ကမ္ဘာဦးကျမ်း - ၁၇

အရေဖျားလှီးခြင်းမင်္ဂလာ
1ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအားထင်ရှားတော်မူ၍၊ ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာသွားလာ၍ စုံလင်ခြင်းရှိလော့။ 2ငါ၏ပဋိညာဉ်ကို သင်နှင့် ငါပြုမည်။ သင့်ကိုငါအလွန်များပြားစေမည်ဟု မိန့်တော်မူ၏။ 3အာဗြံသည်လည်းပျပ်ဝပ်လျင်၊ ဘုရားသခင်က၊ 4ငါပြုသောပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည်လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ 5နောက်တစ်ဖန်သင်၏အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည်သင့်ကို များစွာသောလူအမျိုးတို့၏ အဘအရာ၌ခန့်ထားပြီ။ရော၊ ၄:၁၇။ 6ငါသည် သင့်ကိုအလွန်ပွားများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။ 7ငါသည်သင်၏ဘုရား၊ သင့်နောက်၌ သင့်အမျိုးအနွယ်၏ဘုရားဖြစ်မည်ဟု၊ သင်နှင့် သင်၏အမျိုးအနွယ်အစဉ်အဆက်တို့၌၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။လု၊ ၁:၅၅။ 8သင်သည် ယခုဧည့်သည်ဖြစ်၍နေသောပြည်တည်းဟူသော၊ ခါနာန်ပြည်တစ်လျှောက်လုံးကို၊ သင်အားလည်းကောင်း၊ သင့်နောက်၌သင်၏အမျိုးအနွယ်အားလည်းကောင်း၊ အစဉ်အမြဲအပိုင်ပေးမည်။ သူတို့၏ဘုရားလည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ၏။တ၊ ၇:၅။
9တစ်ဖန်ဘုရားသခင်က၊ သို့ဖြစ်၍ သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ် အစဉ်အဆက်တို့သည်၊ ငါ၏ပဋိညာဉ်ကို စောင့်ရှောက်ရကြမည်။ 10သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုးအနွယ်သည်၊ ငါ့ရှေ့မှာစောင့်ရှောက်ရသော ငါ၏ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံရမည်။တ၊ ၇:၈၊ 11အရေဖျားလှီးမင်္ဂလာသည်၊ ငါနှင့် သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်ရလိမ့်မည်။ 12သင်တို့အမျိုးအစဉ်အဆက်တို့၌ သားယောက်ျားတိုင်း၊ ကိုယ်အိမ်၌ဖွားသောသူဖြစ်စေ၊ ကိုယ်အမျိုးမဟုတ်၊ တစ်ပါးအမျိုးသား၌ ငွေနှင့် ဝယ်သောသူဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင်၊ အရေဖျားလှီးမင်္ဂလာကို ခံရမည်။ 13ကိုယ်အိမ်၌ဖွားသောသူ၊ ကိုယ်ငွေနှင့်ဝယ်သောသူသည်၊ အရေဖျားလှီးမင်္ဂလာကိုခံရမည်။ ငါ့ပဋိညာဉ်လည်း သင်တို့၏အသား၌ ထာဝရပဋိညာဉ်ဖြစ်လိမ့်မည်။ 14အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကိုမခံသောသားယောက်ျားကို သူ၏အမျိုးမှ ပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကိုဖျက်လေပြီဟု အာဗြဟံအားမိန့်တော်မူ၏။
15တစ်ဖန်ဘုရားသခင်က၊ သင်၏မယားစာရဲကိုမူကား၊ စာရဲဟူသော အမည်ဖြင့်မခေါ်ရ၊ စာရာဟူသောအမည်ဖြင့် ခေါ်ရ၏။ 16သူ့ကိုငါကောင်းချီးပေး၍၊ သူ့အားဖြင့်လည်း သင်အားသားကိုပေးမည်။ အကယ်စင်စစ်သူ့ကို ကောင်းချီးပေး၍၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏အမျိုးအနွယ်၌လည်း၊ အပြည်ပြည်သောရှင်ဘုရင်ဖြစ်ကြလိမ့်မည်ဟု၊ အာဗြဟံအားမိန့်တော်မူ၏။ 17ထိုအခါအာဗြဟံသည်ပျပ်ဝပ်လျက်၊ အသက်တစ်ရာရှိသောသူသည် သားကိုရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည်သားကိုဖွားလိမ့်မည်လောဟု ရယ်လျက်၊ စိတ်နှလုံးထဲမှာအောက်မေ့ပြီးလျှင်၊ 18ဣရှမေလသည် ရှေ့တော်၌အသက်ရှင်ပါစေသောဟု၊ ဘုရားသခင်ကို လျှောက်သောအခါ၊ 19ဘုရားသခင်က၊ သင်၏မယားစာရာသည် သင်အားသားကိုဖွားလိမ့်မည်။ ထိုသားကိုလည်း ဣဇာက်အမည်ဖြင့်မှည့်ရမည်။ သူ၌လည်းကောင်း၊ သူ့နောက်မှ သူ၏အမျိုးအနွယ်၌လည်းကောင်း ငါ၏ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။ 20ဣရှမေလအမှု၌ကား၊ သင်၏စကားကို ငါနားထောင်၏။ သူ့ကို ငါကောင်းချီးပေး၏။ သူ့အနွယ်ကိုတိုးပွားစေ၍ သူ့ကိုအလွန်များပြားစေမည်။ သူသည် မင်းသားဆယ်နှစ်ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီးသောလူမျိုးဖြစ်စေခြင်းငှာလည်း ငါပြုမည်။ 21သို့သော်လည်း၊ နောင်နှစ်၊ ချိန်းချက်သောအချိန်တွင်၊ စာရာသည် သင်အားဖွားလတ္တံ့သောသားဣဇာက်၌၊ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင်၊ 22မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည်အာဗြဟံထံမှ တက်ကြွတော်မူ၏။
23အာဗြဟံသည်လည်း၊ သားဣရှမေလမှစ၍၊ ကိုယ်အိမ်၌ ဖွားသောသူအပေါင်း၊ ကိုယ်ငွေနှင့်ဝယ်သောသူအပေါင်းတည်းဟူသော၊ အာဗြဟံအိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့ကိုယူ၍၊ ဘုရားသခင်မိန့်တော်မူသည်အတိုင်း၊ တစ်နေ့ချင်းတွင် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။ 24အာဗြဟံသည် ကိုယ်တိုင်အရေဖျားလှီးမင်္ဂလာကိုခံသောအခါ၊ အသက်ကိုးဆယ်ကိုးနှစ်ရှိ၏။ 25သားဣရှမေလသည် အရေဖျားလှီးမင်္ဂလာကိုခံသောအခါ၊ အသက်တစ်ဆယ်သုံးနှစ်ရှိ၏။ 26တစ်နေ့ချင်းတွင် အာဗြဟံနှင့် သားဣရှမေလသည် အရေဖျားလှီးမင်္ဂလာကို ခံလေ၏။ 27သူ၏အိမ်၌ဖွားသောသူ၊ တစ်ပါးအမျိုးသား၌ သူ၏ငွေနှင့်ဝယ်သောသူ၊ သူ၏အိမ်နှင့်ဆိုင်သောယောက်ျားအပေါင်းတို့သည်၊ သူနှင့်အတူ အရေဖျားလှီးမင်္ဂလာကို ခံကြလေ၏။

ကမ္ဘာဦးကျမ်း - ၁၇ (အနက်ဖွင့်)

၁၇:၁၄ အပိုဒ်ငယ် (၁)တွင် ပါရှိသော ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် အာဗြဟံအား ကြိုးစားအားထုတ်ခြင်း မရှိနှင့်။ ဘုရားသခင်က အရာခပ်သိမ်း စီစဉ်ပေးမည်ဟု နားလည်နိုင်သည်။ ဘုရားသခင်က အာဗြဟံ၏ နာမည်အား ချက်ချင်းပြောင်းခိုင်းသည်။ အာဗြံ(ချီးမွမ်းထိုက်သောဖခင်) မှ အာဗြဟံ(လူအပေါင်းတို့၏ဖခင်)သို့ နာမည်ပြောင်းပေးသည်။ ထိုနေရာတွင် အာဗြဟံသည်လည်း ဘုရားသခင်နှင့် အပေးအယူ ကတိကဝတ် တည်သည့် အထိမ်းအမှတ် လက္ခဏာအဖြစ် အရေဖျား လှီးပစ်လိုက်သည်။ ယောက်ျားများ အရေအဖျားလှီးခြင်းသည် လူ့လောကတွင်ရှိနေသော်လည်း ဘုရားသခင်က ပိုင်ဆိုင်သည့်အကြောင်း အမှတ်လက္ခဏာဖြစ်သည်။ ယနေ့ခေတ်ကာလတွင် အာရှ အရှေ့အလယ်ပိုင်းဒေသရှိယောင်္ကျားများဟူသရွေ့ ဓလေ့ထုံးစံ တစ်ခုအနေဖြင့် အရေဖျားလှီးနေကြသည်။ အာဗြဟံ၏ သားမြေးယောက်ျားသားများသည် ()ရက်မြောက်သောနေ့တွင် အရေဖျားလှီးကြရသည်။ အကယ်၍ ရင်ဝယ်ပိုက်သားမဟုတ်လျှင်လည်း အာဗြဟံ၏ အိမ်ထောင် မိသားစုစာရင်း၌ ဝင်ရလျှင် အရေဖျားလှီးရသည်။ (ငယ် ၉-၁၄) ‘ဖြတ်တောက်’ ဆိုသော စကားရပ်ကို တစ်ခါတရံ ‘သေပွဲဝင်သည်’ ဟု ကျမ်းစာတွင် အဓိပ္ပါယ်ရသည်။ ဥပမာ ထွ ၃၁:၁၄-၁၅ ကိုကြည့် အခြားနေရာများတွင်မူ ဝိုင်းပယ်သည်ဟု အနက်ရသည်။

အာဗြဟံ၏ အရေဖျားလှီးခြင်းသည် အဖြောင့်မတ်ခြင်း သက်သေဖြစ်သည်။ အာဗြဟံသည် အရေဖျား မလှီးခင်ကပင် ဖြောင့်မတ်သူဖြစ်သည်ဟု ပေါလုက ထောက်ခံထားသည် (၁၅:၆)။ အာဗြဟံ၏ အရေဖျားလှီး ခြင်းသည် ဖြောင့်မတ်ခြင်းတံဆိပ်တုံး ခတ်နှိပ်ခြင်း ဖြစ်သည် (ရော ၄:၁၁)။ ယနေ့ခေတ် ကာလတွင် ယုံကြည်သူများသည် ထိုတံဆိပ်တုံးခပ်နှိပ်ခြင်းမျိုး မသုံးကြ။ အသက်တာပြောင်းလဲသည်နှင့် တပြိုင်နက် သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိတ်ခတ်နှိပ်ခြင်း ခံရကြသည် (ဓ ၄:၃၀)။

အရေဖျားလှီးခြင်း အမှတ်လက္ခဏာ

အရေဖျားလှီးခြင်းသည် ဘုရားသခင်နှင့် သူ့လူများအကြား ပဋိညာဉ် တည်ကြောင်း အမှတ်လက္ခဏာအား မွေးစားခြင်းဖြစ်သည် (က ၁၇:၁၁-၁၄)။ အာဗြဟံ၏ သားမြေးစဉ်ဆက်တိုင်း အရေဖျား လှီးကြသည် (တ ၁၀:၄၅)။ ထိုကာလတွင် တပါးအမျိုးသားများကို အရေဖျား မလှီးသူများဟုလည်း ခေါ်စမှတ် ပြုကြသည် (ဧ ၂:၁၁)။ အာဗြဟံ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ကြောင်း အသိအမှတ်ပြုသည့် အမှတ် သင်္ကတ ဖြစ်သည် (ရော ၄:၅)။

သို့သော်လည်း ကာကြာလာသည်နှင့် အမျှ အရေဖျားလှီးခြင်းနှင့် အရေဖျားလှီးသည် ဟူသော စကားကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုလာကြသည်။ ‘အရေဖျားလှီးခြင်း မခံသော နှုတ်စကား’ (ထွ ၆:၁၂) သည် လူထုရှေ့သို့ စကားပြောရာတွင် မအောင်မြင် ဟု ဆိုသည်။ “အရေဖျားမလှီးသောနား” နှင့် “အရေဖျားမလှီးသော စိတ်နှလုံး” သည် နှုတ်ကပတ်တော် ကြားနာခြင်းနှင့် ချစ်ခြင်းမေတ္တာမရှိ။ နာခံခြင်းလည်း မရှိဟု (ဝတ် ၂၆:၄၁ တရား ၁၀:၁၆၊ ၃၀:၆၊ ယေ ၆:၁၀၊ တ ၇:၅၁)တွင် ရှင်းပြထားသည်။ “အရေဖျားမလှီးသော အသား” (ယေဇ ၄၄:၇) ဆိုသည်မှာ မစင်ကြယ်ခြင်းကို ဆိုလိုသည်။

ဓမ္မသစ်ကျမ်းတွင် ပါရှိသည့် ခရစ်တော်၌ အရေဖျားလှီးခြင်း (ကော ၂:၁၁) သည် ခရစ်တော်ဘုရား လက်ဝါးကပ်တိုင်တွင် အသေခံခြင်းကို ဆိုလိုသည်။ ယုံကြည်သူများသည် ခရစ်တော်၌ တည်နေကြသော ကြောင့် အရေဖျားလှီးသူများဖြစ်သည်။ ထို့ကြောင့် ကော ၂:၁၁ တွင် ‘ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ ကိုယ်ကို ပယ်ရှင်း၍ လက်ဖြင့် မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌ ခံကြရသည် ဖြစ်၍’ ဟုပေါလုက ရှင်းပြထားသည်။ အရေဖျားလှီးခြင်းဆိုသည်မှာ ဇာတိသွေးသားဆန္ဒ သေခြင်းကို ရည်ညွှန်းသည်။ ယုံကြည်သူတိုင်း လိုက်နာခံယူရမည့် အချက်ဖြစ်သည်။ ဇာတိ အသွေးအသားဆန္ဒ နောက်သို့ လိုက်တတ်သော ရမက်စိတ်ကို ဖျောက်ဖျက်ရမည် (ကော ၃:၅)။ ရှင်ပေါလုက ယုံကြည်သူများသည် အရေဖျားလှီးပြီးသူများဖြစ်သည်ဟု (ဖိ ၃:၃)တွင် အာမခံထားသည်။ ထို့ကြောင့် ယုံကြည်သူများ၏ အရေဖျားလှီးခြင်းနှင့် ယုဒထုံးတမ်းစဉ်လာအရ အရေဖျားလှီးခြင်း၏ သဘော သဘာဝသည် ကွာခြားသည် (ဂလာ ၂:၁၂)။

ဘုရားသခင်၏ ပညတ်တရားများသည် လူများက ချက်ချင်း နားမလည်သော်လည်း အခြားလူမျိုးများ အတွက် ရောဂါဘယ ဆိုးမှ ကွယ်ကာခြင်းဖြစ်ကြောင်း နောင်တွင် သဘောပေါက်လာကြသည်။ ယနေ့ခေတ် ကာလတွင် အရေဖျားလှီးခြင်းသည် ကင်ဆာရောဂါဆိုး ကဲ့သို့သော ရောဂါဆိုးကို ကာယကံရှင်နှင့် အိမ်ထောင်ဖက်အတွက် ကာကွယ်ဆေးဖြစ်ကြောင်း ဆေးပညာရှင်များက ထောက်ခံလာကြသည်။

၁၇:၁၅၁၇ အာဗြဟံ၏ မိန်းမနာမည်စာရဲကိုလည်း စာရာ(သမီးတော်)ဟု ပြောင်းလဲခိုင်းသည်။ ကတိတော်အတိုင်း စာရာ အသက်(၉၀)အရွယ်တွင် သားရတနာ ထွန်းကားလာသည်။ ထိုအသက်အရွယ် တွင် သားသမီးရလာသောအခါ အာဗြဟံသည် မိမိ ကိုယ်ကို မယုံကြည်နိုင်လောက်အောင် အံ့အားသင့် ဝမ်းမြောက်၍ ဝမ်းသာလုံးစို့ ရယ်မောသည်။ သူ၏ ယုံကြည်ခြင်းသည် တုန်လှုပ် ယိမ်းယိုင်ခြင်း မရှိ တည်ကြည် ခိုင်မြဲသည် (ရော ၄:၁၈-၂၁)။

၁၇:၁၈၂၇ အာဗြဟံက ဣရှမေလအား ဘုရားသခင်ထံဆက်ကပ်သောအခါ ဘုရားသခင်က ကတိတော်ပြုသည့်အတိုင်း ဣဇာက် မွေးဖွားလာမည့် အကြောင်း ထပ်မံသတိပေးသည်။ သို့သော်လည်း ဖခင်က သားအား ဘုရားသခင်ထံသို့ ဆက်ကပ်သည့် စိတ်သဘောထားအတိုင်း ဘုရားသခင်က ဣရှမေလအား ကောင်းကြီးပေးသည်။ လူအများအပြား၏ ဖခင်၊ ဘုရင် (၁၂)ပါးတို့၏ ဖခင် ဖြစ်စေသည်။ ဣဇာက်သည် ကတိတော်နှင့် အညီ ရရှိသော ရင်ဝယ်သားဖြစ်၍ ခရစ်တော်ကို ပုံဆောင်သည်။

အာဗြဟံ၏ အကြွေးမထား၊ လက်တွေ့ကျကျ ချက်ချင်း လုပ်ဆောင်တတ်ပုံကို သင်ခန်းစာ ယူကြည့်ကြပါ။ တစ်ရက်တည်းတွင် ဖခင်၊ သားဣရှမေလနှင့် အစေခံကျွန်များ အပါအဝင် အရေဖျား လှီးကြသည်။ ထိုစဉ်ကာလတွင် အာဗြဟံသည် (၉၉)နှစ်။ သား ဣရှမေလသည် (၁၃)နှစ် ရှိသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။