန်အားသစ်ရဖို့အနားပေးသည်။ အစာကျွေးသည်။ ဘုရား သခင်၏နာမတော်ထင်ရှားဖို့အသုံးပြုသည်။ ဤနေရာတွင်သုံးပါးတဆူထင် ရှားသည်ကိုသတိပြုပါ။ ယေဟောဝါဘုရားသခင်(ငယ်၇)၊ယေဟောဝါ၏ ကောင်းကင်တမန်(ငယ်၉)၊ဘုရားသခင်၏ဝိညာဉ်တော်(ငယ်၁၀၊၁၁၊၁၄)။

၆၃:၁၅-၁၆ ဗာဗုလုန်ပြည်တွင်ဖမ်းဆီးခံရာမှပြည်တော်ပြန်ဝင်ကြ အောင်ကရုဏတော်ထားပုံကိုပရောဖက်ဟေရှာယကထောက်ပြသည်။ ထို့သို့ ပြည်တော်ပြန်ခွင့်ရခြင်းသည်ဘုရားသခင်၏ စိတ်အားထက်သန်မှု၊ခွန်အား ကြီးမှုကရုဏာတော်ကြီးမြတ်မှုဖြစ်သည်။ ယနေ့လူများကအာဗြဟံနှင့်ဣသရေ လကိုမသိကြသော်လည်းဘုရားသခင်သည်ဣသရေလတို့၏အဘအဖြစ်ရပ် တည်နေသည်ဟုဟေရှာယကသတိပေးထားသည်။

၆၃:၁၇-၁၉ အပိုဒ်ငယ်(၁၇)တွင်ရွေးနှုတ်ထားသူများဖောက်ပြန်ချင်ကြ သောကြောင့်ဘုရားသခင်ကအပြစ်မြင်သည်။ ဘုရားသခင်သည်စိတ်နှလုံးမာ ကြော၍သူ့ကိုဆန့်ကျင်ပုန်ကန်သူများအပေါ်သာလျှင်စိမ်းကားသည်။ ဤနေရာ တွင်ရွေးကောက်ထားသူများကဘုရားသခင်အားအဘယ်ကြောင့်သူတို့ကိုလမ်း လွဲခွင့်ပြုသနည်းဟုမေးကြသည်။ တနည်းအားဖြင့်ပြည်တော်သို့ပြန်ဝင်ခွင့်ရ အောင်ကျေးဇူးတော်တောင်းဆိုကြသည်။ ဣသရေလတို့၏ငြိမ်သက်ချမ်းမြေ့ မှုဘဝသည်တိုတောင်းခဲ့သည်။ ထိုစဉ်ကသန့်ရှင်းစင်ကြယ်ခဲ့သောဝတ္တကမြေ သည်ပျက်စီးပျောက်လွင့်ကုန်ပြီ။ ဘုရားသခင်၏လူဣသရေလလူမျိုးသည် အခြားလူမျိုးများနှင့်ထူးမခြားနား။ ဘုရားသခင်၏ကတိတော်မရှိသောတပါး သောလူမျိုးနှင့်ဘဝတူဖြစ်နေကြပြီ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။