ဟေရှာယအနာဂတ္တိကျမ်း - ၅၉

အပြစ်ကိုနောင်တရခြင်း
1ကြည့်ရှုလော့။ ထာဝရဘုရားသည် မကယ်မတင်နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည် မဟုတ်။ 2သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှာ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။ 3သင်တို့လက်သည် အသွေးနှင့်လည်းကောင်း၊ လက်ချောင်းတို့သည် ဒုစရိုက်နှင့်လည်းကောင်း ညစ်ညူးကြ၏။ သင်တို့သည် နှုတ်ခမ်းနှင့် လျှာအားဖြင့် မုသားစကား၊ အဓမ္မစကားကို ပြောတတ်ကြ၏။ 4တရားကို အဘယ်သူမျှမရှာ၊ သစ္စာကို အဘယ်သူမျှမစောင့်၊ အနတ္တကိုကိုးစား၍ မုသားစကားကို ပြောတတ်ကြ၏။ မကောင်းသောအကြံကို ပဋိသန္ဓေယူ၍၊ အဓမ္မအမှုကို ဖွားကြ၏။ 5သူတို့သည် မြွေဆိုး၏အဥတို့ကိုဝပ်၍ ပေါက်စေကြ၏။ ပင့်ကူအမြှေးကိုလည်း ရက်ကြ၏။ သူတို့ဥများကို စားသောသူသည် သေတတ်၏။ အဥကိုခွဲလျှင် မြွေဆိုးပေါက်တတ်၏။ 6သူတို့ရက်သောအမြှေးဖြင့် အဝတ်ကို မလုပ်ရ။ ကိုယ်အကျင့်နှင့် ကိုယ်ကို မခြုံရကြ။ သူတို့ပြုသောအမှုသည် အဓမ္မအမှုဖြစ်၏။ သူတို့လက်၌ ကြမ်းတမ်းသောအမှုရှိ၏။ 7သူတို့ခြေသည် အဓမ္မအမှုကိုပြုခြင်းငှာ ပြေးတတ်၏။ အပြစ်မရှိသောသူ၏အသက်ကို သတ်ခြင်းငှာလျင်မြန်၏။ သူတို့အကြံသည် အဓမ္မအကြံဖြစ်၍၊ သူတို့သွားရာလမ်း၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်းရှိ၏။ 8ချမ်းသာလမ်းကို သူတို့မသိကြ။ သူတို့ခရီးသွားရာတွင် တရားမပါ။ မိမိတို့သွားစရာဖို့ ကောက်သောလမ်းတို့ကို ပြင်ဆင်ကြပြီ။ လိုက်သွားသောသူ မည်သည်ကား၊ ချမ်းသာကို မသိရ။
မိမိတို့အပြစ်များကိုလူတို့ ဖော်ပြဝန်ခံကြခြင်း
9ထိုကြောင့်၊ ဖြောင့်မတ်စွာစီရင်ခြင်းသည် ငါတို့နှင့်ဝေး၏။ တရားသည်လည်း ငါတို့ကိုမမီ။ အလင်းကို မျှော်လင့်သောအခါ ရှင်းလင်းခြင်းမရှိ။ ရောင်ခြည်ကိုမျှော်လင့်သော်လည်း၊ မှောင်မိုက်၌ သွားလာရကြ၏။ 10မမြင်နိုင်သော သူကဲ့သို့ နံရံကိုစမ်းသပ်ရကြ၏။ မျက်စိမရှိသော သူကဲ့သို့ စမ်းသပ်ရကြ၏။ ညအချိန်၌ ဖြစ်သကဲ့သို့ မွန်းတည့်အချိန်၌ ထိမိ၍ လဲကြ၏။ စည်းစိမ်ကို ခံစားလျက်၊ သေသောသူကဲ့သို့ ဖြစ်ကြ၏။ 11ငါတို့ရှိသမျှသည် ဝံကဲ့သို့မြည်တမ်း၍၊ ချိုးကဲ့သို့ ညည်းညူကြ၏။ တရားစီရင်ခြင်းကို မျှော်လင့်၍ မရကြ။ ကယ်တင်ခြင်းကျေးဇူးကို မျှော်လင့်သော်လည်း၊ ငါတို့နှင့် ဝေးလှ၏။ 12ငါတို့အပြစ်တို့သည် ရှေ့တော်၌များပြားကြ၏။ ဒုစရိုက်တို့သည် ငါတို့တစ်ဖက်၌ သက်သေခံကြ၏။ ကိုယ်အပြစ်တို့သည် ကိုယ်၌ စွဲကပ်လျက်၊ ကိုယ်ပြုမိသော ဒုစရိုက်များကို ကိုယ်သိကြ၏။ 13ထာဝရဘုရားကို ပြစ်မှားခြင်း၊ ငြင်းပယ်ခြင်းကိုပြု၍၊ ငါတို့၏ဘုရားသခင်ကို စွန့်ကြပြီ။ ညှဉ်းဆဲသောစကား၊ ပုန်ကန်သောစကားကို ပြောခြင်း၊ မဟုတ်မမှန်သောစကားကို အောက်မေ့၍၊ စိတ်နှလုံးထဲက မြွက်ဆိုခြင်းကို ပြုကြပြီ။ 14ဖြောင့်မတ်စွာ စီရင်ခြင်းသည် ဆုတ်သွားပြီ။ တရားသည် အဝေးကရပ်၍ နေ၏။ သစ္စာသည် လမ်း၌လဲပြီ။ ဖြောင့်သောသဘော မဝင်နိုင်ရာ။ 15သစ္စာသည် ပျက်ခဲ့ပြီ။ ဒုစရိုက်ကိုရှောင်သောသူသည် လုယူခြင်းကိုခံရ၏။ ထိုအမှုကို ထာဝရဘုရားသည်မြင်လျှင်၊ တရားမရှိသောကြောင့် မုန်းတော်မူ၏။
16လူတစ်ယောက်မျှမရှိသည်ကို မြင်တော်မူ၏။ တောင်းပန်သောသူ တစ်ယောက်မျှမရှိသည်ကို အံ့ဩတော်မူ၏။ ထိုကြောင့်၊ မိမိလက်တော်သည် မိမိအဖို့ ကယ်တင်ခြင်းအမှုကိုပြု၍၊ မိမိဖြောင့်မတ်ခြင်းတရားသည် မိမိကို ထောက်ပင့်၏။ 17ဖြောင့်မတ်ခြင်း တရားတည်းဟူသော ရင်ကျပ်ကိုဝတ်ဆင်၍၊ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို ဆောင်းတော်မူ၏။ အပြစ်ပေးခြင်း အဝတ်ကိုလည်းကောင်း၊ စိတ်အားကြီးခြင်းဝတ်လုံကိုလည်းကောင်း ယူတင်ဝတ်ဆောင်တော်မူ၏။ 18သူတို့အကျင့်အတိုင်း အကျိုးအပြစ်ကို ဆပ်ပေးတော်မူမည်။ ရန်ဘက်ပြုသောသူတို့အား အမျက်တော်ကိုလည်းကောင်း၊ ရန်သူတို့ ခံထိုက်သည်အတိုင်းအပြစ်ကိုလည်းကောင်း၊ တစ်ကျွန်းတစ်နိုင်ငံသားတို့အား အကျိုးအပြစ်ကိုလည်းကောင်း ဆပ်ပေးတော်မူမည်။ 19သို့ဖြစ်၍၊ အနောက်မျက်နှာသားတို့နှင့်၊ နေထွက်ရာအရပ်သားတို့သည် ထာဝရဘုရား၏နာမတော်နှင့် ဘုန်းတော်ကို ရိုသေကြလိမ့်မည်။ ရန်သူသည် ရေလွှမ်းမိုးသကဲ့သို့ဝင်သောအခါ၊ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဆီးတားတော်မူမည်။ 20ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရွေးနုတ်သောသခင်သည် ဇိအုန်တောင်ပေါ်သို့ ကြွ၍၊ မတရားသောအမှုမှ လွှဲသော ယာကုပ်အမျိုးသားတို့ရှိရာသို့ ရောက်လတ္တံ့။ 21သူတို့၌ ငါကိုယ်တိုင်ပေးသော ပဋိညာဉ်တရားဟူမူကား၊ သင်၏အပေါ်မှာ ကျိန်းဝပ်သော ငါ၏ဝိညာဉ်နှင့် သင်၏နှုတ်၌ ငါထားသောစကားသည်၊ ယခုမှစ၍ ကာလအစဉ်အဆက် သင်၏နှုတ်၊ သင့်အမျိုးအနွယ်၏နှုတ်နှင့်၊ သင့်အမျိုးအနွယ်၏ အမျိုးအနွယ်၏နှုတ်ထဲက မထွက်မပျောက်ရဟု ထာဝရဘုရားမိန့်တော်မူ၏။

ဟေရှာယအနာဂတ္တိကျမ်း - ၅၉ (အနက်ဖွင့်)

၂။ ဣသရေလတို့၏ဆိုးညစ်မှု(အခန်း၅၉)

၅၉:၁-၈ ဘုရားသခင်က ဣသရေလများအားအပြစ်ဒုစရိုက်နွံ ထဲမှရွေးနှုတ်ခဲ့သည်။ ထိုအပြစ်ဒုစရိုက်များသည်ဘုရားသခင် ကသတ်မှတ်ပေးခြင်းမဟုတ်နိုင်။ ဘုရားသခင်၏တံခါးဝ၌အပြစ် ဒုစရိုက်မကပ်မနိုင်။ ဣသရေလတို့၏အပြစ်သာဖြစ်သည်သူတို့ ၏ခြေလက်၊လက်ညိုး၊နှုတ်သီးနှင့်လျှာများသည်မုသာပြောဖို့လူ့အသက်သတ်ဖို့ငမ်းငမ်းတက်နေကြသည်။ နေရာတိုင်းမှာတရား မျှတမှုပျောက်ကွယ်လျှက်မရိုးမသားမှုများသာကြုံတွေ့နေရသည်။  လူများသည်လိမ်ညာလှည့်စားမကောင်းမှုနှင့်ရာဇဝတ်မှုများကိုသာ အာရုံစိုက်နေကြသည်။ ထိုသူများ၏လှုပ်ရှားမှုများသည်မြွေပွေးဥ များကဲ့သို့အန္တရာယ်များ၍ပင့်ကူမျှင်ကဲ့သို့တန်ဖိုးမဲ့သည်။ ပတ်ဝန်းကျင် တွင်အပြစ်ဒုစရိုက်များကလွှမ်းမိုးထိန်းချူပ်ထားသည်။ အတွေး၊ အသွား၊အလုပ်တိုင်းတွင်အကုသိုလ်ချည်းဖြစ်သည်။ ဂရုလည်းမ စိုက်ကြ။ လိမ်လည်ကောက်ကျစ်ခြင်းကိုသာရှာဖွေကြသည်။ ဣသ ရေလအမျိုးတွင်လူ့အကျင့်သစ္စာအဘယ်မှာရှာရမည်နည်း။ (ရော ၃:၁၅-၁၇)

၅၉:၉-၁၅ ရွေးနှုတ်ထားသောလူနည်းစုကအပြစ်ဒုစရိုက်များကိုမိမိတို့ကျူးလွန် ကြောင်းရိုးသားစွာဝန်ခံကြသည်။ တရားမှု၊ဖြောင့်မတ်စင်ကြယ် ခြင်း၊ယဥ်ကျေးသိမ်မွေ့မှု၊စနစ်ကျနမှုနားမလည်ကြ။ မမြင်မ ကန်း နှင့်ပျောက်သောလမ်းမှာစမ်းတဝါးခြေလှမ်း၊သူသည်မွန်း တည့် ချိန်တွင်လည်းထိမိလဲကျတတ်သည်။ ထိုသို့လမ်းလျှောက်ခြင်း သည်တရားမျှတခြင်းနှင့်ရွေးနှုတ်ခြင်းမရနိုင်။ ဣသရေလတို့၏ အပြစ်ဒုစရိုက်များသည်များပြားထူထဲလှသဖြင့်သူတို့ကိုပြန်ဖို့ လိမ့်မည်။ ဘုရားသခင်ကိုငြင်းပယ်၍ခပ်ဝေးဝေးနေကြသည်။  ဘုရားသခင်ကိုဆန့်ကျင်သောစကား၊ပုန်ကန်သောအယူမှား ပြုမူနေကြသည်။ တရားမျှတမှုမရှိဖြောင့်မတ်ခြင်းကင်းဝေး လျက်သမ္မာတရားလည်းလမ်းမပေါ်တွင်လေလွင့်နေသည်။  မြင့်မြတ်ခြင်းကိုလက်မခံ၊သမ္မာတရားကိုမလိုချင်ဘုရားသား သမီးကိုလည်းတိုက်ခိုက်ကြသည်။

၅၉:၁၅(ခ)-၂၁ ဘုရားသခင်ကလူ့လောကကမ္ဘာကြည့်သောအခါတရားမျှတမှု ရှာမတွေ့ဖြောင့်မတ်သူတစ်ဦးမှမမြင် ဘုရားသခင်နှင့်လူဆက်စပ်  ပေးမည့်သူနတ္ထိ။ ထို့ကြောင့်  “ဘုရားရှင်ကိုယ်တော်တိုင်လူ့လောက သို့ဆင်းသည်ထို့ကြောင့်မိမိလက်တော်ကိုမိမိအဘို့ကယ်တင်အမှုကိုပြု၍မိမိဖြောင့်မတ်ခြင်းတရားသည်မိမိကိုထောက်သင့်၏ သူ ၏ရန်သူများကိုဖြောင့်မတ်ခြင်း၊ကယ်တင်ခြင်း၊အလျှော်တောင်း ခြင်း၊စိတ်အားထက်သန်ခြင်းနှင့်အမြတ်ဒေါသများဖြင့် ဖြေရှင်း သည်။ တပါးအမျိုးသားကိုလည်းအသေးစိတ်ဖော်ပြပေးသဖြင့် ကမ္ဘာအရှေ့မှအနောက်အရပ်တိုင်အောင်လူသားအပေါင်းတို့သည် ကိုယ်တော်အားဘုရားသခင်အမှန်ဖြစ်ကြောင်းသိရှိဝန်ခံကြမည်။  ယေဟောဝါဘုရား၏အသက်ဖြစ်သောကြောင့် ကမ္ဘာကြီးတစ်ခုလုံး လွှမ်းမိုးသွားသည်။  ဇိအုန်တောင်ပေါ်ရှိလူနည်းစုအား ကယ်တင် ရှင်သခင်အဖြစ်ပေါ်ထွန်းလာမည်။ ထို့နောက်ဣသရေလအိမ်တော် သူအိမ်တော်သားများအား ပဋိညာ်အသစ်ပြု မည်။  ယေ ၃၁:၃၁-၃၄၊ ဟေဗြဲ ၈:၁၀-၁၆-၁၇ တို့ကိုလည်း ကြည့်ပါ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။