ဧသတာ၀တ္ထု - ၅

ဧသတာ၏ညစာစားပွဲ
1သုံးရက်မြောက်သောနေ့၌၊ ဧသတာသည် မိဖုရားအဝတ်တန်ဆာကို ဝတ်ဆင်၍၊ နန်းတော် အဆောင်မ တစ်ဖက်တစ်ချက်၊ နန်းတော်အတွင်း တံတိုင်းထဲမှာ ရပ်နေ၏။ ရှင်ဘုရင်သည် နန်းတော်တံခါး တစ်ဖက်တစ်ချက်၊ နန်းတော်ထဲ၊ ရာဇပလ္လင်ပေါ်မှာ ထိုင်တော်မူ၏။ 2မိဖုရားဧသတာသည် တံတိုင်းတော်ထဲမှာ ရပ်နေသည်ကို ရှင်ဘုရင်သည်မြင်လျှင်၊ နူးညွတ်သောစိတ်ရှိ၍ လက်တော်၌ပါသော ရွှေရာဇလှံတံကို၊ ဧသတာသို့ ကမ်းတော်မူသဖြင့်၊ ဧသတာသည် ချဉ်းကပ်၍ ရာဇလှံတံတော်အထွတ်ကို တို့လေ၏။ 3ရှင်ဘုရင်ကလည်း၊ မိဖုရားဧသတာ၊ သင်သည် အဘယ်အလိုရှိသနည်း။ အဘယ်ဆုကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော် တစ်ဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊ 4ဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ အရှင်မင်းကြီးအဖို့ ကျွန်တော်မပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ယနေ့ ကြွတော်မူပါဟု လျှောက်သော်၊ 5ရှင်ဘုရင်က၊ ဧသတာ လျှောက်သည်အတိုင်း ပြုအံ့သောငှာ၊ ဟာမန်သည် အလျင်အမြန်လာစေဟု မိန့်တော်မူသဖြင့်၊ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ရှင်ဘုရင်ကြွတော်မူ၏။
6တစ်ဖန် စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က၊ သင်သည် အဘယ်သို့ အလိုရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေးမည်။ အဘယ်ဆုကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော်တစ်ဝက်တိုင်အောင် ငါပေးမည်ဟု ဧသတာအားမိန့်တော်မူလျှင်၊ 7ဧသတာက၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မတောင်းချင်သောဆု ဟူမူကား၊ 8ကျွန်တော်မကို အရှင်မင်းကြီး၏စိတ်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မတောင်းချင်သောဆုကို ပေးသနားခြင်းငှာ အရှင်မင်းကြီး အလိုတော်ရှိလျှင်လည်းကောင်း၊ ကျွန်တော်မပြင်ဆင်သောပွဲသို့ အရှင်မင်းကြီးသည် ဟာမန်နှင့်တကွ တစ်ဖန်ကြွတော်မူပါ။ အမိန့်တော်ရှိသည်အတိုင်း နက်ဖြန်နေ့၌ ကျွန်တော်မပြုပါမည်ဟု ပြန်လျှောက်လေ၏။
ဟာမန်၏လျှို့ဝှက်အကြံအစည်
9ထိုနေ့၌ ဟာမန်သည် ဝမ်းမြောက်ရွှင်လန်းသော စိတ်နှင့် ထွက်သွားသော်လည်း၊ နန်းတော်တံခါးဝမှာ မော်ဒကဲသည် ရိုသေစွာမထ၊ အလျှင်းမလှုပ်ဘဲနေသည်ကို မြင်သောအခါ၊ မော်ဒကဲကို အလွန်အမျက်ထွက်လေ၏။ 10သို့ရာတွင် မိမိစိတ်ကို ချုပ်တည်းလျက်သွား၍၊ မိမိအိမ်သို့ရောက်သောအခါ၊ မယားဇေရက်နှင့် အဆွေခင်ပွန်းတို့ကို ခေါ်ပြီးလျှင်၊ 11မိမိဘုန်းစည်းစိမ်ကြီးကြောင်း၊ သားသမီးများကြောင်း၊ ရှင်ဘုရင် အလွန်ချီးမြှောက်၍ မှူးတော်မတ်တော် ကျွန်တော်မျိုးများထက် သာ၍မြတ်သောအရာ၌ ခန့်ထားတော်မူကြောင်းများကို ဖော်ပြလျက်၊ 12မိဖုရားဧသတာသည် မိမိပြင်ဆင်သောပွဲသို့ ငါမှတစ်ပါး၊ အဘယ်သူကိုမျှ ရှင်ဘုရင်နှင့်အတူ မဝင်စေ။ နက်ဖြန်နေ့၌လည်း ရှင်ဘုရင်နှင့်အတူ ငါ့ကိုဖိတ်ပြန်၏။ 13သို့ရာတွင်၊ ယုဒလူမော်ဒကဲသည် နန်းတော်တံခါးဝမှာ ထိုင်လျက်ရှိသည်ကို ငါမြင်ရသည် ကာလပတ်လုံး၊ ယခုဖော်ပြသမျှတို့သည် ငါ၌ကျေးဇူးမရှိဟု ဆို၏။ 14ထိုအခါ မယားဇေရက်နှင့် အဆွေခင်ပွန်းရှိသမျှတို့က၊ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်ကိုစိုက်ပါစေ။ ထိုတိုင်၌ မော်ဒကဲကိုလည်ဆွဲချစေမည်အကြောင်း နက်ဖြန်သံတော်ဦးတင်လော့။ ထိုနောက်မှ စိတ်ရွှင်လန်းလျက် ရှင်ဘုရင်နှင့်အတူ ပွဲသို့ဝင်လော့ဟု ပြောဆိုသောစကားကို ဟာမန်သည် နှစ်သက်၍၊ လည်ဆွဲချတိုင်ကို လုပ်စေ၏။

ဧသတာ၀တ္ထု - ၅ (အနက်ဖွင့်)

၄။ ယုဒလူများသတ်ဖြတ် ညှဉ်းဆဲခြင်းမှ အသက်ရှူချောင်ခြင်း (အခန်း ၅၊၉)

(ကဧသတာ၏ အသနားခံခြင်းနှင့် ဟာမန်၏ ဒေါသ (အခန်း )

 : ယုဒလူမျိုးနှင့်တကွ (၃)ရက်လုံးလုံး အစာရှောင်ဆုတောင်းပြီးသောအခါ ဧသတာသည် နန်းဝတ်နန်းစာဆင်မြန်းလျက် ရှင်ဘုရင်၏ ဖိတ်ခေါ်ခြင်းမရှိဘဲလျက် အရဲစွန့်၍ ဝင်ရောက်ခစားသည်။ ဧသတာ၏ စွန့်စားမှုကို ရှင်ဘုရင်က အသိအမှတ်ပြု၍ ရာဇလှံတံ ကမ်းပေးလိုက်သည်။ တိုင်းပြည် တဝက်ပေးရပေးရ၊ ပေးမည်ဟုလည်း ဘုရင်ကြီးက ကတိပေးလိုက်သည်။ (ဆိုလိုသည်မှာ ဆုတောင်းချက်အား အစွမ်းကုန်ဖြည့်ဆည်းပေးမည်)။ ဘုရားသခင်သည် ခရစ်တော်တည်းဟူသောရာဇလှံတံအား ယုံကြည်သူတိုင်းထံသို့ လက်လှမ်းပေးကမ်းပါသည်။ နောင်တရ၍ ပြန်လာကြသူများအား ကြိုဆိုနေပါသည် (ဟေဗြဲ ၁၀:၂၂ ကိုလည်းကြည့်ပါ)။

: ဧသတာက ဘုရင်ကြီးနှင့် ဘုရင့်လက်စွဲတော် ဟာမန်အား ပွဲတော်တည်ခင်းဧည့်ခံဖို့ ခွင့်တောင်းသည်။ ညစာပွဲတော် သုံးဆောင်နေကြစဉ် ဘုရင်ကြီးက မိဖုရားကြီး၏ ဆန္ဒအားမေးမြန်းသည်။ ဧသတာက နောက်တညနေတွင် ညနေစာကျွေးမွေး ခွင့်ထပ်မံတောင်းဆိုသည်။ ထိုကဲ့သို့ ဧသတာ (၂)ရက်ရွှေ့ အချိန်ဆွဲခြင်းကို အမျိုးမျိုး နားလည်နိုင်သည်။ (၁)ရှင်ဘုရင်နှင့် ပိုမို ရင်းနှီးချင်သည်။ ရှင်ဘုရင်နှင့်ပိုမို ရင်းနှီးခြင်းဖြင့် စကားအရာရောက်စေချင်သည်။ ပုဂ္ဂိုလ်ခင်တရားမင်ချင်သည်။ (၄:၁၀−၁၂) မှတ်စုကို လည်းကြည့်ပါ။ (၂) ရဲဆေးတင်ချင်သည်။ (၃) သူ့အစီအစဉ်သည် သာမန်ကိစ္စမဟုတ်။ သေရေးရှင်ရေးဖြစ်၍ အလေးအနက် ဖြစ်စေချင်သည်။ (၄) ဟာမန်၏ မာန်မာနကို ချိုးနှိမ်ချင်သည်။ ဇာတိရုပ်ကို ဖော်ထုတ်ချင်သည်။ ထို့အပြင် ဧသတာ၏ မဟာဗျူဟာလည်း ဖြစ်နိုင်သည်။

 :၁၄ ဟာမန်သည် ဂုဏ်ယူဝင့်ကြွားစွာ ညနေပွဲတော် သုံးဆောင်သည်။ ညစာစားပွဲတော်သို့ ဝင်ရောက်လာစဉ် လမ်းခုလတ်တွင် မောဒကဲအား တွေ့မြင်၍ လိပ်ပြာမလုံသော်လည်း ဟန်ကိုယ်ဖို့ မာန်သူဖို့ ချိန်ထားသည်။ ဟာမန်သည် မယား ဇေရက်အား ဘုရင်ကသူ့ကို မြောက်စားပုံ၊ ဧသတာမိဖုရားက ဘုရင်ကြီးနှင့်အတူ ညနေစာကျွေးပုံကို ကြွားလုံးထုတ်ပြပြီးနောက် မော်ဒကဲအား မျက်မုန်းကျိုးပုံကို ပြောပြသည်။ သူ့မိန်းမကလည်း ၇၅ ပေမြင့်သောတိုင်ပေါ်တွင် မော်ဒကဲအား ကြိုးဆွဲချသတ်ရန် အကြံဉာဏ်ပေးသည်။ သို့ဖြင့် ဘုရင်ကြီး၏ ကြိုတင်ခွင့်ပြုချက်အရ မောဒကဲသည် ကားတိုင်ပေါ်သို့ သတ်မည့် အခြေအနေ ဆိုးရောက်ရှိသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။