တမန်တော်၀တ္ထု - ၁၄
တမန်တော်၀တ္ထု - ၁၄ (အနက်ဖွင့်)
၁၄:၁-၂ ဣကောနိမြို့သို့ ရောက်သောအခါ တရားစရပ်သို့သွား၍ တရားဒေသနာ ဟောကြပြန်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်က တရားဒေသနာကို ကောင်းကြီးပေးသောကြောင့် တရားနာပရိသတ် ယုဒလူများနှင့် တပါးအမျိုးသားများသည် သခင်ယေရှုကို လက်ခံယုံကြည်ကြသည်။ ထိုအရပ်တွင်လည်း စုန်းပြူးယုဒအချို့ ရှိနေပြန်သဖြင့် တပါးအမျိုးသားများအား ထိုသမန်တော်များကို ဆန့်ကျင်ကြရန် သွေးထိုးလှုံးဆော်ကြပြန်သည်။ တမန်တော်ဝတ္ထုထဲတွင် ယုဒလူများသည် တမန်တော်များကို ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခြင်းမပြုဘဲ၊ ညှန်းပန်းနှိပ်စက်ကြရန် သွေးထိုးလှုံးဆော်ကြကြောင်း တွေ့ရသည်။ ကောက်ကျစ်စဉ်းလဲစွာ တပါးအမျိုးသားများကို ချော့စားတွန်းပို့ကြသည်။
၁၄:၃ တမန်တော်များသည် လက်တကမ်းတွင် ဘေးအန္တရာယ်ရောက်နေကြောင်း ကြားသိကြသော်လည်း တွန့်ဆုတ်ခြင်းမရှိ၊ ရဲဝံ့စွာ ဆက်လက်ဟောပြောကြသည်။ သခင်ဘုရားသည် ကျေးဇူးတော်ဘက်၌ ရပ်တည်သည်နှင့်အညီ လက္ခဏာနှင့် အံ့ဘွယ်အမှုများကို ပြသကြသည်။ နိမိလက္ခဏာဆိုသည်မှာ သင်ခန်းစာရယူရာဖြစ်၍ အံ့ဘွယ်အမှု ဆိုသည်မှာ သာမန်လူမစွမ်းသာသော အမှုအရာဖြစ်သည်။
၁၄:၄-၇ ထိုသို့ မြို့သူမြို့သားများသည် အုပ်စုနှစ်ခုဖြစ်လာကြသည်။ အချို့က ယုဒလူမျိုးများဖက် တွင် ရပ်တည်၍ အချို့က တမန်တော်များဖက်တွင် ရပ်တည်သည်။ တပါးအမျိုးသားများနှင့် ယုဒလူမျိုးများ ပေါင်းစပ်၍ တမန်တော်များ၅၇ အား ခဲနှင့်ဝိုင်းပေါက်ရန် ပြင်ဆင်ကြသည်။ တမန်တော်များသည် ရန်မဖြစ်လိုသောကြောင့် အာရှမိုင်းနားအလယ်ပိုင်းရှိ လုကောနိပြည် လုတ္တရမြို့၊ ဒေရဗေမြို့မှ တဆင့် တောရွာများသို့ ထွက်ပြေးတိမ်းရှောင်ကြသည်။ ထိုဒေသသို့ရောက်သောအခါတွင်လည်း နှုတ်ကပတ်တော်မဟာကြားဘဲ မနေနိုင်ကြသဖြင့် ဧဝံဂေလိတရား ဟောကြားကြပြန်သည်။
တမန်တော်များသည် ခဲပေါက်ခံရသဖြင့် လုတ္တသို့ ရှောင်ပြေးကြသည်။ ထိုအန္တရာယ်သည် ယခုမှကြုံတွေ့သည်မဟုတ်ပါ။ အခြားနေရာများတွင်လည်း ကြုံတွေ့လေ့ရှိသည်။ သို့သော် ဧဝံဂေလိတရားကို မဟောကြားအောင် မည်သည့်အရာကမှ မဟန့်တားနိုင်။ ထိုသို့ဖြစ်လျှင် ဘေးမသီရန်မခဘဲ မည်သို့လွတ်မြောက်ကြသနည်း။ အဖြေကရှင်းပါသည်။ သန့်ရှင်းသောဝိညာဉ်တော်က အမြဲကွယ်ကာပေးသည်။ တမန်တော်များသည် ကိုယ်တော်ဘုရားနှင့် နီးကပ်စွာရှင်သန်သူများဖြစ်သည်။ ခရစ်တော်ထဲ၌ တည်မှီကြသည်။ ဘုရားသခင်၏ စိတ်တော်နှင့် ထိတွေ့သူများဖြစ်သည်။ အလိုတော်အတိုင်းနာခံအသက်ရှင်ခြင်းသည် အရေးကြီးသော ပဓာနအကြောင်း တရားဖြစ်သည်။
၁၄:၈-၉ လုတ္တရမြို့တွင် မွေးရာပါ ခြေမစွမ်းသူတစ်ယောက် ရှိသည်။ ထိုဒုက္ခိတသည် ပေါလု၏ စကား ကြားလာသောအခါ လွန်စွာစိတ်ဝင်စားသွားသည်။ ထိုသူစိတ်ဝင်စားနေကြောင်း ပေါလုအလိုလိုသိသည်။ မည်သို့သိနိုင်ပါသနည်း။ စစ်မှန်သော ဧဝံဂေလိဆရာကို ဝိညာဉ်နှင့် ကိုယ်ခန္ဓာပါ ကျမ်းမာစေနိုင်သောအခွင့် ဘုရားသခင်ပေးထားကြောင်း ယုံကြည်ရပါသည်။
၁၄:၁၀-၁၂ ရှင်ပေါလုက “ထ၍လမ်းလျှောက်ပါ” ဟု စေခိုင်းသည်နှင့် တပြိုင်နက် ထိုသူသည် လမ်းလျှောက်သည်။ ထိုအံ့ဖွယ်အမှုကို မျက်ဝါးထင်ထင်တွေ့မြင် ကြသောအခါ ပရိသတ်များ အော်ကြီးဟစ်ကျယ်ပြုကြသည်။ လူထုပရိသတ်က ဗာနဗကို ဇုသ၊ ပေါလုကို ဟေရဗေနတ်ဘုရားဟု ထင်မှတ်ကြသည်၅၈။ ထိုရပ်သူရွာသားများ ဘိုးဘွားစဉ်လာ ကိုးကွယ်ခဲ့ကြသော နတ်ဘုရားများ လူ့အသွင်ဖြင့် အလည်ရောက်လာကြသည်ဟု ယူဆကြသည်။ ထိုတရားပွဲတွင် ဗာနဗသည် ထိုင်နေ၍ ပေါလုက ဟောကြားသဖြင့် ဗာနဗအား နတ်ဆရာကြီးဟု ထင်သည်။ ပေါလုကို နတ်၏စေတန်ဟု Hermes ထင်ကြသည်။
၁၄:၁၃ ထိုအခါ ဇုသနတ်ဘုရားကို ဦးဆောင်ပူဇော်ပေးလေ့ရှိသော ယဇ်ပုရောဟိတ်သည် နွားတကောင်ကို ဆွဲ၍ ထိုဇုသနတ်ဘုရားအား ပူဇော်ရန် မြို့တံခါးနားသို့ ထွက်သွားသည်။ ထိုအပြုအမူသည် ခရစ်ယာန်ယုံကြည်ခြင်းအား ဆန့်ကျင်ရာတွင် ကြီးမားသော အန္တရာယ်ဖြစ်သည်။
၁၄:၁၄-၁၅(က) ဗာနဗနှင့် ပေါလုတို့သည် လုတ္တရမြို့သားများ၏ ထုံးစံကို မသိသဖြင့် မြို့တစ်ခါးဝနားသို့ သွားကြရခြင်းအကြောင်းကို မသိ။ အကြောင်းစုံသိသောအခါ ဝမ်းနည်းကြေကွဲသော အထိမ်းအမှတ်အဖြစ် တမန်တော်နှစ်ဦးသည် သူတို့အဝတ်အစားများကို ဆုတ်ဖြဲ၍ ရပ်သူရွာသားများအား ထိုသို့နတ်ပူဇော်ခြင်းမပြုရန် တားဆီးကြသည်။ ပရိသတ်များအကြားတွင် ဝင်ရောက်၍ တောင်းပန်ကြသည်။ တမန်တော်များသည် ရွာသားများထင်မှတ်သည့် နတ်များမဟုတ်ကြောင်း၊ ရပ်သူရွာသားများကဲ့သို့ သူလိုငါလို လူသားများဖြစ်ကြောင်း ရှင်းပြကြသည်။ ၎င်းတို့ရည်ရွယ်ချက်မှာ ရပ်တုဆင်းတုကိုးကွယ်ကြသူများအား ဘုရားသခင်ထံတော်၌ အသက်ရှင်ကြရန် သတင်းကောင်း ဝေငှဖြင်းဖြစ်ကြောင်း ဆက်လက်ရှင်းပြကြသည်။
၁၄:၁၅(ခ)-၁၇ ထိုတရားနာပရိသတ်သည် ယုဒလူမျိုးမဟုတ်။ တပါးအမျိုးသားများ ဖြစ်သောကြောင့် ဓမ္မဟောင်းကျမ်းကို အထောက်အကူယူ မရှင်းပြခြင်းဖြစ်သည်။ ထို့ကြောင့် လူတိုင်း၊ တိုင်းနိုင်ငံတိုင်း နားလည်နိုင်သော ဖန်ဆင်းခြင်းစာကြောင်းဖြင့် အစပြု၍ ရှင်းပြခြင်းဖြစ်သည်။ အစအဦးတွင် လူမျိုးတိုင်းအား မိမိတို့အစီအစဉ်ဖြင့် လွတ်လပ်ခွင့်ပေးတော်မူခဲ့ပုံကို ဖန်ဆင်းခြင်း၊ ထောက်ပံ့ခြင်းများဖြင့် ရှင်းပြကြသည်။ ထိုသို့ အသက်ရှင်သန်နေနိုင်ကြရန် မိုးရွာစေတော်မူ၍ အသီးအနှံတို့ကို သီးစေနိုင်သော ဥတုကို ပေးတော်မူသောအားဖြင့် စိုက်ပျိုးခွင့်ပေးခဲ့သည်။ အစာအာဟာရမှီတဲ စားသုံးခြင်းဖြင့် ဝမ်းမြောက်ရွှင်လန်းခြင်း ပေးသနားတော်မူသည်။
၁၄:၁၈ တမန်တော်များ၏ လိုလားချက်မှာ ဘုရားသခင်အား ယုံကြည်ကိုးစားရန် ဖြစ်သည်။ သခင်ဘုရား၏ အစေခံများဖြစ်စေချင်သည်။ သို့သော် ရပ်သူရွာသားများ၏ အရိုးစွဲအယူဝါဒကို ချက်ချင်း မပြောင်းလဲစေနိုင်။
၁၄:၁၉-၂၀ အန္တိအုတ်နှင့် ဣကောနိမှ ယုဒလူစုသည် လတ္တရသို့ လိုက်လာကြပြီး ပေါလုနှင့် ဗာနဗတို့ကို ဖမ်းဆီးကြသည်။ တပါးအမျိုးသားများအား သွေးထိုးလှုံးဆော်ခြင်း အောင်မြင်ခဲ့ကြသည်။ နတ်ဘုရားပူဇော်ချင်ကြသော ရပ်သူရွာသားများက ထိုတမန်တော်များအား ခဲဖြင့်ဝိုင်းပေါက်ကြသည်။ မလှုပ်မယှက်တော့သဖြင့် သေပြီဟု ထင်မှတ်၍ ပေါလုကို မြို့ပြင်သို့ ဆွဲထုတ်ကြသည်။
ထိုအကြောင်းကို Kelly က ဤသို့ရေးထားသည်။
လုတ္တရသားများ၏ ငြင်းပယ်ခြင်းသည် ဝဋ်လည်မည်။ ထိုရပ်သူရွာသားများသည် လူ့အထင်အမြင်ကို ဦးစားပေး၍ မှားယွင်းသော အယူများကို ကိုးကွယ်ကြသည်။ ဘုရားသခင်ကို ငြင်းပယ်ပြီး ဘုရားသခင်မုန်းသီးသော လူ့အရေးအရာများကို ကိုးကွယ်ကြသည်။ မေလိတေကျွန်းသားများ (၂၈:၆) ကဲ့သို့ စိတ်နှလုံးပြောင်းလဲကြမည့်အစား ယုဒများ၏ သဘာဝရှေ့ရိုးစဉ်လာ ရေနောက်ထဲသို့ မျောပါသွားကြသည်။ တမန်တော်များကို မိစ္ဆာပရောဖက်များပမာ စွပ်စွဲကြသည်။ အချည်းနှီး နတ်ကိုးကွယ်ခြင်းကို ဟန့်တားသောကြောင့် ခဲဖြင့်ပေါက်သတ်၍ မြို့ပြင်သို့ ဆွဲထုတ်လွှင့်ပစ်ရက်ကြသည်တကား။၅၉
ရှင်ပေါလုသည် ခဲပေါက်ဒဏ်ရာဖြင့် တကယ်မသေပါ။ အကယ်၍ (၂ကော ၁၂:၂)သည် ဤအဖြစ်အပျက်ကို ရည်ညွှန်းထားသည်ဆိုလျှင် သတိမေ့မျောခြင်းဖြစ်ပေမည်။ အံ့ဘွယ်ကောင်းပါသည်။ အခြားတမန်တော်များက ပေါလုကို ထိုင်းဝန်းပြုစုကြသည်။ နောက်နေ့တွင် ဗာနဗနှင့် အတူဒေရဗေမြို့သို့ ထွက်ခွာသွားကြသည်။
၁၄:၂၁ ထိုတပည့်တော်များ၏ သာသနာခရီးတွင် အသက်ဘေးအန္တရာယ်လုံခြုံရေးသည် အဓိကမဟုတ်။ ထိုအကြောင်းကို ဒေရဗေတွင် တရားဟောပြီးနောက် ခဲပေါက်ခြင်းခံရသော လုတ္တရမြို့သို့ တဖန် ပြန်လည်ရောက်ရှိခြင်းဖြင့် နားလည်နိုင်သည်။ “လုတ္တရမြို့သို့ တန်ခိုးအပြည့်အစုံဖြင့် ပြန်လာ၍ လျင်မြန်စွာ ပြောင်းလဲစေသည်” ဟု ကျမ်းစကားဆိုထားသည်။
ဤနေရာတွင် တိမောသေ၏နာမကို ထုတ်ဖေါ်ပြသခြင်းမရှိသော်လည်း ထိုပရိသတ်ထဲတွင် ပါဝင်နေသည်။ နောက်တကြိမ် လတ္တရသို့ ပေါလုပြန်ရောက်သောအခါ တိမောသေသည် တပည့်တော်ဘဝ ခံယူရန် အဆင်သင့်ဖြစ်နေကြောင်း (၁၆:၁-၂) တွေ့ရသည်။ (၁တိ ၁:၂)တွင် ပေါလုက ယုံကြည်ခြင်း၌ သားတော်စပ်သူဟုဆိုသည်။ ပေါလု၏ အသက်တာတွင် နမူနာ ယူထိုက်သော “သမ္မာတရား၏သား” ဖြစ်သည်မှာ သေချာသည်။
လုတ္တရတွင် အမှုဆောင်ခြင်း ရပ်နားပြီးသော အခါ တမန်တော်များသည် အသင်းတော်ထူထောင် ခဲ့ကြပြီးသော ဣကောနိမြို့နှင့် အန္တိအုတ်မြို့ များသို့ ပြန်လာကြသည်။ တမန်တော်များ ရည်ရွယ်ချက်မှာ အသင်းတော်အား ဆက်လက်ပြုစုပျိုးထောင်ဖို့ နောက်ဆက်တွဲ အလုပ်လုပ်ရန်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဟောပြောသွန်သင်ခြင်း၊ ဝိညာဉ်ကယ်တင်ခြင်းများ လုပ်ဆောင်ရန် မဝနိုင်ကြ။ ဤအမှုတော်သည် အစပျိုးခြင်းသာဖြစ်သည်။ ယုံကြည်သူများ ယုံကြည်ခြင်း ပိုမိုမြင့်မားဖို့ အထူးသဖြင့် ဘုရားသခင်၏ အကြံအစည်တော် အသင်းတော်ယုံကြည်ခြင်း၌ ထက်သန်ကြဖို့ ဟောပြောသွန်သင်ရန် များစွာကျန်နေသေးသည်။
ထိုအကြောင်းကို Erdman က ဤသို့ဆိုသည်။
သာသနာပြုခြင်း၏ အဓိကရည်ရွယ်ချက်မှာ သာသနာမြေတည်ဆောက်ခြင်း၊ အသင်းတော်တည်ဆောက်ခြင်း၊ အသင်းတော်ကို အားပေးလှုံ့ဆော်ခြင်းဖြစ်သည်။ ပေါလု၏ ရည်မှန်းချက်နှင့် လက်တွေ့ဘဝသည်လည်း ထိုအတိုင်းဖြစ်သည်။၆၀
၁၄:၂၂ နောက်ဆက်တွဲအလုပ်များမှာ တပည့်တော်များ၏ ဝိညာဉ်ရေးရာ အားပေးခြင်း၊ နှုတ်ကပတ်တော်၌ ယုံကြည်မှုခိုင်မြဲစေခြင်း ဖြစ်သည်။ လုပ်ငန်းစဉ်ကို ပေါလုက (ကော ၁:၂၈-၂၉) တွင် “ခရစ်တော်အားဖြင့် လူတိုင်းစုံလင်ခြင်းသို့ ရောက်၍ လူခပ်သိမ်းတို့ကို ဆက်သအံ့သောငှာ၊ ငါတို့သည် လူခပ်သိမ်းတို့ကို သတိပေး၍ ပညာအမျိုးမျိုးနှင့် ဆုံးမသွန်သင်လျက် ခရစ်တော်၏တရားကို ဟောပြောကြ၏” ဟုဆိုထားသည်။
ဒုတိယအနေဖြင့် ယုံကြည်ခြင်း၌ မြဲမြံကြရန် အားပေးခြင်းဖြစ်သည်။ ယုံကြည်သူများ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသည့် ကာလဆိုးဖြစ်သည်။ ငါတို့ သည် များပြားသော ဆင်းရဲဒုက္ခခံရ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ကြရမည် ဟု တိုက်တွန်းအားပေးထားသည်။ ဘုရားသခင်၏ နိုင်ငံတော်ဆိုသည်မှာ ယေရှု ပေါ်ထွန်းချိန်တွင် ကြုံတွေ့ရမည့် အနာဂတ် မျှော်လင့်ချက်ဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခွင့်ရသူသည် ဦးစွာ အသစ်တဖန်မွေးဖွားခြင်းခံရမည်။ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခသည် ကယ်တင်ခြင်း အကျိုးဆက်မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်နိုင်ငံတော်ထဲသို့ မဝင်ရောက်မီ ကယ်တင်ခြင်းရရှိသူများသည် လောကဆင်းရဲ၊ ညှဉ်းပန်းနှိပ်စက် ခံကြရသည်မှာ မထူးဆန်းပါ။ “ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခခံရလျှင် ထိုသခင်နှင့် ဆက်ဆံရသော အမွေခံလည်းဖြစ်ကြ၏” (ရော ၈:၁၇)။
၁၄:၂၃ ထိုကာလတွင် တမန်တော်ကြီးများသည် အသင်းတော်တိုင်းတွင် အသင်းတော်လူကြီး၊ သင်းအုပ် များခန့်ထားသည်။ ဤကျမ်းချက်နှင့် ပတ်သက်၍ သဘောထားအမြင် အမျိုးမျိုးရှိကြသည်။
၁။ ဓမ္မသစ်ကျမ်း အသင်းတော်လူကြီးများ (Presbyters) ဒေသန္တရအသင်းတော်များ၌ ဝိညာဉ်ရေးရာ ရင့်ကျက်သူ၊ ဘုရားသခင်ခန့်အပ်သူ များဖြစ်သည်။ ဘုန်းတော်ကြီး သို့မဟုတ် ကြည့်ရှုစောင့်ရှောက်သူဟုလည်း ခေါ်ကြသည်။
၂။ အသင်းတော်စတင်ထူထောင်ခါစတွင် သင်းအုပ်များခန့်ထားကြောင်း တမန်တော်ဝတ္ထု၌ မတွေ့ရပါ။ တမန်တော်များ နောက်တကြိမ်လှည့်လည်သောအခါတွင် ခန့်အပ်ကြခြင်းဖြစ်သည်။ တနည်းပြောရလျှင် အသင်းတော် စပ်ကူးမတ်ကူးကာလတွင် သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်လူကြီးများကို ခန့်အပ်ခြင်းဖြစ်သည်။
၃။ အသင်းတော်လူကြီးများကို တမန်တော်များ သို့မဟုတ် တမန်တော်များ၏ အာဏာလွှဲအပ် ခြင်းခံရသော ပုဂ္ဂိုလ်များက ခန့်အပ်သည်။ ထိုကာလတွင် အသင်းတော်လူကြီး (သင်းအုပ်) အရည်အချင်းကို သတ်မှတ်ခြင်းမရှိသေး။ သမ္မာကျမ်းစာနှင့် ကိုက်ညီသူများကို တမန်တော်များ သိရှိတွေ့မြင်ကြပါသည်။ ကိုက်ညီသူများကို စီရင်ခွဲခန့် ခြင်းဖြစ်သည်။
၄။ ယနေ့ခေတ်ကာလတွင် အသင်းအုပ်များ ခန့်အပ်ပေးမည့် တမန်တော်များ မရှိတော့ပါ။ သင်းအုပ် အရည်အချင်းကို ၁တိ ၃ နှင့် တိ ၁ အရည်အချင်းနှင့် ပြည့်စုံသူအား သိုးထိန်းကြီး၏ လက်အောက်တွင် သိုးထိန်းအဖြစ် ခွဲခန့် အသိမှတ်ပြုနိုင်ကြပါသည်။
ပေါလုနှင့် ဗာနဗသည် အစာရှောင် ဆုတောင်းပြီးနောက် ယုံကြည်သူများအား ကိုယ်တော်ဘုရားထံ ဆက်ကပ်အပ်နှံကြသည်။ အချိန်တိုကာလအတွင်းမှာ တမန်တော်သာသနာပြုဆရာများ၏ ဆုတောင်းပေးချက်ကြောင့် ယုံကြည်သူများပြားလာ ကြသည်။ ထိုသူများကို အသင်းတော်ထဲသို့ ဝင်စေကြသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ပေါလုနှင့် ဗာနဗတို့ လုပ်ဆောင်ချက်များကို ကောင်းကြီးပေးသဖြင့် ရောက်လေရာ၌ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေကြသည်။ အမှန်တကယ် ယုံကြည်လာသည်။ သာသနာပြုဆရာများသည် ဟောကြားခြင်းအားဖြင့် သာမဟုတ်။ အသက်တာဖြင့်လည်း နမူနာ ကောင်းပြသကြသည်။ ထိုသာသနာပြု သူရဲကောင်းနှစ်ဖေါ်၏ ဝိညာဉ်ရေးရာ အောင်မြင်မှု အသီးအပွင့်များသည် များစွာဖြစ်ထွန်းခဲ့သည်။
အခန်း ၂၁ မှ ၂၃ သည် တမန်တော်များ၏ သတင်းကောင်းဟောကြားခြင်း၊ သွန်သင်ခြင်းကြောင့် တရားနာပရိသတ်များ အသက်တာပြောင်းလဲကြခြင်း၊ အသင်းတော်တည်ထောင်ခြင်းနှင့် လိုက်လံအားပေးခြင်းအကြောင်း များဖြစ်သည်။
၁၄:၂၄-၂၆ သူရဲကောင်း နှစ်ယောက်သည် ပေရဂေပြည်အနှံ့ လိုက်လံတရားဟောပြီးနောက် ပံဖုလိပြည်သို့ ရောက်သွားကြသည်။ ပေရဂေမြို့သို့ ဝင်ရောက်ပြီး အတ္ထလိသင်္ဘောဆိပ်မှ အန္တိအုတ်သို့ ရေကြောင်းခရီးဆက်နှင်ကြသည်။ ဤနေရာတွင် ပထမသာသနာခရီးစဉ် အဆုံးသတ်သွားသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ပြန်လည်ရေတွက် ချီးမွမ်းကြသည်။
၁၄:၁၇ အန္တိအုတ်မြို့သို့ ပြန်ရောက်၍ ကျေးဇူးတော်များ ပြန်လည်ချီးမွမ်းသောအခါ အဘယ်မျှဝမ်းသာကြမည်နည်း။ အန္တိအုတ်အသင်းတော်တွင် ညီအကိုများနှင့် အတူတကွ မဿဟာယဖွဲ့ကြမည်။ ဘုရားသခင် အသုံးပြုပုံ၊ တပါးအမျိုးသားများအား ယုံကြည်ခြင်းတံခါး ဖွင့်ပေးပုံကို သက်သေခံကြမည်။ ထိုသို့လုပ်ဆောင်ခဲ့ခြင်းသည် ဘုရားသခင်အတွက်သာမဟုတ်။ ထိုသို့ အသုံးပြုခံရသောကြောင့် သူတို့ ကိုယ်တိုင်လည်း ပျော်ရွှင်ချမ်းမြေ့ကြသည်။
၁၄:၂၈ အန္တိအုတ်မြို့တွင် အခြားတပည့်တော်များနှင့် အတူ ကာလရှည်ကြာ နေထိုင်ကြသည်။ တနှစ်မက နှစ်နှစ်ခန့် ကြာမည်ထင်ပါသည်။
သာသနာပြခြင်း သေနင်္ဂဗျူဟာ
မထင်မရှားလက်တဆုပ်စာ တပည့်တော်များက ကမ္ဘာ့အစွန်းတိုင်အောင် သာသနာပြုနိုင်ကြခြင်းသည် စိတ်ဝင်စားဖွယ်ကောင်းသည်။ မိမိအတွက် အရံအတား၊ ခြွင်းချန်မထားဘဲ၊ စိတ်ရောကိုယ်ပါ မြုပ်နှံကြခြင်းကြောင့် ဖြစ်သည်။
သာသနာပြုဆရာအများစုသည် နေ့စဉ်အသက်တာကို ဒေသန္တာရအသင်းတော် ယုံကြည်သူများနှင့် နီးကပ်စွာ ရှိနေကြသည်။ ထိုသူများမှတဆင့် အိမ်နီးနားချင်းများသို့ တဖြည့်ဖြည့် အောင်မြေချဲ့ကြသည်။
ထို့နောက်တွင်မူကား တနိုင်ငံမှ တနိုင်ငံ ကူးလူးသွားလာ၍ ဧဝံဂေလိတရား ဟောပြောကြသည်။ အသင်းတော်မျိုးစေ့စိုက်ကြသည်။ အနည်းဆုံးနှစ်ယောက်တတွဲ သို့မဟုတ် ထို့ထက်ပို၍ လူအုပ်ဖြင့် သွားလာဟောပြောကြသည်။ တစ်ခါတရံ လူငယ်လူရွယ်များသည် အတွေ့အကြုံရှိသော လူကြီးများနှင့် လက်တွဲရသည်။ ဥပမာပြရလျှင် တိမောသေနှင့် ပေါလုလက်တွဲခြင်းမျိုး ဖြစ်သည်။
သာသနာပြုခြင်းနည်းဗျူဟာကို အကြမ်းအားဖြင့် တစ်ဦးခြင်း သာသနာပြုခြင်းနှင့် အဖွဲ့လိုက်သာသနာပြုခြင်းဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ ပွဲတွေနည်းလမ်းမှာ တရားဟောပြောခြင်းဖြစ်သည် နေရာတစ်ခုကို ခြေကုပ်ယူ၍ ဟောပြောရသည်။
တမန်တော်ဝတ္ထုထဲမှ သာသနာပြုခြင်းအားလုံးနီးပါသည် တရားဟောကြားခြင်းနည်း ဗျူဟာဖြစ်သသည်။ ထိုသို့ တရားဟောပြောခြင်း နည်းလမ်းကျင့်သုံးလျှင် အသေအချာ ပြင်ဆင်ရသည်။ မမျှော်လင့်သောကိစ္စများကိုလည်း ကြိုတင်မှန်းဆ ပြင်ဆင်ရသည်။၆၁
E.M.Bounds က ထိုသို့ တရားဟောခြင်း နည်းဗျူဟာကျင့်သုံးလျှင် ခဏတဖြုတ် မဖြစ်ရ။ တရားနာ ပရိသတ်တို့၏ ဘဝထဲသို့ စီးဝင်သွားသည့်တိုင်အောင် ဟောကြားရမည်ဟု ဆိုသည်။
တပည့်တော်များသည် အပေါင်းအဖေါ်များနှင့် သန့်ရှင်းသောဝိညာဉ်တော် ပါဝင်မှုဖြင့် သာသနာပြု ကြဖြင်းဖြစ်သည်။ သာသနာပြုရာတွင် မိခင်အသင်းတော်၏ လမ်းညွှန်ကိုလည်း ခံယူရသည်။ အသင်းတော်၏ အားပေးထောက်ခံမှု ရှိရသည်။ ပေါလု နှင့် ဗာနဗတို့ ပထမဆုံးအကြိမ် သာသနာပြုခရီး ထွက်ခါနီးတွင် အန္တိအုတ် အသင်းတော်လူကြီးများက လက်တင်ကောင်းကြီး ပေးခဲ့ကြသည် (၁၃:၂)။ တိမောသေသည်လည်း ပေါလုနှင့် မထွက်ခွာမီ လုတ္တရနှင့် ဣကောနိ ညီအကိုများ၏ ယုံကြည်အားထားခြင်း ရယူခဲ့သည်(၁၆:၂)။ ပေါလုနှင့် သိလတို့ ဒုတိယအကြိမ် သာသနာခရီးထွက်ခွာနီးတွင်လည်း အန္တိအုတ် အသင်းတော်က ကောင်းကြီးပေးခဲ့ကြသည်။ (၁၅:၄၀)။
ပထဝီနည်းဗျူဟာအရ တမန်တော်ကြီးများသည် မြို့ကြီးပြကြီးများတွင် အသင်းတော်စတင်ပျိုးထောင်ကြသည်။ ထိုအချက်အချာကြသော မြို့ကြီးများမှ တဆင့် အနီးဝန်းကျင် ဆင်ခြေဖုံးနှင့် ကျေးလက်များသို့ ခြေဆန့်ကြသည်။ ထိုနည်းလမ်းသည် ရှင်းလင်းလွယ်ကူသောနည်းလမ်းဖြစ်သည်။ သာသနာပြုခြင်း၏ အဓိကသွေးကြောမှာ မြို့ကြီးပြကြီးမှာဖြစ်စေ၊ ကျေးလက်ဇနပုဒ်မှာဖြစ်စေ သန့်ရှင်းသောဝိညာဉ်တော်၏ ပါရှိရသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဖိလိပ္ပုအား ဂါဇာကန္တာရခရီးတွင် ရှမာရိလူအား (၈:၂၆-၄၀) တကိုယ်တော် သာသနာပြုခိုင်းသည်။ ပေါလုကိုလည်း ဗေရိမြို့သို့ (၁၇:၁၀) ကောက်ကာငင်ကာသွားခိုင်းသည်။ တမန်တော် ဝတ္ထုကြည့်ရှုလျှင် ပထဝီမဟာဗျူဟာ ပုံသေကားချပ် သတ်မှတ်ချက်မရှိ။ ပြောင်းလွယ် ပြင်လွယ်ရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော် လမ်းပြသည့်အတိုင်း လုပ်ဆောင်ခြင်းသည် အောင်မြင်ရာ နည်းလမ်းဖြစ်သည်။
ဒေသန္တရအသင်းတော်သည် လူများ၏ ဧဝံဂေလိတရား လက်ခံရာဌာနဖြစ်သည်။ အသင်းတော်သည် ဧဝံဂေလိ လုပ်ငန်းဆောင်ရွက်ရာတွင် စနစ်တကျ စီမံချက်ရေးဆွဲ ဆောင်ရွက်ရသည်။ ဒေသန္တရအသင်းတော်သည် ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်၊ ကိုယ်ပိုင်ဘဏ္ဍာရေး၊ မိမိအဓိဌာန်ဖြင့် သာသနာပြုခြင်းများ လုပ်ဆောင်ခွင့်ရှိသည်။ တမန်တော်များသည် ယုံကြည်သူများအား ခွန်အားပေးခြင်း၊ လှည့်လည် တိုက်တွန်းခြင်း (၁၄:၂၁-၂၂၊ ၁၅:၁၄၊ ၂:၁-၂) နှင့် အသင်းတော်လူကြီးများ ခန့်ပိုင်ခွင့် (၁၄:၂၃) ရှိသည်။ တမန်တော်ကြီးများနှင့် အဖွဲ့များသည် သာသနာပြုခရီးသွားရာတွင် တစ်ခါတရံ မိမိအစီစဉ်ဖြင့် စရိတ်စကပြုကြသည်။ (၁၈:၃၊ ၂၀:၃၄)။ တစ်ခါတရံ အသင်းတော်၊ ယုံကြည်သူများက ပံ့ပိုးကြသည် (ဖိ ၄:၁၀၊ ၁၅၊ ၁၈)။ ပေါလုသည် သူ့ကိုယ်သူဟာ တာဝန်ယူသည်မဟုတ်၊ သူ၏ လုပ်ဖေါ်ဆောင်ဖက် သာသနာ့ခရီးဖေါ် များကိုလည်း ပံ့ပိုးသည် (၂၀:၃၄)။
ဘုရားသခင်၏ ကျေးဇူးတော်ဖြင့်သည်နှင့် အညီ ဒေသန္တရအသင်းတော်များက ပံ့ပိုးရသည်။ သို့သော်အသင်းတော်က ကန့်သတ်ချုပ်ချယ်ခြင်း မပြုရ။ သာသနာပြုဆရာများသည် ဘုရားသခင်၏ ဆုလက်ဆောင်များအား အခမဲ့ လိုက်လံဝေငှသူများ ဖြစ်သောကြော့် အကျိုးအမြတ်မျှော်လင့်ခြင်း မထားရပါ (၂၀:၂၀)။
သာသနာခရီးစဉ် ပြီးဆုံးတိုင်း မိခင်အသင်းတော်သို့ ပြန်လည်အစီရင်ခံရသည် (၁၄:၂၆-၂၈၊ ၁၈:၂၂-၂၃)။ ထိုနည်းနိသျှယသည် ကာလစဉ်ဆက် အသင်းတော်တိုင်းတွင် ကျင့်သုံးအပ်သော နိယာမဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။