ဟေရှာယအနာဂတ္တိကျမ်း - ၄၃

လူမျိုးတော်ကိုကယ်တင်ခြင်း
1အို ယာကုပ်အမျိုး၊ ဣသရေလအနွယ်၊ သင့်ကိုဖန်ဆင်းပြုပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊ မစိုးရိမ်နှင့်။ သင့်ကို ငါရွေးနုတ်ပြီ။ ငါ့နာမဖြင့် မှည့်ပြီ။ သင့်ကို ငါဆိုင်၏။ 2သင်သည် ရေကိုလျှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို လျှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညိရ။ 3အကြောင်းမူကား၊ ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင့်ကို ရွေးသောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား ဖြစ်၏။ သင့်ကိုရွေးဖို့၊ အဲဂုတ္တုပြည်ကိုလည်းကောင်း၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကိုလည်းကောင်း ငါပေး၏။ 4သင်သည် ငါမြတ်နိုးရာဖြစ်သောကြောင့် အသရေရှိပြီ။ ငါလည်းချစ်၏။ ထိုကြောင့်၊ သင့်အတွက် လူတို့ကိုလည်းကောင်း၊ သင်၏အသက်အတွက် လူမျိုးတို့ကိုလည်းကောင်း ငါပေးမည်။ 5မစိုးရိမ်နှင့်။ ငါသည် သင်နှင့်အတူ ရှိ၏။ အရှေ့မျက်နှာမှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်မျက်နှာမှ သင့်ကို စုသိမ်းမည်။ 6အပ်လော့ဟု မြောက်မျက်နှာကိုလည်းကောင်း၊ မထိမ်နှင့်ဟု တောင်မျက်နှာကိုလည်းကောင်း ငါပြောမည်။ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော၊ 7ငါ့နာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေဖို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ် လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည်။
8မျက်စိရှိလျက်ပင် မျက်စိကန်းသောသူနှင့်၊ နားရှိလျက်ပင် နားပင်းသောသူတို့ကို ဆောင်ခဲ့လော့။ 9လူအမျိုးမျိုး အစုစုတို့သည် စုရုံးစည်းဝေးကြစေ။ သူတို့တွင် အဘယ်သူသည် ဤအမှုကို ဖော်ပြမည်နည်း။ အရင်ဖြစ်လတ္တံ့သော အရာကို အဘယ်သူ ဟောပြောမည်နည်း။ သူတို့သည် အပြစ်တင်ခွင့်နှင့် လွတ်မည်အကြောင်း၊ သက်သေတို့ကို ပြကြစေ။ သို့မဟုတ် နားထောင်၍၊ ဤသို့မှန်သည်ဟု ဝန်ခံကြစေ။
10ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည်၊ ငါ့ကိုသိမှတ်ယုံကြည်၍၊ ငါသည် မှန်ပြီဟု နားလည်မည်အကြောင်း၊ ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန် ဖြစ်ကြ၏။ ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှ မဖြစ်၊ ငါ့နောက်မှာလည်း၊ အဘယ်ဘုရားသခင်မျှ မရှိရာ။ 11ငါတစ်ပါးသည် ထာဝရဘုရားဖြစ်၍၊ ငါမှတစ်ပါး ကယ်တင်သောသခင်မရှိ။ 12ငါသည် ဗျာဒိတ်ထားနှင့်သည်အတိုင်း ကယ်တင်ပြီ။ ငါဖော်ပြနှင့်ပြီ။ သင်တို့တွင် အခြားတစ်ပါးသောဘုရားသည် ဖော်ပြနှင့်သည် မဟုတ်။ ငါသည် ဘုရားသခင်မှန်ပြီဟု သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။ 13နေ့ရက်ကာလမဖြစ်မီ ငါသည် ဘုရားဖြစ်၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနုတ်နိုင်။ ငါပြုသောအမှုကို အဘယ်သူ ဆီးတားမည်နည်းဟု ထာဝရဘုရားမိန့်တော်မူ၏။
ဗာဗုလုန်မှလွတ်မြောက်ခြင်း
14သင်တို့ကို ရွေးနုတ်သောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့အတွက်၊ ဗာဗုလုန်မြို့သို့ စေလွှတ်၍၊ ပြေးသော မြို့သားတို့နှင့် ခါလဒဲလူများကို သူတို့ပျော်မွေ့ရာ သင်္ဘောသို့ ဆင်းစေမည်။ 15ငါသည် သင်တို့၏ သန့်ရှင်းသောထာဝရဘုရား၊ ဣသရေလအမျိုးကို ဖန်ဆင်းသောဘုရား၊ သင်တို့၏ရှင်ဘုရင်ဖြစ်၏။
16ပြင်းထန်သော ပင်လယ်ရေ၌ လမ်းခရီးကို ဖန်ဆင်းတော်မူထသော၊ 17ရထားများ၊ မြင်းများနှင့်တကွ၊ စစ်သူရဲအလုံးအရင်းတို့ကို ဆောင်ခဲ့တော်မူထသော၊ သူတို့ကို မထနိုင်အောင် တစ်ပြိုင်နက်တည်း အိပ်စေ၍၊ မီးစာသေသကဲ့သို့၊ ငြိမ်းစေတော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊ 18ဖြစ်ဖူးသောအမှုတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏အရာတို့ကို ပမာဏမပြုကြနှင့်။ 19ကြည့်ရှုလော့။ အမှုသစ်ကိုငါပြုမည်။ ယခုပေါ်လာလိမ့်မည်။ သင်တို့သည် အမှန် သိမြင်ရကြလိမ့်မည်။ အကယ်စင်စစ် တော၌ လမ်းကိုလည်းကောင်း၊ လွင်ပြင်၌ စီးသောရေကိုလည်းကောင်း ငါဖန်ဆင်းမည်။ 20မြေခွေးနှင့် ကုလားအုတ်ငှက်မှစ၍၊ တောသားရဲတို့သည် ငါ၏ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလိမ့်မည်။ အကြောင်းမူကား၊ ငါရွေးကောက်သောသူ၊ ငါ၏လူတို့သောက်စရာဖို့ တော၌ရေများကိုလည်းကောင်း၊ လွင်ပြင်၌ မြစ်တို့ကိုလည်းကောင်း ငါပေးမည်။ 21ကိုယ်အဖို့ ငါဖန်ဆင်းသော ထိုလူမျိုးသည် ငါ၏ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်။
ဣသရေလ၏ဒုစရိုက်အပြစ်
22သို့သော်လည်း၊ အို ယာကုပ်အမျိုး၊ သင်သည် ငါ့ကိုပတ္ထနာမပြု။ အို ဣသရေလအမျိုး၊ သင်သည် ငါ့ကို ငြီးငွေ့သည်တကား။ 23မီးရှို့ရာ သိုးသငယ်ကို ငါ့ထံသို့မဆောင်ခဲ့။ ယဇ်ပူဇော်ခြင်းအားဖြင့် ငါ့ကို မချီးမြှောက်။ ငါသည် သင့်ကို အလှူဒါနနှင့် အမှုမထမ်းစေ။ လောဗန်ကို တောင်း၍ သင့်ကို မပင်ပန်းစေ။ 24သင်သည် မွှေးသောကြံကို ငါ့ဖို့ ငွေနှင့်မဝယ်။ ပူဇော်သောယဇ်ကောင်ဆီဥနှင့် ငါ့ကို ဝစွာမကျွေး။ သင်သည် ဒုစရိုက်အပြစ်နှင့် ငါ့ကို အမှုထမ်းစေပြီတကား။ အဓမ္မအမှုကိုပြု၍ ငါ့ကိုပင်ပန်းစေပြီတကား။ 25ငါတစ်ပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ဒုစရိုက်အမှုတို့ကို မအောက်မေ့။ 26ငါ့ကို သတိပေးလော့၊ တရားတွေ့ကြကုန်အံ့။ သင်သည် အပြစ်လွတ်မည်အကြောင်း ပြောလော့။ 27သင်၏ ပထမအဘသည် ဒုစရိုက်ကိုပြုပြီ။ သင်၏ဆရာတို့သည် ငါ့ကို ပြစ်မှားကြပြီ။ 28ထိုကြောင့်၊ သန့်ရှင်းရာဌာန၏မင်းတို့ကို ငါရှုတ်ချပြီ။ ယာကုပ်အမျိုးသည် ကျိန်ဆဲခြင်းကိုလည်းကောင်း၊ ဣသရေလအမျိုးသည် ကဲ့ရဲ့ခြင်းကိုလည်းကောင်း ခံစေခြင်းငှာငါစွန့်ပြီ။

ဟေရှာယအနာဂတ္တိကျမ်း - ၄၃ (အနက်ဖွင့်)

၅။ ဣသရေလတို့ပြန်လည်စုစည်းဖွံ့ဖြိုးမည့်အကြောင်း(အခန်း၄၃-၄၄)

၄၃:၁-၇ ဘုရားသခင်သည်စိတ်ရှည်သီးခံသူဖြစ်တော်မူသည့်အတိုင်းသူ့ လူများအားစိုးရိမ်သောကမရောက်ဖို့အသိပေးသည်။ အဘယ်ကြောင့်ဆိုသော် ယေဟောဝါဘုရားသခင်ကသူတို့ကိုဖန်ဆင်းသည်။ ပုံစံပြသည်။ ရွေးနှုတ်သည်။  ရေဘေး၊မီးဘေးကာလ၌လည်းအထံတော်သို့ခေါ်ယူလုံခြုံစေသည်။ ဣသရေလ တို့၏စင်ကြယ်သောဘုရားသခင်ကအဲဂုတ္တုပြည်မှရွေးထုတ်ခဲ့သည်။ ဖမ်းဆီးခံရခြင်းမှပြန်လည်လွတ်မြောက်လာခြင်းဖြင့်ကတိတော်အချို့ပြည့်စုံခဲ့သည်။ ထိုအကြောင်းကိုVineကဤသို့ရှင်းပြထားသည်။

ဘုရားသခင်က ဣသရေလများအဲဂုတ္တုမင်းလက်အောက်မှလွတ်မြောက်ဖို့ ကုရုမင်းနှင့်သားCambyses တို့ကိုစေလွှတ်လက်ဆောင်ပေးခဲ့သည်။ ရှေဘ ပြည်သည်ပင်လယ်ဖြူနှင့်နိုင်းလ်မြစ်အကြားတွင်အကျယ်ဆုံးသောနယ်မြေ ဖြစ်၍အဲသယောပိထိအောင်ရှည်လျားကျယ်ဝန်းသည်။ ထိုမျှကျယ်ဝန်းသော နယ်မြေကိုလက်ဆောင်အဖြစ်ပေးသည်မဟုတ်။ ရွေးနှုတ်ခအဖြစ်ပေးခြင်းဖြစ် သည်။ (a  kopher  or  covering)အချို့ကအဖိုးစားနားပေးအပ်ခဲ့ကြပြီးဖြစ် သည်။ ထိုပေးဆပ်ခဲ့သောတန်ဖိုးအားပြန်လည်ဖာထေးဖြည့်ဆည်းပေးသည်။၅၁

အဘယ်ကြောင့်ဆိုသော်ဣသရေလလူမျိုးကိုချစ်ခင်သည်။ တန်ဖိုးထားသည်။ မြတ်နိုးသည်။ ပေးဆပ်ခဲ့သောအရာများအတွက်လျှော်ကြေးဖြစ်ပေးမည်။ တရားမျှတမှုမရှိသောတပါးအမျိုးသားများထံမှပြန်လည်ရွေးထုတ်ပြီမှသာ လျှင်ဘုရားရှင်၏သားသမီးများပြန်လည်စုစည်း၊ဖွံ့ဖြိုးနိုင်မည်။ အခန်းငယ်၅-၈သည်ဣသရေလတို့ပြည်လည်ထူထောင်စည်ပင်ဝပြောမည့်ဖြစ်သည်။

၄၃:၈-၁၃ ဘုရားသခင်ကဣသရေလနှင့်တိုင်းနိုင်ငံသားလူမျိုးများဆင့် ခေါ်သည်။ ရုပ်တုဆင်းတုဘုရားတုများ၏အစွမ်းသတ္တိနှင့်အနာဂတ်တွင်ပျက် စီးမည့်အကြောင်းကိုထောက်ပြသည်။ တနည်းအားဖြင့်ယေဟောဝါဘုရားသ ခင်တစ်ပါးတည်းသာလျှင်ဘုရားသခင်အမှန်ဖြစ်ကြောင်းရှင်းပြသည်။ ဣသရေ လလူမျိုးအားဘုရားသခင်၏သက်သေ၅၂ အဖြစ်ခေါ်သည်။ ဘုရားသခင်တပါး တည်းသာလျှင်ဘုရားစစ်ဘုရားမှန်ဖြစ်ကြောင်းထာဝရဘုရားဖြစ်ကြောင်းလူ မျိုးတော်၏သမိုင်းကြောင်းလူမျိုးတော်၏သမိုင်းကြောင်းနှင့်ယှဉ်၍သက်သေ ပြခိုင်းသည်။ ဘုရားရှင်၏ကွယ်ကာဆောင်မခဲ့ပုံများကိုယုံမှားသံသယကင်း ရှင်းစွာအတိအလင်းသက်သေခံကြရမည်။

၄၃:၁၄-၂၁ ဣသရေလတို့ကြံမ္မာအလို့ငှာဘုရားသခင်ဗာဗုလုန်ပြည်ကို ချေမှုန်းမည်။ ထိုသို့ပြုလုပ်ခြင်းမှာဘုရားသခင်သည်ယုံကြည်သူတို့၏ဘုရား သခင်ဖြစ်ကြောင်း၊ဖန်ဆင်းရှင်၊အကြီးမားဆုံးသောရှင်ဘုရင်ဖြစ်ကြောင်း သက်သေပြသည်။ ပင်လယ်နီတဖက်ကမ်းမှဦးဆောင်ခေါ်လာသူဣသရေတို့ အားနောက်မှလိုက်လံတိုက်ခိုက်သောအဲဂုတ္တုပြည်မှမိမိတို့မူရင်းဒေသသို့ပြန် လာရာလမ်းမဖောက်ပေးသည်။ ကမ္ဘာမြေပြည်သစ်တွင်အောင်ရေအလုံအ လောက်ပေးထားသဖြင့်ထွန်ယက်စိုက်ပျိုးစည်ပင်သာယာကြသည်။ ကန္တာရ တောသည်စိမ်းလန်းစိုပြေသောနယ်မြေဖြစ်လာသည်။ ဘုရားသခင်၏လူများ သည်နာမတော်အားချီးမွမ်းကြမည်။

၄၃:၂၂-၂၄ ဤကျမ်းပိုဒ်သည်ဣသရေလတို့ဖမ်းဆီးခြင်းမခံရမှီနေ့ရက် ကာလအကြောင်းဖြစ်သည်။ ဣသရေလတို့သည်ဆုတောင်းခြင်းမပြုဘုရားသ ခင်ကိုချစ်ကြောက်ရမှန်းမသိကြ။ ပူဇော်သက္ကာများကိုပုံမှန်သိကြသော်လည်း ဝတ္တရားအရလုပ်ဆောင်ကြသည်။ စိတ်နှလုံးမပါကြ။ လူမြင်ကောင်းအောင်ဘာ သာရေးထုံးစံအရလုပ်ကြခြင်းဖြစ်သည်။ ဘုရားသခင်ကိုချီးမွမ်းဆက်ကပ်ရာ မရောက်။ မိမိတို့အစီစဉ်ဖြင့်ဝန်ထုတ်ဝန်ပိုးထမ်းကြခြင်းသာဖြစ်သည်။

၄၃:၂၅-၂၈ ဘုရားရှင်သည်ကျေးဇူးတော်ကြီးမားသည့်အတိုင်းဣသရေ လတို့၏ဆိုးသွမ်းမိုက်မဲမှုအပြစ်ဒုစရိုက်များကိုခွင့်လွှတ်ထားသည်။ အမှတ်သ ညာလည်းမထား။ ထိုသို့ဘုရားသခင်ကခွင့်လွှတ်သော်လည်းလိပ်ပြာသန့်နိုင်ကြ မည်လား။ မသန့်နိုင်ပါ။ ကမ္ဘာဦးလူသားအာဒံမှစ၍အပြစ်ဒုစရိုက်ဗီဇပါလာကြ ပြီးဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်ကတရားစီရင်ရပေဦးမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။