ကမ္ဘာဦးကျမ်း - ၂၃

စာရာအတွက်သင်္ချိုင်းမြေဝယ်ခြင်း
1စာရာသည် အသက်တစ်ရာနှစ်ဆယ်ခုနစ်နှစ်ရှိ၏။ ထိုမျှလောက်အသက်ကြီးသော်၊ 2ခါနာန်ပြည်၊ ဟေဗြုန်မြို့တည်းဟူသော၊ ကိရယသာဘမြို့၌ သေလေ၏။ အာဗြဟံသည်လည်း စာရာကြောင့် ညည်းတွားငိုကြွေးခြင်းငှာလာ၏။
3အာဗြဟံသည် မိမိမယားအသေကောင်ရှေ့ကထ၍၊ ဟေသအမျိုးသားတို့အား၊ 4ငါသည် သင်တို့ထံမှာဧည့်သည်အာဂန္တုဖြစ်ပါ၏။ ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည်အကြောင်း၊ သင်တို့တွင် သင်္ချိုင်းကိုငါ့အားအခွင့်ပေးပါလော့ဟု ဆို၏။ 5ဟေသအမျိုးသားတို့က၊ အကျွန်ုပ်တို့သခင်၊ နားထောင်ပါ။ 6ကိုယ်တော်သည်၊ အကျွန်ုပ်တို့တွင်၊ ဘုရားသခင်နှင့်ဆိုင်သောမင်းဖြစ်ပါ၏။ အကျွန်ုပ်တို့၏သင်္ချိုင်းများတွင်ရွေး၍၊ ကိုယ်တော်၏မယားအသေကောင်ကို သင်္ဂြိုဟ်ပါလော့။ ကိုယ်တော်၏မယားအသေကောင်ကို မသင်္ဂြိုဟ်စေခြင်းငှာ၊ အကျွန်ုပ်တို့တွင် အဘယ်သူမျှ မိမိသင်္ချိုင်းကိုမပေးဘဲမနေပါဟု၊ အာဗြဟံအား ပြန်ပြောကြ၏။ 7အာဗြဟံသည်ထ၍၊ ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ ဦးညွှတ်ချလျက်၊ 8ငါသည် ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်စေခြင်းငှာ သင်တို့အလိုရှိလျှင်၊ ငါ့စကားကို နားထောင်ကြပါလော့။ 9သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်းရှိစေခြင်းငှာ၊ ဇောဟာသားဧဖရုန်သည်၊ မိမိလယ်ပြင်အစွန်း၌ရှိသော မပ္ပေလမြေတွင်းကို၊ အဖိုးထိုက်သမျှငွေနှင့် ငါ့အားရောင်းစေခြင်းငှာ၊ ငါ့အတွက်သူ့ကိုတောင်းပန်ကြပါလော့ဟု နှုတ်ဆက်၍ပြောဆို၏။ 10ထိုအခါ ဧဖရုန်သည်၊ ဟေသအမျိုးသားတို့တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ မြို့တံခါးသို့ဝင်သောသူအပေါင်းတည်းဟူသော ဟေသအမျိုးသားပရိသတ်၌၊ ဟိတ္တိအမျိုးသားဧဖရုန်က၊ ထိုသို့မဟုတ်ပါ။ 11အကျွန်ုပ်သခင်၊ အကျွန်ုပ်စကားကို နားထောင်ပါ။ ထိုလယ်ပြင်ကိုလည်းကောင်း၊ လယ်ပြင်၌ရှိသောမြေတွင်းကိုလည်းကောင်း၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ အကျွန်ုပ်အမျိုးသားများရှေ့၌၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ ကိုယ်တော်၏မယားအသေကောင်ကို သင်္ဂြိုဟ်ပါဟု၊ အာဗြဟံအား ပြန်ပြောလေ၏။
12အာဗြဟံသည်လည်း၊ ထိုပြည်သားများရှေ့မှာ ဦးညွှတ်ချလျက်၊ အကယ်၍ ငါ့စကားကိုနားထောင်ပါ။ 13ထိုလယ်ပြင်အဖိုးငွေကို ငါပေးမည်။ ငွေကိုယူပါ၊ သို့ဖြစ်လျှင်၊ ထိုအရပ်၌ ငါ၏မယားအသေကောင်ကို ငါသင်္ဂြိုဟ်ပါမည်ဟု ပြည်သားပရိသတ်တို့ရှေ့မှာ၊ ဧဖရုန်အားပြောဆို၏။ 14ဧဖရုန်ကလည်း၊ အကျွန်ုပ်သခင်၊ နားထောင်ပါ။ 15ထိုမြေသည် ငွေလေးပိဿာအဖိုးထိုက်ပါ၏။ ကိုယ်တော်နှင့် အကျွန်ုပ်၌ အဘယ်အတွက်ရှိသနည်း။ ကိုယ်တော်၏မယားအသေကောင်ကို သင်္ဂြိုဟ်ပါလော့ဟု၊ အာဗြဟံအားပြန်ပြော၏။ 16အာဗြဟံသည်လည်း၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ်၍၊ ကုန်သည်သုံးတတ်သောငွေမျိုး၊ ဟေသအမျိုးသားပရိသတ်ရှေ့၊ ဧဖရုန်အဖိုးဖြတ်သည်အတိုင်း၊ ငွေလေးပိဿာကိုချိန်၍၊ သူ့အားပေးလေ၏။ 17ထိုသို့မံရေမြို့ရှေ့မှာ၊ မပ္ပေလအရပ်၌ရှိသောဧဖရုန်၏လယ်ပြင်ကိုလည်းကောင်း၊ လယ်ပြင်၌ရှိသောမြေတွင်းနှင့် သစ်ပင်များ၊ ပတ်ဝန်းကျင်သစ်ပင်များကိုလည်းကောင်း၊ 18ဟေသအမျိုးသားပရိသတ်၌၊ မြို့တံခါးသို့ဝင်သောသူအပေါင်းတို့ရှေ့မှာ၊ အာဗြဟံဥစ္စာဖို့ လုံခြုံစွာအပ်ပေးလေ၏။
19ထိုနောက်မှအာဗြဟံသည်၊ မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင်မြေတွင်း၌ မယားစာရာကို သင်္ဂြိုဟ်ရလေ၏။ ထိုအရပ်ကား၊ ခါနာန်ပြည် ဟေဗြုန်အရပ်ဖြစ်သတည်း။ 20ထိုလယ်ပြင်နှင့် မြေတွင်းကို၊ အာဗြဟံပိုင်ထိုက်သော သင်္ချိုင်းဖြစ်စေခြင်းငှာ၊ ဟေသအမျိုးသားတို့သည် လုံခြုံစွာအပ်ပေးကြ၏။

ကမ္ဘာဦးကျမ်း - ၂၃ (အနက်ဖွင့်)

၁၀။ မိသားစုသင်္ချိုင်းကုန်း (အခန်း၂၃)

          ၂၃:၁၆ အသက်(၁၂၇)နှစ်အရယါတွင် စာရာကွယ်လွန် သောအခါ အလောင်းမြှုပ်စရာ မြေကွက်ရရှိရန် အာဗြဟံသည် ဟေဗြုန်မြေကို တောင်းဆိုသည်။ ထိုမြေသည် သာဝက ခရီးသည် သက်တမ်းတလျှောက်တွင် စိတ်နှလုံးမြှုပ်နှံရာ နေရာဖြစ်လာသည်။ ဤနေရာတွင် အရှေ့တိုင်းသားများ၏ တန်ဖိုးမဖြတ်နိုင်သော စိတ်သဘောထားပြည့်ဝမှုကို တွေ့နိုင်သည်။ ပထမဦးဆုံးအချက်မှာ အာဗြဟံ၏ တောင်းဆိုချက်အား ငြင်းပယ်ခေါင်းခါခြင်းမပြုသည့်အပြင် စိတ်ကြိုက်နေရာရွေးခိုင်းကြသည်။ အာဗြဟံက အခကြေးငွေ မပေးရဘဲ၊ အလကားမလိုချင်ကြောင်း ဟေသတို့ ခေါင်းဆောင် ဧဖရုန် သို့ပြောပြသည်။ ဧဖရုန်က ကြိုက်သည့်လယ်ကွင်းမြေကွက် ယူပါဟု ပြောခြင်းသည် စိတ်သဘောထားဖြူစင်စွာ ပေးခြင်းဖြစ်သည် ဟု အာဗြဟံနားလည်သည်။ သို့သော် အာဗြဟံသည် သူ့အပေါ် ကောင်းသောသူများကို ထိုသူများထက် စိတ်သဘောထားပြည့်ဝခြင်းဖြင့် ပေးဆပ်ချင်သည်။ အာဗြဟံက မရမက အခွင့်အရေး တောင်းဆိုသောအခါ ဧဖရုန်က “ကာလပေါက်ဈေးငွေ အချိန်လေးပိဿာတန်ပါသည်။ သို့သော်မပေးပါနှင့်” ဟု ထပ်ဆိုသည်။ အမှန်စင်စစ် ဧဖရုန်က မပေးစေချင်သောကြောင့် မတန်တဆ ဈေးပိုပြောခြင်းဖြစ်နိုင်သည်။ သို့သော် အာဗြဟံသည် ထိုတခွန်းဈေးစကားကို ချက်ချင်း သဘောတူသည်။ အာဗြဟံသည် အကြွေးမထားဘဲ ငွေပေးချေသည်။

၂၃:၁၇၂၀ ထိုစာရာအလောင်း မြှုပ်နှံသော မပွေလမြေသည် နောင်တွင် အာဗြဟံ၊ ဣဇာက်၊ ရေဗက္ကာ၊ ယာကုပ်နှင့် လေအာတို့မှုပ်နှံရာ မိသားစု သင်္ချိုင်းကုန်း ဖြစ်လာသည်။ ထိုနေရာသည် ယခုအခါ မူဆလင်ဗလီဘေးနားတွင် တည်ရှိသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။