တရားဟောရာကျမ်း - ၂

တောထဲတွင်နေရသောနှစ်များ
1တစ်ဖန် ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်အတိုင်း၊ ငါတို့သည်လှည့်၍၊ ဧဒုံပင်လယ်လမ်းဖြင့် တောသို့ခရီးသွားလျက်၊ စိရတောင်ကို ကြာမြင့်စွာလှည့်လည်ကြ၏။ 2-3ထာဝရဘုရားကလည်း၊ သင်တို့သည် ကာလအချိန်စေ့အောင် ဤတောင်ကို လှည့်လည်ကြပြီ။ တစ်ဖန် မြောက်မျက်နှာသို့ သွားကြဦးလော့။ 4သင်သည် လူများတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့၏ညီအစ်ကို ဧသောအမျိုးသားတို့နေသော စိရပြည်အနားမှာ သင်တို့လျှောက်သွားသောအခါ၊ သူတို့သည် ကြောက်ကြလိမ့်မည်။ ထိုကြောင့် သတိပြုကြလော့။ 5သူတို့ကိုအလျှင်းမပြုကြနှင့်။ သူတို့ပြည်ကို သင်တို့အားငါမပေး။ ခြေနင်းရာခန့်ကိုမျှ မပေး။ စိရတောင်ကို ဧသောအား ငါအပိုင်ပေးပြီ။ 6သင်တို့သည်စားဖို့ရာအစာကိုလည်းကောင်း၊ သောက်ဖို့ရာရေကိုလည်းကောင်း သူတို့ထံ ငွေနှင့်ဝယ်ရကြမည်။ 7သင်တို့ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ကောင်ချီးပေးတော်မူပြီ။ ဤတောကြီး၌ သင်တို့လှည့်လည်သော အကြောင်းအရာတို့ကို သိတော်မူ၏။ အနှစ်လေးဆယ်ပတ်လုံး သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ဘာမျှမလိုဟု ဆင့်ဆိုရ၏။
8စိရပြည်မှာနေသော ငါတို့ညီအစ်ကို ဧသောအမျိုးသားတို့အနား၌ လျှောက်လျက် ဧလပ်မြို့၊ ဧဇယုန်ဂါဗာမြို့မှသွားသော လွင်ပြင်လမ်းသို့လိုက်ပြီးလျှင်၊ တစ်ဖန်လှည့်၍ မောဘတောလမ်းဖြင့် သွားကြ၏။ 9ထာဝရဘုရားကလည်း၊ မောဘပြည်သားတို့ကို မနှောင့်ယှက်နှင့်။ စစ်မတိုက်နှင့်။ သူတို့ပြည်ကို သင့်အားငါအပိုင်မပေး။ အာရပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အားမိန့်တော်မူ၏။ 10ရှေးကာလ၌ အာနကအမျိုးသားကဲ့သို့ ကြီးမြင့်များပြားသောလူ၊ ဧမိမ်အမျိုးသားတို့သည် ထိုပြည်မှာနေကြ၏။ 11ထိုသူတို့သည် အာနကအမျိုးသားကဲ့သို့ အလွန်ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများထင်မှတ်ကြ၏။ သို့ရာတွင် မောဘပြည်သားတို့သည် ထိုသူတို့ကို ဧမိမ်ဟူ၍ခေါ်ကြ၏။ 12ရှေးကာလ၌ ဟောရိလူတို့သည်လည်း စိရပြည်မှာနေကြ၏။ ထိုသူတို့ကို ဧသောအမျိုးသားတို့သည် သုတ်သင်ပယ်ရှင်း၍ သူတို့နေရာ၌နေကြ၏။ ထိုအတူ ထာဝရဘုရား အပိုင်ပေးတော်မူသောပြည်ကို ဣသရေလအမျိုးသားတို့သည် ပြုရကြသတည်း။ 13ယခုထ၍ ဇေရက်ချောင်းကိုကူးကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သင်တို့သည် ဇေရက်ချောင်းကို ကူးကြ၏။ 14ကာဒေရှဗာနာအရပ်သို့ အရင်ရောက်သောကာလမှစ၍ ဇေရက်ချောင်းကို ကူးသောကာလတိုင်အောင် နှစ်ပေါင်းသုံးဆယ်ရှစ်နှစ် လွန်သတည်း။ ထာဝရဘုရား ကျိန်ဆိုတော်မူသည်အတိုင်း၊ အရင်စစ်သူရဲမျိုးအပေါင်းတို့သည် လူအလုံးအရင်းထဲက သေကြေကွယ်ပျောက်ရကြ၏။ 15ထိုသူတို့ မကွယ်မပျောက်မီတိုင်အောင်၊ ထာဝရဘုရားသည် သူတို့ကို အလုံးအရင်းထဲကပယ်ရှားခြင်းငှာ လက်တော်ကို ဆန့်တော်မူ၏။
16စစ်သူရဲအပေါင်းတို့သည် လူစုထဲက သေကြေကွယ်ပျောက်ပြီးမှ၊ 17-18ထာဝရဘုရားက၊ သင်သည်မောဘပြည်၊ အာရနယ်အလယ်၌ ယနေ့လျှောက်သွားရမည်။ 19အမ္မုန်အမျိုးသားတို့အနီးသို့ ရောက်သောအခါ သူတို့ကိုမနှောင့်ယှက်နှင့်၊ အလျှင်းမပြုနှင့်။ အမ္မုန်အမျိုးသားနေသောပြည်ကို သင့်အားငါအပိုင်မပေး၊ ထိုပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အားမိန့်တော်မူ၏။ 20ထိုပြည်ကိုလည်း၊ အလွန်ကြီးမားသော သူတို့၏နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ၏။ ရှေးကာလ၌ ထိုသို့သောလူတို့သည် နေကြ၏။ သူတို့ကို အမ္မုန်ပြည်သားတို့သည် ဇံဇုမ္မိမ်ဟူ၍ ခေါ်ကြ၏။ 21-22ထိုလူမျိုးသည် အာနကအမျိုးသားကဲ့သို့ ကြီးမြင့်များပြားသောလူ ဖြစ်ကြ၏။ သို့သော်လည်း စိရပြည်၌နေသော ဧသောအမျိုးသားရှေ့မှာ ဟောရိလူတို့ကို ထာဝရဘုရားဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာ၌ ဧသောအမျိုးသားတို့သည် ယနေ့တိုင်အောင်နေကြသကဲ့သို့၊ အမ္မုန်အမျိုးသားတို့ရှေ့မှာ ဇံဇုမ္မိမ်လူတို့ကို သုတ်သင်ပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာ၌ အမ္မုန်အမျိုးသားတို့သည် နေကြ၏။ 23ထိုအတူ၊ ဟာဇရိမ်မြို့မှစ၍ အဇ္ဇာမြို့တိုင်အောင်နေဖူးသော အာဝိမ်လူတို့ကို၊ ကတ္တောရမြို့မှထွက်သော ကတ္တောရိမ်လူတို့သည် ဖျက်ဆီး၍ သူတို့နေရာ၌နေကြ၏။ 24သင်တို့သည် ထ၍ခရီးသွားသဖြင့် အာနုန်မြစ်ကိုကူးကြလော့။ အာမောရိအမျိုး၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်နှင့် သူ၏မြေကို သင်တို့လက်၌ ငါအပ်သောကြောင့်၊ ထိုမြေကိုသိမ်းစပြု၍ ထိုမင်းကိုစစ်တိုက်ကြလော့။ 25မိုးကောင်းကင်အောက်၌ ရှိသမျှသောလူမျိုးတို့သည် ယနေ့သင်တို့ကို ကြောက်ရွံ့ထိတ်လန့်စရှိမည်အကြောင်း ငါပြုမည်။ သင်တို့၏သတင်းကိုကြား၍ တုန်လှုပ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
ရှိဟုန်မင်းကိုအောင်ခြင်း
(တော၊ ၂၁:၂၁-၃၀)
26ငါသည်လည်း၊ ကေဒမုတ်တောမှ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်မင်းထံသို့ သံတမန်တို့ကိုစေလွှတ်လျက်၊ 27မင်းကြီး၏ပြည်အလယ်၌ ကျွန်ုပ်လျှောက်သွားပါရစေ။ မင်းလမ်းသို့သာ လိုက်ပါမည်။ လက်ယာဘက်လက်ဝဲဘက်သို့ မလွှဲပါ။ 28-29စိရပြည်၌နေသောဧသောအမျိုးသား၊ အာရပြည်၌နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ်၌ပြုသကဲ့သို့ ကျွန်ုပ်စားဖို့ရာအစာကိုလည်းကောင်း၊ သောက်ဖို့ရာရေကိုလည်းကောင်း၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့။ ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်သို့ ကျွန်ုပ်သည် ယော်ဒန်မြစ်ကိုကူး၍ မရောက်မီတိုင်အောင် မင်းကြီးပြည်အလယ်၌ ခြေဖြင့်သွားရုံမျှသာပြုပါမည်ဟု မိတ်သဟာယစကားနှင့် ပြောဆိုသော်လည်း၊ 30ကျွန်ုပ်တို့လျှောက်သွားရသောအခွင့်ကို ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်မင်းသည် မပေး။ အကြောင်းမူကား၊ ယနေ့ထင်ရှားသည်အတိုင်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ထိုမင်းကို သင်တို့လက်၌အပ်ခြင်းငှာ၊ ခက်ထန်သော စိတ်သဘော၊ ခိုင်မာသောနှလုံးကို သူ၌ပေးသွင်းတော်မူ၏။ 31ထာဝရဘုရားကလည်း၊ ရှိဟုန်မင်းနှင့် သူ၏မြေကို သင့်အားငါပေးစပြု၏။ ထိုမြေကိုအမွေခံအံ့သောငှာ၊ သိမ်းစပြုလော့ဟု ငါ့အားမိန့်တော်မူ၏။ 32ထိုအခါ ရှိဟုန်မင်းသည် သူ၏လူအပေါင်းတို့နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှာ ထွက်လာ၏။ 33ငါတို့ဘုရားသခင်ထာဝရဘုရားသည် ထိုမင်းကို ငါတို့၌အပ်တော်မူသဖြင့် သူမှစ၍သားများ၊ လူများအပေါင်းတို့ကို ငါတို့သည်လုပ်ကြံကြ၏။ 34ထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တစ်ယောက်မျှမကြွင်းစေခြင်းငှာ ရှင်းရှင်းဖျက်ဆီးကြ၏။ 35တိရစ္ဆာန်များ၊ မြို့ရွာ၌လက်ရဥစ္စာများကိုသာ ကိုယ်ဖို့သိမ်းယူကြ၏။ 36အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်၊ မြစ်နား၌ ရှိသမျှသောမြို့တို့တွင် ငါတို့မအောင်နိုင်သောမြို့ တစ်မြို့မျှမရှိ။ ငါတို့ဘုရားသခင် ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့၌အပ်တော်မူ၏။ 37သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သောမြေ၊ တောင်ရိုးမြို့အစရှိသော၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသောအရာ တစ်စုံတစ်ခုကိုမျှ မချဉ်းရကြ။

တရားဟောရာကျမ်း - ၂ (အနက်ဖွင့်)

(ကာဒေရှမှ ဟေရှဘုန်သို့ (အခန်း )

          :၂၃ ကာဒေရှဗာနမှ ဧဒုံနယ်စပ် (ငယ် ၁-၇) သို့ချီတက်ရာတွင် ဧဒုံသားများနှင့် ပြဿနာမဖြစ်လို၍ ရှောင်ကွင်းချီတက်ရသည်။ မောဘလူမျိုးများနှင့် မရင်ဆိုင်လိုသောကြောင့် ဇေရပ်လွင်ပြင်ကို ကွေ့ပတ်၍ ချီတက်ခဲ့ရသည်။ ဘုရားသခင်က မောဘအမျိုးသားများအား ထိုခိုက်နှောင့်ယှက်ခြင်းမပြုရန်တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်ဒေသကို ဘုရားရှင်က အမ္မုန်အမျိုးသားများသို့ အပိုင်ပေးထားသည် (ငယ် ၁၆-၁၉)။ ရှေးသရောအခါကလည်း ထိုအရပ်ဒေသခံလူများသည် ဗလထွားကျိုင်းသော လူကောင်ကြီးကြီးများ နေရာဖြစ်ခဲ့သည်။ ထိုသူများကို အမ္မုန်ပြည်သားများက ဇံဇုမ္မိမ် ဟု ခေါ်ကြသည်။ သို့သော်လည်း ဟောရပြည်ကို ဧသောအမျိုးသို့ပေးအပ်သကဲ့သို့ ဇံဇုမ္မိမ်ပြည်အား အမ္မုန်အမျိုးလက်ထဲသို့ ဘုရားသခင်ကပေးထားသည်။ အာဝိန်လူမျိုးကိုလည်း ကတ္တောရမြို့မှ ဖယ်ရှင်းခဲ့သည် (ငယ် ၂၀-၂၃)။

:၂၄၃၇ အခန်း ၂ ၏ အဓိကအနှစ်သာရသည် ဟေရှဘုန်ဘုရင်၊ အာမောရိလူမျိုး ရှိဟုန်၏ပြည်အား အောင်မြင်နှိမ်နင်းခြင်းဖြစ်သည်။ အပိုဒ်ငယ် ၂၉ တွင် ဧဒုံအမျိုးသည် ဧသော၏သားစဉ်မြေးဆက်များ ဖြစ်သည်ဟု သတိပေးထားသည်။ ဣသရေလတို့သည် ထိုဧဒုံအမျိုးသားများထံ စားစရာအစာ၊ သောက်စရာရေ အလကားမယူရ။ ဝယ်ယူရမည်ဟု မိန့်မှာထားသည်။ တော ၂၀:၁၄-၂၂ တွင် ဧဒုံမင်းသည် ဣသရေလတို့အား ပတ်သက်ဆက်ဆံခြင်းအလျဉ်းမပြုဟု မှတ်တမ်းတင်ထားသည်။ သောဒုံမင်းက ထမင်းတစ်လုတ်၊ ရေတစ်စက် အကုန်မခံနိုင်ဟု ငြင်းဆိုထားသော်လည်း ရပ်သူရွာသားအချို့က လူလူချင်း စာနာညှာတာစိတ်ဖြင့် ရောင်းပေးခြင်းဖြစ်နိုင်သည်။ ငယ် ၁၀-၁၂ နှင့် ၂၀-၂၃ သည် မောရှေနောက်တွင် ထပ်ဖြည့်ခြင်းဖြစ်ဟန်တူသည်။ သို့သော်လည်း ဝိညာဉ်တန်ခိုးပါရှိသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။