တမန်တော်၀တ္ထု - ၉
တမန်တော်၀တ္ထု - ၉ (အနက်ဖွင့်)
(ဂ) တာရှုသားရှောလု အသက်တာ ပြောင်းလဲခြင်း(၉:၁–၃၁)
၉:၁-၂ ဤအခန်းသည် တမန်တော်ဝတ္ထု၏ တဆစ်ချိုးကွေ့ဖြစ်သည်။ ယခင်ကျမ်းပိုဒ်များတွင် ဣသရေလလူမျိုးအကြား ပေတရု၏ တရားဓမ္မသွန်သင်ချက်၊ သက်သေခံချက်များတွေ့ရသည်။ ဤအခန်းမှစ၍ ရှောလုမှ ပေါလုသို့ပြောင်းလဲသူ၏ အမှုတော်ဆောင်ခြင်းအကြောင်း တွေ့ရမည်။
ရှောလုသည် အသက်(၃၀) အရွယ်ခန့်သာရှိသည်။ ရဗ္ဗိဆရာများအကြားတွင် ထင်ရှားသူ လူငယ်လူရွယ်ဖြစ်သဖြင့် လူချစ်လူခင်ပေါများသည်။ နောက်လိုက်နောက်ပါ တပည့်တပန်းများသည်လည်း သူကဲ့သို့ပင် လက်ရဲဇက်ရဲသူများဖြစ်သည်။
ခရစ်ယာန်ယုံကြည်ခြင်းကြီးထွားထာသော အခါ ယုဒဘာသာတရားလွှမ်းမိုးသည်။၄၁ ထို့ကြောင့် ယုဒဘာသာတရားကို အရိပ်မိုးမည့်ခရစ်ယာန် ဝါဒအား သဲကြီးမဲကြီး ဆန့်ကျင်တိုက်ဖျက်သည်။ ယဇ်ပုရောဟိတ်ကြီး၏ စစီအစဉ်ဖြင့် ဒမာသက်မြို့၌ ယုံကြည်သူများအား ဖေါ်ထုတ်ဖမ်းဆီး၍ အပြစ်စီရင်ရန် သွားရောက်သည်။
၉:၃-၆ ဒမာသက်ရောက်ခါနီးတွင် ပြင်းထန်သော အလင်းတန်းကြီး တစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး ရှောလုကို ထိုးချသဖြင့် မြေကြီးပေါ်သို့ လဲကျသည်။ ထိုအလင်းတန်းကြီးထဲမှ အသံတော်ထွက်ပေါ်လာပြီး “ရှောလု၊ ရှောလု ငါ့ကိုဘာကြောင့်ညှင်းဆဲသနည်း” ဟုဆိုသည်။ ရှောလုက “သင်ဘယ်သူလဲ” ဟု ပြန်မေးသောအခါ “ငါသည် သင်ညှင်းပန်းနှိပ်စက်သော ယေရှုဖြစ်သည်” ဟု အဖြေစကားကြားသည်။
ထိုအချိန်တွင် ရှောလုသည် ဇဝေဇဝါဖြစ်သွားသည်။ နာဇရက်သားယေရှုကို ကားတိုင်မှာ သတ်ပစ်၍ သင်္ဂြိုဟ်ခဲ့ရသည် မဟုတ်လော။ ယေရှုအသံ မည်သို့ ဖြစ်နိုင်မည်နည်း။ ဘာသာရေး ခေါင်းဆောင်များကလည်း ယေရှု၏ တပည့်သားမြေးများကို ဖျက်ဆီးချေမှုန်းနေကြသည်။ ကမ္ဘာမြေကြီးသည် ယေရှုအကြောင်းမှ ကင်းလွတ်ခဲ့ပြီမဟုတ်လားဟု ထင်နေသည်။
သို့သော် ရှောလုထင်မြင်သည့်အတိုင်း ယေရှုသည် သင်္ချိုင်းဂူထဲတွင် သက်တော်စဉ် အဆုံးမသတ်ပါ။ ရှင်ပြန်ထမြောက်၍ ကောင်းကင်ဘုံ၌ ခမည်းတော်၏ လက်ျာဘက်တွင် ယခုဘုန်းပွင့်တော်မူပြီ။ ထိုယေရှုသခင်သည် ယခုအခါ ရှောလု၏ အသက်တာကို ပြုပြင်ပြောင်းလဲဖို့ ရောက်လာချေပြီ။
ယေရှု၏ တပည့်တော်များ ညှဉ်းပန်းနှိပ်စက်ခြင်းသည် ယေရှုအား ညှဉ်းပန်းနှိပ်စက်ခြင်းဖြစ်ကြောင်း ရှောလု အသိတရားဝင်လာသည်။ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက် ဗလပွခံစားခဲ့ရသော ယေရှုသည် ကောင်းကင်ဘုံနန်းတွင် စိုးစံတော်မူပြီ။
ထိုနေရာတွင် ရှောလုသည် ယေရှုထံမှ အမိန့်တော်(၂)ခု ရရှိသည်။ ပထမအချက်မှာ ရှောလုကိုယ်တိုင်အား သခင်ယေရှု၏ လူဖြစ်စေသည်။ ထို့နောက် ဤအဖြစ်အပျက်အား ဒမာသတ်မြို့သို့ သွားရောက်သက်သေခံခိုင်းသည်။
၉:၇-၉ ရှောလု၏ခရီးဖေါ်(၂)ဦးကလည်း ထိုအသံဗလံကြီးကို ကြားသည်။ သို့သော် ရှောလုထံသို့ စကားပြောသံကိုမူ မကြားရ။ အနီးဝန်းကျင်တွင် တစုံတစ်ဦးမှလည်း မမြင်ရ (၂၂:၉)။ ရှောလု တစ်ယောက်တည်းကသာ စကားသံကြားရသည်။
မိမိကိုယ်ကို အဟုတ်ကြီးထင်လှသော ရှောလုကြီးသည် ဘာမှမမြင်ရတော့သဖြင့် ခရီဖေါ်များက ဒမာသက်မြို့သို့ လက်တွဲခေါ်သွားကြသည်။ သုံးရက်လုံးလုံး ဘာမှမမြင်ရ၊ မစားမသောက်။
၉:၁၀-၁၄ ထိုဒမာသက်ခရီးစဉ် အဖြစ်အပျက်ကို ဒမာသက်မြို့ရှိ ခရစ်ယာန်များထံသို့ ပျံ့နှံသွားသည်။ အမှန်မှာ ရှောလုသည် ဒမာသက်ယုံကြည်သူများအား ဖမ်းဆီးရန်ရောက်လာခြင်းဖြစ်သည်။ ဘုရားသခင်၏ အစီအမံတော်ကို ချီးမွမ်းကြသည်။ ရှောလုအတွက် ဆုတောင်းခြင်းဖြင့်နိုင်သည်။ သူတို့ကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ရန် ရောက်လာသူအား ယုံကြည်ခရစ်ယာန်ဖြစ်သည်ဟု ကြားသိရသောအခါ ရုတ်တရက် မယုံကြည်နိုင်ကြ။ ကိုယ့်နားကို ပင် မယုံနိုင်လောက်အောင် ဖြစ်နေသည်။ ယုံရခက်ကြီးကိုး။
ဘုရားသခင်က ထိုဒမာသက်မြို့ရှိ ယုံကြည်သူအာနနိအား စကားပြော၍ ရှောလုကို သွားတွေ့ခိုင်းသည်။ ရှောလုသည် လူများကို ညှဉ်းပန်းနှိပ်စက်မည့် အစား ဆုတောင်းပေးနေသည်။ နာနနိသည် ရှောလုတည်းသော အိမ်သို့ဝင်ရောက်သည်။
၉:၁၅-၁၆ သခင်ဘုရားသည် ရှောလုအတွက် အံ့သြဖွယ်ရာ အစီအမံရှိသည်။ “ဤသူကား လူမျိုးခြား ရှင်ဘုရင်များနှင့် ဣသရေလ အမျိုးသားတို့အား ငါ၏အကြောင်းကို ဟောပြောကျေညာရန် ငါရွေးချယ်ထားသောသူဖြစ်၏ ငါ၏ နာမတော်အတွက်ကြောင့် သူခံရမည့် ဒုက္ခဆင်းရဲအကြောင်းကို သူအား ငါကိုယ်တိုင်ပြမည်” ဟုဆိုသည်။ ယေဘူယျအားဖြင့် ရှောလုသည် တပါးအမျိုးသားများနှင့် အုပ်စိုးသူမင်းများအား ဟောပြောရန် ခန့်အပ်ခြင်းဖြစ်သည်။ သို့သော်လည်း အသွေးအသားအားဖြင့် တော်စပ်သော မိမိရပ်သူရွာသားများကိုလည်း လစ်လျူမရှု ဟောပြောသွန်သင်သည်။
ရှောလုပေါ်သို့ လက်တင်ဆုတောင်းပေးခြင်းသည် သန့်ရှင်းသောဝိညာဉ်တော် က တပည့်တော်များ စေခိုင်းသော လုပ်ရိုးလုပ်စဉ်ဖြစ်သည်။ အာနနိသည် သာမန် ယုံကြည်သူတစ်ဦးသာဖြစ်သည်။ ဘုရားသခင်သည် တပည့်တော်မဟုတ်သူများကိုလည်း ဝိညာဉ်ရေးရာ ပြည့်ဝသူများကို ရဟန်းရှင်သဖွယ် အသုံးပြုကြောင်း နားလည်ရသည်။
အမှန်တကယ် အသက်တာပြောင်းလဲသူသည် အရာရာကို စွမ်းဆောင်နိုင်ပါသည်။ ထိုအရာများဖြင့် အသက်တာပြောင်းလဲကြောင်း ထင်ရှားစေသည်။ တာရှုအား ရှောလုသည် အသက်တာသစ်ပိုင်ရှင်ဖြစ်သွားသည်။ Francis W Dixon က ဤသို့မှတ်တမ်းပြုသည်။
၁။ သခင်ဘုရားကို တွေ့သည်။ အသံတော်ကြားသည် (တ ၉:၄-၆)။ ဘုရားသခင်ကိုယ်တိုင်က အသက်တာပြောင်းလဲစေခြင်းဖြင့် သခင်ယေရှု၏ တပည့်တော်ဖြစ်လာသည်။
၂။ အသက်တာတလျှောက်လုံးတွင် နှုတ်ကပတ်တော်နာခံလျက်၊ အလိုတော်အတိုင်းကျင့်ကြံသည် (၉:၆)။
၃။ ဆုတောင်းခြင်းဖြင့် အစပြုသည် (၉:၁၁)။
၄။ နှစ်ခြင်းမင်္ဂလာခံယူသည် (၉:၁၈)။
၅။ ဘုရားသခင်၏ လူများနှင့် တသွေးတသားတည်း နေသည် (၉:၁၉)။
၆။ ပြင်းထန်စွာ သက်သေခံသည် (၉:၂၀)။
၇။ ကျေးဇူးတော်၌ ကြီးပြင်းသည် (၉:၂၂)။
လက်တင်ဆုတောင်းပေးခြင်း
တမန်တော် ဝတ္ထုတွင် အရေးကြီးသော သင်ခန်းစာတစ်ခုမှာ လက်တင်ဆုတောင်းပေးခြင်းဖြစ်သည်။ ထိုလက်တင်ဆုတောင်းပေးပိုင်ခွင့်ကို သီးခြားလူတန်းစား သတ်မှတ်ခြင်းမရှိ။ ယဇ်ပုရောဟိတ်များ၊ သင်းအုပ်များသာ ပြုရသည်ဟု ပြဠာန်းခြင်းမရှိ၊ ယုံကြည်သူတိုင်း လက်တင်ဆုတောင်းပေးနိုင်သည်။
Harnack က ဤသို့ရှင်းပြသည်။
ရောမအင်ပါယာလက်ထက်တွင် ကနဦးအသင်းတော်ကြီးထွားစဉ်ကာလ၌ ဓမ္မဆရာများ၊ တရားဟောဆရာကြီးများသာ လက်တင်ဆုတောင်းပေးသည် မဟုတ်ပါ။ တမန်တော်များသာ လက်တင်ကြသည်မဟုတ်ပါ။ အမှုတော်ဆောင် မဟုတ်သော ယုံကြည်သူများကလည်း လက်တင်ပေးကြပါသည်၄၂။
Dean Inge က ဤသို့ရေးသားထားသည် ခရစ်ယာန်အယူဝါဒသည် လက်တင်ဆုတောင်း၍ ပရောဖက်ပြုခြင်းဖြင့် အစပြုသည်။ ခရစ်ယာန်များ၏ အနာဂတ်သည် လက်တင်ကောင်းကြီးပေးခြင်း အပေါ်တွင်တည်မှီသည်၄၃။
Bryan Green က ဤသို့ဆိုသည်- ခရစ်ယာန်များ၏ အနာဂတ်ဧဝံဂေလိတရားသည် အရပ်သူ အရပ်သားများ၏ လက်ထဲတွင် ရှိသည်။ အတုအယောင် ခရစ်ယာန်ဆရာများ၏ လက်ထဲ၌ရှိသည်မဟုတ်၄၄။
Leighton ကလည်း ဤသို့ဆိုသည်။ အသင်းတော်၏ အဓိက သက်သေခံရန်မှာ အသင်းတော်၏ ဦးခေါင်းနှင့် ကနဦးခရစ်ယာန်များ၏ လုပ်ဆောင်ချက်များ ထိန်းသိမ်းရန်ဖြစ်သည်။ ဧဝံဂေလိလုပ်ငန်းသည် အမည်ခံသာမဟုတ်။ အသင်းတော်တစ်ခုလုံး၏ အဓိက ရည်မှန်းချက်ဖြစ်သည်၄၅။
J.A Stewart ၏ စကားကို ပြေပြချင်သည်။ အသင်းတော်ဝင်တိုင်းသည် ပျောက်သောဝိညာဉ်များ ဘမ်းဆီး၍ အသင်းတော်သို့ ပို့ဆောင်ရန် တာဝန်ရှိသည်။ ဒေသန္တာရအသင်းတော်ဝင်တိုင်းသည် ဝိညာဉ်နို့စို့ကလေးများ တိုက်ကျွေးရန် ဝတ္တာရားရှိသည်။ ရွေးနှုတ်ခြင်းခံရယူသူများသည် မိမိရွေးနှုတ်ခြင်းခံရသကဲ့သို့ အခြားပျောက်ဆုံးသူများကို တဖန်လိုက်လံဖမ်းဆီးရသည်။၄၆
သာမန်အားဖြင့် ဒေသန္တရအသင်းတော်များသည် သင်းအုပ်များက ဦးစီးဦးဆောင်လေ့ရှိသည်။ ဒေသန္တရအသင်းတော်များတွင် သန့်ရှင်းသူ၊ ဘုန်းကြီး(သင်းအုပ်)၊ သင်းထောက်ဟူ၍ ရှိပါသည် (ဖိ ၁:၁)။ သန့်ရှင်းသူတိုင်းသည် ဓမ္မသစ်ကျမ်းအရ အမှုတော်ဆောင်များဖြစ်ကြသည်။ သင်းအုပ်၊ ဘုန်းတော်ကြီး၊ စောင့်ကြည့်သူများသည် ဝိညာဉ်ရေးရာ ဦးဆောင်သူများဖြစ်သည်။ သင်းထောက်များမှာ အသင်းတော်ဘဏ္ဍာရေးနှင့် စီမံအုပ်ချုပ်မှု တာဝန်ထမ်းဆောင်သူများဖြစ်သည်။
သင်းအုပ်(ဘုန်းတော်ကြီး)သည် သာမန်သန့်ရှင်းသူမဟုတ်ပါ။ အသင်းတော်တွင် ပါဝင်သောသိုးများကို စောင့်ထိန်းသည့် သိုးထိန်းဖြစ်သည်။
တမန်တော်၊ ပရောဖက်၊ ဧဝံဂေလိဆရာ၊ အမှုတော်ဆောင်၊ ဓမ္မဆရာများသည် မည်သူတွေနည်းဟု မေးကောင်းမေးနိုင်ပါသည်။ ထိုသူများသည် ကနဦးအသင်းတော်ကာလတွင် သာသနာဘောင်တတ်သူများဟုတ်ပါသလား။ (ဧ ၄:၄၂) တွင် ဤသို့ဆိုထားပါသည်။ သန့်ရှင်းသူများသို့ အသီးသီးပေးထားသော ဝိညာဉ်ဆုကျေးဇူးများသည် အသင်းတော်အား ထူမဖို့ ဖြစ်သည်ဟုဆိုသည်။ ရာထူးရာခံများသည် ဒေသန္တရ အသင်းတော်တွင် အမြဲတန်းစိုးစံဖို့မဟုတ်၊ ဒေသန္တရ အသင်းတော်ခိုင်ခိုင်ရပ်တည်ဖို့ တာဝန်ပေးခြင်းဖြစ်သည်။ အသင်းတော် မားမားမတ်မတ် ရပ်တည်ပြီးသောအခါ အခြားဒေသန္တရအသင်းတော် ထူထောင်ရသည်။
အသင်းတော်သမိုင်းကြောင်း ၂ ရာစုနှစ်၌ ထိုအသင်းတော်ရာထူးရာခံများ ပေါ်ထွန်းလာကြောင်းတွေ့ရသည်။ တမန်တော်များခေတ်ကာလတွင် မထင်ရှားခဲ့ပါ။ ထိုရာထူးရာခံများသည် ဧဝံဂေလိ ပြန့်ပွားရေးအတွက် အနှောင့်အယှက် အတားအဆီးတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရာထူးရာခံက ကြီးမားလွန်းပြီး လုပ်ဆောင်မှုက သေးငယ်လွန်းသည်။
ဓမ္မသစ်ကျမ်းတွင် ယုံကြည်သူများသည် အမှုတော်ဆော်သာမက ယဇ်ပုရောဟိတ်မင်းလည်း ဖြစ်ကြသည်။ ယုံကြည်ခြင်းဖြင့် ဘုရားသခင်ထံတော်သို့ ဝင်ရောက်ချဉ်းကပ်နိုင်သူများ (၁ပေ ၂:၅)ဖြစ်သည်။ တော်ဝင်ယဇ်ပုရောဟိတ် (မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်) ဖြစ်သည်နှင့် အညီ အမှောင်လောက သို့သွားရောက် အလင်းပြနိုင်သူများ (၁ပေ ၂:၉) ဖြစ်ရသည်။ ထိုသို့ပြောရာတွင် ယုံကြည်သူတိုင်းသည် တရားဒေသနာဟောပြောချင်မှ ဟောပြောနိုင်မည်။ သို့သော်လည်း ဝတ်ပြုကိုးကွယ်ခြင်း ဦးဆောင်နိုင်သည်။ သက်သေခံနိုင်ကြသည်။ အသင်းတော်တွင် ဦးစီးဦးဆောင်သည်။ အသင်းတော်တွင် ဦးစီးမည့်သူ ယဇ်ပုရောဟိတ်လူတန်းစား သတ်မှတ်ချက်မရှိ၊ ဝတ်ပြုစည်းဝေး ဦးဆောင်မည့်သူ မရှိရဟု ဆိုလိုခြင်းမဟုတ်။
၉:၁၉-၂၅ ဒမာသက်မြို့ရှိ ယုံကြည်သတပည့်တော်များသည် ရှောလုကို တံခါးဖွင့် လက်ခံကြသည်။ ရှောလုသည်လည်း တရားစရပ်တွင် ယေရှုသည် ဘုရားသားတော် ဟုတ်မှန်ကြောင်း ဟောပြောသည်။ ယုဒပရိသတ်များ နဝေတိမ်တောင်ဖြစ်ကုန်ပြီ။ ယခင်က ယေရှုကို မုန်းတီး ဆန့်ကျင်ခဲ့သော ရှောလုသည် ယခုအခါပြောင်းတိပြောင်းပြန် ယေရှုအကြောင်းကို ဟောပြော သက်သေခံနေသည်။
ဒမာသက်မြို့တွင် ဘယ်နှစ်ရက်ကြာသွားသည်မသိပါ။ (ဂလာ ၁:၁၇) အရ ဒမသက်မှ အာရဗျသို့ ထွက်သွားကြောင်းသိရသည်။ ထို့နောက်ဒမာသက်သို့ ဒုတိယအကြိမ် ပြန်ရောက်လာသည်။ ထိုအကြောင်းကို အခန်း(၉) တွင် တွေ့ရှိနိုင်သည်။
ဘုရားသခင်သည် အာရဗျသားများအား ရှောလုအားဖြင့် အမြောက်အမြား အသုံးပြုလျက် တရားဒေသနာများ ဟောကြားစေသည်။ ကန္တရအနှံ့ လိုက်လံဟောကြားစေသည်။
ရှောလုသည် အာရေဗျတွင် ရှိနေစဉ် ဘုရားသခင်၏ ကျေးဇူးတော်ကို ရေတွက်လျက် အခွင့်အလမ်းများကို စူးစိုက်အာရုံပြုခွင့်ရခဲ့သည်။ ဒမာသက်သို့ ပြန်ရောက်သည့် (ငယ် ၂၂) အခါ တရားဇရပ်တွင် ယုဒပရိသတ်အား ယေရှုသည် ဣသရေလတို့ မျှော်လင့်သည့် မေရှိယဖြစ်ကြောင်း အခိုင်အမာ ဟောကြားသည်။ တချိန်က ယုဒခေါင်းဆောင်ဖြစ်သူ ရှောလုသည်ယခု ယုဒထုံးစံကို ဆန့်ကျင်ရသလားဟု ယုဒများက အသက်ရန်ရှာကြသည်။ သို့သော်လည်း ထိုယုဒများက အသက်ရန်ရှာကြသည်။ သို့သော်လည်း ထိုယုဒများ၏ အကြံအစည် ပေါက်ကြားသဖြင့် ညဉ့်အချိန်တွင် မြို့ရိုးကိုကျော်၍ ခြင်းတောင်းဖြင့် လျှောချကြသဖြင့် အသက်ချမ်းသာရာ ရသွားသည်။ လတ်တလောဘေးရန်မှ ကင်းလွတ်သွားသော်လည်း ရှောလုသည် စိတ်နှလုံးကြေမွနေသည်။ ဖက်တွယ်ခိုမှီး၊ ဆက်ဆံမည့်သူမရှိ။ ဘုရားသခင်သည် ထိုကဲ့သို့ အခြားခိုမှီးစရာမရှိ၊ သူ့ကိုသာ ကိုးစားသူမျိုးကို လိုချင်သည်။
၉:၂၆-၃၀ လူ့အမြင်ဖြင့် ယေရုရှလင်မြို့သည် ရှောလုအတွက် အလွန်အန္တရာယ်ကြီးမားသည်။ မည်သို့ပင် အန္တရယ်ကြီးမားစေကမူ ဘုရားသခင်အလိုတော်ရှိလျှင် မည်သည့်အရာကမှ ဒုက္ခမပေးနိုင်ပါ။ လုံခြုံပါသည်။
ဤအခေါက်သည် ခရစ်ယာန်ဘဝဖြင့် ယေရုရှလင်မြို့သို့ ပထမဆုံးအကြိမ် ရှောလုရောက်ရှိခြင်းဖြစ်သည်။ (ဂလာ ၁:၁၈)။ ယေရုရှလင်မြို့၌ ပေတရုနှင့်ယာကုတ်ကိုတွေ့ရသည်။ အပိုင် ၂၇ တွင် ဗာနဗက တမန်တော်များနှင့်မိတ်ဆက်ပေးသည်ဟုဆိုသည်။ တမန်တော်များဆိုသည်မှာ ပေတရုနှင့် ယောကုပ်အပြင် အခြားတမန်တော်များပါဝင်လျှင် ထိုအခေါက်သည် ဒုတိယအကြိမ်ဖြစ်နိုင်သည်။ ထိုအကြောင်းကို အခြားကျမ်းများတွင်မတွေ့ရပါ။
ပထမတွေ့တွေ့ခြင်း ယေရုရှလင်တပည့်တော်များသည် ရှောလုအား တမန်းတော်အဖြစ်လက်မခံဝံ့ကြ။အတုယောင်ဟုထင်ကြသည်။ ဗာနဗက ရှောလုအသက်တာပြောင်းလဲပုံ၊ ဒမာသက်လမ်းစဉ်၊ဒမာသက်မြို့တွင် ယေရုခရစ်တော်အအကြောင်း ပြောင်မြောက်စွာဟောကြားပုံများကို သက်သေခံပေးသည်။ ထိုအခါကြမှသာလျှင် စစ်မှန်သောရုံကြည်သူဖြစ်ကြောင်း လက်ခံပြီးရင်းနှီးစွာ ဆက်ဆံရဲကြသည်။ တပည့်တော်များနှင့်အတူ ယေရုရှလင်မြို့တွင် လှုပ်ရှားသွားလာလျှက် ယေရှုအကြောင်းကို လိုက်လံဟောပြောခွင့်ရသည်။ထိုသို့ဟောပြောသောအခါ ဟေလသအပြင်းအထန်ကန့်ကွက်ရန်ရှာ ကြသည်။ ရှောလု၏အသက်အန္တရာယ် စိုးရိမ်သောကြောင့် ညီအကိုများကတဖန် ရှောလုကို ကဲသရိမြို့သို့ အစောင့်အရှောက်ဖြင့် တိတ်တဆိတ်စေလွှတ်ကြသည်။ ထိုမှတဆင့် ဇာတိမွေးမြေ တာရှုပြည်သို ခရီးဆက်ခဲ့သည်။
၉:၃၁ ထို့နောက် ရှောလုသည် ပါလက်စတိုင်း အရပ်ဒေသရှိ အသင်းတော်များတွင် အမှုတော်ထမ်းဆောင်သည်။ သန့်ရှင်းသောဝိညာဉ်တော် ပါဝင်လုပ်ဆောင်မှုဖြင့် အသင်းတော်များလည်း အေးချမ်းတည်ငြိမ်လျက် ဝိညာဉ်ရေးရာ၌ ကြီးထွားကြသည်။
၃။ ကမ္ဘာမြေတွင် အသင်းတော်ကုန်ဆုံးခြင်း(၉:၃၂– ၂၈:၃၁)
(က) တပါးအမျိုးသားများသို့ ပေတရု သွန်သင်ဟောကြားခြင်း (၉:၃၂–၁၁:၁၈)
၉:၃၂–၃၄ ပေတရုသည် ယုဒပြည်အနှံ ယုံကြည်သူများထံသို့ လှည့်လည် အားပေးသည်။ တရားဒေသနာများ လိုက်လံဟောကြားသည်။ ယေရုရှလင်မြို့ အနောက်မြောက်ဘက် လုဒ္ဒမြို့သို့ရောက်ရှိသည်။ ထိုမြို့တွင် ရှစ်နှစ်လုံးလုံးလေဖြတ်သူ လူနာတွေ့သည်။ ပေတရုက ယေရှုခရစ်နာမတော်ဖြင့် သင့်ကို ကျမ်းမာစေပြီဟု အမိန့်ပေးလိုက်သည် ထိုလူနာအာနိနာသည် ချက်ချင်းငုတ်တုတ်ထထိုင်သည်။ ပေတရုက လက်ကမ်းထူလိုက်သောအခါ ထ၍လမ်းလျှောက်သွားသည်။ အာနိနာသည် ထိုတချိန်တည်းတွင် ရုပ်ခန္ဒာနှင့် ဝိညာဉ်ချမ်းသာခြင်းနှစ်ခုစလုံး ရရှိသွားသည်။
၉:၃၅ ထိုလေဖြတ်သူက ယေရှုခရစ်တော်၏ နာမတော်အား သက်သေခံသောအခါ လုဒ္ဒမြို့နှင့် ရှာရုန်လွင်ပြင်တစ်ခုလုံးတွင် ဟိုးလေးတကျော် ဖြစ်သွားသည်။ ကြားကြားသမျှသော ဂီလာနများသည်လည်း ပေတရုထံသို့ လာရောက်ဝိုင်းအုံကြသည်။ သခင်ဘုရားကို လက်ခံယုံကြည်သွားကြသည်။
၉:၃၆-၃၈ ယုပွေမြို့သည် ယေရုရှလင်မြို့၏ အနောက်မြောက်ဖက် မိုင်(၃၀)ခန့်ကွာဝေးသော မြေထဲပင်လယ် ကမ်းခြေရှိ သင်္ဘာဆိပ်ကမ်းမြို့ကြီးတမြို့ဖြစ်သည်။ ထိုမြို့တွင် ခရစ်ယာန်ယုံကြည်သူ မုဆိုးမ ဒေါ်ကာ၄၇ ရှိသည်။ ထိုအမျိုးသမီးကြီးသည် ဆင်းရဲသားများကို အဝတ်အစားများ ပေးကမ်းစွန့်ကြဲလေ့ရှိသော ကရုဏာရှင်တပါးဖြစ်သည်။ ထိုအမျိုးသမီးကြီး မမျှော်လင့်ဘဲ ရုတ်တရက်သေဆုံးသောအခါ ယုံကြည်သူများသည် လွန်စွာ ဝမ်းနည်းကြေကွဲကြသည်။ သို့နှင့် ပေတရုအား မနှေးအမြန် ရောက်လာဖို့ လူလွှတ်ခေါ်ခိုင်းလိုက်သည်။
၉:၃၉-၄၁ ပေတရု ရောက်လာသောအခါ ဒေါ်ကာအလောင်းနားပတ်လည်တွင် အခြားမိန်းမများ ဝမ်းနည်းပက်လက် တရှုံ့ရှုံ့ ငိုယိုနေကြသည်။ ဒေါ်ကာ၏ ကရုဏာကြီးမားပုံကို တမန်တော်ကြီးအား ပြ၍ ပြ၍ငိုကြသည်။ ပေတရုသည် ပရိသတ်အား အပြင်သို့ထွက်စေပြီး၊ ဒူးထောက်ဆုတောင်းသည်။ ထို့နောက် “တဗိသထလော့” ဟု အမိန့်ပေးလိုက်သည်။ ချက်ခြင်းထမြောက်ပြီး ခရစ်ယာန်မိတ်ဆွေများနှင့် ဝမ်းသာအဲလဲပျော်ရွှင်ကြသည်။
၉:၄၂ လူသေအား ထမြောက်စေခြင်း အံ့ဘွယ်နိမိတ်လက္ခဏာများကို ကြားသိသောအခါ ရပ်သူရွာသားများသည် ဘုရားသခင်အား ယုံကြည်လာသည်။ အာနာနိကို အနာရောဂါကင်းငြိမ်းစေခြင်း (ငယ် ၃၅) ကြောင့် လူများစွာ ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ယခု လူသေအား ထမြောက်စေသောအခါ ရပ်သူရွာသားများသည် ပြောင်းလဲသထက် ပြောင်းလဲလာကြသည်။
၉:၄၃ ပေတရုသည် ရှိမုန်အမည်ရှိသော သားရေနယ်သူအိမ်တွင် တည်းခိုလျက် ယုပ္ပေမြို့တွင် ရက်ရှည်ကြာနေထိုင်ခဲ့သည်။ ရှိမုန်သည် သားရေလုပ်ငန်းတွင် အောင်မြင်နာမည်ရသူဖြစ်သည်။ ယုဒများသည် သားရေလုပ်ငန်းအား အထင်အမြင် သေးကြသည်။ အဘယ်ကြောင့်ဆိုသော် ယုဒဘာသာရေးနှင့် ဆန့်ကျင်သော တိရစ္ဆာန်အသေကောင်များ ကိုင်တွယ်ရသည်။ ထိုရှိမုန်ထံတွင် ပေတရုတည်းခိုခြင်းမှာ ပေတရု၏ လူမှုးရေး အဆင့်အတန်း မခွဲခြားပုံကို တမင်ပြသခြင်းဖြစ်သည်။
ဤအခန်းက နောဧ ၏ သားများကို ပြန်လည် သတိရစေပါသည်။ အဲသယောပိအမတ်မင်း (အခန်း ၈) သည် နောဧ၏သား ဟာမ မျိုးရိုးဖြစ်သည်။ တာရှုသား ရှောလု(အခန်း ၉)သည် ရှေမ၏ မျိုးရိုးစဉ်ဆက် ဖြစ်သည်။ ယခု(အခန်း ၁၀)မှ ကော်နေလိသည် ယာဖက်၏ မျိုးရိုးစဉ်ဆက်ဖြစ်သည်။ ထို့ကြောင့် ဧဝံဂေလိ သတင်းကောင်းသည် လူမျိုးဘာသာ၊ ယဉ်ကျေးမှု၊ တိုင်းနိုင်ငံမရွေး၊ လူတိုင်းအတွက်ဖြစ်ကြောင်း ထင်ရှားသည်။ ပေတရုသည် ကောင်းကင်သော့ အပ်နှင်းခြင်း ခံရသူဖြစ်သည့်အားလျော်စွာ ယုဒလူမျိုးများသို့ (အခန်း ၂)၊ တပါးအမျိုးသားများသို့ (အခန်း ၁၀) ဧဝံဂေလိတရား လိုက်လံဟောကြားခြင်းဖြစ်ပေသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။