တမန်တော်၀တ္ထု - ၁၆
တမန်တော်၀တ္ထု - ၁၆ (အနက်ဖွင့်)
၁၆:၁-၂ ဒေရဗေနှင့် လုတ္တရသို့ ပြန်လာခြင်းသည် ပေါလုအတွက် မော်ကွန်းမှတ်တမ်းတင်စရာ တစ်ခုဖြစ်သည်။ သူ့အား ခဲဖြင့်ဝိုင်းပေါက်ကြခြင်းကို အမှတ်မထား။ သို့သော် ဤအရပ်ဒေသသည် အသက်အန္တရာယ်လုံခြုံခြင်း မရှိကြောင်းကို သတိထားသည်။
ဤပထမတခေါက် ပေါလုရောက်ခဲ့စဉ်တွင် အသက်တာပြောင်းလဲသူတစ်ယောက်ရှိသည်။ ထိုသူမှာ တိမောသေဖြစ်သည်။ ထိုမြို့သည် တိမောသေ၏ ဇာတိမွေးမြေဖြစ်သည်။ တိမောသေသည် ယုဒယုံကြည်သူများမိသားစုမှ ပေါက်ဖွားသူဖြစ်သည်။ သူ့ဖခင်သည် ဂရိလူမျိုးဖြစ်၍ သေဆုံးသွားပြီ။
လုတ္တရနှင့် ဣကောနိယုံကြည်သူညီအကိုများထံမှ တိမောသေသည် ယုံကြည်အားထားထိုက်သူဖြစ်ကြောင်း ကြားသိသောအခါ ပေါလုသည် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။ ထို့ကြောင့် ပေါလုက ခရီးစဉ်လိုက်ပါရန် တိမောသေအား ဖိတ်ခေါ်လိုက်သည်။ ကနဦး တမန်တော်များသည် အဖေါ်ရှိလျှင် လုံလောက်သည်ဟူ၍ နှစ်ဦးတည်းခရီးသွား သာသနာပြုလေ့မရှိကြ။ လူငယ်လူရွယ် အမြဲခေါ်ဆောင်လေ့ရှိသည်။ ဥပမာအားဖြင့် မာကုနှင့်တိမောသေတို့ကဲ့သို့သော လူငယ်လူရွယ်ကို အတွေ့အကြုံရင့်ကျက်သော ဆရာသများနှင့် လက်တွဲလုပ်ဆောင်ရသောကြောင့် လူငယ်လူရွယ်များသည်လည်း အတွေ့အကြုံကောင်း သင်ခန်းစာလှလှဆည်းပူးခွင့်ရကြသည်။
၁၆:၃ ခရီးမထွက်ခွာမီ ပေါလုသည် တိမောသေကို အရေဖျားလှီးခိုင်းသည်။ တိတုကိုမူ အရေဖျားလှီးခြင်း ငြင်းပယ်ပေးပါလျက်နှင့် (ဂလာ ၂:၁-၅) တိမောသေကိုမူ အဘယ်ကြောင့် ထိုသို့ပြုခိုင်းပါသနည်း။ တိတုသည် ကနဦးခရစ်ယာန် အစဉ်အလာ အရိုးစွဲသူများကြားတွင် ကြီးပြင်းသည်။ ယခုနေရာသည် ထိုတိတုအရေဖျားလှီးသော အရပ်ဒေသမဟုတ်။ မိစ္ဆာဆရာများသည် တိတုအား အတင်းအရေဖျားလှီးခိုင်းကြသည်။ အရေဖျားလှီးမှသာ ကယ်တင်ခြင်းရရှိမည်ဟု ခံယူကြသည်။ ပေါလုက ထိုသို့ပြုလုပ်ရန် မလိုကြောင်း၊ ခရစ်တော် အသေခံခြင်းဖြင့် ကယ်တင်ခြင်းရရှိကြပြီး ဖြစ်ကြောင်း ချေပသည်။ အခြေအနေခြင်းမတူညီပါ။ တိမောသေ၏ မိခင်သည် ယုဒလူမျိုးဖြစ်သည်။ ပေါလု၊ သိလနှင့် တိမောသေ တို့သည် အတူတကွ သာသနာပြုရတော့မည်။ သာသနာပြုမည့် နယ်မြေသည် ယုဒလူမျိုးများအကြားတွင် ဖြစ်သည်။ အကယ်၍ တိမောသေသည် အရေဖျားမလှီးလျှင် ယုဒများက လက်ခံကြမည်မဟုတ်။ ဤအကြောင်းကို ရှင်းပြနိုင်မည်မဟုတ်။ တယူသန် တစောက်ကန်းယုဒများ ဘဝင်ကျအောင် ရှင်းပြရန်မှာ မလွယ်။ ထိုသို့ပြုမူခြင်းသည် အဓိက ယုံကြည်ခြင်းခံယူမှုလောက် အရေးမကြီးပါ။ ပေါလုသည် ယုဒလူမျိုးများ၏ မိုးခါးရေသောက်လိုက်သည်။ တပါးသူ ကယ်တင်ခြင်းရရှိဖို့ဆိုလျှင် မည်သည့်အရာမဆို လိုက်လုပ်နိုင်သည် (၁ကော ၉:၁၉-၂၃)။
ပေါလုက တိမောသေအား အရေဖျားလှီးစေခြင်းသည် ယုဒတရားနာပရိသတ်များ သက်သင့်ခံရန် ယုဒစရိုက်လိုက်စေခြင်းဖြင့် ဆွဲဆောင်စည်းရုံးခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တိမောသေ၏ ဖခင်သည် တပါးအမျိုးသား ဂရိလူမျိုးဖြစ်သည်။
၁၆:၄–၅ သာသနာပြုဆရာ သုံးဖေါ်သည် အနယ်နယ်အရပ်ရပ်သို့ လှည့်လည်တရားဟောကြသည်။ ယေရုရှလင်အသင်းတော်၏ ပြဌာန်းထားသော ပညတ်များကိုလည်း ရှင်းလင်းပြကြသည်။ ထိုပြဌာန်းချက်များကို အောက်တွင် အကျဉ်းချုံးရေးသားပါမည်။
၁။ ကယ်တင်ခြင်းနှင့် ပတ်သက်၍ ယုံကြည်ခြင်းရှိဖို့ သာလိုသည်။ အရေဖျားလှီးခြင်း ပညတ်ချက်ကို လိုက်နာစောင့်ထိန်းခြင်းသည် ကယ်တင်ခြင်းနည်းလမ်းမဟုတ်။
၂။ မတရားသော မေထုန်ကို ယုံကြည်သူတိုင်း ကာလတလျှောက်တားမြစ်သည်။ သို့သော် အထူးသဖြင့် အသက်တာပြောင်းလဲလာကြသော တပါးအမျိုးသားများသို့ ရည်ညွှန်းသည်။ အဘယ်ကြောင့်ဆိုသော် ထိုအပြစ်မျိုး ကျူးလွန်လေ့ ကျူးလွန်ထရှိခဲ့သည်။ ရှိနေကြသည်။
၃။ သွေးသွန်းခြင်းမရှိသော အသားနှင့် တိရစ္ဆာန်အသားများကို မစားရန်တားမြစ်သည်။ ထိုတားမြစ်ချက်သည် ကယ်တင်ခြင်းတရားနှင့် မသက်ဆိုင်သော်လည်း အယူသီးအစွဲကျန်နေသော ယုဒလူမျိုးများနှင့် ဆက်ဆံရေး သဟဇာတဖြစ်စေသည်။ ထိုအကြောင်းကို (၁ကော ၈:၁၀) နှင့် (၁တိ ၄:၄-၅)တွင် ထပ်မံသတိပေးထားသည်။
ပေါလုတို့အဖွဲ့ သာသနာပြုခြင်းကြောင့် အသင်းတော်များသည် ခွန်အားပိုမိုရရှိကြကာ ယုံကြည်ခြင်း၊ ခိုင်မာလာကြသည်။ ယုံကြည်သူ အသစ်လည်း အများအပြား တိုးပွားလာကြသည်။
၁၆:၆–၈ ဤကျမ်းပိုဒ်သည် အရေးကြီးသည် မိမိတို့ကြံစည်သည့်အတိုင်း တရားဟောခွင့်မရဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်ချက်ဖြင့် အခြားနေရာသို့ ရောက်ရှိသွားကြသည်။ ဖြူဂိနှင့် ဂလာတိပြည်တွင် သာသနာပြုကြခါစတွင် အာရှမိုင်းနား အနောက်ပိုင်းဒေသသို့ သာသနာပြုရန် စီမံကြသည်။ သို့သော် ဝိညာဉ်တော်က ခွင့်မပြု။ အဘယ်ကြောင့် ဝိညာဉ်တော်က ခွင့်မပြုသည်ကို မသိရပါ။ ပေတရုကလည်း ထိုကဲ့သို့ (၁ပေ ၁:၁) ဖြစ်ဘူးသည်။ ထို့ကြောင့် အနောက်မြောက်ဒေသရှိ မုသိပြည်သို့ သွားကြသည်။ ထိုဒေသသည် အာရှဒေသဖြစ်သည်။ သို့သော် ထိုဒေသတွင်လည်း သာသနာပြုခွင့်မရကြသဖြင့် ပင်လယ်သေဘေးရှိ ဗေသနိသို့ သွားရန် ထပ်မံပြင်ဆင်ကြသည်။ ထိုနေရာသို့သွားရန် သန့်ရှင်းသောဝိညာဉ်တော်က ခွင့်မပြုပြန်။ သို့နှင့် တာရောမြို့သို့ သွားကြသည်။ ထိုနေရာမှ ဂါလိလဲအိုင်ကို ကျော်၍ လှမ်းမျှော်လျှင် ဂရိပြည်ကို မြင်နိုင်သည်။ ဤခရီးစဉ်နှင့် ပတ်သက်၍ Ryrief က ဤသို့ဆိုသည်။
အာရှဒေသက သာသနာပြုရန်တောင်းဆိုနေသည်။ သို့သော် ဘုရားသခင်စီစဉ်ပေးသော အချိန်အခါ မကျရောက်သေးပါ။ သာသနာပြု သုံးဖေါ်သည် အရှေ့အရပ်မှ ထွက်လာ တောင်ဘက် သို့မဟုတ် မြောက်ဘက်သို့ သွားဖို့ စီစဉ်ကြသော်လည်း ဘုရားသခင်က အနောက်ဖက်သို့ သွားခိုင်းသည်။ ဘုရားသခင်၏ လမ်းညွှန်ရာသို့ လိုက်ရသည်။ ဘုရားသခင်၏ ခေါ်သံသည် ယုတ္တိဗေဒနည်းဖြင့် တွက်ချက်၍ မရပါ။၆၃
၁၆:၉ ထိုနေ့ညတွင် ပေါလုသည် ဗျာဒိတ်ရူပါရုံရသည်။ မာကေဒေါနိပြည်မှ အကူအညီ တောင်းခံသည်။ မာကေဒေါနိသည် ဂရိပြည်မြောက်ပိုင်း၊ တရောမြို့အနောက်ဘက်တွင်ရှိသည်။ မာကေဒေါနိသည် ကယ်တင်ခြင်းတရား ဆာလောင်နေသည် သို့မဟုတ် ဧဝံဂေလိသတင်းစကား ကြားချင်သည်။ ဘုရားသခင်က အာရှဒေသ တံခါးပိတ်၍ ဥရောပ တံခါးဖွင့်ပေးခြင်းဖြစ်သည့်အကြောင်း Stalker က ဤသို့ဆိုသည်။
မာကေဒေါနိအော်သံသည် ဥရောပတွင် ခရစ်တော်၏ ကယ်တင်မှုလိုအပ်ကြောင်း ဥရောပကိုယ်စား အော်ဟစ်ခြင်းဖြစ်သည်။ ပေါလုသည် ထိုရူပါရုံကို ဘုရားသခင်လမ်းပြချက်ဟု ခံယူသည်။ ထို့ကြောင့် နောက်တနေ့တွင် မာကေဒေါနိသို့ ခရီးဆက်သည်။၆၄
၁၆:၁၀ ဤနေရာတွင် “သူ” ဟူသောစကားမှ “ကျွန်ုပ်တို့” ဟူသောစကားလုံးသို့ ပြောင်းလဲ သည်။ ထိုအချိန်တွင် ပေါလု၊ သိလ၊ သိမောတေနှင့် တမန်တော်ဝတ္ထု စီရင်ရေးသားသူ လုကာ တို့ရှိနေကြသောကြောင့်ဖြစ်သည်။ ဤနောက်ပိုင်းကျမ်းပိုဒ်များတွင်မူ နဖူးတွေ့ဒူးတွေ့ တွေ့မြင်ချက်များကို ထင်ပြထားပါသည်။
ဘုရားသခင် လမ်းပြမှု
ကနဦးအသင်းတော်သည် ကောင်းကင်ဘုံရှင်၏ လမ်းညွှန်မှုကို တည်မှီခံယူသောကြောင့် လောကတွင် အောင်မြင်ကြသည်။ ကိုယ်တော်ဘုရား၏ လမ်းညွှန်မှုကို မည်ကဲ့သို့ ခံယူကြသနည်း။
ကိုယ်တော်ဘုရားသည် ကောင်းကင်ဘုံသို့ ပြန်လည်မကြွမီ၊ အဂ္ဂမဟာဗျူဟာ ခင်းကျင်းထားသည်။ “သင်တို့ထံသို့ သန်းရှင်းသောဝိညာဉ်တော် သက်ရောက်လာသည့်အခါ သင်တို့သည် ဘုန်းတန်ခိုးကို ခံယူ၍၊ ယေရုရှလင်မြို့မှ ယုဒပြည်တပြည်လုံးနှင့် ရှမာရိပြည်မှစ၍ ကမ္ဘာမြေကြီး အစွန်အဖျားတိုင်အောင် ငါ့အကြောင်းကို သက်သေခံကြလိမ့်မည်” (၁:၈) ဟု မိန့်မှာ ခဲ့သည်။
ကောင်းကင်နိုင်ငံသို့ ပြန်လည်ကြွမြန်းပြီးသော အခါတွင်လည်း နည်းလမ်းပေါင်းစုံဖြင့် ညွှန်ကြားကြသည်။
ပေတရုနှင့် အခြားတပည့်တော်များအား ဓမ္မဟောင်းကျမ်းဖြင့် လမ်းညွှန်သည် (ဆာ ၆၉:၂၅)။ ယုဒများ ရွေးချယ်တတ်ဖို့ သွန်သင်သည်၊ (၁:၁၆-၂၆)။
ငါးကြိမ်ထက်မနည်း ကိုယ်တော်ဘုရားကိုယ်တိုင် ဗျာဒိတ်တော်ပေးသည်။ အာနနိ(၉:၁၀-၁၆)၊ ကောနေလိယ (၁၀:၃)၊ ပေတရု (၁၀:၁၀၊ ၁၁၊၁၇)၊ ပေါလု (၁၆:၉-၁၀ နှင့် ၁၈:၉)။
ပရောဖက်အားဖြင့် နှစ်ကြိမ်ပြသသည်။ (၁၁:၂၇-၃၀၊ ၂၁:၁–၁၂) အခြားအကြိမ်များတွင်လည်း အဖြစ်အပျက်အားဖြင့် ညွှန်ကြားပြသသည်။ ဥပမာအားဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အသက်ဘေးရန်မှ ကွယ်ကာသည်။ (၈:၁-၄၊ ၁၁:၁၉၊ ၁၃:၅၀-၅၁၊ ၁၄:၅-၆)။ မြို့ပြအာဏာပိုင်များက ပေါလုနှင့် သိလအား ဖိလိပ္ပုမှ ထွက်ခွာရန်ဖျောင်းဖျသည် (၁၆:၃၉-၄၀)။ နောင်တွင် ပေါလုအား အာဏာပိုင်များက ယေရုရှလင်မှ ကဲသရိသို့ ပို့ဆောင်ကြသည် (၂၃:၂၃)။ ပေါလုသည် ကဲသာဘုရင်ထံ အယူခံဝင်ခွင့်ရသည်(၂၅:၁၁)။ သင်္ဘောပျက်သည့် အခါတွင်လည်း စဉ်ကာဆက်ကာ ကွယ်ကာစောင်မသည် (၂၇:၄၁၊၂၈:၁)။
တစ်ခါတရံ အခြားယုံကြည်သူ ခရစ်ယာန်များနှင့် ဆွေးနွေးတိုင်ပင်ခြင်းနှင့် ဇဝနဉာဏ်ပေးသည်။ ယေရုရှလင် အသင်းတော်သည် ဗာနဗအား အန္တိအုတ်သို့ စေလွှတ်ကြသည်။ ယုံကြည်သများသည် ယုဒပြည်ရှိ ငတ်မွတ်ခေါင်းပါးသူ ညီအကိုများအား ကယ်ဆယ်ကြသည် (၁၁:၂၇-၃၀)။ အန္တိအုတ်ညီအကိုများသည် ပေါလုနှင့် ဗာနဗအား ယေရုရှလင်သို့ ပို့ဆောင်ကြသည် (၁၅:၂)။ ယုဒနှင့် သိလတို့အား ဗာနဗနှင့် ပေါလုထံသို့ ယေရုရှလင်အသင်းတော်က စေလွှတ်သည် (၁၅:၂၅-၂၇)။ ပေါလုနှင့်သိလတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် ဒုတိယသာသနာခရီးစဉ် စကြသည်။ (၁၅:၄၀)။ လုတ္တရသို့ ရောက်သောအခါ ပေါလုသည် တိမောသေကို ကောက်ရသည် (၁၆:၃)။ သက်သာလောနိတ်သားများသည် ရုန်းရင်းဆန်ခတ် ဖြစ်သောကြောင့် ပေါလုနှင့် သိလအား ဗေရုသို့ ပို့ဆောင်သည် (၁၇:၁၀)။ ဗေရုသားများသည်လည်း သက်သာလောနိတ်မီးကူးလာသဖြင့် ပေါလုတို့အား ဆက်လက်ပို့ဆောင်ပေးသည် (၁၇:၁၄-၁၅)။ ပေါလုသည် တိမောသေနှင့် ဧရတ္တုအား မာကေဒေါနိသို့ ပို့သည် (၁၉:၂၂)။
အထက်ပါနည်းလမ်းအပြင် ပုံစံအမျိုးမျိုးဖြင့် တိုက်ရိုက်ညွှန်ကြားပြသခြင်းလည်း ရှိသေးသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဖိလိပ္ပုအား အဲသရောပိအရာရှိကို သွားတွေ့ခိုင်းသည် (၈:၂၆)။ အန္တိဆုတ်မြို့တွင် ပရောဖက်များနှင့် ဓမ္မဆရာများ အစာရှောင်ဆုတောင်းကြစဉ် သန့်ရှင်းသော ဝိညာဉ်တော်က ပေါလုနှင့် သိလအား တားမြစ်သည် (၁၆:၆)။ ဗေသနိတွင် သာသနာပြုရန် ထပ်မံကြိုးစားစဉ်တွင်လည်း ဝိညာဉ်တော်က ဟန့်တားသည် (၁၆:၇)။
ကနဦးခရစ်ယာန်များ ဘုရားသခင်၏ လမ်းညွှန်မှုခံကြပုံကို အကျဉ်းချုံးဖေါ်ပြလျှင် အောက်ပါအတိုင်းဖြစ်သည်။
၁။ သမ္မာကျမ်းစာ
၂။ ရူပါရုံနှင့် ပရောဖက်ပြုချက်
၃။ အဖြစ်အပျက်အကြောင်းအရာ
၄။ အခြားခရစ်ယာန်များ၏ အကြံပေးချက်နှင့် ဇဝနဉာဏ်
၅။ စိတ်နှလုံးမှ တိုက်ရိုက်ဆက်သွယ်ခြင်း။
၁၆:၁၁–၁၂ တရောမြို့မှ အနောက်မြောက်ဘက်သို့ ခရီးပြင်းချီကြရာ နောက်တနေ့တွင် နာပေါလိ မြို့သို့ရောက်ကြသည်။ ထိုမြို့သည် တရောမြို့မှ မိုင် (၁၂၀)ကွာဝေးသည်။ နာပေါလိမှ ကုန်းကြောင်းခရီးဖြင့် မာကေဒေါနိပြည်၊ ဖိလိပ္ပုမြို့သို့ ဆက်သွားကသည်။ ထိုမြို့သည် ရောမကိုလိုနီလက်အောက်ခံ ဖြစ်သည်။
၁၆:၁၃–၁၅ ဖိလိပ္ပုမြို့တွင် တရားစရပ်မရှိသဖြင့် ဥပုသ်နေ့တွင် ယုဒများသည် ပင်လယ်ကမ်းစပ်နားသို့ တရားဆွေးနွေးရန် စုဝေးကြသည်။ ထို ပရိသတ်ထဲတွင် ယုဒဘာသာမှ ပြောင်းလဲသူ လုဒိ ဆိုသောအမျိုးသမီးတစ်ဦးရှိသည်။ သွာတိရမြို့သူ ဖြစ်သူ။ ကတ္တီပါအထည်များ ရောင်းဝယ်ဖောက်ကားသူ ကုန်သည်ဖြစ်၍ သွာတိရမှ ပြောင်းရွေ့ရောက်ရှိလာခြင်းဖြစ်သည်။ သွာတိရမြို့သည် အဝတ်အထည် ရောင်းဝယ်ဖောက်ကားရာတွင် ထင်ရှားစည်ကားသော မြို့ဖြစ်သည်။
ထိုအမျိုးသမီးသည် နားစွန်နားဖျားဖြင့် ယုံကြည်သူမဟုတ်။ စိတ်နှလုံးတံခါးဖွင့်ထားသူ ဖြစ်သည်။ သခင်ယေရှုကို လက်ခံပြီးသကာလ တအိမ်သားလုံး နှစ်ခြင်းမင်္ဂလာခံယူကြသည်။ တအိမ်သားလုံး အသက်တာပြောင်းလဲကြသောကြောင့် နှစ်ခြင်းခံယူကြခြင်းဖြစ်သည်။ လုဒိတွင် အိမ်ထောင်ရှိခြင်း အတိအကျမသိရပါ။ သို့သော် တအိမ်သားလုံး ပြောင်းလဲကြသည်မှာ သေချာသည်။
လုဒိသည် ကောင်းမှုကုသိုလ် လုပ်သောကြောင့် ကယ်တင်ခြင်းရရှိသည်မဟုတ်။ ယုံကြည်သောကြောင့် ကယ်တင်မှုရရှိသည်။ ပေါလု၊ သိလ၊ လုကာနှင့် တိမောသေတို့အား အိမ်သို့ခေါ်ဖိတ် လက်ခံခြင်းဖြင့် သူ့ယုံကြည်ခြင်းသည် မှန်ကန်ကြောင်း ခိုင်လုံသည်။
၁၆:၁၆–၁၈ ပေါလုနှင့် အပေါင်း အဘော်များသည် ယုံကြည်သူများ ဆုတောင်းစည်းဝေးသို့ သွားနေစဉ် ဗေဒင်ဟောစားနေသော ကျွန်မတစ်ယောက်နှင့် တွေ့သည်။ နတ်ဆိုးက စိုးပိုင်ထားသူဖြစ်၍ ရှေ့ဖတ်ဟောဆရာမ လုပ်သည်။ ထိုဟောခကြေးငွေဖြင့် သူ့သခင် ကျွန်ပိုင်ရှင်ကို လုပ်ကျွေးသည်။
ထိုသို့ သာသနာပြုဆရာများ လျှောက်လှမ်းသည်ကို တွေ့လျှင် ထိုကျွန်မသည် ပေါလုတို့နောက်သို့ လိုက်သည် “ဤသူတို့ကား အမြင့်ဆုံးသော ဘုရားသခင်၏ အစေခံများဖြစ်၍၊ သင်တို့အား ကယ်တင်ခြင်းတရားကို ဟောပြောသူများတည်း” ဟု အသံပြဲကြီးဖြင့် လိုက်အော်သည်။ ထိုသို့အော်ခြင်းသည် မှန်ကန်သော်လည်း နတ်ဆိုးအော်ခိုင်းခြင်းဖြစ်ကြောင်း ပေါလုက သိသည်။ ထိုနတ်ဆိုးစွဲသူကို ကြည့်သောအခါ သနားစရာကောင်းအောင် ညှိုးနွမ်းနေသည်။ ထို့ကြောင့် “ယေရှုနာမတော်မြတ်၌ သင့်ကို ငါအမိန့်ပေးသည်။ နတ်ဆိုး၊ ဤသူငယ်မထံမှ ထွက်လော့” ဟုဆိုသည်။ တမဟုတ်ခြင်းတွင် ထိုသူငယ်မသည် နတ်ဆိုးလက်မှ လွတ်မြောက်လျက် သာမန်လူကောင်း ပကတိဖြစ်သွားသည်။
နိမိတ်လက္ခဏာများ
တမန်တော်ဝတ္ထုထဲတွင် အံ့ဖွယ်နိမိတ်လက္ခဏာ အများအပြားပါရှိသည်။ အချို့အချက်များကို အောက်တွင် ဖေါ်ပြထားပါသည်။
အံ့ဖွယ်ရာ အမျိုးမျိုးသော ဘာသာစကား လက်ဆောင် (၂:၄၊ ၁၀:၄၆၊ ၁၉:၆)။
ဗိမာန်တော်တံခါးဝမှ မွေးရာပါခြေထောက်မသန်သူအား ခြေထောက်ပြန်ကောင်းစေသည် (၃:၇)။
အာနနိနှင့် ရှဖိရေတိုအား သေဆုံးရန်တရားစီရင်သည် (၅:၅-၁၀)။
တမန်တော်များအား အကျဉ်းထောင်မှ ကယ်နှုတ်သည် (၅:၁၉)။
ရှောလုအပေါ ခရစ်တော်၏ ဘုန်းတန်ခိုး သက်ရောက်သည် (၉:၃-၆)။
ပေတရုက အဲနေအား အနာရောဂါ ကင်းငြိမ်းစေသည် (၉:၃၄)။
ဒေါ်ကာ ပြန်လည်ထမြောက်သည် (၉:၄၀)။
ပေတရုထံသို့ မိုးကောင်းကင်မှ အချပ်ကြီးရောက်ရှိလာသည် (၁၀:၁၁)။
အကျဉ်းထောင်ထဲမှ ပေတရုလွတ်မြောက်သည် (၁၂:၇-၁၀)။
ကောင်းကင်တမန်များက ဟေရုဒ်အားစီရင်ခြင်း (၁၂:၂၃)။
မှော်ဆရာ ဧလုမအား မျက်စိကန်းအောင် စီရင်သည် (၁၃:၁၁)။
လတ္တာတွင် မွေးရာပါခြေမသန်သူအား ပေါလုက ဒုက္ခိတဘဝမှ လွတ်မြောက်စေသည် (၁၄:၁၀)။
လတ္တာတွင် ခဲဖြင့်ဝိုင်းပေါက်သတ်ကြရာမှ ပေါလုအသက်ဆက်ရှင်သည် (၁၄:၁၉-၂၀)။
မာကေဒေါနိမှ အကူအညီပေးဖို့ခေါ်သံ ပေါလု ဗျာဒိတ်သံကြားရခြင်း (၁၆:၉)။
ဖိလိပ္ပုတွင် နတ်ဆိုးစွဲသော မိန်းကလေးအား ပေါလုက နတ်ဆိုးနှင်ထုတ်ခြင်း (၁၆:၁၈)။
ဖိလိပ္ပုတွင် ပေါလုနှင့် သိလတို့ အကျဉ်းထောင်မှ လွတ်မြောက်ခြင်း (၁၆:၂၆)။
ဥတုခုအား ပေါလုက အသက်ပြန်သွင်းခြင်း (၂၀:၁၀-၁၁)။
အာဂဗု၏ ပရောဖက်ပြုခြင်း (၂၁:၁၀-၁၁)။
မာလတကျွန်းတွင် ပေါလု မြွေကိုက် ဒဏ်ရာမှ အနာရောဂါ ပြီးစီးခြင်း (၂၈:၃-၆)။
ကျွန်းသူကြီး ပုဗလိ၏ ဖခင် ပေါလုက ကျမ်းမာစေခြင်း (၂၈:၈)။
အခြားသူများစွာကိုလည်း အနာရောဂါ ပပျောက်စေခြင်း (၂၈:၉)။
တမန်တော်များ၏လုပ်ဆော်ချက်များသည် အံ့ဘွယ်နိမိတ်လက္ခဏာ အများအပြားဖြစ်သည် (၂:၄၃)။ သတေဖန်သည်လည်း လူထုပရိသတ်ကြီးအား အံ့ဘွယ်နိမိတ်လက္ခဏာ အများအပြားပြသသည် (၆:၈)။ ဖိလိပ္ပုသည်လည်း နိမိတ်လက္ခဏာများ ပြသသည် (၈:၆-၁၃)။ ဗာနဗနှင့် ပေါလုသည် အံဘွယ်အမှုတော်ပြုခဲ့ကြသည် (၁၅:၁၂)။ ဘုရားသခင်သည် ပေါလု၏ လက်ကို အသုံးပြု၍ တန်ခိုးများကို ပြတော်မူခဲ့သည် (၁၉:၁၁)။
တမန်တော် ဝတ္ထု လော့လာသောအခါ မေးခွန်းများ အစီအရီပေါ်လာနိုင်သည်။ “ထိုအံ့ဖွယ်နိမိလက္ခဏာမျိုး ယနေ့ကာလတွင် မရှိနိုင်တော့ဘူးလား” ထိုမေးခွန်းကို ဖြေရမည်ဆိုလျှင် အစွန်းတရားနှစ်ဖက်ကို ရှောင်ရလိမ့်မည်။ ယေရှုသခင်သည် မနေ့၊ ယနေ့ နောင်ကာလ မပြောင်းလဲသော ဘုရားရှင်ဖြစ်သည်။ ထို့ကြောင့် ကနဦး အသင်းတော်ကာလမှ အံ့ဖွယ်နိမိတ် လက္ခဏာပြုနိုင်ပါသည်။
နောက်တစ်မျိုးပြောရလျှင် အံ့ဖွယ်နိမိလက္ခဏာများသည် အသင်းတော်၏ အစပိုင်းရက်များတွင်သာ ဖြစ်သည်။ ယနေ့ ယုံကြည်သူများနှင့် မဆိုင်ပါ။
ယေရှုသည် မနေ့၊ ယနေ့ နောင်ကာလ မပြောင်းလဲသည်မှာ သေချာပါသည် (ဟေဗြဲ ၁၃:၈)။ သို့သော် သာသနာပြုခြင်းနည်းဗျူဟာသည် မပြောင်းလဲဘဲမနေနိုင်။ ဘုရားရှင်သည် အဲဂုတ္တုပြည်တွင် သုံးခဲ့သော ပလိပ်ရောဂါကျစေခြင်းမျိုး နောက်ထပ်မသုံးပါ။ ဘုရားရှင်၏ တန်ခိုးလျော့နည်းမသွား၊ မပြောင်းလဲပါ။ သို့သော် ထိုနည်းဗျူဟာမျိုး ပုံသေကားချပ်မသုံးပါ။ နည်းအမျိုးမျိုးပြောင်းလဲကျင့်သုံးပါသည်။ နောက်တစ်မျိုးပြောရလျှင် အသင်းတော်ကာလတွင် အံ့ဖွယ်နိမိတ်လက္ခဏာများသုံးရန် မလိုတော့ပါ။
ကျွန်ုပ်တို့၏ အသက်တာများသည်လည်း အံ့သြဖွယ်ကောင်းလောက်အောင် ပြောင်းလဲနေကြသည် မဟုတ်လား။ ဘုရားသခင်၏ လက်ရာတော်များဖြင့် ပြောင်းလဲနေသောအရာများကို ကြည့်တတ်လျှင် မြင်ရပါသည်။ နေ့စဉ်ကြုံတွေ့သော အသက်တာတွင် ဘုရားရှင်၏ အံ့ဖွယ်အမှု၊ လေးနက်မှုများကို တွေ့ရပါသည်။ သဘာဝတရားထက် ကျော်လွန်၍ ဖြစ်ပျက်သောအရာများ ကြုံနေရသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဆက်သွယ်၊ အုပ်စိုး၊ စီမံပေးနေကြောင်း တွေးမြင်နိုင်ပါသည်။
ကျွန်ုပ်တို့၏ ဆုတောင်းသံများကို ဘုရားသခင်က အဖြေပေးပါသည်။ မိမိတို့ အသက်တာအား အခြားသူများဘဝနှင့် ယှဉ်ကြည့်လျှင် ဘုရားသခင်၏ လက်ရာတော်များကို သိသာစွာ တွေ့မြင်နိုင်သည်။ တစ်ခါတရံ လက်တော်နှေးခြင်း၊ မတော်တဆ ထိခိုက်ခြင်း၊ ဆုံးရှုံးခြင်းများ ကြုံတွေ့ခြင်းသည်လည်း နည်းဗျူဟာ တရပ်ဖြစ်သည်။ အကြောင်းရှိသည်။ ရဲစွမ်းသတ္တိ၊ ငြိမ်သက်ခြင်း၊ ဇွဲ့လုံ့လဝိရိယ၊ ဉာဏ်ပညာအစရှိသည်များကိုလည်း ထူးကဲစွာတွေ့ကြုံခံစားရတတ်သည် မဟုတ်လား။
အကယ်၍ ယုံကြည်သူများ၏ အသက်တာသည် သဘာဝအတိုင်း ဖြစ်ပျက်နေပါက မယုံကြည်သူများနှင့် ဘာများထူးခြားတော့မည်နည်း။ ယုံကြည်သူများ၏ အသက်တာသည် သဘာဝလွန်ဖြစ်သည်။ သို့မှသာ ယေရှုဘုရား၏ တန်ခိုးတော်စီးဝင်လာနိုင်မည်။ ထိုသို့သော အသက်တာမျိုးတွင် မဖြစ်နိုင်သောအရာမရှိ၊ မဖွင့်နိုင်သောတံခါးမရှိတော့ပါ။ သန့်ရှင်းသောဝိညာဉ်တော်နှင့် လည်း ပြည့်ဝသွားကြမည်။ အနီးအနားသို့ ကပ်လာသူများလည်း ဝိညာဉ်တော်ရရှိသွားကြမည်။
၁၆:၁၉–၂၄ ထိုမိန်းမငယ်ထံမှ နတ်ဆိုးထွက်သွား၍ မင်္ဂလာတရားဖြစ်သွားသော်လည်း ထိုကျွန်မပိုင်ရှင်သည် ဝင်ငွေပိတ်သွားသောကြောင့် ဒေါသ၊ အမျက်ထွက်သည်။ ထို့ကြောင့် ပေါလုနှင့်သိလအား အပြစ်ရှာ စွဲချက်တင်ကြသည်။ ယုဒလူမျိုးများက သူတို့စားဝတ်နေရေးကို စွက်ဖက်ထိပါးစော်ကားသည်ဟု ရောမ အာဏာပိုင်များထံသို့ တိုင်ကြားကြသည်။ ရပ်သူရွာသား ပရိသတ်များ အုန်းအုန်းကြွက်ကြွက် အဓိကရုန်းဖြစ်လာကြသဖြင့် ပေါလုနှင့် သိလတို့၏ ခန္ဓာကိုယ်ပေါ်မှ အဝတ်များကို စုတ်ဖြဲပစ်ကာ ကြိမ်ဒဏ်ပေးလိုက်သည်။ ပြီးနောက် အကျဉ်းထောင်ထဲတွင် လုံခြုံစွာ အကျဉ်းချထားလိုက်ကြသည်။ ခြေထောက်များကိုလည်း ထိပ်တုံးခတ်ထားလိုက်ကြသည်။
ဤနေရာတွင် စာတန်၏ နည်းဗျူဟာ (၂)ခု တွေ့ရသည်။ ပထမအချက်မှာ မှားယွင်းသောမိတ်ဆွေ အတုအယောင်ပြုသည်။ မိန်းကလေးကို နတ်ဆိုးပူးဝင်စေသည်။ ထိုနည်းလမ်းမဆောင်မြင်သောအခါ နောက်တနည်းအဖြစ် ညှဉ်းပန်းနှိပ်စက်ခြင်းဗျူဟာ ကျင့်သုံးသည်။ ထိုအကြောင်းကို Grant က “မဟာမိတ် သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း၊ မှားယွင်းသောမိတ်ဆွေ သို့မဟုတ် ကျယ်ပြန့်လာသောစစ်” ဟုဆိုသည်။ A.J.Pollock ကမူ ဤသို့ဆိုသည်။
စာတန်သည် သူ့အကြံအစည်အောင်မြင်သည်ဟု မည်မျှပင် ဆောင်ပွဲခံကြွေးကြော် စေကာမူ ခရစ်တော်၏ အစေခံများနှင့် တွေ့ဆုံလျှင် ပါးစပ်ဟောင်းလောင်းကျန်ခဲ့ရသည်။ သူ၏ အောင်မြင်မှုသည် ယာယီခဏမျှသာ ခံသည်။ ဤအမူတွင်လည်း ဘုရားသခင်၏ အမှုတော်မရောက်ခင် ကာလတွင်သာ ဖြစ်သည်။၆၅
၁၆:၂၅ ထိုနေ့ညသန်းခေါင်ယံတွင် ပေါလုနှင့် သိလတို့သည် ပဌနာရွတ်ဆိုလျက် ဘုရားသခင်ကို ချီးမွမ်းသီဆိုကြသည်။ လောကအမူအရာအဖြစ် အပျက်များနှင့် လွတ်လပ်ကြသောကြောင့် ပျော်ရွှင်ကြခြင်းဖြစ်သည်။ ဘုရားသခင်ချီးမွမ်းသံများကို ကောင်းကင်နိုင်ငံက ကြားရသည်။
Morgan က ဤသို့ဝန်ခံသည်။
မည်သူတစ်ဦးတစ်ယောက်မှ အကျဉ်းထောင်ထဲတွင် သီချင်းဆို၍ လွတ်မြောက်ခဲ့ဘူးသူ ရှိလိမ့်မည်မထင်ပါ။ ဝိညာဉ်ပြည့်ဝသော ခရစ်ယာန်များသာ ဆိုနိုင်သည်။ ပေါလုသည် ဦးစွာတကိုယ်တော် ချီးမွမ်း၍ သိလက လိုက်ဆိုခြင်းဖြစ်ပေမည်။ သန့်ရှင်းသော ဝိညာဉ်တော် ပါရှိသောကြောင့် ဘုန်းတန်ခိုးပါရှိခြင်းဖြစ်ပေမည်။ ဝိညာဉ်တော်၏ဘုန်းတန်ခိုးသည် အခက်အခဲဟူသမျှကို ကျော်လွန်အောင်မြင်နိုင်၏၆၆
၁၆:၂၆ အခြားထောင်သားများသည်လည်း ပေါလုတို့၏ ဆုတောင်းသံ၊ ကျေးဇူးတော် ချီးမွမ်းသံတို့ကို နားထောင်ကြသည်။ ထိုဂုဏ်တော်ချီးမွမ်းသံကြောင့် အကျဉ်းထောင်တစ်ခုလုံး မြေငလျင်လှုပ်သကဲ့သို့ လှုပ်သည်။ တစ်ခါးများ ပတင်းပေါက်များပွင့်ကုန်သည်။ အကျဉ်းသားများ ချည်နှောင်ထားသည့် သံကြိုးများ ပြေလွတ်ကုန်သည်။
၁၆:၂၇–၂၈ ငလျင်ကဲ့သို့ လှုပ်သောကြောင့် ထောင်မှူးများနိုးကုန်သည်။ တံခါးများပွင့်နေကြောင်း တွေ့သောအခါ ထောင်သားများ ထွက်ပြေးကုန်သည်ဟု အထင်ဖြင့် ထောင်မှူးသည် ဓါးယူ၍ မိမိကိုယ်ကို လုပ်ကြံဖို့ကြံစည်သည်။ ထောင်သားတစ်ယောက်မှ မပြေးကြောင်း ပေါလုက ထောင်မှူးအား ရှင်းပြမှ ဓါးပြန်ရုတ်ပြီး သက်ပြင်းချနိုင်တော့သည်။
၁၆:၂၉–၃၀ ထောင်မှူးသည် အံ့သြခြင်းနှင့် အတူ အသိတရားအသစ်ဝင်လာသည်။ အလုပ်ပြုတ်ပြီဟူသော စိုးရိမ်ပျောက်ကင်းသည်။ လူ့ဘဝ၏ အချည်းနှီးနှင့် အပြစ်သားဖြစ်ပုံကို တရားသံဝေဂ ရသွားသည်။ ဘုရားရှင်ကိုလည်း တွေ့ဖို့ မဝံ့မရဲဖြစ်နေသည်။ သို့နှင့် ပေါလုအား “အရှင်တို့ ကယ်တင်ခြင်းရရန် မည်သို့လုပ်ရမည်နည်း” ဟု ငိုမဲ့မဲ့ဖြင့် မေးလျှောက်သည်။
ထိုမေးခွန်းသည် ကယ်တင်ခြင်းရရှိဖို့ အဓိကမေးခွန်းဖြစ်သည်။ ကယ်တင်ခြင်းရရှိဖို့ရန် ဦးစွာ မိမိသည် ပျောက်သောသူဖြစ်ကြောင်း ဝန်ခံရမည်။ ကယ်တင်ခြင်း မရရှိခဲ့လျှင် အပယ်ငရဲလားမည့်သူ ဖြစ်ကြောင်း သိရှိရမည်။
၁၆:၃၁ ဓမ္မသစ်ကျမ်းက ယေရှုခရစ်ကို ယုံကြည်ခြင်းဖြင့်သာ ကယ်တင်ခြင်းရရှိနိုင်ကြောင်း သွန်သင်ထားသည်။ ယခုထောင်မှူးသည်လည်း သူ့အပြစ်သားဘဝကို နားလည်သွားပြီ။ “သခင်ယေရှုကို ယုံကြည်လော့၊ ထိုသို့ယုံကြည်လျှင် သင်နှင့်တကွ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းကို ခံရကြမည်” ဟု တမန်တော်များက ရှင်းပြကြသည်။
အကယ်၍ ထောင်မှူးက ခရစ်တော်ကို ယုံကြည်လျှင် အိမ်ထောင်မိသားစုများလည်း ကယ်တင်ခြင်းအလိုကို ရရှိမည့်အကြောင်းသည် စိတ်ကူးစိတ်သန်းမဟုတ်ပါ။ “ယုံကြည်ခြင်းရှိလျှင် ကယ်တင်ခြင်းရမည်၊ အိမ်ထောင်မိသားစုလည်း ထိုနည်းတူကယ်တင်ခြင်းရမည်။” ဟုဆိုသည်။ ယုံကြည်ပါ – ကယ်တင်ခြင်းရမည်။ သင့်အိမ်ထောင် မိသားစုလည်း ထိုနည်းအတိုင်းရမည်။
ယနေ့ခေတ်ကာလတွင် ထိုကျမ်းချက်ကို ယုံကြည်ရန် အခက်အခဲရှိနေကြသည်။ မည်သူဖြစ်စေ၊ မိမိသည် ပျောက်သောသူ၊ ဒုက္ခိတသည်၊ မျှော်လင့်ချက်မဲ့သူ၊ အပယ်ငရဲလားမည့်သူမှန်း သိရှိသွားလျှင် သခင်ယေရှုခရစ်တော်ကို ယုံကြည်ရန် မခက်ခဲ့တော့ပါ။ ထိုအသိတရားရရှိဖို့သာ အဓိကကျသည်။ ထိုအသိတရားရှိလျှင် ယေရှုခရစ်တော်ကို ယုံကြည်ဖို့ အသင့်ရှိနေပြီ။
၁၆:၃၂–၃၄ ပေါလုနှင့် သိလတို့သည် ထောင်မှူး၏ အိမ်ထောင်မိသားစုအား သမ္မာတရား သွန်သင်ကြသည်။ ပြီးလျှင် မိသားစုများက ပေါလုနှင့် သိလတို့၏ ဒဏ်ရာများကို ဆေးကြော၍ ဆေးထည့်ပေးကြသည်။ တဆက်တည်း တအိမ်သားလုံး ရေနှစ်ခြင်း မင်္ဂလာခံယူကြသည်။ တအိမ်သားလုံး ဘုရားသခင်ကို သိကျွမ်းသွားကြရ သောကြောင့် ဝမ်းသာခြင်း အထိမ်းအမှတ်အဖြစ် တမန်တော်များအား ညစာတည်ခင်း ကျွေးမွေးကြသည်။
ဤနေရာတွင် တအိမ်သားလုံး နှစ်ခြင်းမင်္ဂလာ ခံယူခြင်းကို သတိပြုရမည်။ ထိုမိသားစုထဲတွင် သူငယ်နှပ်စားများပါမည်မဟုတ်။ သခင်ယေရှုကို ယုံကြည်နိုင်လောက်အောင် အသိဉာဏ်ရှိပြီး စဉ်းစားဆုံးဖြတ်နိုင်သော အရွယ်ရောက်သူများသာ ဖြစ်ပေလိမ့်မည်။
၁၆:၃၅ ထောင်အာဏာပိုင်အရာရှိသည် ထိုနေ့ညတွင် စိတ်သဘောထား ပြောင်းလဲသွားသဖြင့် နောက်ရက်တွင် အရာရှိတစ်ဦးအား ထိုအကျဉ်းသားနှစ်ဦး ပေါလုတို့ကို စေလွှတ်ခိုင်းလိုက်သည်။
၁၆:၃၆–၃၇ ပေါလုနှင့် သိလအားထောင်မှ လွတ်မြောက်ကြောင်း လာရောက်အကြောင်းကြားသောအခါ ထောင်မှမထွက်ချင်ကြောင်း ငြင်းဆန်ကြသည်။ တမန်တော်များသည် ယုဒလူမျိုး၊ ရောမနိုင်ငံသားများဖြစ်ကြ၍ တရားဥပဒေနှင့် အညီ စီရင်ခြင်း မပြုဘဲ ရိုက်နှက်ခြင်းသည် တရားနည်းလမ်းမကျ။ ထို့ကြောင့် ထောင်မှူးသည် သူ့အပြစ်အတွက် စိုးရိမ်သောက ရောက်သွားသည်။ ရောမအစိုးရထံ တိုင်တန်းခံရမှာ စိတ်ပူသည်။ သို့သော် ထိုသို့မတိုင်တန်းကြပါ။ ထောင်အရာရှိမင်းကြီးကိုယ်တိုင် လာရောက်လွှတ်ပေး၍ ပေါလုတို့လည်း ထွက်သွားကြသည်။
၁၆:၃၈–၄၀ ထောင်အရာရှိမင်း က ပေါလုနှင့် သိလအား ပြုမှားခဲ့မှုများအတွက် တောင်းပန်သည်။ ထိုနောက် ထိုမြို့တွင် အခြားအနှောင့်အယှက်မလုပ်ကြရန်နှင့် မြို့မှထွက်သွားကြရန် ဖျောင်းဖျကြသည်။ ဘုရားသခင်၏သားများပီပီ ထောင်ထဲမှ သိက္ခာမကျထွက်လာကြသည်။ သို့သော် ချက်ချင်းမထွက်သွားသေး။ လုဒိအိမ်သို့သွား၍ ယုံကြည်သူညီအကိုမောင်နှမများအား အားပေးစကားပြောကြသည်။ အဘယ်မျှ အံ့ဩဖွယ်ကောင်းပါသနည်း။ ဒုက္ခရောက်နေသော ထောင်ထွက်က အခြားသူများကို အားပေးနိုင်သည်မှာ ပေါ့ပေါ့သေးသေးကိစ္စမဟုတ်။
ဖိလိပ္ပုတွင် သာသနာပြုခြင်း အစီစဉ်ပြီးဆုံးသောအခါ တောင်ပံဖြန့်၍ ဆက်လက်ပျံဝဲကြသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။