တရားဟောရာကျမ်း - ၁၉
တရားဟောရာကျမ်း - ၁၉ (အနက်ဖွင့်)
(ဎ) ရာဇဝတ်မှု (အခန်း ၁၉)
၁၉:၁–၁၀ ယော်ဒန်မြစ်အရှေ့ဘက်ကမ်းတွင် ဘေးမဲ့ခိုလှုံရာမြို့(၃)မြို့ထူခဲ့ပြီးပြီ။ ယခုအနောက်ဘက် ကမ်းတွင် ဘေးမဲ့ခိုလှုံရာမြို့(၃)မြို့ထပ်မံတည်ထားခိုင်းသည်။ လူသတ်မှုကျူးလွန်မိသူများကလဲ့စား ခြေခြင်း၊ မခံရအောင် ခိုလှုံစေခြင်းဖြစ်သည် (ငယ် ၁-၇)။ အထက်ကျမ်းပိုဒ်များတွင် ဆိုခဲ့ပြီးသည့်အတိုင်း ဘေးမဲ့ခိုလှုံရာ (၆)မြို့ပြည့်အောင်တည်စေသည် (ငယ် ၈-၁၀)။ ယော်ဒန်မြစ်အနောက်ဘက်ကမ်းရှိဘေးမဲ့မြို့(၃)မြို့မှာ ကေဒေရှ၊ ရှေခင်နှင့် ဟေဗြုန်(ယောရှု ၂၀:၇) တို့ဖြစ်သည်။
၁၉:၁၁–၁၃ ထိုမြို့များသည် လူသတ်သမားအား ကွင်းလုံးကျွတ်အပြစ်မဲ့ခိုလှုံစေခြင်းမဟုတ်။ တရားနှင့်အညီ စီရင်ခြင်းမပြုမီသွေးကြွေးတောင်းခြင်း မခံရအောင် လုံခြုံမှုပေးခြင်းဖြစ်သည်။ အချိန်တန်လျှင် လူကြီးသူမများက စစ်ဆေးရသည်။ ရာဇဝတ်မှု တမင်ကလာကျူးလွန်လျှင် ကျူးလွန်သည့်အတိုင်း ကိုယ့်ထိုက် ကိုယ်ကံဖြစ်သည်။
၁၉:၁၄ နယ်ခြားမှတ်တိုင်ဆိုသည်မှာ အရပ်ဒေသတစ်ခုအား ပိုင်ဆိုင်မှုအမှတ်အသားပြဌာန်းခြင်း ဖြစ်သည်။ ကျောက်တုံး၊ ကျောက်တိုင် စိုက်ထူလေ့ရှိသည်။ မသမာသူများက ထိုကျောက်တိုင်များကို လူခြေတိတ်ဆိတ်သော ညဉ့်နက်ယံများတွင် တစ်ဖက်သို့ တိုးရွှေ့ကြသည်။ ဤကျမ်းချက်တွင် အကြောင်းအရာ ကြားညှပ်ထည့်သွင်းခြင်းသည် တရားဓမ္မမှန်ကန်စွာ စီရင်ရေးကို သွန်သင်ခြင်းဖြစ်သည်။ ဘေးမဲ့ခိုလှုံရာမြို့သည် တရားအမှားနှင့်အမှန် ခွဲခြားစေရာ သက်သေခံခြင်းဖြစ်သည်ဟု ပြောရန်ခက်ခဲသော်လည်း အခြေအနေမှန်ချင့်ချိန် ဆုံးဖြတ်နိုင်ဖို့ သွန်သင်ခြင်းဖြစ်သည်။
၁၉:၁၅–၂၁ ရာဇဝတ်မှုတွင် သက်သေတစ်ယောက်တည်းဖြင့် မလုံလောက်။ အနည်းဆုံးနှစ်ဦး သုံးဦးရှိရသည်။ မှားယွင်းသောသက်သေများက ယဇ်ပုရောဟိတ်များနှင့် တရားသူကြီးများကို လှည့်ဖျားနိုင်ကြသည် (၁၇:၈-၉)။ တရားသူကြီး ခုံသမာဓိအဖွဲ့ကိုတရားသဖြင့် စီရင်အပြစ်ဒဏ်ချမှတ်ရန် ဘုရားသခင်က စီမံခန့်ထားသည် (ငယ် ၁၆-၂၁)။
“မျက်လုံးအစားမျက်လုံး၊ သွားအစားသွား” ဟူသော ဓမ္မသတ်ဥပဒေသကို Lex talionis” ဟု အနောက်တိုင်း ယဉ်ကျေးမှုတွင် ခေါ်ဆိုသည်။ (လက်တင်အယူဝါဒတွင် အလျှော်အစားဓမ္မသတ်ဟု ခေါ်သည်)။ ထိုတရားကို အချို့က အဓပ္ပါယ်ဖွင့်ဆိုချက် မှားယွင်းကျင့်သုံးကြသည်။ ထိုဥပဒေသသည် ရက်စက်မှု လိုင်စင် ထုတ်ပေးခြင်းမဟုတ်။ ကန့်သတ်ခြင်းဖြစ်သည်။ အနှစ်သာရမှာ မှားယွင်းသော သက်သေမရှိစေဖို့ ဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။