ဧသတာ၀တ္ထု - ၁

မိဖုရားဝါရှတိအာခံခြင်း
1အိန္ဒိယပြည်မှစ၍ ကုရှပြည်တိုင်အောင် တိုင်းပြည် တစ်ရာနှစ်ဆယ်ခုနစ်ပြည်တို့ကို အစိုးရသော ရှင်ဘုရင်အာရွှေရုသည်၊ 2ရှုရှန်နန်းတော် ရာဇပလ္လင်ပေါ်မှာ ထိုင်၍ နန်းစံသုံးနှစ်တွင်၊ 3ပေရသိဗိုလ်၊ မေဒိဗိုလ်များ၊ အပြည်ပြည်သော မှူးမတ်ဝန်မင်းများတို့ကို ခေါ်၍၊ မှူးတော် မတ်တော် ကျွန်တော်အပေါင်းတို့အဖို့ ပွဲလုပ်တော်မူ၏။ 4ထိုအခါ နိုင်ငံတော်စည်းစိမ်၊ ဘုန်းအာနုဘော်တော်ကို အရက်တစ်ရာရှစ်ဆယ်ပတ်လုံး ပြတော်မူ၏။ 5ထိုကာလလွန်ပြီးမှ၊ ရှင်ဘုရင်သည် ရှုရှန်နန်းတော်၌ စည်းဝေးသောသူ အကြီးအငယ်အပေါင်းတို့အဖို့ နန်းတော်အနား ဥယျာဉ်တော်ဝင်းထဲမှာ ခုနစ်ရက်ပတ်လုံး ပွဲခံတော်မူ၏။ 6ငွေကွင်းတပ်သော ကျောက်ဖြူတိုင်တို့၌ မောင်းသော ပိတ်ချောကြိုးဖြင့် ဆွဲကာသော ပိတ်ချောကုလားကာ အဖြူအစိမ်းအပြာ တို့နှင့်လည်းကောင်း၊ ခင်းသောကျောက်ပြား အနီအပြာအဖြူအနက်တို့ အပေါ်မှာထားသော ရွှေငွေ အနေအထိုင်တို့နှင့်လည်းကောင်း ဥယျာဉ်တော်သည် ပြည့်စုံ၏။ 7ရှင်ဘုရင်စည်းစိမ်နှင့် လျော်စွာ ထူးခြားသောရွှေဖလားတို့နှင့် များစွာသော စပျစ်ရည်ကို သောက်ကြ၏။ 8စပျစ်ရည် သောက်ခြင်းအမှုသည် တရားအတိုင်း ဖြစ်၏။ အဘယ်သူကိုမျှ အနိုင်မသောက်စေ၊ လူအပေါင်းတို့သည် ကိုယ်အလိုအလျောက် ပြုကြမည်အကြောင်း၊ နန်းတော်အရာရှိအပေါင်းတို့ကို ရှင်ဘုရင် မိန့်တော်မူ၏။ 9မိဖုရားဝါရှတိသည်လည်း၊ ရှင်ဘုရင်အာရွှေရု နန်းတော်သား မိန်းမတို့အဖို့ ပွဲလုပ်လေ၏။
10မိဖုရားဝါရှတိသည် အဆင်းလှသောကြောင့်၊ 11ခုနစ်ရက်မြောက်သောနေ့၌ ရှင်ဘုရင်သည် စပျစ်ရည်သောက်၍ ရွှင်လန်းသောစိတ်ရှိသောအခါ၊ မိဖုရား အဆင်းလှခြင်း အသရေကို မင်းများနှင့်လူများတို့အား ပြလိုသောငှာ၊ မိဖုရားဝါရှတိကို ရာဇသရဖူဆောင်းစေ၍၊ အထံတော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊ မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ်တည်းဟူသော အမှုတော်ထမ်း မိန်းမစိုးခုနစ်ယောက်တို့ကို မိန့်တော်မူ၏။ 12သို့ရာတွင် မိန်းမစိုးဆင့်ဆိုသော အမိန့်တော်ကို၊ မိဖုရားသည် ငြင်းဆန်၍ မလာဘဲနေ၏။ ထိုကြောင့် ရှင်ဘုရင်သည် အမျက်ထွက်၍၊ ဒေါသမီးလောင်လျက် နေတော်မူ၏။
13ထိုအခါ ကာရှေန၊ ရှေသာ၊ အာဒမာသ၊ တာရှိရှ၊ 14မေရက်၊ မာသေန၊ မမုကန်တည်းဟူသော ရှင်ဘုရင်၏ မျက်နှာတော်ကို အစဉ်ဖူးမြင်၍၊ နိုင်ငံတော်တွင် အမြတ်ဆုံးသော ပေရသိ၊ မေဒိအတွင်းဝန်မင်း ခုနစ်ပါးတို့သည် အနားတော်၌ ထိုင်လျက်ရှိ၍၊ တရားစီရင်ရာလမ်းကို လေ့ကျက်သောသူ အပေါင်းတို့နှင့် ရှင်ဘုရင်တိုင်ပင်သော ထုံးစံရှိသည်အတိုင်း၊ အကျိုးအကြောင်းကို နားလည်သော ထိုပညာရှိတို့ကိုခေါ်၍၊ 15မိန်းမစိုးဆင့်ဆိုသော ငါရှင်ဘုရင်အာရွှေရု အမိန့်တော်ကို၊ မိဖုရားဝါရှတိသည် နားမထောင်သောကြောင့်၊ ဓမ္မသတ်အတိုင်း သူ၌ အဘယ်သို့ စီရင်ရမည်နည်းဟု မေးတော်မူလျှင်၊ 16မမုကန်က၊ မိဖုရားဝါရှတိသည် အရှင်မင်းကြီးကိုသာ ပြစ်မှားသည် မဟုတ်ပါ။ အရှင်မင်းကြီးအာရွှေရု အစိုးရတော်မူသော တိုင်းပြည်အရပ်ရပ်၌ ရှိသော မင်းများနှင့် ဆင်းရဲသားများ အပေါင်းတို့ကို ပြစ်မှားပါပြီ။ 17ရှင်ဘုရင်အာရွှေရုသည် မိဖုရားဝါရှတိကို ခေါ်၍၊ မိဖုရားမလာဟု အနှံ့အပြား ပြောကြသဖြင့်၊ မိဖုရားပြုသော ဤအမှုကို ခပ်သိမ်းသောမိန်းမတို့သည် ကြား၍ မိမိတို့ခင်ပွန်းကို မထီမဲ့မြင် ပြုကြပါလိမ့်မည်။ 18မိဖုရားပြုသော ဤအမှုကို ပေရသိ၊ မေဒိ မင်းကတော်တို့သည် ကြားသိကြလျှင်၊ မှူးတော်မတ်တော် အပေါင်းတို့အား ထိုနည်းတူ ပြန်ပြောသဖြင့်၊ အားမနာ တတ်သောစိတ်၊ ဒေါသစိတ် တိုးပွားစရာအကြောင်း ရှိပါလိမ့်မည်။ 19ဝါရှတိသည် အရှင်မင်းကြီး အာရွှေရုထံတော်သို့ နောက်တစ်ဖန် မဝင်စေခြင်းငှာ အလိုတော်ရှိလျှင် မဝင်စေနှင့်ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော်ရှိစေခြင်းငှာ ပေရသိ၊ မေဒိဓမ္မသတ်၌သွင်း၍ ရေးစေတော်မူပါ။ ဝါရှတိထက် ကောင်းသော မိန်းမကိုလည်း မိဖုရားအရာ၌ ချီးမြှောက်တော်မူပါ။ 20သို့ပြုလျှင် ရှင်ဘုရင်ပေးတော်မူသော အမိန့်တော်ကို ကျယ်ဝန်းသော နိုင်ငံတော်တစ်လျှောက်လုံး ကြော်ငြာသောအခါ၊ မိန်းမအပေါင်းတို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေကြပါလိမ့်မည်ဟု ရှင်ဘုရင်နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား၏။ 21ထိုစကားကို ရှင်ဘုရင်နှင့် မှူးမတ်တို့သည် နှစ်သက်၍ မမုကန်လျှောက်သည်အတိုင်း ရှင်ဘုရင်ပြုလျက်၊ 22လူတိုင်း မိမိအိမ်ကို အုပ်စိုးရမည်အကြောင်း၊ မိမိလူမျိုးစကားကို ပြောရမည်အကြောင်း၊ အတိုင်းတိုင်း အပြည်ပြည် ဘာသာစကား အသီးအသီးကို အနက်ပြန်၍ နိုင်ငံတော်အရပ်ရပ်သို့ အမိန့်တော်စာကို ပေးလိုက်တော်မူ၏။

ဧသတာ၀တ္ထု - ၁ (အနက်ဖွင့်)

၁။ မိဖုရားဝါရှတီ မောင်းထုတ်ခြင်း (အခန်း )

 : ကျမ်းစာပညာရှင်များအားလုံးက အာရွှေရုမင်းလက်ထက် ကာလဖြစ်သည်ဟု သဘောမတူကြသော်လည်း၊ အများစုက မဟာဒါရိမင်း၏သား အာရွှေရုမင်းလက်ထက်ဖြစ်သည်ဟု ခံယူကြသည် (NKIV Marg ကိုကြည့်)။ အာရွှေရု (Xerxes) သည်ဘီစီ ၄၈၆/၄၈၅ တွင်နန်းတက်သည်။

ပထမဆုံးပွဲတော်ကို ရက်ပေါင်း (၁၈၀)လုံးလုံး ကျင်းပသည်ဟု မယူဆလို။ နိုင်ငံတော်တွင် ရှင်ဘုရင်၏ ဘုန်းတန်ခိုး ကြွယ်ဝမှုပြသရာ ကာလဖြစ်သည်။ အခြားခေတ် ကာလ၌ တိုင်းပြည်မငြိမ်မသက် ဖြစ်နေချိန်တွင် အာရွှေရုမင်းလက်ထက်၌ ငြိမ်ဝပ်ပိပြားစွာ အင်ပါယာချဲ့ထွင်ခြင်းကို ဆိုလိုသည်။

: ဒုတိယအကြိမ်ပွဲတော်သည် ()ရက်ကြာ၍ ရှုရှန်နန်းတော်၌ လူသူအပေါင်းအား ဖိတ်ခေါ်ဧည့်ခံသည်။ နန်းတော်ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။ ဘုရင်တည်ခင်းသော ယစ်ရွှေရည်အား စိတ်ကြိုက်သုံးဆောင်ကြသည်။ အပိုဒ်ငယ် ၆သည် သမ္မာကျမ်းစာတွင် ဖတ်ချင်စဖွယ် အကောင်းဆုံးကျမ်းပိုဒ်တခုဖြစ်သည်။ ဧည့်သည်တော်များအား မိမိစိတ်ကြိုက် ရွေးချယ်စားသောက်ခွင့်ပြုသည်။

 :၁၂ အခြားမိန်းမဖော်များကို ဧည့်ခံနေသော မိဖုရားဝါရှတိအား အလှဝါကြွားစေရန် ရှင်ဘုရင်က ဖိတ်ခေါ်သည်။ ပါရှန်းဘုရင်များသည် မိမိတို့ မိဖုရား၏ အဆင်းအလှ မက်မောဖွယ်ကောင်းပုံကို လူပုံအလယ်တွင် ဂုဏ်ယူလေ့ရှိသည်။ အာရွှေရုမင်းသည်လည်း အရက်လာတွေ့သည်နှင့်အမျှ သူ့မိန်းမ၏အလှကို ထုတ်ဖော်ဂုဏ်ယူချင်နေသည်။ ရှင်ဘုရင်၏ ဖိတ်ခေါ်ခြင်းကို ဝါရှတိဘုရင်မက ငြင်းဆန်သောကြောင့် အာရွှေရုမင်း ဒေါသထွက်သည်။

 :၁၃၂၀ အတိုင်ပင်ခံ မှူးမတ်များအား အကြံဉာဏ်တောင်းရာ မိဖုရားဝါရှတိ၏ အပြုအမှုသည် မိုက်ရိုင်းသည်။ အခြားမိန်းမများအား ရိုင်းစိုင်းမှု သင်ပြခြင်းဖြစ်သည်ဟု အခါတော်ပေးကြသည်။ မင်းတိုင်ပင်အမတ် မမုကန်က မိဖုရားဝါရှတိ၏ အပြုအမူသည် ရှင်ဘုရင်သာမက တိုင်းသူပြည်သားများကိုလည်း မထီမဲ့မြင်ပြုရာရောက်သည်။ ပေရသိနှင့် မေဒိမင်းများက ကြားသိလျှင်လည်း ထိုသဘောတည်းရှိလိမ့်မည်။ သို့ကြောင့် နောက်တဖန် ဘုရင့်ရှေ့တော်သို့ ခစားခွင့်မပြုထိုက်ကြောင်း လျှောက်လဲသည်။

 :၂၁၂၂ မင်းတိုင်ပင်အမတ်များ၏ အကြံပြုချက်အတိုင်း ဘုရင်ကြီးက ချက်ချင်းအမိန့်ထုတ်ပြန်သည်။ ဘာသာစကားအမျိုးမျိုးဖြင့် ပြန်ဆို၍ အင်ပါယာ တခုလုံးသို့ ဖြန့်စေသည်။ အိမ်ထောင်ဦးစီးသော ယောက်ျားသားသည် မိမိအိမ်ထောင် မိသားစု၏ ဦးစီးခေါင်းဆောင်ဖြစ်သည်။ မိန်းမများသည် မိမိခင်ပွန်း အယုတ်အမြတ်ကို ရိုသေကြရမည်ဟု ဆိုသည်။ Dr.J.Version McGee က “မမုကန်၏ မိန်းမမှာ ကြက်ခေါင်းစိတ်မခံ မိန်းမဖြစ်တန်ရာသည်။ မမုကန်သည် ထိုဘုရင်အမိန့်တော်ကို မိတ္တူကူး၍ သူ့မိန်းမအား ပြသပေမည်ဟုဆိုသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။