ထွက်မြောက်ရာကျမ်း - ၁၁

သားဦးများသေရမည့်အကြောင်း
1ထိုအခါ ထာဝရဘုရားက၊ ဖာရောဘုရင်နှင့် အဲဂုတ္တုပြည်အပေါ်မှာ ဘေးတစ်ပါးကို ငါရောက်စေဦးမည်။ ထိုနောက် သင်တို့ကိုလွှတ်လိမ့်မည်။ လွှတ်သောအခါ၌လည်း၊ အကယ်၍ သင်တို့ကိုတစ်ပြိုင်နက်နှင်လိမ့်မည်။ 2ဣသရေလလူယောက်ျားသည်၊ အိမ်နီးချင်းယောက်ျား၌လည်းကောင်း၊ မိန်းမသည် အိမ်နီးချင်းမိန်းမ၌လည်းကောင်း၊ ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာတို့ကို တောင်းစေခြင်းငှာ၊ လူများတို့အားပြောလော့ဟု မောရှေအားမိန့်တော်မူ၏။ 3သူတို့တောင်းသည်အတိုင်း၊ အဲဂုတ္တုလူတို့သည် ပေးချင်သောစေတနာစိတ်ကို ထာဝရဘုရားဖြစ်စေတော်မူ၏။ မောရှေသည်လည်း၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင်၏ကျွန်များ၊ လူများရှေ့၌ ကြီးစွာသောအသရေရှိလေ၏။
4ထိုအခါ မောရှေက၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သန်းခေါင်အချိန်၌ အဲဂုတ္တုပြည်အလယ်သို့ငါထွက်သွားမည်။ 5နန်းထိုင်သော ဖာရောဘုရင်၏သားဦးမှစ၍၊ ကြိတ်ဆုံနောက်၌ ထိုင်သော ကျွန်မ၏သားဦးတိုင်အောင်၊ အဲဂုတ္တုပြည်၌ရှိသမျှသော သားဦးတို့နှင့် တိရစ္ဆာန်တို့၏ သားဦးရှိသမျှတို့သည် သေကြလိမ့်မည်။ 6အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင်၊ ရှေးကာလ၌မဖြစ်စဖူး၊ နောင်ကာလ၌လည်း မဖြစ်လတ္တံ့သောကြီးစွာသော ငိုကြွေးခြင်းဖြစ်ရလိမ့်မည်။ 7သို့ရာတွင် ထာဝရဘုရားသည်၊ အဲဂုတ္တုလူတို့နှင့် ဣသရေလလူတို့ကို ခြားနားစေတော်မူကြောင်းကို သင်တို့သိစေခြင်းငှာ၊ ဣသရေလလူတစ်စုံတစ်ယောက်ကို ခွေးတစ်ကောင်မျှမဟိန်းရဟု မိန့်တော်မူ၏။ 8ကိုယ်တော်၏ကျွန်ဖြစ်သော ဤလူအပေါင်းတို့သည်လည်း ကျွန်ုပ်ထံသို့လာ၍ ပျပ်ဝပ်လျက် ထွက်သွားပါ။ ကိုယ်တော်နှင့် ကိုယ်တော်နောက်၌လိုက်သော လူအပေါင်းတို့ ထွက်သွားကြပါဟု ပြောဆိုပြီးမှ ကျွန်ုပ်ထွက်သွားပါမည်ဟု လျှောက်ဆိုသဖြင့်၊ အမျက်ထွက်၍ ဖာရောဘုရင်ထံမှထွက်သွားလေ၏။
9ထာဝရဘုရားကလည်း၊ အံ့ဖွယ်သောအမှုတော်တို့သည် အဲဂုတ္တုပြည်၌ များပြားမည်အကြောင်း၊ ဖာရောဘုရင်သည် သင်တို့၏စကားကို နားမထောင်ဘဲနေလိမ့်မည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ 10မောရှေနှင့် အာရုန်တို့သည် ဖာရောဘုရင်ရှေ့မှာ ဤအံ့ဖွယ်သော အမှုအလုံးစုံတို့ကိုပြုသော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ကို ပြည်တော်မှ ထွက်သွားရသောအခွင့်ကို မပေးဘဲနေသတည်း။

ထွက်မြောက်ရာကျမ်း - ၁၁ (အနက်ဖွင့်)

၆။ သားဦးများသေကြခြင်းနှင့်ဣသရေလတို့လွတ်မြောက်ခြင်း (၁၁:၁၂:၃၀)

          ၁၁:၁၀ မောရှေသည် ဖာရောမင်းထံမှ မခွါနိုင်သေး။ အပိုဒ်ငယ် ၄-၈ တွင် ဆက်လက် စကားပြောနေသည်။ ပထမပိုင်း အပိုဒ်ငယ် (၃)ခုသည် စကားချပ်ဖြစ်သည်။ နောက်ဆုံးနှင့် ဒဿမကပ်ဆိုး ရောက်ခါနီးဖြစ်သောကြောင့် ဣသရေလများအား အိမ်နီးနားချင်း အဲဂုတ္တုများထံမှ ရွှေတန်ဆာ၊ ငွေတန်ဆာများ တောင်းခိုင်းသည် (ငှါးခြင်းမဟုတ်၊ KJV)။ အဲဂုတ္တုလူမျိုးများ၏ သားဦးများ ညဉ့်နက်ယံတွင် သေဆုံးကြမည်ဟု မောရှေက ဖာရောမင်းအား သတိပေးသည် (၁၂:၆)။ သို့သော် ဣသရေလအမျိုးအား ချက်ချင်းထွက်ခွာကြရန် တောင်းပန်မည်။ မောရှေ၏စကားကို ကြားသိသောအခါ ဖာရောမင်းပိုမိုဒေါသထွက်လာသည်။ သို့သော် အလိုလိုက်လျော့ဖို့ ဂရုမစိုက်။ ဖာရောမင်း၏ စိတ်နှလုံးသည် ဒေါသနှင့် အတူ ခိုင်မာသထက်ခိုင်မာလာသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။