ဧသတာ၀တ္ထု - ၈

ရန်သူတို့ကိုပြန်လှန်တိုက်ခိုက်ခြင်း
1ထိုနေ့ချင်းတွင်၊ ရှင်ဘုရင်အာရွှေရုသည် ယုဒအမျိုး၏ ရန်သူဟာမန်အိမ်ကို မိဖုရားဧသတာအား ပေးတော်မူ၏။ ဧသတာသည် မော်ဒကဲနှင့် အဘယ်သို့ ပေါက်ဖော်တော်သည်ကို ဧသတာလျှောက်သဖြင့်၊ မော်ဒကဲသည် ရှင်ဘုရင်ထံတော်သို့ ဝင်ရ၏။ 2ရှင်ဘုရင်သည်လည်း၊ ဟာမန်လက်မှနုတ်သော လက်စွပ်တော်ကို တစ်ဖန်ချွတ်၍ မော်ဒကဲအား ပေးတော်မူ၏။ ဧသတာလည်း၊ ဟာမန်အိမ်ကို မော်ဒကဲ၌ အပ်လေ၏။
3တစ်ဖန် ဧသတာသည် ရှင်ဘုရင်ခြေတော်ရင်း၌ ပျပ်ဝပ်၍၊ အာဂတ်အမျိုး ဟာမန်ပြုသောအပြစ်၊ ယုဒအမျိုးတစ်ဖက်၌ ကြံစည်သောအကြံအစည်ကို ပယ်တော်မူမည်အကြောင်း၊ မျက်ရည်ကျလျက် တောင်းပန်လေ၏။ 4ရှင်ဘုရင်သည် ရွှေရာဇလှံတံကို ဧသတာသို့ ကမ်းတော်မူသဖြင့်၊ ဧသတာသည်ထ၍ ရှင်ဘုရင်ရှေ့တော်၌ ရပ်လျက်၊ 5အရှင်မင်းကြီး အလိုတော်ရှိ၍၊ ကျွန်တော်မကို စိတ်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ ကျွန်တော်မအမှုသည် ရှေ့တော်၌ လျောက်ပတ်၍ ကိုယ်တော်သည် ကျွန်တော်မကိုလည်း ချစ်တော်မူလျှင်လည်းကောင်း၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူတို့ကို ဖျက်ဆီးခြင်းငှာ၊ အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်စီရင်သောစာကို ပယ်မည်အကြောင်း၊ ထပ်၍ စာရေးစေတော်မူပါ။ 6ကျွန်တော်မအမျိုးအပေါ်သို့ ရောက်ရသော ဘေးကိုလည်းကောင်း၊ ကျွန်တော်မအမျိုးသားချင်း ပျက်စီးသော အမှုကိုလည်းကောင်း၊ ကျွန်တော်မသည် ကြည့်ရှုခြင်းငှာ၊ အဘယ်သို့ တတ်နိုင်ပါအံ့နည်းဟု လျှောက်ဆို၏။ 7ရှင်ဘုရင် အာရွှေရုကလည်း၊ ဟာမန်သည် ယုဒလူတို့ကို ထိခိုက်သောကြောင့်၊ သူ၏အိမ်ကို မိဖုရားဧသတာအား ငါပေးပြီ။ ထိုသူကိုလည်း လည်ဆွဲချတိုင်၌ ကွပ်မျက်စေပြီ။ 8သို့ရာတွင် ရှင်ဘုရင်လက်စွပ်နှင့် တံဆိပ်ခတ်သော ရှင်ဘုရင် အမိန့်တော်စာကို အဘယ်သူမျှ မပယ်ရသည်ဖြစ်၍၊ စိတ်ရှိသည်အတိုင်း ယုဒလူတို့အဖို့ အမိန့်တော်စာကို တစ်ဖန်ရေး၍၊ လက်စွပ်တော်နှင့် တံဆိပ်ခတ်ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။
9ထိုအခါ သိဝန်အမည်ရှိသော တတိယလ နှစ်ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကို ခေါ်၍၊ အိန္ဒိယပြည်မှ ကုရှပြည်တိုင်အောင် တိုင်းပြည်တစ်ရာနှစ်ဆယ် ခုနစ်ပြည်တို့၌ရှိသော ယုဒလူ၊ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ မြို့သူကြီးတို့ကို မော်ဒကဲ မှာထားသမျှအတိုင်း၊ ယုဒဘာသာစကားမှစ၍ လူအမျိုးမျိုး ပြောသောစကား အသီးအသီးအားဖြင့်၊ 10ရှင်ဘုရင် အာရွှေရု၏ အမိန့်တော်စာကိုရေး၍ ရှင်ဘုရင်လက်စွပ်တော်နှင့် တံဆိပ်ခတ်ပြီးမှ၊ မြင်း၊ လား၊ ကုလားအုတ်၊ မြည်းစီးသော စာပို့လုလင်တို့ဖြင့် ပေးလိုက်လေ၏။ 11အမိန့်တော်စာချက်ဟူမူကား၊ အာဒါအမည်ရှိသော ဒွါဒသမလ တစ်ဆယ်သုံးရက် တစ်နေ့ချင်းတွင်၊ 12နိုင်ငံတော် အတိုင်းတိုင်း အပြည်ပြည် အမြို့မြို့၌ရှိသော ယုဒလူတို့သည် စုဝေး၍၊ မိမိတို့အသက်ကို စောင့်ရသောအခွင့်၊ တိုက်လာသောပြည်သူ၊ စစ်သူရဲအပေါင်းတို့ကို မိန်းမသူငယ်နှင့်တကွ သတ်ဖြတ်သုတ်သင်ပယ်ရှင်း၍၊ သူတို့ဥစ္စာကို လုယူသိမ်းရုံးရသောအခွင့်ကို ရှင်ဘုရင်ပေးတော်မူ၏။ 13ဤရွေ့ကား၊ ယုဒလူတို့သည် ထိုနေ့ရက်တွင် ရန်သူတို့ကို ရန်တုံ့ပြုစေခြင်းငှာ၊ အတိုင်းတိုင်း အပြည်ပြည်၌နေသော လူမျိုးအပေါင်းတို့အား ကြော်ငြာရသော အမိန့်တော်စာချက် ဖြစ်သတည်း။ 14ထိုအမိန့်တော်စာကို ရှုရှန်နန်းတော်၌ ကြော်ငြာပြီးမှ၊ ရှင်ဘုရင် ကျပ်တည်းစွာ စီရင်သည်အတိုင်း၊ စာပို့ လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ၏။
15မော်ဒကဲသည်လည်း၊ မင်းမြောက်တန်ဆာ တည်းဟူသော အဝတ်အဖြူအပြာကို ဝတ်ဆင်လျက်၊ ကြီးစွာသော ရွှေသရဖူကို ဆောင်းလျက်၊ ပိတ်ချောနှင့် မောင်းသောအထည်ဖြင့်ပြီးသော ဝတ်လုံကိုခြုံလျက်၊ ရှင်ဘုရင်ထံတော်မှ ထွက်သွား၍၊ 16ရှုရှန်မြို့တော်သည် ဝမ်းမြောက်ရွှင်လန်းခြင်းသို့ ရောက်လေ၏။ ယုဒလူတို့သည်လည်း၊ သက်သာရွှင်လန်း၍ ဝမ်းမြောက်ခြင်း၊ အသရေထွန်းလင်းခြင်းသို့ ရောက်ကြ၏။ 17ရှင်ဘုရင်အမိန့်တော်စာ ရောက်လေသော အပြည်ပြည်အမြို့မြို့၌၊ ယုဒလူတို့သည် ဝမ်းမြောက်ရွှင်လန်းခြင်း၊ ပွဲခံခြင်း၊ မင်္ဂလာနေ့စောင့်ခြင်းကို ပြု၍၊ ပြည်သူပြည်သားအများတို့သည် ယုဒလူတို့ကို ကြောက်ရွံသောကြောင့် ယုဒဘာသာကိုဝင်ကြ၏။

ဧသတာ၀တ္ထု - ၈ (အနက်ဖွင့်)

()မော်ဒကဲရာထူးတိုးခြင်းနှင့် ယုဒလူများ ကွယ်ကာရာရခြင်း (အခန်း )

 : ရှင်ဘုရင်ကြီးက ဟာမန်၏ နေအိမ်အား ဧသတာသို့လက်ဆောင်ပေး၍ မော်ဒကဲကိုလည်း ရာထူးတိုးပေးလိုက်သည်။

 : ဟာမန်သည် လူ့ဘဝမှပျောက်ကွယ်သွားသော်လည်း ဘဝဇာတ်လမ်းသည် ကျန်ရှိနေဆဲ။ တဖန် ဧသတာသည်ဘုရင်ကြီးရှေ့သို့ မဖိတ်မခေါ်ဘဲ ရောက်ရှိလာပြန်သည်။ သူ့အသက်ကို ကယ်တင်ပြီးဖြစ်သော်လည်း သူ့အမျိုးကိုကူညီဖို့ မျက်ရည်ဝဲလျက်တောင်းဆိုသည်။ ရှင်ဘုရင်ကြီးကလည်း ရာဇရွှေလှံတံတော်ကို ကမ်းပေးသည်။ အငယ်၃သည် ဆုတောင်းခြင်းအကြောင်းဖြစ်၍ အသေးစိတ်ကို အငယ် (၅)၊ (၆)တွင် ရေးမှတ်ထားသည်။ တိုင်းပြည်အဝှမ်းသို့ ယုဒလူများသည် သတ်ပစ်ဖို့ ဟာမန်ထုတ်ပြန်ထားသောအမိန့်အား ဖျက်သိမ်းပြင်ဆင်ခြင်း မရှိသေး။ သို့ဖြင့် ဟာရွှေရုမင်းသည် မိဖုရား ဧသတာလျှောက်လဲသည့်အတိုင်း ယုဒတပြည်လုံးသို့ အမိန့်စာတဖန်ထုတ်ပြန်သည်။ ဟာမန်သို့ အပ်ထားသော အမိန့်ပြားလက်စွပ်ကိုလည်း မော်ဒကဲသို့ ပေးလိုက်သည်။

 :၁၄ ယုဒလူများ၏ ဘဝအိုးအိမ်လုံခြုံမှု အမိန့်ကြော်ငြာစာကို ဘာသာစကား အမျိုးမျိုးဖြင့်ရေး၍ တတိုင်းပြည်လုံးသို့ မနှေးအမြန် ခြေမြန်တော်များဖြင့် လိုက်လံပို့ဆောင်စေသည်။ သို့ဖြင့်စာတန်၏ နှိပ်ကွပ်မှုအောက်မှ လွတ်မြောက်လာကြသောသူများ၏ သတင်းကောင်းသည် ပျံ့နှံ့၍ ယုဒလူများ ငြိမ်သက်ချမ်းသာရာရရှိသွားကြသည်။

:၁၅၁၇ အဝတ်စုတ် အဝတ်ပြဲဝတ်သော မော်ဒကဲသည် ပြည့်ရှင်မင်းတရားကြီး ချီးမြှင့်သော နန်းတွင်းဝတ်ကောင်းစားလှကို ဆင်မြန်းသဖြင့် လူနှင့်သူနှင့်တူပြန်သည်။ စိတ်ပျက်အားငယ်ခဲ့သော ယုဒလူများသည် ဝမ်းသာပျော်ရွှင်ကြသည်။ ရန်သူများကိုလည်း မှုစရာမလို။ ထိုယုဒလူများ၏ ယုံကြည်ခြင်းကို စောင့်ကြည့်နေသော တပါးအမျိုးသားများသည်လည်း ယုဒလူတို့၏ ယုံကြည်ခြင်းသစ္စာကို လေးစားကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။