ဧဖက်ဩဝါဒစာ- ၆

သားသမီးနှင့်မိဘ
1သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကား ကိုနားထောင်ခြင်းအမှုသည် တရားသောအမှု ဖြစ်၏။- 2-3မိဘကို ရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်း ဟူ၍ ကတိတော်နှင့်ဆိုင်သော ပထမပညတ်ဖြစ်၏။- 4အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ သခင်ဘုရား၏ အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။
ကျွန်နှင့်သခင်
5အစေခံကျွန်တို့၊ ခရစ်တော်၏စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက်၊ စိတ်နှစ်ခွမရှိဘဲ လောကီသခင်၏စကားကို နားထောင်ကြလော့။- 6လူတို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့ မျက်မှောက်၌သာ နားထောင်သည်မဟုတ်၊ ခရစ်တော်၏ ကျွန်ကဲ့သို့ စေတနာစိတ်နှင့် ဘုရားသခင်၏ အလိုတော်ကို စောင့်၍၊- 7လူ၏အစေကိုသာ ခံသကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အစေကိုခံသကဲ့သို့ ကြည်ညိုသော သဘောနှင့် အစေကိုခံကြလော့။- 8ကောင်းသောအကျင့်ကို ကျင့်သောသူ မည်သည်ကား၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ သခင်ဘုရား၏ လက်တော်မှ အကျိုးကိုခံရလိမ့်မည်ဟု သိမှတ်ကြလော့။- 9သခင်တို့၊ ခြိမ်းခြောက်ခြင်းကို ချုပ်တည်း၍၊ ကိုယ်ကျွန်တို့ကို ထိုနည်းတူပြုကြလော့။ သင်တို့၏ သခင်သည် ကောင်းကင်ဘုံ၌ ရှိသည်ကိုလည်းကောင်း၊ ထိုသခင်သည် အဘယ်သူ၏ မျက်နှာကို မှတ်တော်မမူသည်ကိုလည်းကောင်း၊ သိမှတ်ကြလော့။
ဘုရားသခင်၏လက်နက်စုံ
10ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်လည်းကောင်း၊ တန်ခိုးတော်အရှိန် အားဖြင့်လည်းကောင်း၊ ခိုင်ခံ့ခြင်းရှိကြလော့။- 11မာရ်နတ်၏ ပရိယာယ်တို့ကို တားဆီးနိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။- 12အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည်မဟုတ်။ အထွတ်အမြတ်တို့နှင့်လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန် ရကြ၏။- 13ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။- 14သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊- 15ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂလိတရားကို ဟောပြောအံ့သောငှာ ပြင်ဆင်သော အဖြစ်တည်းဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။- 16မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်း ခပ်သိမ်းသော လက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။- 17ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ ဓားကိုလည်းကောင်း ယူကြလော့။- 18ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပတ္ထနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းခြင်းငှာ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူ အပေါင်းတို့အဖို့ ဆုတောင်းလျက် စောင့်ရှောက်ကြလော့။- 19-20ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံလျက်၊ သံတမန်အမှုကို ပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲသောအရာကို ဖော်ပြခြင်းငှာ ငါသည်နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်းအခွင့် ရှိမည်အကြောင်းကိုလည်းကောင်း၊ ထိုတရားကို ဟောပြောအပ်သည်နှင့်အညီ၊ ရဲရင့်စွာဟော ပြောမည်အကြောင်းကိုလည်းကောင်း၊ ငါ့အဖို့လည်း ဆုတောင်းကြလော့။
နောက်ဆုံးနှုတ်ဆက်စကား
21သင်တို့သည် ငါ၌ဖြစ်သော အကြောင်းအရာများကို သိစေခြင်းငှာ၊ သခင်ဘုရားထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါချစ်သောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ဖော်ပြလိမ့်မည်။- 22သင်တို့သည် ငါတို့၏အကြောင်းအရာများကို သိမည်အကြောင်းနှင့်၊ ထိုသူသည် သင်တို့စိတ်နှလုံးကို သက်သာစေမည်အကြောင်း၊ ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်၏။- 23ညီအစ်ကိုတို့၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ် ပေးတော်မူသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာရှိပါစေသော။- 24ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သောသူ အပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။
ဧဖက်ဩဝါဒစာပြီး၏။

ဧဖက်ဩဝါဒစာ- ၆ (အနက်ဖွင့်)

: အခန်း ၅ တွင်ဝိညာဉ်တော်ဖြင့် ပြည့်ဝသူသည် တစ်ယောက်ကိုတစ်ယောက် အောက်ကျို့ နှိမ့်ချရသည်ဟု သွန်သင်ထားပါသည်။ ဝိညာဉ်တော်ဖြင့် ပြည့်ဝသောမိန်းမသည် လင်ယောက်ျားကို အကြွင်းမဲ့ဝန်ခံရသည်ဟု ဆုံးမထားပါ သည်။ ယခုတဖန်ဝိညာဉ်တော်ဖြင့် ပြည့်ဝသောသားသမီးများသည် မိဘအုပ်ထိန်းမှုကို  နာခံရမည့်အကြောင်း သွန်သင် ထားသည်။ သားသမီးများသည်ဘုရားသခင်၏ နာမတော်မြတ်၌ မိဘစကားကိုနာခံရမည့် အကြောင်းသည် ပဓါန အကြောင်းတရားဖြစ်သည်။ သားသမီးများသည် ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ၊ ချို့ယွင်းချက်မရှိ၊ နာခံရမည်။ မိဘနှင့်သားသမီးဆက်ဆံရေးသည် ယုံကြည်သူများအတွက်သာ မဟုတ်ပါ။ လူတိုင်းနှင့်ဆိုင်သည်။ သို့သော် ယုံကြည်သူ ဖြစ်လျှင် ပိုမိုအလေးထားရသည်။ ဘုရားသခင်က နာခံရမည်ဟု အမိန့်ထုတ်ပြန်ခိုင်းသည်။ ပထမဦးစွာ သားသမီးများသည် ဘုရားတရားသိဖို့ လိုသည်။ နာခံခြင်းအသက်တာရှိရမည်။ ဒုတိယအချက်အနေဖြင့် အလိုတော်အတိုင်း အသက်ရှင် တတ်ရမည်။ ဥပမာအားဖြင့် မိဘများက မှားယွင်းသောအရာတစ်ခု စေခိုင်းသည့်တိုင်အောင် စောဒကတက်ခြင်းမပြုရ။ ယဉ်ကျေးသိမ့်မွေ့စွာ သဘောထားတင်ပြ ဆွေးနွေးရသည်။

စတုတ္ထုအချက်အနေဖြင့် အဘယ်ကြောင့် နာခံရသည်ကို သဘောပေါက်ရမည်။ ပထမဦးစွာ တရားသောအမှု ဖြစ်သည်ဟုနားလည်သဘောပေါက်ရမည်။ ထိုအသိတရားသည် အိမ်ထောင်မိသားစုတွင် အခြေခံအကျဆုံး နိယာမတရား ဖြစ်သည်။ အတွေ့အကြုံနုနယ်သောသူများသည် မိမိထက်အသက်ကြီး၍ ပညာရှိသော လူကြီးသူမမိဘများကို အစဉ်ဝန်ခံရန် ဝတ္တရားရှိသည်။ ဘုရားရှင် အလိုရှိသော အကျင့်လက္ခဏာ ဖြစ်သည်။

: ဤကျမ်းပိုဒ်တွင်မူ မိဘနှင့်သားသမီး၊ သားသမီးနှင့်မိဘ ဆက်ဆံရေးသဟဇာတဖြစ်ဖို့ သွန်သင်ဆုံးမ ထားသည်။ အကျိုးအကြောင်း မခိုုင်လုံဘဲ၊သားသမီးများကိုစိတ်ဆိုးအောင် အပြစ်မတင်နှင့် ဟု ဆိုသည်။ အပြစ်တင်ခြင်းထက် သဘောဘဝင်ကျအောင် အကျိုးအကြောင်းရှင်းပြရသည်။ ထို့ထက်စာလျှင် ဘုရားသခင်၏အလိုတော်နှင့် အညီသွန်သင် ရသည်။ သွန်သင်ခြင်း ဆိုသည်မှာ စည်းစနစ်တကျရှိစေခြင်း၊ အမှားထောက်ပြပြင်ဆင်ပေးခြင်း၊ နှုတ်မှုရေးရာအပြင် လက်တွေ့လုပ်ဆောင်ကြခြင်းဖြစ်သည်။ ဆုံးမခြင်း ဆိုသည်မှာသတိပေးခြင်း၊ အပြစ်ပေးခြင်း၊ အမှန်ပြသခြင်းဖြစ်သည်။ ကလေးသူငယ်များကို သွန်သင်ဆုံးမခြင်သည် ဘုရားသခင်၏အလိုတော်အတိုင်းဖြစ်ရသည်။ ဘုရားသခင်အလိုတော် ရှိသော နည်းလမ်းကို သမ္မာကျမ်းစာတွင် ကျမ်းပိုဒ်အများအပြားရှိသည်။

သားသမီးများသွန်သင်ခြင်းနှင့်ပတ်သက်၍ ကလေး(၁၇)ယောက်မိခင် Susanah Wesley က ဤသို့ရေးသည်။

သားသမီးများကို လက်ပွန်းတတီးသွန်သင်ဆုံးမခြင်းသည် ဘုရားသခင်၏အမှုတော်ဆောင်ခြင်းဖြစ်၍ အသစ်သောအသက်တာ၊ အသစ်သောဝိညာဉ် မွေးထုတ်ခြင်းဖြစ်သည်။ သားသမီးကို အလိုလိုက်အခွင့်အရေး ပေးခြင်းသည် စာတန်အား မွေးမြူခြင်း ဖြစ်သည်။ ဘုရားတရားမသိ၊ ကယ်တင်ခြင်းနားမလည်၊ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ ထာဝရဖျက်ဆီး မျှောပစ်ခြင်းဖြစ်သည်။၄ဝ 

: ခရစ်ယာန်လူမှုပတ်ဝန်းကျင်တွင် ဝန်ခံရမည့်တတိယအချက်မှာ အစေခံကျွန်နှင့်သခင်အကြား ဆက်ဆံရေးဖြစ်သည်။ ဤကျမ်းပိုဒ်တွင် အစေခံကျွန်ဟုဆိုထားသော်လည်း အိမ်ဖော်နှင့်အိမ်ရှင်၊ အလုပ်သမားနှင့် အလုပ်ရှင် အစရှိသဖြင့် အကြုံးဝင်ပါသည်။

ပထမအချက်သည် အလုပ်ရှင်၏အလိုကျအတိုင်း လုပ်ဆောင်ရသည်။ လောကီသခင်ဟုဆိုထားရာ ကာယ၊ ဉာဏအလုပ်ဖြင့် လုပ်ကျွေးရသော လောကလူသားများကို ဆိုလိုသည်။

ဒုတိယအချက်အနေဖြင့် ကြောက်ရွံ့တုန်လှုပ်ရသည် ဟုဆိုသည်။ ဆိုလိုသည်မှာ မလုပ်ရဲမကိုင်ရဲ၊ အနားမသီရဲဘဲ ဝေးဝေးမှ ရှောင်ခိုင်းခြင်းမဟုတ်။ အလုပ်ဝတ္တရားတွင် ရိုသေရသည်။ လေးစားရသည်။ တာဝန်ကျေပြွန်ရသည်ဟု ဆိုလိုသည်။

တတိယအချက်အနေဖြင့် စိတ်နှစ်ခွမဖြစ်ဘဲ စိတ်ဒုန်းဒုန်းချရသည်။ စက္ကန့်မိနစ်မခြား၊ အချိန်တိုင်းတွင် အလုပ်ရှင် သခင်အတွက် လုပ်ဆောင်သည်ဟု ခံယူချက်ရှိရမည်။

နောက်တစ်ချက်မှာ ခရစ်တော်အတွက် ပြင်ဆင်ရမည်။ ဆိုလိုသည်မှာ လောကီမှုရေးရာနှင့် ခရစ်တော်အတွက် ခွဲခြားနားလည်တတ်ရမည်။ လုပ်ဆောင်ချက်အတိုင်းသည် ခရစ်တော်အတွက်ဖြစ်ရမည်။ ခရစ်တော်အတွက် ရည်စူး လုပ်ဆောင်ခြင်းဖြင့် လူများက ခရစ်တော်အား သိမြင်စေရမည်။ နေ့စဉ်လုပ်ဆောင်မှု အသေးအဖွဲမှစ၍ ခရစ်တော်၏ နာမတော်အား ပေါ်လွင်စေရမည်။ ယုတ်စွအဆုံး၊ ပန်းကန်ခွက်ယောက်များ ဆေးကြောခြင်းကအစ ခရစ်တော်၏နာမကို ထောက်ရှု၍ အလုပ်ရှင်စိတ်ချယုံကြည်အောင် ဆေးကြော ကိုင်တွယ်ရမည်။ ခရစ်ယာန်အိမ်ရှင်မများသည် ”တစ်နေ့သုံးကြိမ် ဘုန်းတော်ထင်ရှားစေသူများ ဖြစ်သည်”။

: အစေခံအလုပ်သမားများသည် အလုပ်ရှင်ကသာ မျက်လုံးဒေါက်ထောက်ကြည့်သည်မဟုတ်၊ သခင်ဘုရားက လည်း ကြည့်နေပါသည်။ အလုပ်ရှင်၏မျက်ကွယ်ရာဖြစ်သည်ဟူသော စိတ်ထားမျိုးသည် မရိုးဖြောင့်သောအကျင့်ဖြစ်သည်။ ခရစ်ယာန်အသက်တာသည် ပထဝီအနေအထား၊ ပတ်ဝန်းကျင် အရောင်အသွေးအရ လိုက်ပြောင်းရသည်မဟုတ်။ တစ်ခါက ဆိုင်ပိုင်ရှင်မရှိသည့်အချိန်တွင် ခရစ်ယာန် အရောင်းဈေးသည်အား ”ဆိုင်ပိုင်ရှင်မမြင်ပါဘူး၊ ပစ္စည်းပိုပေးပါ” ဟုဈေးသည်က တောင်းဆိုသည်။ ထိုအခါ ဈေးသည်က ”ဆိုင်ပိုင်ရှင် မမြင်သော်လည်း သခင်ဘုရားက ကြည့်နေသည်” ဟု ဆိုသည်။ မှန်ပါသည်။ ခရစ်တော်၏ကျွန်သည် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို စိတ်နှလုံးထဲ၌ သခင်ခရစ်တော် မြင်ယောင် နေရမည်။ ထိုအကြောင်းကို Erdman  က ဤသို့ဆိုသည်။

အမှုတော်ထမ်းဆောင်ခြင်းသည် အတိုင်းအဆမရှိသော ဂုဏ်ဒြပ်ဖြစ်သည်။ အနိမ့်ကျဆုံးသောလူတန်းစား အစေခံ ကျွန်ကပင်လျှင် ခရစ်တော်ဘုရား၏စိတ်နှလုံးကို ကြည်နူးစေနိုင်သည်။ စိတ်သဘောထားမြင့်မြတ်ခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း၊ လုံ့လဝိရိယရှိခြင်းတို့သည် သခင်ဘုရား၏ စိတ်တော်ထိတွေ့ရာဖြစ်သည်။၄၁

၆းရ ထို့အပြင် ကြည်ညိုသော စိတ်သဘောထားရှိကြရမည်။ အပြင်ပန်းလက္ခဏာသာမဟုတ်။။ စိတ်နှလုံးထဲမှ ရွှင်ပြကြည်ဖြူစွာရှိရမည်။ အလုပ်ရှင်က ဆက်ဆံရေးမပြေပြစ်၍ မြည်တွန် တောက်တီးသည့်တိုင်အောင် မိမိတို့အမူအကျင့်သည် လူသားများဆက်ဆံခြင်းမဟုတ်၊ ဘုရားသခင်၏ အစေခံခြင်းဖြစ်သည်ဟု မှတ်ယူရမည်။ ယနေ့ခေတ်ကာလတွင် လုပ်ငန်းခွင်၌ အော်ကြီးဟစ်ကျယ် ပြောဆိုနေကြသည်ကို ခရစ်ယာန် စိတ်သဘောထားဖြင့် အနိုင်ယူရမည်။

: ခရစ်ယာန်အသက်တာ၏ အကြီးမားဆုံးသောမက်လုံးမှာ ကောင်းသောအမှုကြောင့် ချီးမြှင့်ခြင်းခံရမည့် ခရစ်တော်၏ဆုလက်ဆောင်ဖြစ်သည်။ ထိုလက်ဆောင်သည် အစေခံကျွန်၊ လူလွတ်ဟူ၍ ခွဲခြားခြင်းမရှိ။ ခရစ်တော်ဘုရား စိတ်ကျေနပ်ဖွယ်ရာလုပ်ဆောင်ခြင်းအပေါ်တွင်သာ တန်ဖိုးသတ်မှတ်ပါသည်။ မိမိတို့လုပ်ဆောင်ကြသည့်အတိုင်း ဆုလက်ဆောင်အသီးသီး ချီးမြှင့်ခြင်းခံရမည်။

ဤအစေခံကျွန်အကြောင်းကို နိဂုံးမချုပ်မီ အစေခံကျွန်နှင့် ပတ်သက်သောကျမ်းပိုဒ်၌ အနည်းငယ် ဖော်ပြချင်ပါသည်။

၁။        ဓမ္မသစ်ကျမ်းသည် ကျေးကျွန်စနစ်ကို မရှုတ်ချပါ။ ယုံကြည်သူများကိုလည်း ခရစ်တော်၏ အစေခံကျွန်အဖြစ် ပုံနှိုင်းထားသည် (ငယ် ၆)။ ဧဝံဂေလိတရား ရောက်ရှိသော နေရာတိုင်း၌ ထိုကျေးကျွန်များ၏ အကျင့်သဘောထားအား ပြုပြင်ပြောင်းလဲစေသည်။

၂။         ဓမ္မသစ်ကျမ်းသည် သခင်များထက် ကျေးကျွန်များအား ပိုမိုသွန်သင်ဆုံးမသည်။ အရေးပေးသည်။ အဘယ်ကြောင့်ဆိုသော် ကျေးကျွန်များသည် ဉာဏ်ရည်နည်းပါးသောကြောင့် စေတနာထားခြင်း ဖြစ်နိုင်သည် (၁ကော ၁:၂၆)။ အထူးသဖြင့် ခရစ်ယာန်ကျေးကျွန်များသည် သူတို့အသိုင်းအဝန်းတွင် မျက်နှာငယ်ရသူများ မဟုတ်ပါ။

၃။        ကျေးကျွန်များသည် ကနဦး ခရစ်ယာန်လောက၌ အခြားကျေးကျွန်များထက် လူကြိုက်များသည့် အကြောင်းဖြစ်သည်။

ယနေ့ခေတ်ကာလတွင်လည်း ယုံကြည်သူအစေခံ အလုပ်သမားများသည် ဘုရားသခင် ကျေးဇူးတော်ကြောင့် အခြားသူများထက် မျက်နှာသာပေးခဲ့ကြသည်။

: အစေခံကျွန်များကို ဆုံးမသကဲ့သို့ အလုပ်ရှင်သခင်များကိုလည်း ဩဝါဒပေးထားသည်။ တရားမျှတခြင်း၊ သနားကြင်နာခြင်း၊ ဖြောင့်မတ်ခြင်း ရှိကြရသည်။ ဆဲရေးတိုင်းထွာခြင်း၊ ခြိမ်းခြောက်ခြင်း မပြုရပါ။ ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခြင်းမပြုရ။ ကျေးကျွန်များတွင် အရှင်သခင်ရှိသကဲ့သို့ ထိုအလုပ်ရှင်သခင်များတွင်လည်း အရှင်သခင်ကြီး ရှိသည်။ ထိုအရှင်သခင်ကြီးသည် အစေခံကျေးကျွန်များ၏ သခင်ကြီးလည်းဖြစ်သည်။ ထိုသခင်ကြီးမှာ ကောင်းကင်ဘုံရှင် ဘုရားသခင်ဖြစ်သည်။ အလုပ်ရှင်သခင်နှင့် အစေခံကျွန်သည် လူ့လောကတွင် အဆင့်အတန်းကွာခြားနေသော်လည်း ဘုရားသခင်ရှေ့တွင်မူ ဘဝတူများဖြစ်သည်။ ထိုအလုပ်တွင် သခင်နှင့်အစေခံကျေးကျွန်သည် တစ်နေ့သောအခါ အထံတော်ပါး ၌ ဘဝတူအဖြစ် ဆုံစည်းကြရမည်။

(ခရစ်ယာန်ယုံကြည်ခြင်းအား စစ်မက်ရေးရာပုံစံကဲ့သို့ ပြင်ဆင်ခြင်း (:၁ဝ၂ဝ)

          :၁ဝ ပေါလုက ယုံကြည်သူများအား ခရစ်တော်၏စစ်သည်တော်များအဖြစ် သတ်မှတ်တပ်လှန့်ထားသည်။ ဘုရားသခင်၏ သားသမီးတိုင်းသည် စစ်မက်ရေးတွင် ကျွမ်းကျင်ရသည်။ အမှုတော်လုပ်ငန်းအား စာတန်က နည်းလမ်း အကုန်စွမ်းအားစုံဖြင့် နှောင့်ယှက်တိုက်ဖျက်နေသည်။ ထိုရန်တွန်းလှန်ဖို့ ခရစ်ယာန်စစ်သည်တော်တိုင်း တစ်ဦးချင်း တိုက်ရည်ခိုက်ရည်ပြည့်ဝရသည်။ သခင်ဘုရား၌ ယုံကြည်ခြင်းခိုင်မာလေလေ၊ တန်ပြန်တိုက်စစ်အင်အား ကြီးမားလေလေ ဖြစ်သည်။ စာတန်သည် သာမန်ယုံကြည်သူများအား လက်နက်ခဲယမ်းအကုန်ခံ၍ မတိုက်ခိုက်ပါ။ ယုံကြည်ခြင်း အခိုင်အမာ စခန်းများကိုသာ ပစ်မှတ်ထားတိုက်ခိုက်သည်။ ယုံကြည်သူများ၏ ပင်ကိုယ်စွမ်းရည်သည် စာတန်အား ခုခံတွန်းလှန်နိုင်သော အင်အားရှိသူများမဟုတ်။ ထို့ကြောင့် အခြေခံစစ်ဥပဒေအနေနှင့် သခင်ဘုရားထံမှခွန်အားရယူရမည်။ ခရစ်ယာန်စစ်သား များ၏ အကောင်းဆုံးအရည်အချင်းမှာ ပင်ကိုယ်အရည်အချင်းမရှိဟု မိမိကိုယ်ကိုသိရှိခြင်းဖြစ်သည်။ ထို့နောက် ဘုရားသခင် ၏ လက်နက်အင်အားကို လုံးလုံးလျားလျားအားကိုးရသည်။ ”အစွမ်းသတ္တိရှိသောသူတို့ကို ရှက်ကြောက်စေခြင်းငှာ လောကီ အရာ၌ အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏” (၁ကော ၁:၂၇) ဟု ကျမ်းစကားသက်သေရှိပါသည်။ ယုံကြည်သူများ ၏ အားနည်းချက်များသည်၏ ဘုရားသခင်၏အင်အားဖြည့်ဆည်းရန် နေရာပေးခြင်းဖြစ်သည်။

:၁၁ ဒုတိယမိန့်မှာချက်မှာ ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံဝတ်ဆင်ဖို့ ဖြစ်သည်။ ယုံကြည်သူ တိုင်းသည် မာရ်နတ်၏ပရိယာယ်ကို ဆီးတားနိုင်မည့်အကြောင်း၊ ဘုရားသခင်ပြင်ဆင်ထားသော လက်နက်စုံကို ယူငင်ဝတ်ဆင်ကြရမည်။ စစ်ဝတ်တန်ဆာတစ်ပိုင်းတစ်စ ဝတ်ဆင်၍မရပါ။ ချပ်ဝတ်တန်ဆာအပြည့်အစုံ ဝတ်ဆင်ရသည်။ ဘုရားသခင်က အပြည့်အစုံအဆင်သင့် ပြင်ဆင်ပေးထားပါသည်။ စာတန်သည် ဉာဏ်နီဉာဏ်နက်မျိုးစုံ သုံးတတ်သည်။ သူရဲဘောကြောင်ခြင်း၊ စိတ်ဇဝေဇဝါဖြစ်စေခြင်း၊ ရှုပ်ထွေးစေခြင်း၊ အကျင့်စာရိတ္တပျက်ပြားစေခြင်း၊ မှားယွင်းသောအယူဝါဒ ခံယူစေခြင်းများ လုပ်တတ်သည်။ လူများ၏ပျော့ကွက်ကိုနှိုက်၊ အမြတ်ထုတ်တတ်သည်။ တနည်းမရလျှင် နောက်တစ်မျိုးဖြင့် လှည့်စားတိုက်ခိုက်သည်။

:၁၂ ဤစစ်မက်ရေးရာသည် ခပ်ပေါ့ပေါ့မဟုတ်။ ဘုရားတရားမရှိသော အယူအဆ၊ အတွေးအခေါ်ဒဿန၊ လူက စီရင်ခန့်ထားသော ဆရာ၊ ခရစ်တော်ငြင်းပယ်သော အယူအဆများဖြင့်သာ စစ်မက်ပြိုင်ဆိုင်ခြင်းမဟုတ်။ တိုက်ပွဲပြင်းထန် သည်။ စာတန် မာရ်နတ်၊ ကောင်းကင်တွင်စစ်ရှုံးခဲ့သော စစ်နာကောင်းကင်တမန်များ၊ တန်ခိုးအစွမ်းထက်သော နတ်ဆိုးများ နှင့် စစ်မက်ပြုခြင်းဖြစ်သည်။ သာမန်မျက်စိဖြင့်မမြင်ရသော်လည်း ထိုရန်သူများသည် အနားပတ်လည်တွင် ဝန်းရံနေသည်။ အကယ်၍ ယုံကြည်သူသည် ခရစ်တော်၏တန်ခိုးအစွမ်းကို မသုံးလျှင် ထိုရန်သူ၏ ဝိုင်းပတ်ချေမှုန်းဝါးမြိုခြင်းခံရမည်။ သို့သော် ကြောက်ရွံ့တုန်လှုပ်အညံ့ခံစရာမဟုတ်။ ဘုရားသခင်ပြင်ဆင်ပေးသော လက်နက်ချပ်ဝတ်တန်ဆာ သုံးဆောင်လျှင် ဘာမှမတတ်နိုင်ပါ။ ကျမ်းစာကို ထိုစစ်ရှုံးဘူးသော ကောင်းကင်တမန်များကို အထွဋ်အမြတ်၊ အာဏာစက်၊ မှောင်မိုက်၌ အစိုးရပြုလုပ်သောမင်း၊ မိုးကောင်ကင်၌နေသော နတ်ဆိုး ဟုသမုတ်သည်။ ထိုရန်သူများကို လူ့အသိအမြင်ဖြင့် ပိုင်းခြား သိရှိရန် ခက်ခဲသည်။ ဝိညာဉ်ရေးရာဦးဆောင်သူများအဖြစ်၎င်း၊ နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်အဖြစ်၎င်း၊ မြို့တော်ဝန် အဖြစ်၎င်း၊ လူကြီးသူမအဖြစ်၎င်း၊ သင်းအုပ်အဖြစ်၎င်း ဟန်ဆောင်ဝင်ရောက်တတ်သည်။

:၁၃ ပေါလုက ရောမစစ်သားများ၏ပုံစံကိုကြည့်၍ ဥပမာပေးခြင်းဖြစ်သည်။ လူ့ပတ်ဝန်းကျင်မှာ တွေ့ရသောအရာ များကို ဝိညာဉ်ရေးရာအမြင်ဖြင့် ပုံလောင်းခြင်းဖြစ်သည်။ ဘေးနံရံပတ်လည်တွင် ရန်သူများဝန်းရံထားသည်။ သို့ကြောင့် ခိုင်မာမြဲမြံစွာရပ်တည်နိုင်ရန် ဘုရားသခင် ပြင်ဆင်ပေးသော ချပ်ဝတ်တန်ဆာဝတ်ဆင်ရမည်။ ခိုင်မာစွာရပ်တည်နိုင် လျှင် မီးခိုးငွေ့များသည် အလိုလိုပျောက်လွင့်သွားပါမည်။ ခဲယဉ်းဆိုးယုတ်သောနေ့ရက်ဆိုသည်မှာ ရန်သူများ ဒီရေအလား တိုးများလာ၍ ဝါးမြိုမည့်အကြောင်းကို ဆိုလိုသည်။ စာတန်၏ထိုးနှက်ချက်သည် လှိုင်းလုံးကြီးများသဖွယ် အဆက်မပြတ် များပြားလာပါသည်။ စာတန်၏ခြိမ်းခြောက်တိုက်ခိုက်မှုသည် မည်မျှပင် သောင်းကျန်းထကြွစေကာမူ အဆုံးတွင် အရှုံးနှင့်သာ ရင်ဆိုင်ရကြောင်း ခရစ်တော်ဘုရား ရက်ပေါင်း(၄ဝ)စုံစမ်းခြင်းခံရပုံကို သင်ခန်းစာယူနိုင်ကြပါသည် (လု ၄:၁၃)။

:၁၄ ပထမဆုံးစစ်ဝတ်တန်ဆာမှာ သစ္စာတည်းဟူသော ခါးပတ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်အား သစ္စာစောင့်ထိန်းလျှင် မယိမ်းယိုင်နိုင်ပါ။ နေ့စဉ်အသက်တာတွင် ယုံကြည်ခြင်းသစ္စာရှိရသည်။ အရာရာတိုင်းတွင် ယုံကြည်ခြင်းသစ္စာဖြင့် အစမ်းသပ်ခံနိုင်ရသည်။ ထိုသို့ခါးပတ်ပတ်ထားလျှင် ရန်သူ၏ တိုက်ခိုက်ခြင်းကို ခုခံနိုင်ပါသည်။

ဒုတိယချပ်ဝတ်တန်ဆာမှာ ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာဖြစ်သည်။ ယုံကြည်သူတိုင်း ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဝတ်လုံ ဆင်မြန်းရသည် (၂ကော ၅:၂၁)။ ရင်အုပ်တန်ဆာဆိုသည်မှာ ခေတ်ကာလစကား အားဖြင့် ကျည်ကာအင်္ကျီဖြစ်သည်။ ရင်အုပ်တန်ဆာအား ကြံ့ခိုင်သန်မာစေရန် နေ့စဉ်အသက်တာ၌ ယုံကြည်ခြင်းမြှင့်တင် ခိုင်မာစေရသည်။ ”လက်တွေ့အသက်တာတွင် ဖြောင့်မတ်သူသည် ကျည်ဆံ မထိုးဖောက်နိုင်ပါ။ နှုတ်ကပတ်တော်သည် ရန်သူ၏ပစ်ချက်မှားကိုမပေါက်အောင် ခုခံနိုင်စွမ်းမရှိပါ။ ခိုင်မာသောအသက်တာသာလျှင် ခုခံနိုင်စွမ်းရှိသည်။” ယုံကြည်သူ ၏ခံယူချက်သည် ဘုရားသခင်၌တည်လျှင် စာတန်၏ပစ်ချက်သည် မှုစရာမလိုပါ။ ဒါဝိဒ်သည်လည်း ဖြောင့်မတ်ခြင်းပါရမီ တည်းဟူသော ရင်အုပ်တန်ဆာ ဝတ်ဆင်ခဲ့ကြောင်း  ဆာ ၇:၃-၅ တွင် တွေ့ရသည်။ သခင်ယေရှုသည်လည်း အစဉ်အမြဲ ဆင်မြန်းခဲ့သည် (ဟေရှာ ၅၉:၁၇)။

:၁၅ ခရစ်ယာန်စစ်သည်တော်သည် ငြိမ်သက်ခြင်းနှင့် ယှဉ်သော ဧဝံဂေလိတရား ဟောပြောရန် ခြေစွပ်ကို စွပ်ရသည်။ ဆိုလိုသည်မှာ ခရစ်ယာန်ပြင်ပလောကသို့ ငြိမ်သက်ခြင်း ဧဝံဂေလိတရားဟောပြောရန် အမြဲတမ်းအဆင်သင့်ဖြစ်နေရမည်။ သွားရမည့်နေရာ၌ မချစ်မနှစ်သက်သူ၊ ရန်သူပေါများသောဒေသဖြစ်၍ သတိပြုရသည်။ တဲထဲ၌ကုပ်နေလျှင် သေခြင်းနှင့်ထူးမခြားနား။ လုံခြုံမှုမရှိ။ ယုံကြည်သူ၏လှပသောခြေထောက်များသည် တောတောင် အနှံလျှောက်သွားရန်ဖြစ်သည်။ ငြိမ်သက်ခြင်းတရား သယ်ဆောင်လျက်ဖြန့်ဝေပေးရသည်(ဟေရှာ၊ ၅၂:၇။ ရော၊ ၁၀:၁၅)။

ငါ၏ခြေထောက်များကိုလှမ်းစေလျက် ကိုယ်တော်၏အလှတရားကိုသယ်သွားပါစေသား။

Frances Ridley  Havergal

:၁၆ ထို့အပြင် မာရ်မာန်ပစ်ခတ်သော မီးစက်လက်နက်ကိုကာကွယ်ငြိမ်းသက်နိုင်သည့် ယုံကြည်ခြင်း ဒိုင်းလွှားကိုလည်း ယူဆောင်ရမည်။ မာန်နတ်ကထိုးမဖောက်နိုင်အောင် ဒိုင်းလွှားဖြင့် ကာကွယ်ရသည်။ ဤနေရာတွင်ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်နှင့်နှုတ်ကပတ်တော်ကို ကိုးစားအားထားခြင်းဖြစ်၏။ စုံစမ်းခြင်းမီးလျှံ တောက်လောင်သော်လည်း၊ အခြေအနေပြိုပျက်သော်လည်း၊ သံသယတိမ်လိပ်များ အုပ်မိုးလာ သော်လည်း၊ သင်္ဘောပျက် နစ်မြှုပ်လုဖြစ်သော်လည်း ယုံကြည်ခြင်းတရားက ”ဘုရားသခင်ကို ငါယုံကြည်အားကိုးသည်”ဟုဆိုရာသည်။

:၁ရ ကယ်တင်ခြင်းသံခမောက်ကိုလည်း ဆောင်းခိုင်းထားပါသည်(ဟေရှာ၊၅၉:၁၇)။ မည်မျှပင် စစ်ပွဲပြင်းထန်စေကာမူ အပြီးသတ်အောင်ပွဲခံနိုင်မည့်ဓါးဖြစ်သည့်ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသော စကားကို (၃)ကြိမ်တိုင်တိုင် သုံးစွဲထားသည်။ စကားလုံးရှာမရ၍ သုံးစွဲထားခြင်းမဟုတ်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်က သီးသန့်ပေးသောလက်နက် ဖြစ်သည်(လု၊၄:၁၁၃)။ ဘုရားသခင်၏နှုတ်ကပတ်တော်၄၂ ဆိုသည်မှာ သမ္မာကျမ်းစာတစ်အုပ်လုံးကို ဆိုလိုသည် မဟုတ်ပါ။ အစွမ်းတန်ခိုး ထက်သောတရားကို ဆိုလိုခြင်းဖြစ်သည်။ David Watson က ဤသို့ဆိုပါသည်။

ခုခံကာကွယ်ရန်လိုအပ်သောပစ္စည်းများကို ဘုရားရှင်စီစဉ်ပေးသည်။ အချက်ပေး ခေါင်းလောင်းသံကို နားစွင့်နေရမည်။ ဘုရားသခင်နှင့် အတူတကွ လျှောက်လှမ်းနေရမည်။ ဖြောင့်မတ်သော အသက်တာရှိလျှင် အခြားသူများကိုလည်း ငြိမ်သက်ခြင်းဝေမျှနိုင်သည်။ ယုံကြည်ခြင်းဒိုင်းလွှား ပေးကမ်းနိုင်သည်။ ကြောက်ရွံ့ တုန်လှုပ်ခြင်း မရှိ၊ ရဲစွမ်း သတ္တိမွေးထုတ်နိုင်သည်။ နှုတ်ကပတ်တော်ကို ဝိညာဉ်တန်ခိုးဖြင့် ထိရောက်စွာ အသုံးပြုနိုင်သည်။ ယုံကြည်ခြင်း လက်နက် အကြောင်းကို မှတ်မိအောင်နောက်တစ်ကြိမ်ပြောမည်။ ကန္တာရတော၌ ခရစ်တော်စုံစမ်းခံရခြင်းကို ပြန်လည်သတိရပါ။၄၃

:၁၈ ဆုတောင်းခြင်း ကိုတိုက်ပွဲဝင်လက်နက်အဖြစ်မသုံးပါ။ သို့သော်မေ့လျော့ပစ်ပယ်မထားသင့်။ စစ်သည်တော် များထွက်သက်၊ ဝင်သက်အသက်ရှုတိုင်းမှတ်သားခံယူရမည့်အချက်ဖြစ်သည်။ အခွင့်အခါကြုံမှ ဆုတောင်းရသည် မဟုတ်။ စဉ်ဆက်မပြတ်ဆုတောင်းရသည်။ တစ်ခါတလေဆုတောင်းရသည်မဟုတ်။ ကျင့်ဝတ် တစ်ခုလိုဆုတောင်းရမည်။ ခရစ်ယာန် စစ်သည်တော်များသည် ပုံစံအမျိုးမျိုးဖြင့်ဆုတောင်းနိုင်သည်။ တကိုယ်တော်ဖြင့်လည်းကောင်း၊ ဝန်ချခြင်းဖြင့်လည်းကောင်း၊ ချီးမွမ်းခြင်းဖြင့်လည်းကောင်း ဆုတောင်းနိုင်ပါသည်။

ဆုတောင်းသောအခါ စိတ်ဝိညာဉ်ဖြင့် ဆုတောင်းရသည်။ ဆုတောင်းခြင်းသည်ရည်မှန်းချက်မရှိဘဲ၊ ရွတ်ဖတ် သရဇ္ဈယ်ရသည်မဟုတ်။ ရည်မှန်းချက်မရှိလျှင် မည်သို့ထိရောက်နိုင်မည်နည်း။ ဆုတောင်းသောအခါ နိုးကြားတက်ကြွစွာ စိတ်ပါလက်ပါ ဆုတောင်းရသည်။ စိတ်မအီမသာဆုတောင်းခြင်း၊ ဝတ္တရားအရ ဆုတောင်းခြင်းသည် ထိရောက်မှုမရှိ။ ဆုတောင်းသောအခါ အာရုံစူးစိုက်ခြင်း၊ စိတ်ဝိညာဉ်နိုးထခြင်း ရှိရသည်။ လုံ့လဝိရိယကောင်းရသည်။ တောင်းရ၊ ရှာရ၊ ခေါက်ရမည်(လု၊၁၁:၉)။ သန့်ရှင်းသူများ၏ ဆုတောင်းချက်အား အဖြေပေးဖို့ ဘုရားရှင် အသင့်ရှိသည်။ ယုံမှားသံသယ မရှိ ခိုင်မာစွာဆုတောင်းရမည်။

:၁၉ ပေါလုကသူ့အတွက်လည်းဆုတောင်းပေးရန် တောင်းဆိုသည်။ ထိုအကြောင်းကို Blaikie ကဤသို့ မှတ်ချက်ချသည်။

ယဇ်ပုရောဟိတ်အတွေးအခေါ်နှင့် မဆိုင်ကြောင်း သတိပြုပါ။ ဤကာလတိုင်အောင် ပေါလုသည် ဧဖက်သားများအားကျေးဇူးပြုသူဖြစ်သည်။ ယခုဧဖက်သားတို့က တုန့်ပြန်ဆုတောင်းပေးခြင်းကို အလိုရှိသည်။ ထိုဆုတောင်းချက်သည် ကျေးဇူးတော်ထင်ရှားဖို့ ဖြစ်လောက်သည်။၄၄

            ပေါလုသည် ဤစာကို ထောင်ထဲမှရေးသားခြင်းဖြစ်သည်။ စောစီးစွာ ထောင်မှလွတ်ရန် ဆုမတောင်းခိုင်းပါ။ ဧဝံဂေလိတရား ရဲဝံ့စွာဟောပြောနိုင်ဖို့ အခွင့်အရေးပြင်ဆင်ပေးရန်သာ ဆုတောင်းခိုင်းသည်။ နက်နဲသောအရာကို ဖော်ပြခြင်းငှါ နှုတ်ကိုရဲဝံ့စွာဖွင့်လှစ်ခြင်းအခွင့်ရှိမည့်အကြောင်း ဆုတောင်းခိုင်းသည်။ ဤကျမ်းပိုဒ်၌ပါရှိသည့် နက်နဲသောအရာကို ဤစာစောင်တွင် နောက်ဆုံးအကြိမ်သုံးနှုန်းခြင်းဖြစ်သည်။ သူချုပ်နှောင်ခံရခြင်းအကြောင်းနှင့် ဆက်စပ်မှုရှိသည်။ သို့သော် ချုပ်နှောင်ခြင်းခံရသဖြင့် ဝမ်းမနည်းပါ။ သာ၍ပင် ပြောပြချင်သေးသည်။

:၂ဝ သံတမန်ဆိုသည်မှာ ကိုယ်စားပြုအခွင့်အရေး ရရှိသူဖြစ်သည်။ ဖမ်းဆီးချုပ်နှောင်ခြင်းမခံရ။ လောကီအရေးက ဧဝံဂေလိရေးရာထက် ပိုမိုအရေးပါသလား။ သံသယဖြစ်ခြင်း၊ အပြစ်တင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းမခံရပါ။ သို့သော် ခရစ်တော်၏ သံတမန်သည် သံကြိုးဖြင့် နှောင်တဲခြင်း ခံရသည်။ ထိုအကြောင်းကို Eadie က ဤသို့ဆိုသည်။

မမှားနိုင်သော၊ ဟုတ်မှန်သောအမိန့်အာဏာဖြင့် ခန့်အပ်ထားသည့် အမြင့်ဆုံးသောသူ၏သံတမန်သည် သံခင်းတမန်ခင်းနှင့်အညီ စွပ်စွဲအရေးယူခြင်းခံနေရသည်။၄၅ 

ပေါလု၏သတင်းစကားသည် ယုဒနှင့် တပါးအမျိုးသားယုံကြည်သူများအား လူ့ဘောင်အဖွဲ့အစည်းသစ် ပေါ်ထွန်း စေသည်။ ခရစ်တော်၏ဦးဆောင်မှုအောက်၌ တန်းတူအခွင့်အရေး ရရှိစေပါသည်။

(ပေါလု၏ နှုတ်ဆက်စကား (:၂၁၂၄)

          :၂၁၂၄ ပေါလုက တုခိတ်အား ရောမမှ ဧဖက်သန့်ရှင်းသူများထံသို့ သတင်းပါးရန် စေလွှတ်သည်။ သူ့စာထဲတွင် တုခိတ်ကိုလည်း သူ၏ချစ်သောညီ၊ သခင်ဘုရား၌ သစ္စာရှိသောအမှုတော်ဆောင်ဖြစ်ကြောင်း မိတ်ဆက်ပေးလိုက် သည်။ တုခိတ်၏အမည်ကို ဓမ္မသစ်ကျမ်းတွင် (၅)ကြိမ်တွေ့ရသည်။ ပေါလုနှင့်အဖွဲ့ ဂရိမှ အာရှမိုင်းနားသို့ ခရီးပြုစဉ် ခရီးဖော်အဖြစ် ပါဝင်သည် (တ ၂ဝး၄)။ ကောလောသဲအသင်းတော် (ကော ၄:၇)၊ ဧဖက် (၆:၂၁။ ၂တိ ၄:၁၂) နှင့် ကရေတေသို့ (တ ၃:၁၂) သတင်းပေးပို့သော စေတမန်ဖြစ်သည်။ ပေါလုထောင်ထဲရောက်နေကြောင်း ကျန်းခန့်မာသည့် အကြောင်း ပြောပြသည်။ စိတ်အားငယ်ခြင်း၊ စိုးရိမ်ခြင်းမရှိဖို့ တိုက်တွန်းအားပေးသည်။

:၂၃ ပေါလု၏ နှုတ်ဆက်စကားသင်္ကေတမှာ ”ငြိမ်သက်ခြင်း”နှင့် ”ကျေးဇူးတော်” ဖြစ်သည်။ စာဖတ်သူတို့အား ကောင်းကြီးပေးခြင်းဖြစ်သည်။ ယုဒယဉ်ကျေးမှုနှင့် တပါးအမျိုးသားယဉ်ကျေးမှု ပေါင်းစပ်စကား သုံးခြင်းဖြင့် ထိုလူနှစ်မျိုးအား တန်းတူ သဘောထားကြောင်း ပြသသည်။ ငြိမ်သက်ခြင်း၊ ယုံကြည်ခြင်းနှင့်ယှဉ်သော ချစ်ခြင်းမေတ္တာရှိကြဖို့ တိုက်တွန်းသည်။ အသက်တာတွင် ငြိမ်သက်ချမ်းမြေ့ခြင်းရှိရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခြင်းမေတ္တာထားရှိ၍ အတူတကွချီးမွမ်းကိုးကွယ်ကြရန် ယုံကြည်ခြင်းသစ္စာဖြင့် ခရစ်ယာန် စစ်သည်ကောင်း ဖြစ်ကြစေရန် နှိုးဆော်သည်။ ထိုဆုကျေးဇူးသည် အဘဘုရားသခင်နှင့် ခရစ်တော်ထံမှ လာသော မင်္ဂလာတရားများ ဖြစ်သည်။

:၂၄ ယေရှုခရစ်တော်ကို အမှန်တကယ်ချစ်သော ညီအကိုများပေါ်၌ ကျေးဇူးတော်ရှိပါစေ ဟု နောက်ဆုံး ကောင်းကြီးပေးလိုက်သည်။ စစ်မှန်သောခရစ်ယာန်များ၏မေတ္တာသည် ထာဝရတည်မြဲသည်။ တဖြည်းဖြည်း တောက်လောင်သည်။ သို့သော် ဘယ်သောအခါမှ မငြိမ်း။

ရောမအကျဉ်းသား ပေါလုက စိတ်နှလုံးကြည်လင်စွာဖြင့် နှုတ်ဆက်လိုက်သည်။ တမန်တော်ကြီးသည် သူအချစ်ဆုံး ခရစ်တော်ထံမှ ဆုလက်ဆောင်ခံယူမည့်အချိန်ကို မြင်ယောင်နေသည်။ သို့သော် သူ့ပေးစာက ကျွန်ုပ်တို့နှင့်အတူ ရှိနေသည်။ ပေါလု၏စိတ်နှလုံးသည် ယနေ့ထိရွှင်လန်းလျှက်ရှိသည်။ ၂၁-ရာစုတိုင်အောင် သူ၏စာသည် စကားပြောနေဆဲ၊ ဝိညာဉ်တော်ပြည့်နေဆဲ၊ နှိုးဆော်နေဆဲဖြစ်သည်။

ဧဖက်ဩဝါဒစာကို ဆင်ခြင်းရင်း H.W.Webb ၏စကားလက်ဆောင် နားထောင်ကြည့်ကြပါစို့။

ဘုရားသခင်၏နက်နဲသောအမှုနှင့် အံ့ဖွယ်ရာဖော်ပြသော ဤစာအုပ်မျိုးရှိမည်မထင်ပါ။ ဘုရားသခင် စေလွှတ်သော စေတမန်တော်ပီသပါပေသည်။ ဤကျမ်းစာ၏ သွန်သင်ချက်အားဖြင့် ပိုမိုရင့်ကျက်သော အသက်တာရှိကြမည်ဟု ယုံကြည်သည်။ ဘုရားသခင်၏ ဘုန်းအသရေ ပိုမိုထင်ရှားမည်ဟု ခံယူပါသည်။၄၆

မှတ်စု

(Intro) William G.Moorehead, Outline Studies in Acts and the Epistles, p.214.

(၁:၃) Lewis Sperry Chafer, The Ephesians letter, p.74.

(Excursus) W.G.Blaikie, “Ephesians” Pulpits Commentary. XLVI:3.

(၁:၁၀) John G.Bellett, Brief Notes on the Epistle to the Ephesians, pp.6,7.

(၁:၁၇) R.W.Dales, The Epistle to the Ephesians, It’s Doctrines and Ethics, p.133.

(၁:၁၈) ရှေးအကျဆုံးနှင့် အများစုသော mss ကျမ်းတို့တွင် “hearts” (Lit, Kardias)” စိတ်နှလုံး၌စွဲ မှတ်ခြင်း” ရေးသား၍၊ “understanding” (dianoeas) “သိစေခြင်း” မဟုတ်ပေ။ မဆိုစလောက်သာ ကွဲလွဲသော်လည်း လေးနက်မှုကွာသည်။

(၁:၁၉) F.B.Meyer, Keywords of the Inner Life, p.92.

(၁:၁၉) Chafer, Ephesian Letter, p.57.

(၁:၂၀) Meyer, Key Words, p.93

၁၀(၂:၃) Ibid, p.140.

၁၁(၂:၄) John Eadie, Commentary on the Epistle to Ephesians, p.141.

၁၂(၂:၅) A.T.Piexon, “The Work of Christ for The Believer”, The Ministry of Keswick, First Series, pp.118,119.

၁၃(၂:၇) ၁ကော၊ ၁၃:၁၂ နှင့် ၁ယော ၃:၂ ကျမ်းပိုဒ်များက ကျွန်ုပ်တို့ ကောင်းကင်နိုင်ငံရောက်သောအခါ အရာခပ်သိမ်းကို သိမြင်ရကြမည်ဟု ဆိုသည်။ ပထမ ကျမ်းချက်ရည်ညွှန်းသည်မှာ တစ်ဦးနှင့်တစ်ဦး သိမှတ်ခြင်း ဖြစ်၍၊ ဒုတိယကျမ်းချက်က ပကတိစရိုက်နှင့် ရုပ်ပိုင်းနှစ်ခုစလုံး ခရစ်တော်ကဲ့သို့ ဖြစ်လာမည်ဟု ညွှန်းဆိုခြင်း ဖြစ်သည်။

၁၄(၂:၁၈) Eadie, Ephesians, p.187.

၁၅(၂:၂၁) Blaikie, “Ephesian,”  XLVI:68.

၁၆(၃:၁) Ruth Paxson, The Wealth, Walk and Warfare of the Christian, p.57.

၁၇(၃:၄) Blaikie, “Ephesians”, XLVI:104.

၁၈(၃:၈) Ibid, XLVI:105,16.

၁၉(၃:၉) Stewardship ဘဏ္ဍာထိန်းခြင်း (သို့) စီမံခန့်ခွဲခြင်းဟူသော ဝေါဟာရကို အစောပိုင်းခေတ် mss၌ စာလုံးကြီးဖြင့်သာ ရေးထားသည်။ ဆင်တူရိုးမှားစကားလုံး (OIKONOMIA နှင့် KOINÕNIA) နှင့် မှားတတ်သည်။ ရှေ့စကားကသာ၍ သင့်သည်။

၂၀(၃:၁၇) Jamieson, Fauset and Brown, Commentary Practical and Explanatory on the Whole Bible, VI:408.

၂၁(၃:၁၇) W.Graham Scroggie, “Paul’s Prison Prayers,” the Ministry of Keswick, Second Series, p.49.

၂၂(၃:၁၈) Meyer, Key Words, pp.53,54.

၂၃(၃:၂၀) George Williams, The Student’s Commentary on the Holy Scriptures, p.925.

၂၄(၄:၂) Walter C.Wright, Ephesians, p.85.

၂၅(၄:၁၀) F.W.Grant, “Ephesians”, The Numerical Bible, Acts to 2 Corinthians, VI.341.

၂၆(၄:၁၁) Granville sharp’s rule အလိုအရ ဂရိစာပေ၌ ဂုဏ်ပုဒ်၊ ဌာနန္တရ၊ အရည်အချင်းနာမ်နှစ်ခုကို kai ဖြင့် တွဲစပ်အသုံးပြုလျှင် ရှေ့နာမ်ပုဒ်၌ article ကို ဧကဝုစ်ကိန်းနာမ်တစ်ခုတည်းအဖြစ် အသုံးပြုရသည်။ ဥပမာ-၂ပေ၊ ၁:၁တွင် “ကယ်တင်သောအရှင်နှင့် ငါတို့ဘုရားသခင်” ဟု သုံးရာ ထိုနာမ် ၂ခုသည် တစ်ဦးတည်း အဓိပ္ပါယ်ရသည်။ ဗဟုနာမ်အတွဲတွင်မူ ထိုသို့မသုံးနိုင်ပါ။ ဥပမာ-scribes and Pharasees (ကျမ်းတတ်များနှင့် ဖာရိရှဲများ)ကို တစ်ခုတည်းအဖြစ် ဧကဝုစ်ကိန်းနာမ်ယူ၍မရပါ။

၂၇(၄:၁၂) Vance Havner, Why Not Just Be Christians, p.63.

၂၈(၄:၁၅) Blaike, “Ephesians”, XLVI:150.

၂၉(၄:၁၉) Wright, Ephesians, p.100.

၃၀(၄:၂၁) Blaike, Ephesians, XLVI:151.

၃၁(၄:၂၄) Grant, “Ephesians”, p.344.

၃၂(၄:၃၂) R.C.H.Lenski, The Interpretation of St.Paul’s Epistles to Galatians. Ephesians and Philippians, p.588.

၃၃(၅:၂) Meyer, The Heavenlies, p.25.

၃၄(၅:၉) NU ကျမ်း၌ light (phòtos) ကို Spirit (Pneumatos) အစား အသုံးပြုသည်။

၃၅(၅:၁၃) Blaike, “Ephesians”  XLVI:209.

၃၆(၅:၁၃) Bishop Ellicott and Dean Alford ဤပြန်ဆိုချက်ကို သာ၍ နှစ်သက်သည်။

၃၇(၅:၂၁) Charles R.Erdman, Ephesians, p.106.

၃၈(၅:၂၇) Pierson, “The Work of Christ”, p.138.

၃၉(၅:၂၇) Grant “Ephesians,” VI:350.

၄၀(၆:၄) William W.Orr ကောက်နုတ်ချက် Bible on Rearing Children, p.19.

၄၁(၆:၆) Erdman, Ephesians, p.199.

၄၂(၆:၁၇) ပေါလုက အများသိ စကားလုံး logos မသုံးဘဲ rhema (rhetoric) သုံးူပါသည်။ ဘုရားသခင်က လိုအပ်သော စကားကို သုံးစေခြင်းဖြစ်၏။ တစ်ခါတရံ logos နှင့် rhema သည် အနက်တူသည်။

၄၃(၆:၁၇) Dvid Watson, Discipleship, p.183.

၄၄(၆:၁၉) Blaikie, Ephesians, XLVI:260.

၄၅(၆:၂၀) Eadie, Ephesians, p.480.

၄၆(၆:၂၄) H.W.Web-people, “Grace and Peace in Four Pauline Epistles”, The Ministery of Keswick, First Series, p.69.

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။