ဧဇရမှတ်စာ - ၈
ဧဇရမှတ်စာ - ၈ (အနက်ဖွင့်)
(ခ) ပြည်တော်ပြန်ဝင်ကြသူများစာရင်း (၈:၁– ၁၄)
၈:၁–၁၄ ဧဇရနှင့်အတူ ဗာဗုလုန်မှ ယေရုရှလင်သို့ ပြန်ဝင်လာသူများ စာရင်းတွေ့ရသည်။ ယေရုဗာဗေလလက်ထက်တွင် လူတန်းစား ပေါင်းစုံအလွှာစုံ မျိုးနွယ်စုအလိုက် တသုတ်ပြည်တော် ပြန်ဝင်ခဲ့ကြပြီးဖြစ်၏(အခန်း ၂)။ ယခုဒုတိယ အသုတ်၌ ယောင်္ကျားသားသက်သက်၁၅၀၀ ခန့်ရှိသည်။
(ဂ)ယေရုရှလင်ခရီးစဉ် (၈:၁၅–၃၆)
၈:၁၅–၂၀ အဟာဝ (နေရာအတိအကျမသိ) အနီးမြစ်နားတွင် ရပ်နားကြစဉ် လေဝိအမျိုးသားများ မပါလာမှန်း သိသောကြောင့် ဧဇရသည် လူကြီးသူကြီး(၁)ဦ:ကို ကသိဖိမြို့သို့ ပြန်လွှတ်၍ လေဝိအမျိုးနှင့် ဘုရားကျွန်များအား ပြန်လည်ခေါ်ဆာင်ခိုင်းသည်။ လေဝိအမျိုးသား(၃၈)ဦ:နှင့် ဘုရားကျွန်(၂၂၀)ဦး ပြန်လည်လိုက်ပါလာကြသည်။
၈:၂၁–၂၃ မိုင်ကိုးရာခရီးရှည် စတင်မချီတက်မီ အဟာဝမြစ်နားတွင် စခန်းချ၍ အစာရှောင်ဥပုသ်စောင့်ကြသည်။ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ဦးစွာဆင်ခြင်ကြသည်။ အစောင့်အကြပ်စစ်တပ် ကိုလည်း ရှင်ဘုရင်ထံမှ မတောင်း။ဘုရားသခင်ကို ယုံကြည်ခြင်းသက်သက်ဖြင့် ပြည်တော်ပြန်ခရီး စကြသည်။ စိတ်ပျက်အားငယ်ခြင်းမရှိဖို့ ဆုတောင်းကြသည်။ ကြောက်လန့်ခြင်းမရှိဖို့ ဧဇရကသွန်သင်သည်။ ယုံကြည်ခြင်းဖြင့် ဆုတောင်းချက်ကို ဘုရားသခင်က အဖြေပေးသည်။
၈:၂၃–၂၄ လှူဖွယ်ဝတ္ထုနှင့် အသုံးအဆောင်များကို ယဇ်ပုရောဟိတ် (၁၂)ပါး ဦးဆောင်လျက် လေဝိအမျိုးသားများအား သယ်ခိုင်းသည်။ ထိုအသုံးအဆောင်ပစ္စည်းများသည် ဘုရားသခင်နှင့်သာ သက်ဆိုင်သောကြောင့် သန့်ရှင်းစင်ကြယ်သည်။ သို့ကြောင့် လေဝိအမျိုးသားများ တာဝန်ပေးခြင်းဖြစ်သည်။ ၃လခွဲကြာသောအခါ ဘေးမသိရန်မခ ယေရုရှလင်မြေပေါ်သို့ ဗိုလ်ဝင်ခံနိုင်ကြသည်။ ယေရုရှလင်သို့ရောက်သောနေ့တွင် သယ်ဆောင်လာသော ရွှေ၊ ငွေများနှင့် လှူဖွယ်ဝတ္ထုများအား ပြန်လည်စစ်ဆေးကြပြီး ဗိမာန်တော် သို့ပေးလှူကြသည်။
၈:၃၅–၃၆ ပြည်တော်သို့ ပြန်ဝင်သောသူများသည် ပထမဦးဆုံး ယေဟောဝါ ဘုရားသခင်ရှေ့ ယဇ်ပုလင်၌ ဣသရေလတမျိုးသားလုံးအတွက် မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်ပူဇော်သက္ကာပြုရသည်။ ယဇ်ပူဇော်ပြီးကြသောအခါ ဘုရင့်အမိန့်အတိုင်း မြစ်အနောက်ဘက်ခြမ်း၌ နေထိုင်ကြသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။