တမန်တော်၀တ္ထု - ၁၇
တမန်တော်၀တ္ထု - ၁၇ (အနက်ဖွင့်)
၁၇:၁ ပေါလုနှင့်သိလသည် ဖိလိပ္ပုမြို့မှ (၃၃)မိုင်ကွာဝေးသော အနောက်တောင်ဘက်ရှိ အံဖိပေါလိမြို့သို့ထွက်ခွါသွားကြသည်။ ထိုမြို့မှတဆင့် မိုင်(၃၀)ကွာဝေးသော အာပေါလောနိမြို့ သို့ ရောက်ကြသည်။ ခဏရပ်နားပြီး အနောက်တောင်ဘက်ထောင့်ရှိ (၃၇) မိုင်ကွာဝေးသော သက်သာလောနိတ်မြို့ သို့ဆက်သွားကြသည်။ ထိုမြို့သည် ကူးသန်းရောင်းဝယ်ရေးဖြင့် ပျားပန်းခတ် စည်ကားသောအချက်အချာမြို့ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် တမန်တော်များ ပေါင်းကူးခြေကုပ်ယူရန် ထိုမြို့ကို ရွေးချယ်သတ်မှတ်ပေးသည်။ ယနေ့ ထိုမြို့ကို စလိုနီးကီးယားဟု ထင်ပေါ်ကျော်ကြားသည်။
ပေါလုနှင့် သိလတို့သည် ဖိလိပ္ပုမှ ထိုမြို့သို့ရောက်ရှိခြင်းသည် ဘုရားသခင်အတွက် နယ်သစ်ပယ်သစ် မြေကြီးသစ်ထူထောင်ခြင်းဖြစ်သည်။
၁၇:၂–၃ ယုဒများထုံးစံအတိုင်း တရားစရပ်သို့သွားရောက်၍ တရားဟောကြသည်။ ထိုမြို့တွင် ဥပုသ်သီတင်း၆၇ သုံးပတ်တိုင်တိုင် သီတင်းသုံးကြသည်။ ပေါလုသည် ဓမ္မဟောင်းကျမ်းစာလာ မေရှိယသခင်ဆင်းရဲဒုက္ခခံစားရပုံ၊ ရှင်ပြန်ထမြောက်ပုံတို့ကို ရှင်းပြသည်။ သမ္မာကျမ်းစာကိုဖွင့်လှန် ရှင်းပြပြီးသောအခါ ထိုမေရှိယသည် နာဇရက်သား ယေရှုအဖြစ် ကြွရောက်လာပြီးကြောင်း ထပ်လောင်း ပြောပြသည်။ ထိုနာဇရက်ယေရှုသည် အမှန်တကယ် ဆင်းရဲဒုက္ခခံစားသည်။ အသေခံသည် သေခြင်းမှ ရှင်ပြန်ထမြောက်သည် မဟုတ်ပေဘူးလား။
၁၇:၄– ၇ အချို့သောယုဒများသည် ပေါလုနှင့်သိလတို့ စကားကိုလက်ခံ၍ ယုံကြည်သူခရစ်ယာန်ဖြစ်လာကြသည်။ စဉ်းစားတွေးခေါ်ပညာရှင် ဂရိများနှင့် ဂရိအမျိုးသမီး အများအပြားသည်လည်း လက်ခံယုံကြည်လာကြသည်။ သို့သော်လည်း မယုံကြည်သူယုဒလူမျိုးအချို့ရှိနေကြသည်။ လမ်းဘေးစျေးသည် များနှင့် လူရာမဝင်သော်သူများစုရုံးကာ ယာသုန်အိမ်သို့ သွားရောက်ဝိုင်းကြည့်ပြီး ပေါလုနှင့် သိလကို လက်ရဖမ်းရန် ကြိုးစားကြသည်။ ပေါလုနှင့် သိလကို မမိသောအခါ အိမ်ရှင်ယာသုန်နှင့် ယုံကြည်သူညီအကို အချို့ကို ကြို့အာဏာပိုင်များထံသို့ ဖမ်းဆီးခေါ်ဆောင်လာကြသည်။ မြို့ကို ဗြောင်းဆန်အောင်လုပ်သူများဖြစ်သည်ဟု စွပ်စွဲကြသည်။ ကဲသာဘုရင် အပြင် အခြားဘုရင်တပါးရှိသည်ဟု ဆိုကြကြောင်း စွပ်စွဲကြသည်။ ယုဒလူမျိုးများက ရောမအင်ပါယာ အရှင်ကဲသာဘုရင်ကို အထိမခံရွှေပန်းကန်ဖြစ်နေကြသည်မှာထူးဆန်းသည်။ အမှန်စင်စစ်တွင် မေတ္တာရှိကြသည်မဟုတ်။ မချစ်သော်လည်း အောင့်ကာနမ်း၊ မနမ်းသာလည်း ပင့်သက်ရှုခြင်းဖြစ်သည်။
သို့သော် စွပ်စွဲချက်များသည် အမှန်ဖြစ်သည်။ သခင်ယေရှု နောက်တဖန်ကြွလာ၍ လောကကြီးကို ဘုရင်တဆူအဖြစ် အုပ်စိုးမည့်အကြောင်းသွန်သင်ခဲ့သည်။ ဣသရေလလူမျိုးများ လူမျိုးနှင့်ချီ၍ နောင်တရသောအခါမှသာလျှင် ယေရှုခရစ်တော်ကြွလာမည်။
၁၇:၈–၉ အဓိကရုဏ်းပြုသူများနှင့်မြို့အာဏာပိုင်များသည် ရုန်းရင်းဆန်ခတ်ဖြစ်ကြသည်။ ထို့ကြောင့် တမန်တော်များကို လက်ခံသော အိမ်ရှင်ယာသုန်အား ဒဏ်ငွေရိုက်၍ တမန်တော်များကို မြို့မှမောင်းထုတ်သည်။
၁၇:၁၀–၁၂ မြို့ခံယုံကြည်သူညီအကိုများကလည်း တမန်တော်များ၏ အန္တရာယ်ကိုစိုးရိမ်ပေးကြသောကြောင့် ညတွင်ခြင်း ဗေသရိမြို့သို့လိုက်ပို့ကြသည်။ ဗေသရိသို့ရောက်လျှင်ရောက်ခြင်း တမန်တော်များသည် ယုဒတရားစရပ်သို့ တစိုက်မတ်မတ်သွားကြသည်။ ထိုမြို့သူမြို့သားများသည် သက်သာလောနိတ်သားများကဲ့သို့ တယူသန် လူ့ဂွစာများမဟုတ်။ တမန်တော်များက ဓမ္မဟောင်း နှင့်ယှဉ်၍ သွန်သင်ကြသော်အခါ မျက်စိပွင့် နားပွင့်ကြသည်။ လိုချင်စိတ်ဖြင့်ခံယူကြသည်။ ယုဒလူမျိုး အများအပြား ယုံကြည်လာ ကြသည်။ တပါးမျိုးသားထဲမှ အမျိုးသမီးများစွာ ပြောင်းလဲလာကြသည်။
၁၇:၁၃–၁၄ ဗေရိမြို့တွင် ပေါလုတို့ တရားပွဲ အောင်ပွဲခံနေကြကြောင်းသတင်းပျံ့လွင့်သောအခါ သက်သာလောနိတ်ယုဒများ လိုက်လာကြသည်။ ဗေရိသားများကို စည်းရုံးသွေးထိုး၍ ပေါလုတို့အဖွဲ့အား ဆန့်ကျင်ပုန်ကန်ခိုင်းကြသည်။ ထို့ကြောင့် ဗေရိမြို့ခံ ညီအကိုများသည် ပေါလုအားပင်လယ်ကမ်းခြေသို့ တိမ်းရှောင်ခိုင်းကြသည်။ ယုံကြည်သူများက အဖေါ်ပြု၍ လိုက်လံကကွယ်ကြသည်။ အေသင်ဆိပ်ကမ်းမြို့ Dium မှPiraeus သို့ သွားကြသည်။
၁၇:၁၅ ဗေရိနှင့် အေသင်သည် အလှမ်းဝေးကွာသည်။ ယုံကြည်သူများသည် ပေါလုကို အမှန်တကယ်ချစ်ခင် ကြသော်ကြောင့် ထိုမျှလေးလံသောခရီးကို လိုက်လံစောင့်ရှောက်ခြင်းဖြစ်သည်။ အေသင်သို့ ခြေချသောအခါ သိလနှင့် တိမောသေအား အမြန်လိုက်လာရန် မှာကြားလိုက်သည်။
၁၇:၁၆ အေသင်မြို့သည် ရုပ်တုဆင်းတုကိုးကွယ်ကြသောမြို့ဖြစ်သောကြောင့် ပေါလုအတွက် အနေရအထိုင်ရမွန်းကြပ်သည်။ စာပေ၊ယဉ်ကျေးမှု၊ အနုပညာ၊ ပညာရေးများ ထွန်းကားသောမြို့ ဖြစ်သည်။ သို့သော် ပေါလုသည် ထိုပညာရပ်များကို စိတ်ဝင်စားခြင်းမရှိ။ သူ့ဘဝကိုအပေါ်ယံ ပကာသနတွင် မဖြုန်းတီးနိုင်။ ထိုအကြောင်းကို Arnot က ဤသို့ ထောက်ခံထားသည်။
လူမြင်ကွင်း၌ အပေါ်ယံလှပခြင်းကို မမက်
မောပါ။လူကိုသာတန်ဖိုးထားသည်။အနုသုခုမ
ပညာထက် လူ့ဝိညဉ်ရေးရာကို ပိုမိုအရေးပေးသည်။
ရုပ်တုဆင်းတုများကို မနှစ်သက်၊ တန်ဖိုးမထား။
သို့သော် စိတ်မချမ်းသာ။၆၈
၁၇:၁၇–၁၈ ပေါလုသည် တရားစရပ်နှင့် စျေးလယ်ခေါင်မြေကွက်လပ်ပါမကျန် ရောက်လေရာအရပ်တွင် သမ္မာတရားဟောကြားသည်။ တရားနာပရိသတ်များလည်း ကြက်ပျံမကျစည်ကား သိုက်မြိုက်လေ့ရှိသည်။ ထိုပရိသတ်ထဲတွင် ဂရိအတွေးအခေါ်ပညာရှင် ဧပိကုရုနှင့် သတောအိတ်လည်းပါရှိသည်။ ထိုဒဿနပညာရှင်များနှင့် တရားဓမ္မဆွေးနွေးကြသည်။ ထိုအတွေးအခေါ်ပညာရှင်များမှာ သေခြင်း၏အဆုံးသည် အချည်းနှီးသာဖညစ်သည်၊ ဉာဏ်ပညာသာလျှင် လူတို့၏လတ်လပ်မှု၊ ခံစားမှု ဖန်တီးနိုင်သည်ဟူသော လောကဓံတရားကို ကြံ့ကြံ့ခံနိုင်သည့်အယူအဆရှိသူများဖြစ်သည်။ ပေါလုသည် ထိုပညာရှင်နှစ်ပါးအား ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းဟောပြောဆွေးနွေးကြသောအခါ ပေါလုအား စကားအလွန်ပြောနိုင်သူဟု သိမှတ်ကြည်။ ဘေလူများကလည်း ရပ်ဝေးမြေခြားဘုရားအကြောင်းပြောနေကြသည်ဟု ဆိုကြသည်။
၁၇:၁၉–၂၁ ပေါလု၏စကားသည် ထိုအုပ်စိုးသူများအတါက်သတင်းစကား အထူးအဆန်းဖြစ်နေသည်။ ဂရိသားများသည် ထူးဆန်းသောတရားဒေသနာ၊ နားထောင်သော အထုံရှိသူများဖြစ်သောကြောင့် ပေါလုအား အာရေတောင်သို့ ခေါ်ဆောင်သွား၍ သူ့တရားကို ဟောခိုင်းကြသည်။ ပေါလုသည် အခွင့်အရေးကိုရအောင် ဖမ်းဆုပ်၍ ပရိသတ်ကိုဟောကြားသည်။ အေသင်သားများသည် သဘောကျကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ဆွေးနွေးကြသည်။ ဖလှယ်ကြသည်။ တဆင့်စကားတဆင့်လက်ဆင့်ကမ်းကြသည်။
၁၇:၂၂ ပေါလုသည် တရားရုံးတော်ရှေ့တွင်ရပ်၍ မိန့်ခွန်းချွေလိုက်သည်။ ထိုရုံးတော်ရှိလူများသည် ယုဒလူမျိုးများမဟုတ်။ တပါးအမျိုးသားများဖြသည်။ ထို့ကြောင့်ဓမ္မဟောင်းကျမ်းကို ကိုးကားခြင်းမပြုဘဲ၊ စိတ်ဝင်စားဖွယ်ရာ ဧဝံဂေလိသတင်းစကားဖြင့် နိဒါန်းပျိုးလိုက်သည်။ အေသင်သားများသည် ဘာသာတရား ကိုင်းရှိုင်းသူများဖြစ်ကြောင်း ဦးစွာချီးမွမ်းသည်။ အေသင်မြို့သည် ဘာသာရေးအချက်အချာမြို့လည်းဖြစ်၍ ရုပ်တုဆင်းတုများစွာရှိသည်။ ထိုရုပ်တုဆင်းတု ကိုးကွယ်ကြခြင်းကို ရည်ညွန်းခြင်းဖြစ်သည်။
၁၇:၂၃ ပေါလုသည် မြို့ရိုးတလျှောက် လှည့်လည်ကြည့်ရှုသောအခါ ရုပ်တုဆင်းတုဘုရားများ တွေ့ရသည်။ ထိုဘုရားများထဲတွင် အမည်မသိဘုရားဟူသော ဘုရားတဆူ ကမ္ဗည်းထိုးထားကြောင်းတွေ့သည်။ သို့နှင့် ပေါလုက သင်တို့မသိသော ထိုအမည်မသိ ဘုရားအကြောင်းကို ပြောပြမည်ဟုဆိုသည်။ ပေါလု၏ တရားဒေသနာတွင် အရေးကြီးသော အချက်(၂)ချက်ရှိသည်။ ပထမအချက်သည် ဘုရားသခင်ကို အသိအမှတ်ပြုခြင်းဖြစ်သည်။ ဒုတိယအချက်မှ ထိုဘုရားသခင်ကို အေသင်သားများမသိရှိကြခြင်းဖြစ်သည်။ ထို့ကြောင့် ပေါလုသည် စစ်မှန်သော ဘုရားသခင်အကြောင်းကို ဟောကြားရန် ရေကန်အသင့် ကြာအတင့် လမ်းသင့်နေသည်။ တစ်ဦးကမူ ပေါလုသည် အေသင်သားများအားရေလိုက်လွဲခြင်းမှရေလမ်းမှန်သို့ ပို့ဆောင်ခဲ့သည်ဟုဆိုသည်။
၁၇:၂၄–၂၅ သာသနာပြုဆရာများ၏ သွန်သင်ခြင်း သင်ခန်းစာသည် ထိုနိယာမအတိုင်း ဟောပြောသည်။ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်သည် ထာဝရဘုရားသခင်ဖြစ်ကြောင်း မိတ်ဆက်ပေးလိုက်သည်။ ဘေးပတ်လည်လှည့်ကြည့်သော်အခါ ရုပ်တုဆင်းတု ပုထိုးများ ဝိုင်းဝိုင်းလည်နေကြောင်းတွေ့သည်။ ဘုရားသခင်သည် လူ့လက်ဖြင့်လုပ်၍ ရသည်မဟုတ်။ ထိုလူ့လက်ဖြင့် လုပ်သောအရာများတွင် ဘုရားသခင်မတည်ဟု ရှင်းပြသည်။ ရုပ်တုဆင်းတုကိုးကွယ်ကြသူများသည် ထိုအရုပ်များရှေ့တွင်စားသောက်ဖွယ်ရာ သစ်သီးဝလံ၊ ပန်းမာလ်များပူဇော်လေ့ရှိကြသည်။ သို့သော် ဘုရားသခင် ကိုးကွယ်ရန်မူ ထိုအရာများမလို။ စိတ်နှလုံးသာလိုသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အသက်၊ ဘဝ၊ အရာခပ်သိမ်း၏ အစပြုရာ အရင်းအမြစ်ဖြစ်သည်။
၁၇:၂၆–၂၈(က) လူ့သမိုင်းအစကို ဦးစွာရှင်းပြသည်။ အာဒံဟူသော လူသားမှအစပြဲ၍ လူသားမျိုးနွယ်များ ဆင်းသက်ပေါက်ဖွားကြောင်း၊ လူမျိုးနွယ်များအားလုံးကို ဘုရားသခင်က တပြိုင်တည်း ဖန်ဆင်းသည်မဟုတ်ကြောင်း၊ ထိုအာဒံမှ ဆင်းသက်လာသောသားသမီးများ နှစ်ပေါင်းထောင်ချီ၍ကြလာသောအခါ လူမျိုးနွယ်စုများ ဖြစ်ပေါ်လာကြောင်း ရှင်းလင်းပြသည်။ လူမျိုးတိုင်းက ထိုဘုရားသခင်အား ရှာတွေ့ကြရန် အလိုတော်ရှိကြောင်း ထိုဘုရားရှင်သည် စင်စစ်တွင် လူများလက်လှမ်းမမှီအောင် ဝေးလံစွာနေသည်မဟုတ်ကြောင်း၊ ယုံကြည်သူများနှင့် အတူတူရှိနေကြောင်း ဘုရားသခင်သည် ဖန်ဆင်းရုံသာ ဖန်ဆင်းသည်မဟုတ်ကြောင်း၊ ဖန်ဆင်းထားသော လူများနှင့် အတူတကွရှိနေကြောင်း ဂရိစာဆိုများ၏ ဒဿနစကား၊ တေးကဗျာများကို ကိုးကား၍ ရှင်းပြသည်။
၁၇: ၂၈(ခ) ပေါလုသည် ဖန်ဆင်းရှင်ဘုရားသခင်နှင့် မိတ်ဆက်ပေးပြီးနောက် ထိုဘုရားရှင်ကို ဂရိစာဆိုကြီးတစ်ဦး၏ “ငါတို့သည် ကိုယ်တော်အားဖြင့် သက်ဝင်လှုပ်ရှားကြ၏“ ဟူသော ဂန္တဝင်စကားကို ကောက်ယူကိုကားလိုက်သည်။ ထိုစကားသည် ဘုရားသခင်က ဖခင်အရာဖြစ် ထားရှိခြင်း၊ လူသားအချင်းချင်း ညီအကိုများဟု ခံယူခြင်းဖြစ်ကြောင်း ဆိုလိုခြင်းမဟုတ်ပါ။ ဘုရားသခင်က ဖန်ဆင်းကြောင်း သခင်ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည်လည်း ဘုရားသားသမီးများဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။
၁၇:၂၉ ပေါလုက ဆက်လက်၍ရှင်းပြသည်။ လူသည် ဘရားသခင်ဖြင့် သက်ဝင်လှုပ်ရှားသည်မှန်လျှင် ဘုရားသခင်ကို ရွှေတုံး၊ ငွေတုံး၊ ကျောက်တုံးအဖြစ် မထားသင့်။ ထိုရွှေငွေဖြင့် လုပ်ထားသော ရုပ်တုဆင်းတုများသည် လူ့လက်ဖြင့် ပြုလုပ်သော သင်္ခါရများသာဖြစ်သည်။ လူမျှပင် အရေးပါအရာရောက်ခြင်းမရှိ၊ ရုပ်တုဆင်းတုများသည် လူလုပ်သောအရာများဖြစ်၍ လူသည် ဘုရားသခင် ဖန်ဆင်းရာဖြစ်သည်။
၁၇:၃၀ ရုပ်တုဆင်းတု အပါအ၀င် ဘုရားပေါင်းများစွာ ကိုးကွယ်နေသည့်အထဲမှ အမည်မသိ ဘုရားသခင်သည် တပါးအမျိုးသားများကို ရာစုနှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်ကြောင်း ရှင်းပြသည်။ ယခု ထိုဘုရားသခင်၏ ဧဝံဂေလိတရားမျက်မှောက်တွင် ရောက်ရှိလာပြီဖြစ်၍ လူတိုင်းလူတိုင်း ထိုဘုရားသခင်မျက်မျောက်တော်သို့ ရောက်ရှိဖို့အချိန်ရောက်ပြီဖြစ်ကြောင်း ရှင်းပြသည်။
၁၇:၃၁ ထို့ကြောင့် ယေရှုခရစ်တော်အား သိရှိရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ထို သခင်ယေရှုက လေကကြီးကို တရားစိရင်မည့် နေ့ရက်ကို ဘုရားသခင်က သတ်မှတ်ထားပြီးဖြစ်သည်။ ထိုနေ့ရက်မှာ သခင်ခရစ်တော် အနှစ်တထောင်အုပ်စိုးဖို့ လူ့လောကသို့ တဖန်ဆင်းသက်လာ၍ ရန်သူများကို ချေမုန်းအောင်ပွဲခံမည့်နေ့ရက်ဖြစ်သည်။ ထိုအကြောင်းကို သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းဖြင့် အခိုင်အလုံ သက်သေအထောက်အထားပြခဲ့သည်။ ထို့နောက် သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို စိမ်ပြေနားပြေ ဆက်လက်ရှင်းပြသည်။
၁၇:၃၂–၃၃ ပေါလုက ယေရှုထမြောက်သည့်အကြောင်းကို အားရပါးရဟောကြားသော်လည်း သာသနာဖျက်များ ပေါ်ထွန်းလာသည်။ “သေပြီးသော လူထမြောက်သည်ဟုတ်လား” ဟုပြောင်လှောင် သရော်ကြသည်။ အချို့ကမူ မပြောင်လှောင်ကြသော်လည်း ပြုံးစိစိလုပ်နေကြသည်။ “နောက်တခေါက်ထပ်ပြော၊ နောက်တခေါက်ထပ်ပြော” ဟုအော်ကြသည်။ ခရစ်တော်အကြောင်းကို မတော်မလျော် အဆုံးသတ်စေကြသည်။
၁၇:၃၄ သို့သော်လည်း ထိုခွန်းတုံ့ပြန်မှုများက ပေါလု၏စကားကို မချေမှုန်းနိုင်ပါ။ အချို့က လက်ခံယုံကြည်ကြသည်။ လက်ခံယုံကြည်သူများထဲတွင် တရားရုံးတော်ပေါ်ရှိ ဒယောနုသိနှင့် ဒမာရိဆိုသော အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်။ နာမည်မရှင်းပြနိုင်သော အခြားအမျိုးသမီးအုပ်လည်းရှိသည်။
ထိုအချိန်မှစ၍ ပေါလုသည် ထိုနေရာမှထွက်ခွာသွားသည်။ အေသင်အကြောင်းလည်း နောက်တစ်ခါမကြားရတော့ပါ။
အချို့က ‘ပေါလုသည် ဂရိများ၏ ရုပ်တုဆင်းတုကိုအသိအမှတ်ပြုသည်။ ဘုရားသခင်ကိုလည်း အမည်မသိဘုရားဟု ခေါ်ဆိုသောကြောင့် ဂရိများ၏ ရုပ်တုဆင်းတုဘုရားနှင့် တန်းတူဖြစ်သွားသည်။ ဂရိများကို မြှောက်ပေးလွန်းသဖြင့် ဧဝံဂေလိတရား မထင်ရှားနိုင်ကြောင်းဖြစ်သည်’ ဟု ဝေဖန်ကြသည်။ စာရေးသူအနေနှင့် ထိုဝေဖန်ချက်ကို သဘောမတူနိုင်ပါ။ ရုပ်တုဆင်းတု အသိအမှတ်ပြုခြင်းမဟုတ်။ ဘာသာတရားကိုင်းရှိုင်းကြောင်း ချီးမွမ်းခြင်းဖြင့် တရားနာပရိသတ်အား ဖမ်းစားခြင်းဖြစ်သည်။ တလှမ်းခြင်းတက်၍ ဘုရားသခင်ကို သိရှိဖို့ရန် စစ်မှန်သော နောင်တရဖို့လိုအပ်ကြောင်း ခရစ်တော်ဘုရား ကြွရောက်လာခါနီးကြောင်း တလှမ်းပြီးတလှမ်း၊ တထစ်ပြီးတထစ်သွန်သင်ပါသည်။
ပုံသေကားချပ်မဟုတ်သော
တရားပလ္လင်များ
အာရေတောင် တရားရုံးတွင် ပေါလုတရားဟောခြင်းသည် ရှေးဦးယုံကြည်သူများသို့ စနစ်တကျမဟုတ်သော တရားပလ္လင်ပေါ်တွင် ဟောကြားခြင်းဖြစ်သည်။
အကာအကွယ်မရှိ ဟာလာဟင်းလင်းပြင်သည် အကောင်းဆုံး တရားဟောရာ နေရာဖြစ်သည်။ ပင်တေကုတ္တေနေ့ တရားပွဲသည်လည်း ဟာလာဟင်းလင်းလေဟာပြင်တွင်ဖြစ်သည်။ ကြားနိုင်သူသမျှကြားကြရသည်၆၉ (တ ၂:၆-၄၁)။ လေဟာပြင်၌ တရားဟောခြင်းကို (၈:၅-၂၅၊၄၀၊ ၁၃:၄၄၊ ၁၄:၈-၁၈) တို့တွင်လည်း တွေ့ရသည်။
ဗိမာန်တော်ထဲတွင် တရားဟောခြင်းကို (၃:၁-၁၁၊ ၅:၂၁-၄၂) တို့တွင် (၃)ကြိမ်တွေ့ရသည်။ ပေါလုတို့အဖွဲ့သည် ဖိလိပ္ပိတွင် မြစ်ကမ်းဘေးသဲသောင်ပြင်၌လည်း ဟောခဲ့ဖူးသည် (၁၇:၁၇)။ ယေရုရှလင်တွင်လည်း လက်သီးလက်မောင်းတန်းနေသော ပရိသတ်အား ရောမတပ်မှူးရှေ့တွင် လှေခါးထစ်ပေါ်မှ ဟောခဲ့သည် (၂၁:၄၀၊ ၂၂:၂၁)
ယုဒမင်းတိုင်ပင်အမတ်များရှေ့တွင်လည်း (၄) ကြိမ်ထက်မနည်း ပေတရုနှင့် ယောဟန်တို့ ဟောကြားခဲ့ကြသည်(၄:၈-၁၉)။ ပေတရုနှင့် အခြားသောတမန်တော်များ(၅:၂၇-၃၂)၊ သတေဖန် (၇:၂-၅၃)၊ ပေါလု (၂၂:၃၀၊ ၂၃:၁၀)တို့လည်း ဟောပြောခဲ့ကြသည်။
ပေါလုနှင့်အဖွဲ့သည် များသောအားဖြင့် စရပ်တွင် တရားဟောပြောလေ့ရှိကြသည်။(၉:၂၀၊ ၁၃:၅-၁၄၊၁၄:၁၊ ၁၇:၁-၂-၁၀-၁၇၊ ၁၈:၄-၁၉-၂၆၊ ၁၉:၈)။
လူနေအိမ်များတွင်လည်း ဟောကြားကြသည်။ပေတရုသည် ကောနေလိယအိမ်တွင် တရားဟောသည်၊ (၁၀:၂၂-၂၄)၊ ပေါလုနှင့် သိလတို့သည် ဖိလိပ္ပိထောင်မှူးအိမ်တွင် တရားဟောကြသည် (၁၆:၃၁-၃၂)။ ကောရိန္သုမြို့တွင် ပေါလုသည် တရားဇရပ်မှူးကရီဖ အိမ်တွင်ဟောကြားသည်(၁၈:၇-၈)။ တရောမြို့တွင်လည်း ညဉ့်နက်သန်းခေါင်တိုင်အောင် ဟောကြားသည်၊ (၂၀:၇)။ ဧဖက်မြို့တွင် တအိမ်တက်ဆင်းလိုက်လံဟောကြားသည် (၂၀:၂၁)၊ ရောမမြို့တွင်လည်း သူဌေးနေသည့်အိမ်တွင် ဟောကြားသည်၊(၂၈:၃၀-၃၁)။
ဖိလိပ္ပုသည် အဲသယောပိ အရာရှိမင်းအား မြင်းရထားပေါ်တွင်ဟောသည်၊ (၈:၃၁-၃၅)။ ပေါလုသည် သင်္ဘောပေါ်တွင် ဟောသည် (၂၇:၂၁-၂၆)။ ဧဖက်မြို့တွင် နေ့စဉ် စာသင်ခန်း၌ ဟောကြားသည် (၁၉:၉)။
ပေါလုသည် ဖေလဇ်(၂၄:၁၀)၊ ဖေတ္တု(၂၅:၈)နှင့် အဂြိပ္ပ (၂၆:၁-၁၉) ရှေ့၌ ဟောကြားခဲ့သည်။
ညှဉ်းဆဲနှိပ်စက်ခြင်းခံရသော ယုံကြည်သူများသည် ရောက်လေရာနေရာ၌ တရားဒေသနာဟောကြားကြကြောင်း (၈:၄)တွင် တွေ့ရသည်။
ထိုကျမ်းပိုဒ်များအရ တရားဒေသနာဟောကြားခြင်းသည် အခမ်းအနားကြီးများဖြင့်သာ တရားပလ္လင်ပေါ်မှ ဟောကြားရသည်မဟုတ်ကြောင်း နားလည်ရသည်။ လူရှိသောနေရာတိုင်း၌ ဧဝံဂေလိတရားကြားကြစေရန် ဟောပြောရသည်။ ထိုအကြောင်းကို AB Simpson က ဤသို့ထောက်ခံထားသည်။
ကနဦးယုံကြည်သူများသည် ရောက်လေရာ
အရပ်ဒေသ၌ အခွင်းအရေးရသမျှသက်သေခံကြသည်။
ဘုရင်ရှေ့၊ အုပ်စိုးသူ အစိုးရမင်းများရှေ့တွင်လည်း မကြောက်ရွံ့ဘဲ၊
အခွင့်အရေးကို အမိဖမ်း၍၊ အသက်ကိုမဓာနမထားဘဲ၊ယေရှုကိုယ်တော်ကို
သက်သေခံဟောပြောကြသည်။သာသနာပြုဆရာများမရောက်နိုင်သည့်
နန်းတွင်းနှင့်အကျဉ်းထောင်များတွင်လည်း လိုက်ဟောကြသည်။
ဘုရားသခင်က လူတိုင်းလူတိုင်းအား ဧဝံဂေလိဟောပြောရန် အခွင့်အရေးမျိုးစုံ
ပေးထားသည်။ လူတိုင်းအား စိတ်နှလုံးထဲတွင် ကားတိုင်လမ်းကို သိမှတ်၍
ဘုရားသခင်နှင့် နီးကပ်စေလိုသည်။၇၀
သခင်ယေရှုကိုယ်တိုင်က “ကမ္ဘာ့အနှံ့သို့သွား၍ ဝေနေယျသတ္တဝါအပေါင်းအား ငါ၏အကြောင်းကိုဟောပြောလော့” (မာ ၁၆:၅)ဟု မိန့်မှာပါသည်။ ထိုပညတ်ချက်များကို တမန်တော်ဝတ္ထုတွင်အကောင်အထည်ဖော်ကြကြောင်း တွေ့ရသည်။
တမန်တော်ဝတ္ထုထဲမှ သက်သေခံချက်များသည် မိမိသဘောဆန္ဒအတိုင်း၊ တုံ့ဆိုင်းခြင်းမရှိ၊ လက်ငင်းထလုပ်ခြင်းကများသည်။ အချိန်ယူ၍ ပြင်ဆင်ဖင်နွှဲခြင်းမရှိကြ။ တသက်လုံးပြင်ဆင်ရသော်လည်း လက်တွေ့လုပ်ဆောင်ခြင်းသည် တစ်နာရီသာဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။