ဟေရှာယအနာဂတ္တိကျမ်း - ၅၇

ရုပ်တုကိုးကွယ်မှုကိုရှုတ်ချခြင်း
1ဖြောင့်မတ်သောသူသည်ဆုံး၍ ကျေးဇူးပြုတတ်သောသူတို့သည် ပယ်ရှားခြင်းကို ခံရသောအခါ၊ ဖြောင့်မတ်သောသူကို မကောင်းသောအမှုအရာထဲက ရုပ်သိမ်းပြီဟု အဘယ်သူမျှ မဆင်ခြင်၊ အဘယ်သူမျှ မအောက်မေ့ကြ။ 2ထိုသို့သော သူသည် ချမ်းသာထဲသို့ ဝင်ရ၏။ ဖြောင့်မတ်စွာကျင့်လျက် မိမိအိပ်ရာပေါ်မှာ ငြိမ်ရ၏။
3စုန်းမသား၊ မျောက်မထားသော မိန်းမသား၊ ပြည့်တန်ဆာမသားတို့၊ ချဉ်းကပ်ကြလော့။ 4သင်တို့သည် အဘယ်သူကို ကျီစယ်ကြသနည်း။ အဘယ်သူအားနှုတ်ကိုဖွင့်၍ လျှာကို ထုတ်ပြကြသနည်း။ သင်တို့သည် ဖောက်ပြန်သော အမျိုး၊ သစ္စာပျက်သောအမျိုး ဖြစ်ကြသည်မဟုတ်လော။ 5စိမ်းသော သစ်ပင်ရှိသမျှအောက်မှာ ရုပ်တုဆင်းတု၌ တပ်မက်သောသူ၊ ချိုင့်ထဲ၊ ကျောက်စောင်းအောက်မှာ သူငယ်ကို သတ်သောသူ မဟုတ်လော။ 6ချိုင့်ထဲမှာ ချောသောကျောက်ခဲတို့တွင် သင်၏တာရှိ၏။ ထိုသို့သောအရာတို့သည် သင်၏အမွေဖြစ်၏။ ထိုသို့သော အရာရှေ့မှာ သွန်းလောင်းရာပူဇော်သကာနှင့် ဘောဇဉ်ပူဇော်သကာကို ပြုတတ်၏။ ထိုအမှုတို့ကို ငါနှစ်သက်တတ်သလော။ 7မြင့်လှသော တောင်ကြီးပေါ်မှာ သင်၏ခုတင်ကိုထားပြီးလျှင်၊ ထိုအရပ်သို့တက်၍ ယဇ်ပူဇော်တတ်၏။ 8သင်အောက်မေ့စရာ သက်သေကို တံခါးနှင့် တိုင်နောက်မှာ ထားပြီး။ ငါမှတစ်ပါး အခြားသူတို့အား အဝတ်ကိုချွတ်၍၊ အိပ်ရာပေါ်သို့ တက်လေပြီ။ မိမိခုတင်ကို ကျယ်စေ၍ သူတို့နှင့် ဝန်ခံပြီ။ သူတို့ခုတင်ကိုလည်း တပ်မက်၍၊ နေရာအရပ်ကို ရှာလေပြီ။ 9ဆီမွှေးပါလျက်၊ ရှင်ဘုရင့်ထံသို့သွားပြီ။ နံ့သာမျိုးများကိုသုံးပြီ။ တမန်တို့ကို ဝေးသောအရပ်သို့ စေလွှတ်၍၊ မရဏနိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချပြီ။ 10ဝေးစွာခရီးသွား၍ ပင်ပန်းသော်လည်း စိတ်မပျက်။ ကြိုးစား၍ အသက်လွတ်သောကြောင့် အားလျော့ခြင်းမရှိ။ 11သင်သည် သစ္စာပျက်သည် တိုင်အောင်လည်းကောင်း၊ ငါ့ကိုမေ့လျော့၍ သတိမပြုဘဲနေသည် တိုင်အောင်လည်းကောင်း၊ အဘယ်သူကို ကြောက်ရွံ့သနည်း။ ငါသည် ရှေးကာလမှစ၍ တိတ်ဆိတ်စွာနေသောကြောင့်၊ သင်သည် ငါ့ကိုမကြောက်ဘဲ နေသည်မဟုတ်လော။ 12သင်၏ကုသိုလ်နှင့်၊ သင်ပြုသောအမှုတို့ကို ငါဖော်ပြမည်။ 13ထိုသို့သောအမှုသည် အကျိုးကို မပေးနိုင်။ သင်သည် အော်ဟစ်သောအခါ၊ သင်၏အလုံးအရင်းတို့သည် ကယ်နုတ်ကြစေ။ လေသည် သူတို့ကို တိုက်သွားလိမ့်မည်။ လေတစ်မှုတ်နှင့် လွင့်ကြလိမ့်မည်။ ငါ့ကို ကိုးစားသောသူမူကား၊ ပြည်တော်ကို ပိုင်၍၊ ငါ၏သန့်ရှင်းသောတောင်ကို အမွေခံရလိမ့်မည်။
အနာပျောက်စေသောထာဝရဘုရား
14ထိုအခါ မြေကိုဖို့ကြ။ မြေကိုဖို့ကြ။ လမ်းကိုပြင်ကြ။ ငါ့လူတို့၏ လမ်းခရီး၌ အဆီးအတားမရှိစေနှင့်ဟု ငါပြောဆိုရ၏။ 15အကြောင်းမူကား၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွတ်အမြတ် ဖြစ်တော်မူသောဘုရား မိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်းသော အရပ်၌နေ၏။ စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲသော သူတို့၏စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှာ၊ ကြေကွဲနှိမ့်ချသော စိတ်သဘောရှိသောသူတို့၌လည်း ငါနေ၏။ 16ငါသည် အစဉ်မပြတ် တရားတွေ့မည်မဟုတ်။ အစဉ်မပြတ် အမျက်ထွက်မည်မဟုတ်။ ထိုသို့ဟုတ်လျှင်၊ အသက်သည် ငါ့ရှေ့မှာပျောက်၍၊ ငါဖန်ဆင်းသောဝိညာဉ်သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။ 17သူ၏ လောဘလွန်ကျူးခြင်းအပြစ်ကြောင့်၊ ငါသည် အမျက်ထွက်၍ ဒဏ်ခတ်လေ၏။ အမျက်ထွက်၍ မျက်နှာကို လွှဲလေ၏။ သူသည်လည်း မိမိအလိုရှိရာလမ်းသို့ လွှဲသွားလေ၏။ 18သူ၏ အကျင့်ဓလေ့တို့ကို ငါမြင်ပြီ။ သူ့ကိုအနာပျောက်စေ၍ လမ်းပြဦးမည်။ သူ့ကိုလည်းကောင်း၊ သူနှင့်အတူ စိတ်ညှိုးငယ်သော သူတို့ကိုလည်းကောင်း၊ ချမ်းသာပေးဦးမည်။ 19ငါသည် နှုတ်ခမ်းအသီးကို ဖန်ဆင်း၏။ ဝေးသောသူ၌လည်းကောင်း၊ နီးသောသူ၌လည်းကောင်း ငြိမ်သက်ခြင်းဖြစ်စေ၊ ငြိမ်သက်ခြင်းဖြစ်စေ၊ သူ၏အနာကို ငါပျောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ 20မတရားသောသူတို့မူကား၊ မငြိမ်နိုင်ဘဲလှုပ်ရှား၍၊ ရွှံ့နှင့် အမှိုက်ကိုပက်သော ပင်လယ်ရေနှင့် တူကြ၏။ 21မတရားသောသူတို့၌ ငြိမ်သက်ခြင်းမရှိဟု ငါ၏ဘုရားသခင်မိန့်တော်မူ၏။

ဟေရှာယအနာဂတ္တိကျမ်း - ၅၇ (အနက်ဖွင့်)

၅၇:၁-၂ ဤအခန်းငယ်(၂)ခုသည် လာမည့်အခန်းမှအငယ်၉-၁၂နှင့် ဆက်စပ်သည်။ အပြစ်ဒုစရိုက်သားများအကြားတွင်ဖြောင့်မတ်စင်ကြယ်သူများ သည်စုံစမ်းညှင်းပန်းနှိပ်စက်ခံရစမြဲဖြစ်သည်။ လူသားများမှဂရုမစိုက်ကြသော် လည်းဘုရားသခင်ကထိုသူများကိုဂရုစိုက်သည်။ ဘုရားတရားမဲ့ဒုစရိုက်ပေါင်း စုံမှကယ်နှုတ်၍ငြိမ်သက်ခြင်း၊ချမ်းသာခြင်းပေးပါသည်။

၅၇:၃-၆ သူတပါးလက်အောက်သို့ဖမ်းဆီးခေါ်ဆောင်ခြင်းခံနေရသော် လည်းအချို့ဣသရေလများသည်အမှတ်သညာမရှိ။ ဘုရားတုကိုကိုးကွယ်နေ ကြဆဲ။ ထိုသို့ဖြင့်အုတ်ရောရောကျောက်ရောရောကြီးပြင်းလာလျက်သူတို့မိဘ များ၏မျောက်မသောအကျင့်ဆုတ်၊အကျင့်ယုတ်ခြေရာလိုက်လျောက်ကြသည်။ ဘုရားသခင်ကိုပြက်ယယ်ပြုစော်ကားကြသည်။ ဒုစရိုက်မကောင်းဆိုးဝါး၏ သားသမီးများဖြစ်ကြသည်။ ရုက္ခစိုးနတ်ကိုးကွယ်ကြသည်။ သားသမီးများကို လည်းဗာလဘုရား၊မောလက်ဘုရားထံသို့အပ်နှံခြင်းဖြင့်မြောင်းထဲသို့ပို့ကြ သည်။

၅၇:၇-၁၀ တောင်ကုန်း၊တောင်ပူစာများပေါ်တွင်ရုပ်တုဘုရားများကတ် သီးကတ်သတ်တည်၍ရှိခိုးကြသည်။ အိမ်တံခါး၊နံရံများတွင်ကျမ်းချက်၊ကျမ်း ပိုဒ်များချိတ်ဆွဲမည့်အစားညစ်ညမ်းသောအပြာပန်းချီကားများချိတ်ဆွဲခြင်း ဖြင့်လူလုပ်ဘုရားကိုးကွယ်ကြသည်။ ဘုရင်(မောလက်ဘုရား)ထံဆုလက် ဆောင်(ပူဇော်သက္ကာ)များယူဆောင်လာကြခြင်းဖြင့်မရဏာနိုင်ငံသွားဖို့ စာရင်းပေးကြသည်။  ထိုမျှညစ်ယုတ်လမ်းမှားခြင်းဖြင့် မကြေနပ် ကြသေး။  အခြားသူများကိုဖိစီးကြသည်။  ၀န်မလေးကြသည်။  လမ်းလွဲစေ ကြသည်။  ဆိုးသထက်ဆိုး၊ မှားသထက်မှားစေကြသည်။

၅၇:၁၁-၁၃ ယေဟောဝါ ဘုရားကိုလိမ်လည်လှည့်ဖျားဖို့၀န်မလေးကြ။  ဒုတိယနေရာမှာပင် မထားချင်ကြ။  အဘယ်ကြောင့်ဆိုသော် ငြိမ်သက်ခြင်း ကိုဘုရားသခင်ကထိန်းချုပ်ထားသည်။  ထိုသူများသည် ဘ၀ အဆင်ပြေခြင်း ကိုတပ်မက်လိုချင်သူများမဟုတ်သဖြင့် အလေးမထားကြ။ မိမိကိုယ်ကိုဖြောင့် မတ်သူဟုထင်မှတ်ကြသည်။   သူတို့ ကိုးကွယ်သော လူလုပ်ဘုရားများက ကူညီမစမည်ဟု ထင်မှတ်ကြသည်။  လူလုပ် ဘုရားက ဘာမှမတတ်နိုင်ကြပါ။သို့သော် ထင်သည့်အတိုင်းမဟုတ်။  သို့သော် ထာ၀ရဘုရားကို ယုံကြည်ကိုးစား သူများသည် ဘ၀အဆင်ပြေ၍ ကောင်းကြီးမင်္ဂလာခံစားကြသည်။

၅၇:၁၄-၁၉ ပြည်နှင်ဒဏ်ခံရသော်လည်းသစ္စာရှိရှိယုံကြည်သူများ သည် ဘုရားသခင်ခင်းထားပေးသော အဝေးပြေးလမ်းမကြီးပေါ်လျှောက်၍ ပြည်တော်ပြန်၀င်ခွင့်ရကြမည်။  ခလုတ်ကန်သင်းအခက်အခဲဟူသမျှ ဘုရား ရှင်ဖယ်ရှားပေးထားမည်။  ရာထူးဌာန္တရမြင့်မားသူများ၊ ဂုဏ်ရှိန်ထယ်ဝါ ကြီးမြင့်သူများလည်းစိတ်နှလုံးသိမ်မွေ့နူးညံံ့ဖို့ဘုရားသခင်အလိုရှိသည်။ ရာထူးကြီးသူသည် ထိုရာထူးဂုဏ်ပကာသန၌ အမြဲတည်မည်မဟုတ်။  တနည်း အားဖြင့် ထိုသူသည်ဘုရားသခင်၏ အမျက်ဒေါသသင့်မည့်သူဖြစ်သည်။  ထိုသူ၏လောကရမက်တပ်မက်မှု၊ ဖောက်ပြန်မှုအပေါ်သို့ ဘုရားသခင်၏ အမျက်ဒေါသကျရောက်မည်။  သို့သော်ဘုရားသခင်၏ အမျက်ဒေါသသည် အကန့်အသတ်ရှိသည်။  လူ့လက်လုပ်ဘုရားကိုစွန့်ခွာ၍ ဘုရားသခင်ထံ တော်သို့ ပြန်လာလျှင် ပြန်လည်ကူညီမစမည်။  ဘုရားသခင် သည် နှုတ်ခမ်းအသီးကိုစားစေသောသူဖြစ်သောကြောင့်ထိုသူများသည်လည်းသူတို့နူတ်အသီးကို စားကြရမည်။

၅၇:၂၀-၂၁ ဆိုးညစ်သောသူများကိုလှိုင်းတံပိုးထသောပင်လယ်နှင့် ခိုင်းနှိုင်းထားသည်။

မတရားဆိုးညစ်သူများသည် ပင်လယ်လှိုင်းတံပိုးနှင့်တူသည်။

မုန်တိုင်းထန်လျက် တချိန်လုံးမငြိမ်မသက်လှည့်စားသည်။

ရေပြင်သည်မြင့်လျက်၊ နိမ့်လျက်လှိုင်းထသည်။

မြင့်သောအခါတွင်လည်းအမှိုက်သရိုက်ပါလာသည်။

ဖြောင့်မတ်သောသူများသည် ဘ၀ငြိမ်သက်ကြသော်လည်း မတရားသောသူများသည် ငြိမ်သက်ခြင်းမတွေ့နိုင်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။