တမန်တော်၀တ္ထု - ၅

အာနနိနှင့် ရှဖိရေ
1သို့ရာတွင် အာနနိနှင့် ရှဖိရေအမည်ရှိသော လင်မယားနှစ်ယောက်တို့မူကား၊ ဥစ္စာတစ်စုံတစ်ခုကို ရောင်းပြီးလျှင်၊- 2ထိုသူသည် မိမိခင်ပွန်းနှင့်သဘောတူလျက်၊ အဖိုး၏တစ်ဖို့ကို ထိမ်ဝှက်သဖြင့်၊ တစ်ဖို့ကိုသာယူဆောင်ခဲ့၍ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။- 3ပေတရုကလည်း၊ အာနနိ၊ သင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စား၍၊ မြေကိုရောင်းသော အဖိုး၏တစ်ဖို့ကို ထိမ်ဝှက်မည်အကြောင်း၊ စာတန်သည် သင်၏စိတ်နှလုံးကို အဘယ်ကြောင့် ပြည့်စေရသနည်း။- 4ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဖိုးသည် ကိုယ်ဥစ္စာဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ကြံစည်သနည်း။ လူကိုသာ မုသားပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသားပြောပြီဟု ပေတရုဆို၏။- 5ထိုစကားကိုကြားလျှင်၊ အာနနိသည် လဲ၍သေ၏။ ထိုအကြောင်းအရာကို ကြားသောသူအပေါင်းတို့သည် အလွန်ကြောက်လန့်ခြင်းသို့ ရောက်ကြ၏။- 6လုလင်တို့သည်လည်းထ၍ အလောင်းကောင်ကို အဝတ်နှင့် ပတ်ရစ်ပြီးလျှင် ဆောင်သွား၍ သင်္ဂြိုဟ်ကြ၏။
7ထိုနောက် သုံးနာရီခန့်လောက်ကြာလျှင်၊ သူ၏ခင်ပွန်းသည် ဖြစ်ခဲ့ပြီးသော အမှုအရာကို မသိဘဲလျက် ဝင်လာ၏။- 8ပေတရုကလည်း၊ ဤမျှလောက်နှင့် မြေကိုရောင်းသလော၊ ငါ့အားပြောလော့ဟုမေးလျှင်၊ ထိုမိန်းမက၊ ဟုတ်ပါ၏။ ဤမျှလောက်နှင့်ပင် ရောင်းပါသည်ဟုဆို၏။- 9ပေတရုကလည်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်ကို စုံစမ်းမည်ဟု သဘောတူနှင့် အဘယ်ကြောင့် ကြံစည်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်သော သူတို့၏ခြေသည် တံခါးနားမှာရှိသည်ဖြစ်၍၊ သင့်ကိုလည်း ဆောင်သွားလေဦးမည်ဟု ဆိုသောခဏချင်းတွင်၊- 10ထိုမိန်းမသည် ပေတရု၏ခြေရင်း၌ လဲ၍သေလေ၏။ လုလင်တို့သည်လည်း ဝင်၍ ထိုမိန်းမသေသည်ကိုတွေ့လျှင်၊ ဆောင်သွား၍သူ၏ ခင်ပွန်းအနားမှာ သင်္ဂြိုဟ်ကြ၏။- 11သင်းဝင်သူအပေါင်းမှစ၍ ထိုအကြောင်းအရာကို ကြားရသောသူအပေါင်းတို့သည် အလွန်ကြောက်လန့်ခြင်းသို့ ရောက်ကြ၏။
နိမိတ်လက္ခဏာ၊ အံ့ဖွယ်ရာများ
12တမန်တော်တို့သည်လည်း လူများရှေ့မှာ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုအရာများကို ပြုကြ၏။ ထိုသူအပေါင်းတို့သည် ရှောလမုန်ကနားပြင်၌ တညီတညွတ်တည်း နေကြသဖြင့်၊- 13ကြွင်းသောသူ တစ်စုံတစ်ယောက်မျှ မပေါင်းဖော်ဝံ့သော်လည်း၊ လူများတို့သည် ကောင်းချီးပေးကြ၏။- 14သခင်ဘုရား၌ယုံကြည်သော ယောက်ျား၊ မိန်းမ၊ အပေါင်းတို့သည် သင်းဝင်ကြ၏။- 15ပေတရုသည် လမ်း၌လျှောက်သွားစဉ်၊ အနာစွဲသောသူတို့တွင် တစ်ယောက်ယောက်ကို သူ၏အရိပ်လွှမ်းမိုးစေခြင်းငှာ၊ လူနာတို့ကို လမ်းနားသို့ထုတ်၍ ခုတင်မွေ့ရာပေါ်မှာ ထားကြ၏။- 16ပတ်လည်ဝန်းကျင်၌ရှိသော မြို့သူရွာသား အပေါင်းတို့သည် အနာစွဲသောသူ၊ နတ်ဆိုးညှဉ်းဆဲသောသူတို့ကို ဆောင်ခဲ့လျက်၊ ယေရုရှလင်မြို့သို့ စုဝေးလာကြ၍၊ ထိုလူနာအပေါင်းတို့သည် အနာကင်းလွတ်ခြင်းသို့ ရောက်ကြ၏။
ညှဉ်းပန်းနှိပ်စက်ခြင်း
17ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် ဇဒ္ဒုကဲဖြစ်သော ထိုမင်း၏ အပေါင်းအဖော်ရှိသမျှတို့သည် ထ၍ ဒေါသအမျက်နှင့် ပြည့်ကြသဖြင့်၊- 18တမန်တော်တို့ကိုဖမ်းဆီး၍ ထောင်ထဲ၌ လှောင်ထားကြ၏။- 19ညအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထောင်တံခါးကိုဖွင့်ပြီးလျှင်၊ ထိုသူတို့ကိုနုတ်၍၊ သင်တို့သွားကြလော့။- 20ဗိမာန်တော်၌ ရပ်၍ အသက်ရှင်ခြင်း တရားစကားအလုံးစုံကို လူများတို့အား ဟောပြောကြလော့ဟု မှာထား၏။ ထိုစကားကိုကြားလျှင်၊ နံနက်စောစော ဗိမာန်တော်သို့ဝင်၍ ဆုံးမဩဝါဒပေးကြ၏။
21ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်တို့သည် လာကြသဖြင့်၊ လွှတ်အရာရှိမှစ၍ ဣသရေလလူတို့တွင် အသက်ကြီးသော သူအပေါင်းတို့ကို စုဝေးစေပြီးမှ၊ တမန်တော်တို့ကိုခေါ်စေခြင်းငှာ လုလင်တို့ကို ထောင်သို့ စေလွှတ်ကြ၏။- 22မင်းလုလင်တို့သည် ထောင်သို့ရောက်လျှင်၊ တမန်တော်တို့ကို ထောင်ထဲမှာ မတွေ့သည်ရှိသော် ပြန်ကြ၍၊- 23ထောင်တံခါးလည်း အထူးသဖြင့် လုံခြုံစွာပိတ်လျက်၊ ထောင်ကိုစောင့်သောသူတို့လည်း တံခါးပြင်မှာ ရပ်လျက်ရှိကြသည်ကို အကျွန်ုပ်တို့သည်တွေ့ပါ၏။ ဖွင့်ပြီးမှ အထဲ၌ အဘယ်သူကိုမျှမတွေ့ပါဟု ကြားလျှောက်ကြ၏။- 24ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန်တော်မှူးအစရှိသော ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုစကားကို ကြားလျှင်၊ ထိုအမှုသည် အဘယ်သို့သောအမှု ဖြစ်လိမ့်မည်နည်းဟူ၍ တွေးတောခြင်းရှိကြ၏။- 25ထိုအခါ လူတစ်ယောက်သည်လာ၍ ထောင်ထဲမှာ လှောင်ထားသောသူတို့သည် ဗိမာန်တော်၌ရပ်လျက်၊ လူများတို့အား ဆုံးမဩဝါဒ ပေးကြပါသည်ဟု လျှောက်လေ၏။
26ထိုအခါ ဗိမာန်တော်မှူးသည် မင်းလုလင်တို့နှင့်အတူ သွားပြန်လျှင်၊ မိမိတို့ကို လူများတို့သည် ကျောက်ခဲနှင့်ပစ်မည်ကို စိုးရိမ်သောကြောင့်၊ တမန်တော်တို့ကို အနိုင်အထက်မပြုဘဲ ခေါ်ဆောင်လေ၏။- 27ထိုသို့ ခေါ်ဆောင်ပြီးလျှင်၊ လွှတ်အရာရှိတို့ ရှေ့မှာထား၍ ယဇ်ပုရောဟိတ်မင်းက၊- 28ထိုနာမကိုအမှီပြု၍ မဆုံးမ မသွန်သင်မည်အကြောင်း ငါတို့သည်သင်တို့အား၊ ကျပ်တည်းစွာ စီရင်မှာထားသည် မဟုတ်လော။ ယခု ကြည့်ကြ။ ယေရုရှလင်မြို့ကို သင်တို့အယူဝါဒနှင့် ပြည့်စေသည်ဖြစ်၍၊ ငါတို့အပေါ်သို့ ထိုသူ၏အသွေးကို ရောက်စေခြင်းငှာ သင်တို့ ကြံစည်ပါသည်တကားဟု မေးမြန်းပြောဆိုကြ၏။-မ၊ ၂၇:၂၅။ 29ပေတရုနှင့် အခြားသော တမန်တော်တို့ကလည်း၊ လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏။- 30သင်တို့သည် သစ်တိုင်၌ဆွဲ၍ ကွပ်မျက်သောယေရှုကို ငါတို့ ဘိုးဘေးများ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ။- 31ဣသရေလလူတို့အား နောင်တတရားနှင့် အပြစ်လွှတ်ခြင်းအခွင့်ကို ပေးစေခြင်းငှာ၊ ထိုသူကို အစိုးရသော အရှင်အရာ၌လည်းကောင်း၊ ကယ်တင်သော သခင်အရာ၌လည်းကောင်း၊ ဘုရားသခင်ခန့်ထား၍ မိမိလက်ယာလက်တော်နှင့် ချီးမြှင့်တော်မူပြီ။- 32ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်းကို ငါတို့သည် သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏ စကားတော်ကို နားထောင်သော သူတို့အား ပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ၏။
33ထိုစကားကိုကြားလျှင်၊ ထိုသူတို့နှလုံးသည် ကွဲပြတ်မတတ်ဖြစ်၍၊ တမန်တော်တို့ကို ကွပ်မျက်ခြင်းငှာ အချင်းချင်း တိုင်ပင်ပြောဆိုကြ၏။- 34ထိုအခါ လူအပေါင်းတို့ ရိုသေသောသူ၊ ဂါမလျေလအမည်ရှိသော နိဿရည်းဆရာ၊ ဖာရိရှဲတစ်ယောက်သည် လွှတ်တော်ပေါ်၌ထ၍၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင်၊- 35ဣသရေလလူတို့၊ ဤသူတို့အား အဘယ်သို့ပြုမည်အရာကို သတိနှင့်ဆင်ခြင်ကြလော့။- 36အကြောင်းမူကား၊ အထက်က သုဒအမည်ရှိသော သူတစ်ယောက်သည် ထသဖြင့်၊ ငါသည် လူသာမညမဟုတ်ဟု ဆိုသည်ဖြစ်၍၊ သူ၌ လူလေးရာမျှလောက် ဆည်းကပ်ကြ၏။ ထိုသူသည် ပျက်စီးခြင်းသို့ရောက်၍ သူ့ကိုယုံကြည်သမျှသော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ၏။- 37ထိုသူနောက် ငွေတော်ခွဲစဉ်ကာလ၊ ယုဒအမည်ရှိသော ဂါလိလဲလူတစ်ယောက်သည်လည်း ထ၍၊ မိမိနောက်သို့ လူများကိုသွေးဆောင်လေ၏။ ထိုသူသည်လည်း ပျက်စီးခြင်းသို့ရောက်၍၊ သူ့ကိုယုံကြည်သမျှသောသူတို့သည် ပျောက်လွင့်ကြ၏။- 38ယခုလည်း ဤသူတို့ကို ရှောင်ရှား၍ အလိုအလျောက်ရှိကြပါစေဟု ငါဆို၏။ ဤအကြံ ဤအမှုသည် လူ၏အကြံ လူ၏အမှုဖြစ်လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။- 39ဘုရားသခင်၏အကြံအမှုဖြစ်လျှင် သင်တို့သည် မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူမဖြစ်မည်အကြောင်း သတိပြုကြလော့ဟု ပြောဆို၏။- 40ထိုစကားကို နားထောင်ကြသဖြင့်၊ တမန်တော်တို့ကိုခေါ်၍ ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကို အမှီပြုလျက် မဟောမပြောမည်အကြောင်း မြစ်တား၍ လွှတ်ကြ၏။- 41တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက်ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။- 42ဗိမာန်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။

တမန်တော်၀တ္ထု - ၅ (အနက်ဖွင့်)

:  ဘုရားသခင်၏ တန်ခိုးတော်လှုပ်ရှားသောအခါ စာတန်သည် ပျက်စီးအားနည်း၊ နိမ့်ကျသွားသည်။ ဝိညာဉ်တော်တန်ခိုးရောက်ရှိသောအခါ အတ္တသမားများသည် ပျက်စီးသွားကြသည်။

အာနနိနှင်ရှဖိရေတို့သည် ဗာနဗနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ လူများ၏ အသိအမှတ်ပြုခြင်းကို ခံယူလိုသောကြောင့် မြေကွတ်ရောင်း၍ တပည့်တော်များနှင့် လူရှေ့သူရှေ့တွင် ပေးကမ်းလှူဒါန်းကြသည်။ ရောင်းရငွေ၏ တပိုင်းတစသာ ပေးလှူသော်လည်း အကုန်လုံးပေးလှူဟန်ဆောင်ကြသည်။ မည်သူက မှ ရောင်းချပေးလှူရန် မတိုက်တွန်းပါ။ မြေကွတ်ရောင်းပြီးသောအခါ အကုန်လုံးမပေးလှူဘဲ အကုန်ပေးလှူဟန်ဆောင်သည်။

ပေတရုသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ထိုအကြောင်းစုံကိုသိရှိသည်။ သို့သော်မစီရင်ပါ။ သန့်ရှင်းသောဝိညာဉ်တော် လိမ်ညာခြင်းသည် ဘုရားသခင်အားလိမ်ညာခြင်းဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်သည်။

:  ထို့သို့မုသာသုံး၍ပြောကြားသောကြောင့် အာနာနိသည် ဗိုင်းကနဲလဲကျသေဆုံးသည်။ လူရွယ်များက သွားရောက်သင်္ဂြိုဟ်ကြသည်။ ထိုအဖြစ်ပျက်သည် ကနဦးအသင်းတော်များအား ဘုရားသခင်၏ ဆုံးမပဲ့ပြင် သတိပေးခြင်းဖြစ်သည်။ သို့သော် အာနာနိ၏ ကယ်တင်ခြင်းအား မထိခိုက်စေပါ။ ဘုရားသခင်က ကနဦးအသင်းတော်၏ အပြစ်ကို မထမဆုံးအကြိမ် ထောက်ပြခြင်းဖြစ်သည်။ ထိုအကြောင်းကို Richard Bewes က “အာနာနိ သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်တပါးပါး ထွက်သွားရမည်” ဟုဆိုသည်။ ကနဦး အသင်းတော်သည် ဖြူစင်သော ယုံကြည်ခြင်းဖြစ်သောကြောင့် စာတန်မဝင်ရောက်နိုင်ပါ။

:၁၁   နာရီ  နာရီခန့် ကြာသောအခါ အာနာနိ၏မိန်းမ ရှဖိ ရောက်ချလာသည်။ သူ့ ယောက်ျား၏ ဖြစ်စဉ်ကို မသိရသေး။ ပေတရုက မြေကွက်ရောင်းရငွေ အမှန်ဘဲလားဟု မေးသောအခါ သူ့ယောက်ျား ပြောသည့်အတိုင်း ဖြေသည်။ ယောက်ျားစကားအတိုင်း ဖြေသကဲ့သို့ သူ့ယောက်ျားနောက်သို့ ချက်ချင်း လိုက်သွားသည်။ လူငယ်များက တဖန်သင်္ဂြိုဟ်ကြပြန်သည်။

ထိုသို့ ပေတရု၏ နှုတ်ခွန်း၌ တန်ခိုးပါရှိခြင်းသည် ဘုရားသခင် တပည့်တော်များ၌ အခွင့်အာဏာအပ်နှင်းကြောင်း သက်သေအထောက်အထား ဖြစ်သည်။ “ သင်တို့အပြစ် မဖြေလွှတ်လျှင်မူကား အပြစ်ဖြေလွှတ်ခြင်းမရှိ” (ယော ၂၀:၂၃) ဟူသော တပည့်တော်များသို့ ပြုထားသည့်အတိုင်း ကတိတော် ပြည့်စုံခြင်းဖြစ်သည်။ ရှင်ပေါလုသို့ ပေးအပ်သောတန်ခိုးကိုလည်း (၁ကော ၅:၅) တွင်တွေ့ရသည်။ တမန်တော်များ၏ နောက်ဆက်တွင် ထိုတန်ခိုးများ မည်သည်နေရာရောက်သွားသည်ကို မသိရပါ။

ထို လင်မယားနှစ်ယောက် သေဆုံးခြင်း အကြောင်းကို ကြားသိကြသောအခါ အသင်းတော်၌ မည်မျှတန်ခိုးကြီးမားကြောင်း စဉ်းစားဆင်ခြင်ကြသည်။

:၁၂၁၆  ထိုလင်မယားကိစ္စပြီးဆုံးသွားသောအခါ တပည့်တော်များသည် ရှောလမုန်ကနားပြင် တွင် ပရိသတ်များအား အံ့ဘွယ်နိမိတ်လက္ခဏာများပြကြသည်။ တပည့်တော်များ သည် ဘုန်းတန်ခိုး ပြကြသော ကြောင့် တော်ရုံတန်ရုံ လူများက မချဉ်းကပ်ရဲကြ။ ယုံကြည်သူများသာ အနီးသို့ ရောက်လာကြသည်။ အချို့ကမူ သခင်ယေရှု၏ ဘုန်းတန်ခိုးကို ယုံကြည်ကြသည်။ ထို့ကြောင့် လူနာတစ်ယောက်အား ပေတရု၏ အရိပ်လွှမ်းမိစေရန် လမ်းဘေး၌ ထမ်းစင်ဖြင့် လာရောက်ချထားသည်။ တမန်တော်များသည်  ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ စီးဆင်းရာ ရေစီးကြောင်းဖြစ်သည်ဟု တချို့က လက်ခံယုံကြည်ကြသည်။ မြို့ရွာဒေသအနှံ့အပြားမှ နေမကောင်း၊ မကျန်းမာသူ ဂီလာနများသည် ယုံကြည်ခြင်းဖြင့် ရောက်လာကြသောကြောင့် အနာရောဂါကင်းငြိမ်း ကြသည်။

ဤအံ့ဘွယ်နိမိတ်လက္ခဏာများသည် တပည့်တော်များ၏ အမှုတော်ဆောင်ခြင်း၌ သန့်ရှင်းသော ဝိညာဉ်တော်ပါဝင်မှု ပြသခြင်းဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ဖေါ်ပြသော လက္ခဏာများထဲတွင် အနာရောဂါ ကင်းငြိမ်းခြင်းသည်လည်း ပါဝင်သည်။ တပည့်တော်များက အနာရောဂါကင်းငြိမ်းစေကြသည်။ သို့သော် ယုံကြည်ခြင်းသက်သက်ဖြင့်မဟုတ်။

:၁၇၂၀  သန့်ရှင်းသောဝိညာဉ်၏ အမှုတော်ဆောင်ခြင်းသည် သာမန်လူများသာမက တပည့်တော်များဆန့်ကျင်သူများကိုလည်း အသက်တာပြောင်းလဲစေသည်။ ယဇ်ပုရောဟိတ်မင်း ကယာဖနှင့် အပေါင်းပါများသည် ယေရှုနောက်လိုက်များက လူထုပရိသတ်အပေါ် သြဇာညောင်းခြင်းကို မနာလိုမုန်းတီးသူများဖြစ်သည်။ အဓိက မုန်းတီးချက်မှာ ခန္ဓာကိုယ်ဖြင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဟောကြားခြင်းဖြစ်သည်။

တပည့်တော်များအားတားဆီးပိတ်ပင် နိုင်စွမ်းမရှိသဖြင့် တံခါးပိတ် ချုပ်နှောင်ကြသည်။ ထို နေ့ညယံတွင် ကောင်းကင်တမန်သည် ခတ်ထားသောတံခါးကို ဖွင့်ပြီး တမန်တော်များကို အကုန်လွှတ်ပေးလိုက်သည်။ နံနက်စောစော ဝတ်ပြုပွဲတွင် တပည့်တော်များသည် ဗိမာန်တော်၌ တရားဟောသက်သေခံကြသည်။ ရှင်လုကာက ကောင်းကင်တမန်များ၏ အံ့ဘွယ်လုပ်တောင်ချက်များကိုလည်း မှတ်တမ်းတင်ထားသည်။ ပိတ်လှောင်ခြင်းခံရသော တမန်တော်များပင်လျှင် အလန့်တကြားဖြစ်ခဲ့ကြသည်။

ကောင်းကင်တမန်များ သည် ခရစ်ယာန်များ၏ ယုံကြည်ခြင်းကို ဘဝအသက်တာ ခံယူသူများ ဖြစ်သည်။ သို့သော် ဘာသာရေးယုံကြည်ချက်၊ ခံယူချက်မျိုးမဟုတ်၊ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ယုံကြည်သူတိုင်းသို့ ယုံကြည်ခြင်း၏ အာနိသင်သက်ရောက်စေပါသည်။

:၂၁  မိုးလင်းသောအခါ တပည့်တော်များသည် ဗိမာန်တော် တွင် တရားဟောနေကြသည်။ ထိုအကြောင်းကို ယဇ်ပုရောဟိတ်မင်း မသိသေး။ ထို့ကြောင့် တမန်တော်များအား မှတ်သားလောက်အောင် အရေးယူမည့်အကြံဖြင့် မင်းတိုင်ပင်အမတ်များ၊ လူကြီးများခေါ်ယူစုဝေးပြီး ညတုန်းက ချုပ်ထားသောတမန်တော်များသို့ ရုံးတော်သို့ခေါ်သွင်းစေသည်။

:၂၂၂၅  ထောင်ပိုင်အရာရှိများက ထောင်တံခါး လုံခြုံစွာသော့ပိတ်ထားသည်။ အခြားထောင်သားများလည်း အစုံအလင် ရှိကြသည်။ သို့သော် တမန်တော်များတစ်ယောက်မှမရှိသောအခါ “ဘယ်လိုဖြစ်ကုန်ပြီတုန်း” ဟု အံ့အားသင့်ကြသည်။ ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန်တော်စောင့် တပ်မှူးများသည် ကြံရာမရ၊ ပါးစပ်အဟောင်းသား ဖြင့်ကြသည်။ ထိုသတင်းစကားသည် မည်မျှပေါ့ပါးစွာ ပျံ့နှံ့မည်နည်း။ ခဏတအောင့်တွင် ထိုလွတ်သွားသော အကျဉ်းသားများသည် ဗိုလ်နေမြဲကျားနေမြဲအတိုင်း ဗိမာန်တော် တရားဟောနေကြကြောင်း သတင်းကြားပြန်သည်။ ကနဦးအသင်းတော်တွင် ယုံကြည်သူများ၏ သတ္တိသည် ပြောင်မြောက်လှပသည်။ အသက်တာပြောင်းလဲဖို့ အဖိုးအခများစွာ ရင်းနှီးခဲ့ကြသည်။

:၂၆  မင်းလုလင်များက ဗိမာန်တော်သို့ လိုက်သွားကြသည်။ သို့သော် တမန်တော်များအား အတင်းအကြပ် ဝင်ရောက်ဖမ်းဆီးခြင်း မပြုရဲ။ ခဲပေါက်ခံရမှာကြောက်သည်။ ထို့ကြောင့် တရားစရပ်နားမှ စောင့်၍ အသာအယာခေါ်လာကြသည်။ ယေရှုကို လက်ခံယုံကြည်သူများသည် မြို့တွင်းအနှံ့ရှိနေကြပြီ။

:၂၇၂၈  ယဇ်ပုရောဟိတ်မင်းရှေ့ သို့ရောက်ကြသောအခါ ယဇ်ပုရောဟိတ်မင်းက “မင်းတို့ကို တရားမဟောကြားရန် ကြပ်တည်းစွာ တားမြစ်ခဲ့ပြီ မဟုတ်လား” ဟုဆိုသည်။ ယေရှုနာမတော် ထည့်မပြောပါ။ “ယေရုရှလင်တမြို့လုံး မင်းတို့စကားနောက်သို့ လိုက်နေကြပြီ” ဟု ဆိုသည်။ ထိုစကားသည် အမှုမဲ့အမှတ်မဲ့ လွှတ်ကနဲ ပြောမိခြင်းဖြစ်သည်။ “ငါတို့ကိုလည်း မင်းတို့အောက်သို့ ရောက်စေချင်သလား” ဟု ဆိုသည်။ ထိုစကားသည် တပည့်တော်များ၏ အမှုတော်ဆောင်ချက်များ မသိစိတ်ဖြင့်လက်ခံကြခြင်းဖြစ်သည်။ ငါတို့အပေါ် ထိုသူ၏သွေးကိုရောက်စေရန် ကြံစည်ခြင်းလား ဟုမေးကြသည်။ အမှန်မှာမူ ထိုစကားသည် ယုဒခေါင်းဆောင်များ အသက်သို့ စီးဝင်ပြီးဖြစ်သည်။ “ထိုသူ၏အသွေးသည် ငါတို့နှင့် သားစဉ်မြေးဆက်သို့ တည်နေပြီ” (မ ၂၇:၂၅) ဟု ကျမ်းစကားရှိခဲ့သည်။

:၂၉၃၂   တပည့်တော်များသည် နှုတ်ကပတ်တော် ဟောကြားရဲသောသတ္တိ ကနဦးကပင် ဆုတောင်းခဲ့ကြပြီးဖြစ်သည်။ ထိုဆုတောင်းပြည့်သည့်အတိုင်း လူ့စကားထက် ဘုရားသခင်၏ စကားတော်ကို နားထောင်သင့်ပါ၏ ဟုဆိုကြသည်။ ဣသရေလများက ကွပ်မျက်၍ ကားတိုင်ပေါ်တင်ခဲ့သော ယေရှုသည် ရှင်ပြန်ထမြောက်ပြီး၊ ကောင်းကင်ဘုံ ခမည်းတော်၏ လက်ယာဘက်၌ စိုးစံတော်မူကြောင်း ရဲဝံ့စွာ ထုတ်ဖေါ်သက်သေခံကြသည်။ ယုဒများ၏ မိုက်မဲမှုများအား အပြစ်လွှတ်ခွင့်ရအောင် နောင်တရစေချင်သည်။ တပည့်တော်များသည် သားတော်ကို ယုံကြည်ကြသောကြောင့် သက်သေခံကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ သွန်သင်ချက်ကို နာခံကြသည်။

ဘုရားသခင်သည် ယေရှုကို ထမြောက်စေ သည် (ငယ် ၃၀) ဆိုသည်မှာ  ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းဖြစ်သည်။ အထူးသဖြင့် ကယ်တင်ရှင်သခင် အဖြစ် ထူမခြင်းကို ဆိုလိုသည်။

:၃၃၃၇  ပေတရု၏ တုန့်ပြန်စကား သည် ယဇ်ပုရောဟိတ်များ၏ အူနုထိအောင် ထိုးဖောက်   သဖြင့် အမျက်ချောင်းချောင်းထွက်ကြသည်။ တမန်တော်များအား အစိမ်းဝါးစားပစ်ချင်လောက်အောင် မုန်းတီးကြသည်။  ထိုသို့ ဒေါသဒီရေအရှိန်မြင့်နေစဉ် ဂါမလေလျဟူသော လွှတ်တော်အမတ်မင်းသည် မတ်တပ်ရပ်၍ စကားထပြောသည်။ ထိုသူသည် ဣသရေလများ၏ ရဗ္ဗိ၊ တာရှုသား ပေါလု၏ အာစရိ၊ လူရိုသေ ရှင်ရိုသေ ကဝိပညာရှင်ဖြစ်သည်။ သူ့စကားအရ ဂါမလေလျသည် ခရစ်ယာန်မဟုတ်သော်လည်း ခရစ်ယာန်လမ်းစဉ်လိုလားသူ ချင့်ချင့်ချိန်ချိန် သုခမိန်ဖြစ်သည်။

တမန်တော်များအား အပြင်သို့ခေါ်ထုတ်ခိုင်း ပြီးနောက်၊ မင်းတိုင်ပင်အမတ်များအား အကြံပေးသည်။ လူလုပ်သော အမှုသည် အချိန်တန်လျှင် ပျက်စီးမည်ဟု ဥပမာ (၂) ခု ပြောပြခဲ့သည်။ (၁) တစ်ဦးမှာ သုဒ အမည်ရှိသော သူပုန်လေးရာ တို့၏ခေါင်းဆောင်ဖြစ်သည်။ ထိုသူပုန်ကို ကွပ်မျက်လိုက်သောအခါ တပည့်တပန်းများလည်း ခွေးပြေးဝက်ပြေး ပြေးကုန်သည်။ (၂) နောက်တစ်ဦးမှာ ဂါလိလဲမှ ယုဒ ဆိုသူဖြစ်သည်။ ထိုသူလည်း နောက်လိုက်နောက်ပါများ စည်းရုံးထူထောင်သည်။ သူ့ကို တဖန်ကွပ်မျက်သောအခါ တပည့်သားမြေးများ သည်လည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်သည် ဟု ရှင်းပြသည်။

:၃၈၃၉  ခရစ်ယာန်ယုံကြည်ခြင်းသည် လည်း ဘုရားသခင်၏ အမှုတော်မဟုတ်လျှင် သခင်ယေရှုကွပ်မျက်ချိန်မှစ၍ ပျောက်လွင့်ကုန်မည်။ တိုက်ခိုက်ခြင်းခံရလျှင် ပိုမိုသက်ဝင်လှုပ်ရှားလေဖြစ်သည်။

အခြားတဘက်တွင် ဘုရားသခင်၏ အမှုတော်ဖြစ်လျှင် ဖျက်ဆီးဟန့်တား၍ ရမှာမဟုတ်။ ထို့အပြင် ဘုရားသခင်အား ဆန့်ကျင်ရာရောက်သွားမည် ဟု ထိုအမတ်ကြီးက သတိပေးလိုက်သည်။

:၄၀  ထို အမတ်ကြီး၏စကားသည် ယုတ္တိတန်သောကြောင့် လက်ခံကြသည်။ တမန်တော်များကို ကြိမ်ဒဏ်ပေးပြီး၊ နောက်တစ်ခါ ယေရှုအကြောင်းတရားဟောခြင်း မပြုရန် တားမြစ်ကာ လွှတ်လိုက်ကြသည်။ ရိုက်နှက်ခြင်းသည် အဓိပ္ပါယ်မရှိ၊ တရားမျှတခြင်းမပါ။ အကျိုးအကြောင်း ဆီလျော်မှု ကင်းမဲ့သည်။ ဘုရားသခင်၏ သမ္မာတရားကို သက်သက်မထေမဲ့မြင် ပြုခြင်းဖြစ်သည်။၂၅ အချည်းနှီး၊ လူမိုက်အလုပ်ဖြစ်သည်။ တပည့်တော်များကို ရိုက်နိုင်သော်လည်း နှုတ်ကပတ်တော်ကို ပိတ်ပင်နိုင်စွမ်း မရှိကြ။

:၄၁၄၂  တမန်တော်များရိုက်နှက်ခြင်းသည် ရလဒ်အဖြေ (၂) ခုထွက်သည်။ နာမတော်မြတ်၌ အရှက်ရခြင်း၊ ဆင်းရဲခံရခြင်း ဖြစ်သောကြောင့် အရိုက်ခံရသူများ ဝမ်းမြောက်ဂုဏ်ယူကြသည်။ ဒုတိယအချက်အနေဖြင့် အားသစ်ခွန်သစ်ဖြစ်စေကာ၊ ဗိမာန်တော်တွင် ၎င်း၊ နေအိမ်များတွင် ၎င်း ယေရှုသည် မေရှိယဖြစ်ကြောင်း နေ့စဉ်ဟောပြောကြသည်။ စာတန်သည် တပွဲရှုံးပြန်ပြီ။

အုပ်စိုးသူအစိုးရနှင့် ခရစ်ယာန်

ကနဦးခရစ်ယာန်များသည် ဧဝံဂေလိသတင်းအရှိန်အဟုန်ကြီးသဖြင့် အာဏာပိုင်များ၏ ဖိနှိပ်ခြင်းခံစားကြရမှာ မလွဲဧကန်ပင်။ အထူးသဖြင့် ဘာသာရေးခေါင်းဆောင်များက နယ်ဘက်အမှုအရာ  နှင့်ပတ်သက်၍ ဝေဖန်လက်ညှိုးထိုးကြသည်။

ယေဘုယျအားဖြင့် ယုံကြည်သူများသည် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၏ အုပ်စုခြားနားခံရသည်။ ထိုအုပ်စိုးသူများသည် ဘုရားသခင်စီမံခန့်ခွဲထားသော အစေခံကောင်းများဖြစ်ပါသည်။ ထို့ကြောင့်ယုံကြည်သူများသည် ထိုလေးစားထိုက်သူများကို လေးစားနာခံကြသည်။ တမန်တော် ရှင်ပေါလု သည် မသိရှိသောကြောင့် ယဇ်ပုရောဟိတ်မင်းအား အပြစ်တင်စကားဆိုမိသောအခါ (တ ၂၂:၂၈) ကို ကိုးကား၍ ချက်ချင်းဝန်ချတောင်းပန်သည်။ “သင်၏အမျိုးကိုအုပ်စိုးသောမင်းကို မကဲ့ရဲ့ရ” (တ ၂၃:၅)။

လူ့စည်းကမ်းဥပဒေများသည် ဘုရားသခင်၏ပညတ်တော်များကို ဖျောက်ဖျက်၍ ခရစ်ယာန်များမနာခံနိုင်အောင်ရှိစေကာမူ စိတ်ရှည်သည်းခံရမည်။ ပေတရုနှင့် ယောဟန်သည်ဧဝံဂေလိမဟောရကြောင်းတားမြစ်ပိတ်ပင်ခြင်းခံရသောအခါ “လူစကားနှင့် ဘုရားသခင်၏စကားတော်တွင် ဘယ်ဟာကို နာခံရမည်လဲ၊ မြင်သမျှ၊ ကြုံသမျှကိုမူ သက်သေခံရမည်” (၄:၁၉-၂၀)ဟု ဆိုခဲ့ကြသည်။ ပေတရုနှင့် တမန်တော်များသည် ခရစ်တော်၏နာမတော်အား ဆက်လက်သက်သေခံကြသည်။ လူ့စကားထက် ဘုရားစကားနာခံသင့်သည်(၅:၂၉)။

အုပ်စိုးသူများ၏ အမိန့်အာဏာများကို ဆန့်ကျင်တော်လှန်ခြင်းမပြုကြပါ။ ညှင်းပန်းနှိပ်စက်ခြင်း၊ ဖိနှိပ်ခြင်းခံကြရသော်လည်း အရှင်သခင်၏နာမတော်အဖို့ လုပ်ဆောင်ကြသည် (၂၆:၂၉))။

ဘုရားကိုသစ္စာဖေါက်၍ အုပ်စိုးသူမင်း၏ အလိုတော်ရှိမလုပ်ကြ။ လာဘ်ထိုးခြင်းမပြုကြ၊ ရှင်ပေါလုထံမှ တံစိုးလက်ဆောင်ရရန် ဖေလဇ်၏ကြိုးပမ်းမှုသည် သဲထဲရေသွန် ပမာဖြစ်ခဲ့သည် (၂၄:၂၆)။

ခရစ်တော်၏ အခေါ်ခံရ၍ ခရစ်ယာန်ဖြစ်ခြင်း အခွင့်အရေးကို တလွဲသုံးစားခြင်းမပြုကြ။(၁၆:၃၇၊၂၁:၃၉၊၂၂:၂၅-၂၈၊၂၃:၁၇-၂၁၊၂၅:၁၀-၁၁)

ထို့အပြင် အုပ်ချုပ်ရေး၊နိုင်ငံရေးအမှုအရာများတွင် ပါဝင်စွက်ဖက်ခြင်းမပြုကြ။ အဘယ်ကြောင့်နည်း။ အဖြေပေးစရာလိုမည်မထင်ပါ။ ယုံကြည်သူများ၏တစ်ခုတည်းသောရည်ရွယ်ချက်သည် ခရစ်တော်၏ဧဝံဂေလိသတင်း ဟောကြားရန်သာဖြစ်သည် မည်သူကမှ လာရောက်ဆွဲဆောင်ခြင်းမရှိ၊ ဧဝံဂေလိသတင်းစကားသည် လူ့အရေးအရာပြဿနာများ၏ အဖြေဖြစ်သည်ဟုယုံကြည်ကြသည်။ ထိုအသိတရားခံယူချက်သည် ခိုင်မာသောကြောင့် မည်သည့်အရာကမှ စွက်ဖက်လွမ်းမိုးခြင်းမပြုနိင်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။