ဟေရှာယအနာဂတ္တိကျမ်း - ၆

ဟေရှာယကိုခေါ်ယူခန့်ထားခြင်း
1ဩဇိမင်းကြီး အနိစ္စရောက်သောနှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သော ပလ္လင်ပေါ်မှာထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာသည် ဗိမာန်တော်ကိုဖြည့်လေ၏။ 2ကောင်းကင်တမန်သရပ်တို့သည် ပလ္လင်တော်တစ်ဖက်တစ်ချက်၌ ရပ်နေကြ၏။ သူတို့သည် အတောင်ခြောက်ခုစီရှိ၍၊ အတောင်နှစ်ခုဖြင့် မျက်နှာကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ခြေတို့ကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ပျံတတ်ကြ၏။ 3သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့်လေ၏ဟု တစ်ပါးကိုတစ်ပါး ကြွေးကြော်၍ မြွက်ဆိုကြ၏။ 4ထိုသို့သော ကြွေးကြော်သံကြောင့်၊ တံခါးတိုင်တို့သည် လှုပ်ရှား၍၊ မီးခိုးနှင့် တစ်အိမ်လုံး ပြည့်လေ၏။ 5ငါကလည်း၊ ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီ။ အကြောင်းမူကား၊ ငါသည် ညစ်ညူးသောနှုတ်ခမ်းရှိလျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို၊ ကိုယ်မျက်စိနှင့် မြင်လေပြီတကားဟု ဆို၏။ 6ထိုအခါ ကောင်းကင်တမန်သရပ်တစ်ပါးသည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့်ယူသော မီးခဲတစ်ခဲကို လက်နှင့်ကိုင်လျက်၊ ငါရှိရာသို့ပျံလာ၍၊ 7ငါ့နှုတ်ကိုတို့ပြီးလျှင်၊ ဤမီးခဲသည် သင်၏နှုတ်ခမ်းကိုတွေ့ပြီ။ သင်၏ဒုစရိုက်ကိုသုတ်သင်ပြီ။ သင်၏အပြစ်လည်း ပြေရှင်းပြီဟု ဆို၏။
8တစ်ဖန် ထာဝရဘုရားက၊ ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း။ ငါတို့အဖို့ အဘယ်သူသွားမည်နည်းဟုမေးတော်မူသံကို ငါကြားလျှင်၊ ငါက၊ အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါဟု လျှောက်လေ၏။ 9ထာဝရဘုရားကလည်း၊ ထိုလူမျိုးရှိရာသို့ သွားပြီးလျှင်၊ သင်တို့သည် ကြားလျက်ပင်၊ အနက်ကိုနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်ဟု ပြောလော့။ 10သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ်နှလုံးကို မိုက်စေလော့။ သူတို့ နားကိုလည်း ထိုင်းစေလော့။ သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။ 11အိုထာဝရဘုရား၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေးလျှောက်ပြန်လျှင်၊ မြို့တို့သည် မြို့သားမရှိ၊ အိမ်တို့သည် အိမ်သားမရှိအောင် ဖျက်ဆီးခြင်းသို့ရောက်သဖြင့်၊ တစ်ပြည်လုံးသည် လူဆိတ်ညံရာသက်သက် ဖြစ်သည်တိုင်အောင်လည်းကောင်း၊ 12ထာဝရဘုရားသည် လူတို့ကို ဝေးသောအရပ်သို့ ပြောင်းစေတော်မူ၍၊ ပြည်ထဲမှာ များစွာသောစွန့်ပစ်ခြင်း ရှိသည်တိုင်အောင်လည်းကောင်း၊ ထိုကာလသည်ကြာလိမ့်မည်။ 13ထိုပြည်၌ ဆယ်ဖို့တွင်တစ်ဖို့ ကြွင်းသေးသော်လည်း၊ ထိုအကြွင်းသည် အထပ်ထပ်ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ သို့ရာတွင်၊ ထင်းရှူးပင်နှင့် သပိတ်ပင်တို့ကို ခုတ်လှဲ၍၊ သစ်ငုတ်သည် ကြွင်းသကဲ့သို့၊ သန့်ရှင်းသောအနွယ်သည် ထိုပြည်၌ အငုတ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

ဟေရှာယအနာဂတ္တိကျမ်း - ၆ (အနက်ဖွင့်)

(ခ)ဘုရားသခင်ကဟေရှာယအားခေါ်ယူခြင်းနှင့်တာဝန်ပေးအပ်ခြင်း (အခန်း၆)

၆:၁ ဩဇိဘုရင်နတ်ရွာစံသောခုနှစ်တွင်ဟေရှာယသည်ဘုရင်တကာတို့ ၏ဘုရင်ကိုဗျာဒိတ် ရူပါရုံမြင်သည်။ ယော ၁၂း၃၉-၄၁ ကျမ်းပိုဒ်အရ ဟေရှာယရှုပါရုံမြင်သောဘုရင်သည် သခင်ယေရှုခရစ်တော်ဖြစ်သည် ဟုနားလည်ရသည်။ ထိုအကြောင်းကိုF.C.Jennings ကဤသို့ရှင်းပြထား သည်။

ရှင်ယောဟန်သည် ပါးမို့ကျွန်းတွင်သန့်ရှင်းဝိညာဉ်တော်ပြည့်ဝသကဲ့သို့ ဟေရှာယသည်လည်းဝိညာဉ်တော်ပြည့်ဝခြင်းဖြစ်သည်။ Adohnသည် သခင်ဘုရား၏နာမတော်တပါးဖြစ်၍ ဤကျမ်းပိုဒ်နှင့် ရော၉:၅တွင်သာတွေ့ရသည်။ ရော ၉:၅တွင်“ခရစ်တော်သည်ခပ်သိမ်းသောအရာတို့ကိုအစိုးရတော်မူ၍ထာဝရမင်္ဂလာရှိတော်မူသောဘုရားသခင်ဖြစ်သည်”ဟုဆိုထားသည်။ အမြင့်ဆုံးသော ပလ္လင်တော်ပေါ်၌စိုးစံပိုင်ခွင့်ရှိသူဖြစ်သည်။ ထိုပလ္လင်ပေါ်မှခပ်သိမ်းသောအရာတို့ကိုအုပ်စိုးသည်။ ထိုကဲ့သို့ကောင်းကင်ဘုံပလ္လင်တော်ပေါ်၌စိုးစံတော်မူသော် လည်းဝတ်ရုံတော်မြိတ်ဖျားသည်ဗိမာန်တော်ပေါ်၌ကျရောက်ရာဘုန်းတန်ခိုး ထွန်းတောက်စေမည်။၁၁

၆:၂-၅ ပလ္လင်တော်တစ်ဘက်တချက်တွင်ကောင်းကင်တမန်တရပ်၁၂ ရပ်နေကြသည်။ “အတောင်ခြောက်ခုစီရှိ၍၊အတောင်နှစ်ခုဖြင့်မျက်နှာဖုံးလျက်၊ အတောင်တစုံဖြင့် ခြေထောက်ဖုံးကာ၊ အတောင်တစုံဖြင့်ပျံတတ်ကြသည်၊”ထိုသတ္တဝါများခစားနေခြင်းမှာ၊ဘုရားသခင် နှင့်ဘုရားသခင်၏အမှုတော်မြင့်မြတ်စင်ကြယ်ခြင်း၊အမှုတော်မပြုမှီဖြောင့်မတ် စင်ကြယ်မှုလိုအပ်ခြင်းတို့ကိုဖော်ဆောင်သည်။

ပရောဖက်ဟေရှာယသည် ထိုထက်မက လေးနက်သောရူပါရုံကိုလည်း မြင်သည်။ ဒုစရိုက်အပြစ်၏ ကြီးမားမူအား လူသားများသိရှိဝန်ခံကြစေရန် ပြန်လည်ပြေပြနိုင်မည့် အခြားပြကွက်တခုသို့ ရောက်ရှိသွားသည်။

၆:၆-၈ ထိုအခိုက်ဟေရှာယသည်ကောင်းကင်တမန်သရပ်တပါးကမီးခဲ ဖြင့်ထုသဖြင့် တမဟုတ်ခြင်းသန့်ရှင်းစင်ကြယ်သွားသည်။ တစ်ဘက်တည်းတွင် ဘုရားသခင်၏ခေါ်သံစကားတော်ကြားရသည်။ ဘုရားသခင်၏စကားတော်ကို နာခံသည်နှင့်တပြိုင်နက်ဘုရားသခင်ကတာဝန်ဝတ္တရားများပေးအပ်စေခိုင်း လိုက်သည်။

၆:၉-၁၀ ဘုရားသခင်၏နှုတ်ကပတ်တော်ကြားလျက်နှင့်စိတ်နှလုံးမာ ကျော၍ငြင်းပယ်သူ၊မျက်စိဖြင့်တပ်အပ်မြင်ရသော်လည်းမမြင်ချင်ယောင် ဆောင်သောလူမျိုးသို့ နှုတ်ကပတ်တော်သွားပြောခိုင်းသည်။ အပိုဒ်ငယ်၉နှင့်၁၀ သည်ဟေရှာယ၏တာဝန်ဝတ္တရားအချုပ်မဟုတ်ပါ။ ရည်မှန်းချက်ပန်းတိုင်မဟုတ်သေး။ စေစားချက်တစ်ခုသာဖြစ်သည်။ ဤကျမ်းပိုဒ်တွင်ပါရှိသည့်ဣသရေလတို့၏မနာခံငြင်းပယ်ချက်စကားများကိုဓမ္မကျမ်းတွင်ပြန်လည်ကိုးကားကြ သည်။ ထိုအကြောင်းကိုVine ကဤသို့ရှင်းပြသည်။

ထိုလူမျိုးသည်ငါ့လှေငါထိုးပဲခူးရောက်‌ရောက် လုပ်ကြသောကြောင့်လမ်းမှား ရောက်ကြသည်။ အသက်တာပြောင်းလဲခြင်းနှင့်အနာရောဂါကင်းငြိမ်းခြင်း အခွင့်အရေးဆုံးရှုံးကြသည်။ စိတ်နှလုံးမာကြောလျက်အပြစ်ဒုစရိုက်တွင်ကျင် လည်ကြသည်။ ကုစားရကောင်းမှန်းမသိကြ။ ထို့ကြောင့်ဘုရားသခင်၏အရေးယူတရားစီရင်ခြင်းခံကြသည်။၁၃

၆:၁၁-၁၃ ဘုရားသခင်ကထိုလူများအပေါ်အပြစ်တရားစီရင်ခြင်းသည် အချိန်ကာလမည်မျှကြာညောင်းကြမည်နည်း။ “မြို့တို့သည်မြို့သားမရှိ၊ အိမ်တို့ သည်အိမ်သားမရှိအောင်ဖျက်ဆီးခြင်းသို့ရောက်၍တပြည်လုံးတိတ်ဆိတ်ငြိမ်သက်သည့်တိုင်အောင်၎င်း၊လူတို့ကိုဝေးသောအရပ်သို့ပြောင်းစေတော်မူ၍ပြည် ထဲမှာများစွာသောစွန့်ပစ်ခြင်းရှိသည့်တိုင်အောင်၎င်း၊ကြာလိမ့်မည်”ဟုဘုရားသခင်ကဖြေကြားသည်။ ထိုသူများထဲမှလအနည်းငယ်(ဆယ်ပုံတပုံ)ကိုရွေးနှုတ် ချမ်းသာပေးမည်။ သို့သော် ထိုသူများသည်ဘေးဒဏ်ကြီးကာလကြုံတွေ့ရင်ဆိုင် ကြမည်။ သစ်ပင်ကြီးငယ်များကိုလှဲပစ်လျှင်၊အသစပြန်ထွက်သကဲ့သို့ထိုဣသ ရေလလူတစုသည်မျိုးစေ့မှန်ဖြစ်သောကြောင့်အပင်ပြန်ပေါက်ကြမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။