တမန်တော်၀တ္ထု - ၁၅
တမန်တော်၀တ္ထု - ၁၅ (အနက်ဖွင့်)
(င) ယေရုရှလင် အသင်းတော်ကောင်စီ (၁၅:၁-၃၅)
၁၅:၁ အန္တိအုတ် အသင်းတော်တွင် ပေါလုသည် အရေဖျားလှီးခြင်းနှင့် ပတ်သက်၍ အချေအတင် စကားပြောခဲ့သည် (ဂလာ ၂:၁-၁၀)။ ယေရုရှလင် အသင်းတော်မှ အယူမှားညီအကို အချို့ အန္တိအုတ်တွင် ရောက်ရှိလာစဉ် အရေဖျားလှီးခြင်း သွန်သင်ရာမှ အစ်ပြုသည်။ ထိုသွန်သင်ချက်အတိုင်းဆိုလျှင် ကယ်တင်ခြင်းရရှိရန် တပါးအမျိုးသားများသည်လည်း အရေဖျားလှီးကြရသည်။ ထိုတရားသည် ယေရှုကို ယုံကြည်သော်လည်း မောရှေ ပညတ်တော် အောက်သို့ တိုးဝင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို တိုက်ခိုက်တွန်းလှန်ရာလည်း ရောက်သည်။ အမှန်စင်စစ် ကယ်တင်ခြင်းအတွက် လိုအပ်ချက်များကို လက်ဝါးကပ်တိုင်ပေါ်တွင် ယေရှုမှ အကုန်အစင် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ အပြစ်သားတိုင်း ထိုသမ္မာတရားကိုသာ ယုံကြည်လက်ခံရန် လိုအပ်သည်။ လူ့လုပ်ဆောင်ချက်များသည် ထိုကျေးဇူးတော်နှင့် မသက်ဆိုင်။ အရာခပ်သိမ်းသည် ကိုယ်တော်၌ တည်မှီသည်။ လူ့လုပ်ဆောင်ချက်များသည် အပိုသက်သက်ဖြစ်သည်။ ကယ်တင်ခြင်းသည် လက်ဆောင်ဖြစ်သည်။ ဝယ်ယူလုပ်ဆောင်၍ မရနိုင်။
၁၅:၂-၃ ပေါလုနှင့်ဗာနဗ ကတဘက်၊ ယုဒအစဉ်အလာ သမားများကတဘက် ငြင်းခုံကြသည်။ ပေါလုတို့ ရွေးယူခဲ့သော တပါးအမျိုးသား ယုံကြည်သများကို ယုဒအစဉ်အလာသမားများက အတင်းအဓမ္မ ဓါးပြတိုက်ယူကြသည်။
တို့ကြောင့် အန္တိအုတ်ယုံကြည်သူ ညီအကိုများသည် ပေါလုနှင့် ဗာနဗအား ယေရုရှလင် အသင်းတော်ကောင်စီ၏ ဆုံးဖြတ်ချက်ခံယူရန် ယေရုရှလင်သို့ စေလွတ်ကြသည်။ (ဂလာ ၂:၂)တွင် ပေါလုက သူသည် ဗျာဒိတ်တော် ဖွင့်ပြချက်ဖြင့် ယေရုရှလင်သို့ သွားသည်ဟု ဆိုသည်။ ထိုကျမ်းစကားနှစ်ခုသည် ဆန့်ကျင်သည်ဟု မဆိုနိုင်ပါ။ ဘုရားသခင်၏ ဝိညာဉ်တော်လမ်းပြခြင်းဖြင့် အန္တိအုတ်အသင်းများက ပေါလုအား ယေရုရှလင်သို့ စေလွှတ်ခြင်းဖြစ်နိုင်သည်။ လမ်းခရီးတဝက်တွင် ဖိနိတ်နှင့် ရှမာရိ တပါးအမျိုးသားများစွာ ပြောင်းလဲလာကြကြောင်း မင်္ဂလာသတင်းကြားသိ ကြသောအခါ အတိတ်ကောင်း၊ နိမိတ်ကောင်းဖြစ်သည်ဟု ခံယူ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်။
၁၅:၄ ယေရုရှလင်သို့ ရောက်လျှင်ရောက်ခြင်း ပေါလုသည် တပည့်တော်များနှင့် အသင်းတော်လူကြီးမျာကို တွေ့ဆုံ၍ ဘုရားသခင် အသုံးပြုပုံ၊ တပါးအမျိုးသားများ ပြောင်းလဲလာကြပုံကို အစီရင်ခံတင်ပြသည်။ ယုဒအမျိုးသားများနည်းတူ ထိုတပါးအမျိုးသားများကိုလည်း လက်ခံကြိုဆိုကြသည်။
၁၅:၅ ထိုတွေ့ဆုံပွဲသည် ညီအကိုရင်းခြားပမာ ပွင်းလင်းစွာ ပြောဆိုဆွေးနွေးရသော အစည်းအဝေးဖြစ်သည်။ ထိုအထဲတွင် ဖာရိရှဲဝင်ယုံကြည်သူ အချို့က လူမျိုးခြားများသည်လည်း မောရှေပညတ် တရားအတိုင်း အရေဖျားလှီးခြင်းခံယူရမသည် ဟု ထပြောကြသည်။
၁၅:၆ ဤအပိုဒ်မှစ၍ တမန်တော်များနှင့် အသင်းတော်လူကြီးများ၏ ချင့်ချင့်ချိန်ချိန် သုခမိန်မီမီ နောက်ဆုံးဆုံးဖြတ်ချက်ချပုံကို တွေ့ရမည်။
၁၅:၇-၁၀ ပေတရုက သူ့ရပ်တည်ချက်ကို တင်ပြသည်။ ပေါလု၏ မျှော်လင့်ချက်သည် စိတ်ပျက်ဖွယ်ရာဖြစ်သည်။ ပေတရုက သူသည် တပါးအမျိုးသားများသို့ သာသနာပြုရန် ဘုရားသခင်ဦးစွာ ရွေးခန့်သူဖြစ်ကြောင်း၊ သူ့နှုတ်ဖျားဖြင့် ဟောကြားခဲ့ကြောင်း၊ တပါးအမျိုးသား ကောနေလိယအိမ်သို့ ရောက်ခဲ့ကြောင်း၊ အပါးအမျိုးသားများသည်လည်း ဘုရားသခင်ကို ယုံကြည်သူများဖြစ်ကြောင်း၊ ယုဒအမျိုးသားများကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခြင်းခံရသူများဖြစ်ကြောင်း၊ ထိုအချိန်တွင် တပါးအမျိုးသားများအား အရေဖျားလှီးရန် ဝိညာဉ်တော်က မသင်ပြခဲ့ကြောင်း၊ ယုဒနှင့် တပါးအမျိုးသား ခွဲခြားခြင်းမရှိကြောင်း၊ ယုံကြည်ခြင်းဖြင့်သာ လက်ခံခြင်းဖြစ်ကြောင်း၊ ပညတ်တရားစောင့်ထိန်းရန် မဟုတ်ကြောင်း၊ အဘယ့်ကြောင့် တပါးအမျိုးသားများကို သူတို့ဘိုးဘေးများ မလုပ်ဆောင်ခဲ့သည့် ထမ်းပိုးအောက်သို့ တွန်းပို့နေကြသနည်းဟု ဆိုသည်။ ပညတ်တရားသည် ကယ်တင်ခြင်းမပေးနိုင်။ စင်ကြယ်ခြင်းမဖြစ်နိုင်။ အပြစ်ကို ပြဌာန်းရာဖြစ်သည်။
၁၅:၁၁ ပေတရု၏ နောက်ဆုံးသဘောထားသည် မှတ်သားဖွယ်ကောင်းသည်။ ငါတို့သည်လည်း သူတို့နည်းတူ ယုံကြည်သဖြင့် သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံစားရကြ၏။ တချို့က တပါးအမျိုးသားများသည်လည်း ယုဒလူများကဲ့သို့ ကယ်တင်ခြင်းရရှိကြသည်ဟု ယုဒပီပီ ပေတရုပြောဆိုမည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် ကျေးဇူးတော်သည် အရာခပ်သိမ်းကို ထူးခြားစွာ လုပ်ဆောင်နိုင်စွမ်းရှိပါသည်။
၁၅:၁၂ ပေတရုစကားဆုံးသောအခါ ပေါလုနှင့် ဗာနဗကလည်း တပါးအမျိုးသားများအကြားတွင် ဘုရားသခင်ရောက်ရှိပုံ၊ အံ့ဘွယ်နိမိတ်လက္ခဏာများ ပြသခဲ့ပုံများကို ရှင်းပြသက်သေခံကြသည်။
၁၅:၁၃-၁၄ ပေတရုက တပါးအမျိုးသားများ၏ ဝိညာဉ်တံခါးဖွင့်လှစ်ပုံ၊ဗာနဗနှင့် ပေါလုက တပါးအမျိုးသားများအကြား နှုတ်ကပတ်တော် ပျံ့နှံ့ပုံတို့ကို သက်သေခံကြသည်။ နောက်တဖန် ယာကုပ် ထလာသည်။ ယာကုပ်က မျက်မှောက်ကာလတွင် ဘုရားသခင်က တပါးအမျိုးသားများကို နာမတော်၌ ခေါ်ယူပုံအား ရှင်းပြသည်။ ပေတရုပြောသည့် လေသံအတိုင်း တကြောတည်းဖြစ်သည်။
၁၅:၁၅-၁၉ ယာကုပ်က အာ ၅:၁၁-၁၂ ကို ကိုးကား၍ တပါးအမျိုးသားများသည် အာမုတ်ပရောဖက်ပြုချက်နှင့် အခြားပရောဖက်များ၏ ပရောဖက်ပြုချက်အတိုင်း ယုံကြည်လာကြခြင်းဖြစ်သည်။ တပါးအမျိုးသားများ ပြောင်းလဲလာကြခြင်းသည် ထူးဆန်းအံ့သြဖွယ်ရာမဟုတ်။ အဘယ်ကြောင့်ဆိုသော် ရှေးပရောဖက်ပြုချက်များစွာ ရှိနှင့်ပြီးဖြစ်သည်။ တပါးအမျိုးသားများသည်လည်း ကောင်းကြီးမင်္ဂလာခံစားရမည်ဟု ဘုရားသခင် အမိန့်တော်ရှိပြီးဖြစ်သည်။
အာမုတ်ပရောဖက်ပြုချက်သည် ခရစ်တော်၏ အနှစ်တထောင် အုပ်စိုးခြင်းကို ရည်ညွှန်းသည်။ အာမုတ်၏ ထိုပရောဖက်ပြုချက်သည် ပြည့်စုံပြီဟု ယာကုပ်မပြောပါ။ တပါးအမျိုးသားများ ပြောင်းလဲလာကြခြင်းသည် အာမုတ်ပရောဖက်ပြချက်နှင့် ကိုက်ညီသည့်အကြောင်းတည်း။
ယာကုပ်က ဘုရားသခင်သည် တပါးအမျိုးသားများအား နာမတော်ဖို့အလို့ငှာ ခေါ်ဆောင်ကြောင်းရှင်းပြသည်။ အသက်တာပြောင်းလဲသော တပါးအမျိုးသားများသည် အသက်တာပြောင်းလဲသော ယုဒများနှင့် အတူတကွ အသင်းတော်တစ်ခုတည်းတွင် ပါဝင် မိဿဟာယပြုကြသည်။ အနာမဟုတ်သောအရာကို အဘယ့်ကြောင့် ပြဿနာရှာကြံကြသနည်း။ သခင်ယေရှု ပြန်လည်ကြွလာချိန်တွင် တပါးအမျိုးသားများ အားလုံးသည်လည်း နာမတော်၌ စုရုံးကြရမည်။
ဘုရားသခင်သည် ယုဒအမျိုးသားနှင့် တခြားအမျိုးသားများ တန်းတူရည်တူ ထားရှိကြောင်း၊ ယာကုပ်ရှင်းပြသည်။ တခြားအမျိုးသားများထံသို့ ဘုရားသခင်ရောက်ရှိခြင်းသည် အာမုတ်ပရောဖက် ကျမ်းအတိုင်းဖြစ်သည်။ ဒုတိယအကြိမ်သည် ရှင်ဘုရာင်အဖြစ် လူ့လောကကြီးကို သခင်ယေရှုအုပ်စိုးမည့် အကြိမ်ဖြစ်သည်။ ထိုနှစ်ချက်ကို သဘောတူကြသည်။ သို့သော် လက်တွေ့ဘဝတွင် အကောင်အထည် မပြသနိုင်ကြ။
ထိုအဖြစ်အပျက်ကို ဤသို့မှတ်သားပါ။
၁။ ဘုရားသခင်သည် နာမတော်အဘို့၊ တပါးအမျိုးသားတို့အထဲက အချို့သောသူကို နှုတ်ယူသည်(ငယ် ၁၄)။ လက်ရှိကျေးဇူးတော်ကာလ။
၂။ ယုံကြည်ခြင်းအားနည်းသော ဣသရေလ လူမျိုးသည် သခင်ယေရှု ဒုတိယအကြိမ်ကြွလာသောအခါ ပြန်လည်စုစည်းယုံကြည်ကြမည် (ငယ် ၁၆)
၃။ ကယ်တင်ခြင်းရရှိသော တပါးအမျိုးသားများသည်လည်း ဣသရေလအမျိုးသားများနှင့် စုစည်းကြရမည် (ငယ် ၁၇)။ ထိုတပါးအမျိုးသားများမှာ နာမတော်အဖို့ ခေါ်ယူသူများ ဖြစ်သည်။
ယာကုပ်၏ (အာ ၉:၁၁-၁၂) ကိုးကားချက်သည် ဓမ္မဟောင်းကျမ်းနှင့် များစွာကွဲလွဲသည်။ ဂရိကျမ်းမှ ကိုးကားဟန်တူသည်။ Septuagint ကတည်းက ကွဲလွဲခြင်းဖြစ်သည်။ မည်းသို့ပင်ဖြစ်စေကာမူ ယခုအခြေအနေတွင် အရာရာကို ပြောင်းလဲစေနိုင်သောကျမ်းပိုဒ် များသည်လည်း ဂရိကျမ်းချက်မှ ယူထားခြင်းဖြစ်သည်။ Alford က ယာကုပ်သည် ဟေဗြဲကျမ်းစာနှင့် နီးစပ်သည်ဟုဆိုသည်။
‘နောက်မှငါလာမည်’ (ငယ် ၁၆) ဟူသော ကျမ်းပိုဒ်သည် ယခုကာလတွင် တပါးအမျိုးသားများ ယုံကြည်ခြင်းသို့ ရောက်ရှိခြင်းဖြစ်သည်ဟု ယာကုပ်က ဆိုလိုသည်။ ထိုသို့ဆိုရာတွင် တပါးအမျိုးသား အားလုံးကို ဆိုလိုသည်မဟုတ်။ နာမတော်မြတ်သို့ ခေါ်ထုတ်သူများသာဖြစ်သည်။ “ယိုယွင်း ပျက်စီးနေသော ဒါဝိဒ်တဲကို ပြန်ဆောက်မည်” ဟု ယာကုပ်က စကားဆက်သည်။ ဒါဝိဒ်၏တဲ ဆိုသည်မှာ ဂေဟာသို့မဟုတ် မိသားစုကို ဆိုလိုသည်။ တော်ဝင်မိသားစုများ ပြန်လည်တည်ဆောက်မည့်အကြောင်းမှာ ဒါဝိဒ်၏ ရာဇပလ္လင်အား ထီးမွေနန်းမွေဆက်ခံမည့် သူပေါ်ထွန်းမည့်အကြောင်းဖြစ်သည်။ ထိုသို့ဖြင့် ဣသရေလ လူမျိုးသည် ကမ္ဘာလောကသို့ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာစီးဆင်းရာ ရေကြည်စမ်းချောင်းဖြစ်သွားသည်။ တပါးအမျိုးသားများသည်လည်း ဘုရားသခင်ခေါ်ထားသူများ ဖြစ်သည်နှင့်အညီ ကိုယ်တော်ဘုရားကို တွေ့ရှိကြသည်။
ယာကုပ်က “ဘုရားသခင်သည် အရာခပ်သိမ်းကို ပြုပြင်နိုင်စွမ်းရှိသည်” ဟူသော အာမုတ်ကျမ်းချက်ဖြင့် အဆုံးသတ်သည်။
ထို့ကြောင့် ဘုရားသခင်၏ လက်တလောအကြံ အစည်တော်တွင် တပါးအမျိုးသားများကိုလည်း နာမတော်အဖို့ ခေါ်ယူသည်။ တပါးအမျိုးသားများကို မောရှေပညတ်တရားအောက်သို့ တွန်းပိုးခြင်းသည် ဒုက္ခပေးခြင်းဖြစ်သည်။ ကယ်တင်ခြင်းနှင့်မဆိုင်။ ကယ်တင်ခြင်းသည် ယုံကြည်ခြင်းနှင့်သာဆိုင်သည် ဟုရှင်းပြသည်။
၁၅:၂၀ မည်သို့ပင်ဖြစ်စေ အန္တိအုတ်ယုံကြည်သူများကို ရုပ်တုကိုးကွယ်ခြင်း၊ မတရားသော မေထုန်ဆက်ဆံခြင်း၊ လည်ပင်းညှစ်သတ်သော အသားနှင့် အသွေးများကို ရှောင်ကြဉ်ကြရန် တိုက်တွန်းသည်။ ထိုစကားအရ ဟာကုပ်သည် ချာလပတ် တပတ်လည်နေပြီလား။ ထုံးတမ်းစဉ်လာနောက်သို့ လိုက်သွားပြီလား။ သူ့ကိုယ်သူ ပညတ်တရားအောက်သို့ တွန်းပို့နေသလား။ ထိုအကြံပြုချက်များသည် ကယ်တင်ခြင်းနှင့်မဆိုင်ပါ။ စနစ်တကျ နေသားတကျ ရှိရန် သွန်သင်ခြင်းဖြစ်သည်။ ယုံကြည်သူ ယုဒနှင့် ယုံကြည်သူမှတပါး အမျိုးသားများအကြား ဆက်ဆံရေးပြေလည်ရန် လည်းမဟုတ်ပါ။ ထိုအကြံညာဏ်များကို လိုက်နာခြင်းသည် ကယ်တင်ခြင်းရရှိရာ နည်းလမ်းလည်းမဟုတ်ပါ။ ကနဦးအသင်းတော်ကာလတွင် အသေးအဖွဲကိစ္စမှစ၍ ဂရုတစိုက် လိုက်နာဆောင်ရွက်တတ်သည့် သဘောဖြစ်သည်။
တားမြစ်အချက်များမှာ အောက်ပါတို့ဖြစ်သည်။
၁။ ရုပ်တုဆင်းတုကြောင့် ညစ်ညမ်းသော အစားများ။ ရုပ်တုဆင်းတုများ ပူဇော်ပသရသော ခေါစာ၊ နတ်စာ၊ မစင်ကြယ်သော အစာများဖြစ်သည်။ ထိုအစားအစာများကို စားသုံးသော တပါးအမျိုးသားများကို ယုဒ အမျိုးသားများက ပြင်းထန်စွာ ကန့်ကွက်နှိမ့်ချသည်။ ယုံကြည်သူ တပါးအမျိုးသားများ စားသုံးလျှင်လည်း မယုံကြည်သူ ယုဒအမျိုးသားများ ကဲ့သို့ ယူမှတ်ကြသည်။
၂။ မတရားသော မထုန်၆၂ – တစ်ပါးအမျိုးသားများနှင့် အိမ်ထောင်ပြုခြင်းကို မတရားသော မေထုန်အဖြစ်သတ်မှတ်သည်။ ထို့ကြောင့် ယာကုပ်က အရေးတကြီး အထူးတလည် ထုတ်ဖေါ်ခြင်းဖြစ်သည်။ အခြားကျမ်းပိုဒ်များနှင့် ဆိုလိုရင်း အတူညီပါ။
၃။ လည်ပင်းညှစ် သတ်သောသား။ ဤတားမြစ်ချက်သည် ရေလွှမ်းမိုးခြင်း၊ အန္တရာယ်ကြီး မကျရောက်မီ ဘုရားသခင်က နောဧသို့ ပညတ်ခြင်း (က ၉:၁၄) ဖြစ်သည်။ ဣသရေလ လူမျိုးများသာမက လူသား အားလုံးနှင့်လည်း အကြုံးဝင်သည်။
၄။ အသွေးစားခြင်း။ က ၉:၄ မှ အစပြု၍ မောရှေပညတ်တရားတွင် ပါလာသည်။ နောဧသို့ ပညတ်ခြင်းဖြစ်၍ အမိန့်ကျော်လွန် ဖျက်သိမ်းခြင်းမရှိသဖြင့် ယနေ့ကာလတိုင်အောင် တည်မြဲနေသည်။
၁၅:၂၁ ဤကျမ်းပိုဒ်သည် အပိုဒ်ငယ် ၂၀ အကြံပေးချက်အား ဖုံးအုပ်ခြင်းဖြစ်သည်။ ရပ်ရွာတိုင်းရှိ ယုဒများသည် အပိုဒ်ငယ် (၂၀)ပါ အပြစ်များကို တရားစရပ်များတွင် ဟောပြောဆွေးနွေးခြင်းဖြင့် စောင့်ထိန်းလာကြသည်။ ထို့ကြောင့် တပါးအမျိုးသားများကိုလည်း မစောင့်ထိန်းအပ်ဘဲ မနေအပ်ကြောင်း အကြံပြုသည်။
၁၅:၂၂ သို့နှင့် တပါးအမျိုးသားများသည် ကယ်တင်ခြင်းရရှိရန် အရေဖျားလှီးခြင်း မလိုအပ်ကြောင်း ဆုံးဖြတ်ကြသည်။ ထိုဆုံးဖြတ်ချက်အား နားလည်ကြရန် အန္တိအုတ်သို့ ကိုယ်စားလှယ်တော်များ စေလွှတ်ရှင်းပြဖို့ ဆုံးဖြတ်ကြသည်။ ဗာနဗ ပေါလုတို့နှင့်အတူ ယေရုရှလင်အသင်းတော်မှ ယုဒခေါ် ဗာရှဗ၊ သိလတို့အား စေလွှတ်လိုက်သည်။ ထိုသိလသည် နောင်တွင် ပေါလု၏ လုပ်ဖေါ်ဆောင်ဖက် ဖြစ်လာသည်။ ၁၅:၂၃-၂၉ ထိုကိုယ်စားလှယ်တော်များနှင့် အတူ ယေရုရှလင် အသင်းတော်မှ သဝဏ်လွှာလည်း ရေးပေးလိုက်သည်။ ထိုအထဲတွင် အန္တိအုတ်မှ ယုံကြည်သူ ညီအစ်ကိုများအား စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုခဲ့သူများသည် ယေရုရှလင် အသင်းတော်၏ သဘောထားမပါ၊ ခွင့်ပြုချက်မယူဘဲ သူတို့သဘောဖြင့် လာရောက်နှောင့်ယှက်ခြင်းဖြစ်၍ တောင်းပန်ပါသည်ဟု ထည့်ရေးထားသည်။
အချိန်ကြာလာသည်နှင့်အမျှ သန့်ရှင်းသော ဝိညာဉ်တော်ပါဝင်မှုဖြင့် တပည့်တော်များသည် အပိုဒ်ငယ် ၂၈ ပါ အချက်များကို ခိုင်မာစေကြသည်။ ထို အပြစ်များမလုပ်မိရန် စောင့်ထိန်းခြင်းသည် ဝိညာဉ်တော်ရေးရာ ဖြစ်သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ “သက်ကြီးစကား သက်ငယ်ကြား” ဟုဆိုခဲ့ဘူးသည်။
၁၅:၃၀-၃၁ ယေရုရှလင်အသင်းတော်မှ ပေးပို့သောစာ အားအန္တိအုတ်မြို့ အသင်းတော်တွင် ဖတ်ကြားကြသောအခါ ဝမ်းမြောက်ကြသည်။ တပည့်တော်များကလည်း ဘုရားသခင်က တပါးအမျိုးသားများကို ကယ်မကြောင်း နားလည်သဘောပေါက်ကြသည်။
၁၅:၃၂-၃၃ ယုဒနှင့်သိလတို့သည် ပရောဖက်များဖြစ်သည့် အားလျော်စွာ အန္တိအုတ်ညီအကိုများအား ယုံကြည်ခြင်း ခိုင်မာကရန် တိုက်တွန်းအားပေးကြသည်။ ကာလအတန်ကြာ နေထိုင်ခဲ့ပြီးနောက် ယေရုရှလင်သို့ ပြန်လာကြသည်။
၁၅:၃၄ ဤကျမ်းပိုဒ်ကို King James နှင့် အဓိကကျမ်းမူကြီးများတွင် မပါရှိပါ (NKJV foot note ကိုကြည့်ပါ)။ အပိုဒ်ငယ် ၃၃ နှင့် ၄၀ အကြားတွင် ကန့်လန့်ကန့်လန့်ဖြစ်နေသည်။ ပိုဒ်ငယ် ၃၃ တွင် သိလသည် ယေရုရှလင်သို့ ပြန်လာသယောင်ဖေါ်ပြထားသည်။ အပိုဒ်ငယ် ၄၀ တွင်မူ ပေါလု၏ ဒုတိယခရီးစဉ်တွင် လိုက်ပါသည်ဟု ဆိုပြန်သည်။ ဖြစ်နိုင်ဖွယ်ရှိသည်မှာ သိလသည် ယေရုရှလင်သို့ ပြန်မလာဘဲ ပေါလု၏ ဖိတ်ခေါ်ချက်အရ ပေါလုနှင့် အတူ ခရီးလိုက်ပါသွားခြင်းဖြစ်နိုင်သည်။
၁၅:၃၅ ပေါလုနှင့်ဗာနဗတို့သည် အန္တိအုတ် မြို့တွင် ပုံမှန်အတိုင်း တရားဒေသနာ ဆက်လက်ဟောကြားကြသည်။ အသင်းတော်များတွင်လည်း အစေခံများစွာ ဆက်ကပ်ပေါ်ထွန်းလာသည်။ ထိုအကြောင်းကို (ဂလာ ၂:၁၁-၁၄)တွင် ရေးထားသည်။
(စ) ပေါလု၏ ဒုတိယ သာသနာ့ခရီးစဉ်၊ အာရှမိုင်းနားနှင့် ဂရိသို့ (၁၅:၃၆၊ ၁၈:၂၂)။
၁၅:၃၆–၄၁ ပေါလု၏ ဒုတိယသာသနာ့ခရီးစဉ် အစပြုသည်။ ပေါလုက ဗာနဗအား သူတို့ထူမခဲ့ကြသော အသင်းတော်များသို့ လှည့်လည်အားပေးရန် ဖေါ်ညှိသည်။ ဗာနဗက သူ့တူ ယောဟန်မာကုအား ခေါ်ချင်သည်။ ပံဖိလု တပါးအမျိုးသားများနှင့် ဆက်ဆံခဲ့ရာတွင် လမ်းတဝက်နှင့် ထပြန်သွားသော မာကု၏အပြုအမူကို မကြိုက်သောကြောင့် ပေါလုက မခေါ်ချင်။ ထိုမာကု ခေါ်ရေး မခေါ်ရေးနှင့် ပက်သက်၍ တမန်တော်နှစ်ဦး မသင့်မမြတ်ဖြစ်ကြသည်။ ထိုကြောင့် ဗာနဗသည် မာကုကို ခေါ်၍ ကုပရုကျွန်းသို့ ထွက်သွားသည်။ ပေါလုသည် သိလကို ခေါ်၍ ရှုရိပြည်နှင့် ကိလိကိကြားရှိ အသင်းတော်များဆီသို့ ထွက်ခွာသွားသည်။
ဤအခန်းသည် အမှုတော်ဆောင်တစ်ဦးအနေဖြင့် အသင်းတော်များတွင် ထားရှိသည့် မေတ္တာတရားကို ပြသခြင်းဖြင့်သည်။
ဤနေရာတွင် မေးစရာရှိသည်။ ဗာနဗနှင့် ပေါလုတွင် မည်သူက မှန်ကန်ပါသနည်း။ နှစ်ယောက်စလုံးမှားသည်ဟု မြင်ပါသည်။ ဗာနဗသည် ဆွေမျိုးသားရင်းကို ဦးစားပေးသည်။ ဇာတိဆန်သည်၊ အပိုဒ်ငယ် ၃၉ သည် ဗာနဗနှင့် ပေါလုတို့အကြား မာနပြိုင်ဆိုမှု၊ ဂုဏ်တုဂုဏ်ပြိုင်မှု ဖြစ်သည်။ (သု ၁၃:၁၀) ပါ “မောက်မာခြင်းသည် ဒုက္ခမှတပါး အဘယ်အကျိုးကိုမှမပြု” ဟူသော ကျမ်းစကားအတိုင်းဖြစ်သည်။ ထို့ကြောင့် အလျှော့ပေးခြင်းမရှိသော နှစ်ယောက်စလုံးမှားသည်။ ဤနောက်ပိုင်းမှစ၍ ဗာနဗ၏ ခန်းကဏ္ဍမှေးမှိန်သောကြောင့် ပေါလု၏ရပ်တည် ချက်မှန်သည်ဟု ဆိုချင်ဆိုကြပေမည်။ ပေါလုနှင့် သိလသည် ဘုရားသခင်ကျေးဇူးတော်၌ ညီအကိုဖြစ်သွားကြသောကြောင့်မဟုတ်။ မာကုသည် ထိုအဖြစ်အပျက်ကို ဆင်ခြင်သောကြောင့် အရောင်ပြောင်းသွားခြင်းဖြစ်နိုင်သည်။ (၂တိ ၄:၁၁) နောင်အခါ ပေါလု၏ လက်စွဲတော်ဖြစ်လာသည်။
ကိုယ်ပိုင်စီရင်ခွင့်ရှိသော
ဒေသန္တရအသင်းတော်၏
ယေရုရှလင်အသင်းတော်ကောင်စီသည် ဂိုဏ်းကန ပထမဦးဆုံး အချုပ်အချာသဖွယ် ပေါ်ထွန်းလာသည်။ သို့သော် အခြားအကြောင်းများရှိသည်။
ကနဦးခရစ်ယာန်အသင်းတော်သည် ကိုယ်ပိုင်ရပ်တည်ကြသူများဖြစ်သည်။ ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ရှိကြသည်။ အသင်းတော်များ စုစည်းဖွဲ့စည်းခြင်း၊ အသင်းတော်တပါးအား မှီခိုခြင်းမရှိကြပါ။ ဂိုဏ်းဂနများလည်း မရှိသောကြောင့် ဂိုဏ်းဂနဌာနချုပ်လည်း မရှိ။ အသင်းတော်တိုင်းသည် သခင်ဘုရားသို့ တိုက်ရိုက်ဆက်ဆံရသည်။ ထိုအကြောင်းကို ရွှေမီးတိုင်(၇)တိုင် အလယ်ရပ်တည်နေသော သခင်ဘုရားဖြင့်ပုံဖေါ်ထားသည်။ ထိုရွှေမီးတိုင်များမှာ အာရှဒေသမှ အသင်းတော်များ ပုံဆောင်ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာ ထိုရွှေမီးတိုင်တည်းဟူသော အသင်းတော်များသည် ပုဂ္ဂလိကလွတ်လပ်ကြပြီး သခင်ဘုရားသို့ တိုက်ရိုက်အသီးသီး ဆက်သွယ်ရကြောင်း ပြသခြင်းဖြစ်သည်။ ထိုအသင်းတော်များကို သခင်ဘုရားကိုယ်တိုင် တိုက်ရိုက်အုပ်စိုးသည်။
မည်မျှအရေးကြီးလာသနည်း။ သာသနာပြုခံရခြင်းအပေါ် မူတည်ပါသည်။ အသင်းတော်များသည် အဖွဲ့အစည်းဌာနချုပ်၏ လက်အောက်မှာ ရှိနေကြလျှင် လွတ်လပ်မှုမရှိ။ ရည်မှန်းချက်ခံယူချက်များကို ဂိုဏ်းဂနဌာနချုပ်က ချုပ်ကိုင်သွားမည်။ အသင်းတော်များ သီးသန့်နေရလျှင် အသင်းတော၏ လှုပ်ရှားမှု၊ လွတ်လပ်မှုကို ထိပါးသောရန်သူများ ကိုယ်အစွမ်းနှင့်ကိုယ် ရင်ဆိုင်ရမည်။
ဒုတိယအချက်အနေဖြင့် ဒေသန္တရအသင်းတော်သည် ဒေသဆိုင်ရာ အာဏာပိုင်များ၏ အမိန့်အာဏာကို ခုခံကာကွယ်နိုင်ရန် အရေးကြီးသည်။ အသင်းတော်များစုစည်းဖွဲ့စည်းသောအခါ အရင်းသေးသွားသဖြင့် အာဏာပိုင်အဖွဲ့အစည်းက အညှာကိုင်ရန်လွယ်ကူသည်။ ဗဟိုချုပ်ကိုင်မှုစနစ်ကို လက်မခံလျှင် ဖိစီးမှုဒဏ်ကြုံတွေ့သည့်အခါ မြေအောက်အသင်းတော် ဖွဲ့စည်းရန် လွယ်ကူသည်။
ယနေ့ခေတ်ကာလတွင် ဒီမိုကရေစီနိုင်ငံဖြစ်စေ၊ အာဏာရှင်နိုင်ငံများတွင် ဖြစ်စေ၊ အသင်းတော်များကို တစုတစည်းတည်း ဖွဲ့စည်းစေချင်ကြသည်။ နေရာဒေသ အနှံ့အပြားရှိ ဒေသန္တရအသင်းတော်များအား တပါးခြင်း မဆက်ဆံချင်။ ဂိုဏ်းဂနအဖွဲ့ချုပ်၊ ဌာနချုပ်များနှင့်သာ ဆက်ဆံချင်ကြသည်။ လွတ်လပ်သော အစိုးရများကလည်း ထိုစည်းလုံးခြင်းကို နှစ်သက်သဘောကျသည်။
အချို့ကမူ ယေရုရှလင် အသင်းတော်သည် အသင်းတော်များ၏ ဌာနချုပ်မဟုတ်ဘူးလား ဟု ဆိုချင်ကြသည်။ သေသေချာချာ လေ့လာကြည့်ရှုလျှင် ယေရုရှလင်အသင်းတော်ကို အသိအမှတ်ပြုထားလော။ ဌာနချုပ်မဟုတ်ပါ။ တမန်တော်များစုစည်းသည့်နေရာ၊ သင်းအုပ်များ ဦးဆောင်သည့်နေရာသာဖြစ်သည်။
ယေရုရှလင်အသင်းတော် ကောင်စီသည် အန္တိအုတ် အသင်းတော်ကို သြဇာအာဏာလွှမ်းမိုးခြင်းမပြုပါ။ တိုင်ပင်ရှာကြံဉာဏ်ရယူခြင်းသာဖြစ်သည်။ အသင်းတော်ကောင်စီဆုံးဖြတ်ချက်များကို အခြားအသင်းတော်များသို့ ပေးပို့လိုက်နာစေခြင်း မရှိပါ။
အသင်းတော်သည် ကိုယ့်သမိုင်းကို ရေးကြသည်။ အသင်းတော်များ စုပေါင်းဖွဲ့စည်းသည့် နေရာများတွင်လည်း အငြင်းပွားခြင်းသာ များများလာသည်။ အမှန်စင်စစ် နှုတ်ကပတ်တော် သက်သေခံနိုင်သော အသင်းတော်ဖြစ်ရန်မှာ လူ့ဇာတိပုံစံ ကင်းရှင်းခြင်းဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။