ထွက်မြောက်ရာကျမ်း - ၉

ပဉ္စမဘေးဒဏ်
တိရစ္ဆာန်များသေဆုံးခြင်း
1ထာဝရဘုရားကလည်း၊ သင်သည် ဖာရောဘုရင်ထံသို့ဝင်၍ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။ 2မလွှတ်ဘူးဟုငြင်း၍ ဆီးတားသေးလျှင်၊ 3ထာဝရဘုရား၏လက်တော်သည် လယ်ပြင်၌ရှိသော တိရစ္ဆာန်၊ မြင်း၊ မြည်း၊ ကုလားအုတ်၊ သိုး၊ နွားတို့အပေါ်၌ရောက်၍ အလွန်ပြင်းစွာသောရောဂါစွဲလိမ့်မည်။ 4ထာဝရဘုရားသည်၊ ဣသရေလလူတို့၏တိရစ္ဆာန်နှင့် အဲဂုတ္တုလူတို့၏ တိရစ္ဆာန်ကိုခြားနားစေသဖြင့်၊ ဣသရေလအမျိုးသားပိုင်သော တိရစ္ဆာန် တစ်ကောင်မျှမသေရ။ 5နက်ဖြန်နေ့၊ အဲဂုတ္တုပြည်၌ ထိုအမှုကိုထာဝရဘုရားပြုတော်မူမည်ဟု မှန်သောအချိန်ကို ချိန်းချက်တော်မူပြီဟု ဟေဗြဲလူတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်အကြောင်းကိုပြောလော့ဟု မောရှေအားမိန့်တော်မူ၏။ 6နက်ဖြန်နေ့၌ ထိုအမှုကိုပြုတော်မူသဖြင့်၊ အဲဂုတ္တုလူတို့၏ တိရစ္ဆာန်အမျိုးမျိုးသေကြ၏။ ဣသရေလလူတို့၏ တိရစ္ဆာန်တစ်ကောင်မျှမသေ။ 7ဖာရောဘုရင်သည် လူကိုစေလွှတ်၍၊ ဣသရေလအမျိုးသားတို့၏ တိရစ္ဆာန်တစ်ကောင်မျှ မသေကြောင်းကို သိရ၏။ သို့သော်လည်း နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။
ဆဋ္ဌမဘေးဒဏ်
အနာဆိုး
8ထာဝရဘုရားကလည်း၊ မီးဖိုထဲကပြာကိုလက်နှင့်ယူ၍ မောရှေသည် ဖာရောဘုရင်ရှေ့၌ မိုးကောင်းကင်သို့ပစ်လွှင့်စေ။ 9ထိုပြာသည် အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ နှံ့ပြားသောအမှုန့်ဖြစ်၍၊ ပြည်တစ်လျှောက်လုံးတွင် လူနှင့်တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သောအနာဆိုးဖြစ်လိမ့်မည်ဟု မောရှေနှင့် အာရုန်တို့အား မိန့်တော်မူသည်အတိုင်း၊ 10သူတို့သည်မီးဖိုထဲကပြာကိုယူ၍၊ ဖာရောဘုရင်ရှေ့မှာရပ်လျက်၊ မောရှေသည် မိုးကောင်းကင်သို့ပစ်လွှင့်သဖြင့်၊ ထိုပြာသည် လူနှင့်တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သောအနာဆိုးဖြစ်လေ၏။ဗျာ၊ ၁၆:၂။ 11ဝိဇ္ဇာဆရာတို့သည်အနာဆိုးကြောင့်၊ မောရှေရှေ့၌ မရပ်မနေနိုင်။ ထိုအနာဆိုးသည် ဝိဇ္ဇာဆရာတို့၌လည်းကောင်း၊ အဲဂုတ္တုလူအပေါင်းတို့၌လည်းကောင်းစွဲသတည်း။ 12ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသည်ဖြစ်၍၊ မောရှေအားမိန့်တော်မူသည်အတိုင်း၊ သူတို့စကားကို နားမထောင်ဘဲနေလေ၏။
သတ္တမဘေးဒဏ်
မိုးသီး
13တစ်ဖန်ထာဝရဘုရားက၊ နံနက်စောစောထ၍၊ ဖာရောဘုရင်ရှေ့မှာရပ်လျက်၊ ဟေဗြဲလူတို့၏ဘုရားသခင်ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သွားရသောအခွင့်ကိုပေးလော့။ 14သို့မဟုတ် ယခုကာလအခါသင်၏နှလုံး၌လည်းကောင်း၊ သင်၏ကျွန်များ၊ လူများ၌လည်းကောင်း၊ ငါ၏ဘေးဒဏ်အလုံးစုံတို့ကို သင့်ရောက်စေမည်။ မြေကြီးတစ်လျှောက်လုံး၌ ငါကဲ့သို့သောသူမရှိကြောင်းကို သင်သည်သိရလိမ့်မည်။ 15ငါ့လက်ကိုငါဆန့်၍ သင်နှင့်သင်၏လူတို့ကို ကာလနာဖြင့် ဒဏ်ခတ်မည်။ သင့်ကိုလည်းမြေကြီးပေါ်က သုတ်သင်ပယ်ရှင်းမည်။ 16အကယ်စင်စစ် ငါ့တန်ခိုးကို သင်၌ငါပြခြင်းငှာလည်းကောင်း၊ ငါ့နာမကို မြေကြီးတစ်ပြင်လုံးတွင် ကျော်စောစေခြင်းငှာလည်းကောင်း၊ သင့်ကိုငါချီးမြှောက်ခဲ့ပြီ။ရော၊ ၉:၁၇။ 17သင်သည်ငါ၏လူတို့ကိုမလွှတ်ဘဲ၊ သူတို့ကိုစော်ကားသေးသလော။ 18ကြည့်ရှုလော့။ အဲဂုတ္တုပြည်တည်သည်ကာလမှစ၍ ယခုတိုင်အောင် မရွာဖူးသော အလွန်ကြီးစွာသော မိုးသီးရွာခြင်းကို နက်ဖြန်နေ့ဤအချိန်၌ ငါဖြစ်စေမည်။ 19ထိုကြောင့် ယခုစေလွှတ်၍၊ လယ်ပြင်၌ရှိသော တိရစ္ဆာန်များနှင့် ရှိလေသမျှတို့ကို သိမ်းယူလော့။ အိမ်သို့မဆောင်လျှင်၊ လယ်ပြင်၌ တွေ့သမျှသောလူနှင့် တိရစ္ဆာန်တို့အပေါ်မှာမိုးသီးကျ၍၊ သူတို့သည် သေကြလိမ့်မည်အကြောင်းကိုပြောလော့ဟု မောရှေအား မိန့်တော်မူ၏။ 20ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ကြောက်ရွံ့သော ဖာရောဘုရင်၏ကျွန်တို့သည်၊ မိမိကျွန်နှင့် မိမိတိရစ္ဆာန်တို့ကို အိမ်သို့ပြေးစေကြ၏။ 21ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ပမာဏမပြုသောသူတို့သည်၊ မိမိကျွန်၊ မိမိတိရစ္ဆာန်တို့ကို လယ်ပြင်၌ထားကြ၏။
22ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ လူတို့အပေါ်မှာလည်းကောင်း၊ တိရစ္ဆာန်တို့အပေါ်မှာလည်းကောင်း၊ လယ်ပြင်၌ရှိလေသမျှသောအပင်များအပေါ်မှာလည်းကောင်း၊ မိုးသီးရွာစေခြင်းငှာ၊ သင်၏လက်ကို မိုးကောင်းကင်သို့ဆန့်လော့ဟု မောရှေအား မိန့်တော်မူ၏။ 23မောရှေသည်မိမိလှံတံကို မိုးကောင်းကင်သို့ဆန့်၍၊ ထာဝရဘုရားသည် မိုးကြိုးနှင့်မိုးသီးကို လွှတ်တော်မူ၏။ မီးသည်လည်း မြေပေါ်မှာပြေးလေ၏။ ထိုသို့ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်၌ မိုးသီးရွာစေတော်မူသဖြင့်၊ 24အဲဂုတ္တုပြည်တည်ထောင်သည်ကာလမှစ၍ တစ်ခါမျှမဖြစ်ဖူး သော မိုးသီး၊ မီးနှင့်ရော၍ အလွန်ပြင်းထန်စွာသော မိုးသီးဖြစ်လေ၏။ဗျာ၊ ၈:၇၊ ၁၆:၂၁။ 25အဲဂုတ္တုပြည်တစ်လျှောက်လုံး၌၊ လယ်ပြင်မှာရှိသမျှသော လူနှင့်တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များတို့ကို မိုးသီးထိလေ၏။ 26သို့ရာတွင် ဣသရေလအမျိုးသားနေရာ ဂေါရှင်ပြည်၌ မိုးသီးမကျမရွာ။
27ထိုအခါ ဖာရောဘုရင်သည်လူကိုစေလွှတ်၍၊ မောရှေနှင့်အာရုန်ကို ခေါ်ပြီးလျှင်၊ ဤအမှု၌ငါပြစ်မှားပြီ။ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ငါနှင့် ငါ၏လူတို့သည် အပြစ်များပါ၏။ 28တန်ပါပြီ။ အားကြီးသောမိုးကြိုးနှင့် မိုးသီးစဲမည်အကြောင်း၊ ထာဝရဘုရားကိုတောင်းပန်ပါ။ သင်တို့ကိုငါမဆီးမတား အလျင်အမြန်လွှတ်မည်ဟု ဆိုလေ၏။ 29မောရှေကလည်း၊ မြို့ထဲကကျွန်ုပ်ထွက်သွားသောအခါ၊ ထာဝရဘုရားရှေ့တော်၌ ကျွန်ုပ်လက်ဝါးတို့ကိုဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကိုအစိုးရတော်မူကြောင်းကို ကိုယ်တော်သိစေခြင်းငှာ မိုးကြိုးစဲလိမ့်မည်။ မိုးသီးလည်းမကျမရွာရ။ 30သို့သော်လည်းကိုယ်တော်နှင့် ကိုယ်တော်၏ကျွန်တို့သည်၊ ထာဝရအရှင် ဘုရားသခင်ကို မကြောက်သေးကြောင်းကို အကျွန်ုပ်သိပါသည်ဟု လျှောက်ဆို၏။ 31ပိုက်ဆန်ပင်၊ မုယောပင်ကိုမိုးသီးထိ၏။ မုယောပင်သည် အသီးအနှံနှင့်ပြည့်စုံပြီ။ ပိုက်ဆန်ပင်လည်းအသီးမှည့်ပြီ။ 32ဂျုံစပါး၊ ကောက်စပါးပင်ကိုကားမထိ။ ထိုအပင်တို့သည် မပေါက်ကြသေး။ 33မောရှေသည် ဖာရောဘုရင်ထံမှထွက်၍ မြို့ပြင်သို့သွားပြီးလျှင်၊ ထာဝရဘုရားရှေ့တော်၌ လက်ဝါးတို့ကိုဖြန့်သဖြင့်၊ မိုးကြိုးနှင့်မိုးသီးစဲလေ၏။ မြေပေါ်၌လည်း မိုးမရွာ။ 34ထိုသို့မိုးမရွာ၍ မိုးသီးနှင့်မိုးကြိုးစဲသည်ကို ဖာရောဘုရင်မြင်လျှင်၊ တစ်ဖန်ပြစ်မှား၍၊ ကျွန်များနှင့်တကွ နှလုံးခိုင်မာလျက်နေ၏။ 35ထိုသို့ဖာရောဘုရင်သည် နှလုံးခိုင်မာသည်ဖြစ်၍၊ မောရှေ၌ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်သတည်း။

ထွက်မြောက်ရာကျမ်း - ၉ (အနက်ဖွင့်)

(ပဉ္စမကပ်ဆိုး၊ တိရစ္ဆာန်များအနာရောဂါကျခြင်း (:)

          : ဖာရောမင်းအား ကြိုတင်သတိပေးသော်လည်း၊ ယုံကြည်ခြင်းမရှိ ခေါင်းမာမြဲမာနေသောကြောင့် အဲဂုတ္တုပြည်သားတို့၏ တိရစ္ဆာန်များလယ်ကွင်းပြင်အနှံ့၌ သောက်သောက်လဲ သေကြေပျက်စီးကြသည်။ ဣသရေလအမျိုးသားများ ပိုင်ဆိုင်သော တိရစ္ဆာန်များမှာမူ မသေ၊ သွေးရိုး သဘာဝထုံးစံအတိုင်းမဟုတ်ကြောင်း နားလည်သင့်သည်။ အဲဂုတ္တုတို့၏ တိရစ္ဆာန်များသည် တစ်ကောင်မှမကျန်အောင် သေခြင်းမဟုတ်ပါ။ လယ်ပြင်၌ ရှိသော အကောင်များသေကြေကြခြင်းဖြစ်သည်။ ပဿခါည၌ ကျန်ကြွင်းသောအကောင်များ သေကြောင်း ထပ်တွေ့ရသည် (၁၂:၂၉)။ အချို့အကောင်များသည် အိမ်၌ရှိနေကြသောကြောင့် မသေ။ ဆိတ်၊ သိုး၊ နွားအထီးများသည် အဲဂုတ္ထုပြည်တွင် ယဇ်ပူဇော်ရာ၌ အသုံးပြုရသော ယဇ်ကောင်များဖြစ်သည်။ ယခုယဇ်ပူဇော်စရာမရှိအောင် အထီးကောင်များ လုပ်ငန်းခွင်သုံးအကောင်များ သေကုန်ပြီ။

(ဆဋ္ဌမကပ်ဆိုး၊ အနာဆိုး (:၁၂)

          :၁၂ ဘုရားသခင်အမိန့်တော်အတိုင်း မောရှေနှင့် အာရုန်သည် မီးဖိုပြာကို လေထဲ၌ ဝှေ့ယမ်းသောအခါ ရောက်လေရာအရပ်၌ လူနှင့် တိရစ္ဆာန်တို့သည် အနာစိမ်း၊ အနာဆိုးများ ပေါက်ကြသည်။ ဖာရောဘုရင်၏ ဝိဇ္ဇာမျက်လှည့်ဆရာများလည်းထိုင်မရ၊ ထမရ ဝေဒနာခံစားကြသည်။ သို့သော် ဖာရောမင်းသည် ခေါင်းမာနေဆဲ။ ထို့ကြောင့်ဘုရားသခင်က သေဆိုးကပ်ဆိုး တစ်မျိုးပြီးတစ်မျိုး၊ တစ်ခုပြီးတစ်ခု ဖြစ်စေ၍ စိတ်နှလုံး ပျော့ပျောင်း ညင်သာစေသည်။

(သတ္တမကပ်ဆိုး၊ မိုးသီးနှင့်မီး (:၁၃၃၅)

          :၁၃၃၅ “ငါ၏ဘေးဒဏ်အလုံးစုံ” ဆိုသည်မှာ အဲဂုတ္တုအမျိုးပေါ်သို့ ဘုရားခင်ကျရောက်စေသော ဘေးဒဏ်များကို ဆိုလိုသည်။ ဖာရောဘုရင်နှင့် တိုင်းသူပြည်သား လူအားလုံးအား ဘုရားသခင်က တစ်ချက်တည်းနှင့် ဖျက်ဆီးနိုင်ပါသည်။ သို့သော်လည်း စိတ်နှလုံးပျော့်ပျောင်း ညင်သာစေလိုသဖြင့် ဘေးဒဏ်များဖြင့် တစ်ခုပြီးတစ်ခု သွန်သင်သည်။ ဘုရားသခင်၏ ဘုန်းတန်ခိုးကျော်စောမှုကို အဲဂုတ္တုသာများအား သိကြားစေလိုသည်။ အပိုဒ်ငယ်(၁၆)သည် ဖာရောဘုရင်အား ပြစ်တင်ရှုတ်ချခြင်း မဟုတ်ပါ။ တစ်စုံတစ်ဦးအား ပြစ်တင်ရှုတ်ချခြင်းသည် ကျမ်းစာတော်နှင့်မညီပါ။ ဘုရားသခင်၏ ဘုန်းတန်ခိုးကို မထီမဲ့မြင် ပြု၍ မထီလေးစားဆန့်ကျင်သူများအား နမူနာ သင်ခန်းစာပေးခြင်းဖြစ်သည် (ရော ၉:၁၆-၁၇) နှင့်ယှဉ်ဖတ်။

နောက်ထပ်ကပ်ဆိုးတစ်ခုမှာ မိုးသီးရွာစေသည်။ ထို့အပြင် မကြုံစဖူး မြင်ဖူးမှယုံစရာ မိုးသီးနှင့်မီးများ ရောပြွမ်း၍ ရွာချသဖြင့် အဲဂုတ္တုလူနှင့် တိရစ္ဆာန်များ ထိမှန်ကုန်သည်။ သို့သော် ဣသရေလတို့မှာ လွတ်မြောက်ကြသည် (ငယ် ၃၁၊ ၃၂)။ တိရစ္ဆာန်များ၊ လူများထိသော်လည်း ကောက်ပဲသီးနှံ ဂျုံစပါးများကိုမူ ပျက်စီးခြင်းမရှိ။ ဣသရေလတို့ အများစုနေထိုင်သော ဂေါရှန် ဒေသတွင်မူ မရွာ။ ပေါက္ခရဝဿမိုးသီးများ ဖြစ်သည်။ ဖာရောမင်း၏ တောင်းပန်ချက်အရ မောရှေ ဆုတောင်းသောအခါ မိုးသီးနှင့် မီးပန်းများ ရပ်စဲသွားသည်။ သို့သော် မောရှေ ထင်ထားသည့်အတိုင်းသာ ဖာရောမင်းသည် ကပ်ဆိုးရပ်စဲသည်နှင့် ခေါင်းမာကြောဆဲ ဗိုလ်နေမြဲကျားနေမြဲပြန်ဖြစ်ကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။