တမန်တော်၀တ္ထု - ၁၃

ဗာနဗနှင့်ရှောလုကိုစေလွှတ်ခြင်း
1အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟုခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေပြည်သား လုကိ၊ စော်ဘွားဟေရုဒ်၏ သူငယ်ချင်းအရင်းဖြစ်သော မာနင်နှင့် ရှောလုတည်းဟူသော ပရောဖက်ပြုသူ၊ ဆရာပြုသူရှိကြ၏။- 2ထိုသူတို့သည် သခင်ဘုရားဝတ်ကိုပြု၍ အစာကိုရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ငါခန့်ထားသောအမှုကို ဆောင်ရွက် စေခြင်းငှာ ဗာနဗနှင့်ရှောလုတို့ကို ရွေးချယ်ခွဲထားကြလော့ဟု မိန့်တော်မူသည်အတိုင်း၊- 3အစာရှောင်၍ ပတ္ထနာပြုလျက်၊ ထိုသူတို့ခေါင်းပေါ်မှာ လက်ကိုတင်၍ လွှတ်လိုက်ကြ၏။
ကုပရုကျွန်းတွင်အမှုဆောင်ခြင်း
4ထိုသို့သန့်ရှင်းသော ဝိညာဉ်တော် စေလွှတ်တော်မူသောအားဖြင့်၊ ထိုသူတို့သည် သေလုကိမြို့သို့သွား၍ ထိုမြို့မှ သင်္ဘောနှင့်လွှင့်သဖြင့်၊ ကုပရုကျွန်းသို့ ရောက်ကြ၏။- 5ရှာလမိမြို့၌ရှိနေစဉ်၊ ယုဒတရားဇရပ်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ ယောဟန်သည်လည်း ထိုသူတို့၏လက်ထောက် ဖြစ်သတည်း။- 6တစ်ကျွန်းလုံးကိုလျှောက်၍ ပါဖုမြို့သို့ရောက်လျှင်၊- 7ဗာယေရှုအမည်ရှိသော ယုဒအမျိုးသား မိစ္ဆာပရောဖက်ဖြစ်သော နတ်ဝိဇ္ဇာအတတ်သမားကို မြို့ဝန်မင်းသေရဂိပေါလုထံ၌ တွေ့ကြ၏။ ထိုမြို့ဝန်သည် ပညာသတိရှိသဖြင့်၊ ဗာနဗနှင့် ရှောလုတို့ကိုခေါ်ပင့်၍ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နာလိုသောစိတ်ရှိသော်၊- 8အနက်အားဖြင့် နတ်ဝိဇ္ဇာအတတ်သမားဟု ဆိုလိုသော ဧလုမ အမည်ရှိသောထိုသူသည် မြို့ဝန်ကို ယုံကြည်ခြင်းမှ လွှဲအံ့သောငှာ တမန်တော်တို့ကို ဟန့်တားလေ၏။- 9ထိုအခါပေါလုဟု အမည်တွင်သော ရှောလုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ထိုနတ်ဝိဇ္ဇာအတတ်သမားကို စေ့စေ့ကြည့်ရှုလျက်၊- 10လှည့်ဖြားခြင်း၊ အကျိုးကိုဖျက်ခြင်း အမျိုးမျိုးနှင့်ပြည့်စုံသော မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်းတရား၏ရန်သူ၊ သင်သည် ထာဝရဘုရား၏ ဖြောင့်မတ်သောလမ်းခရီးတို့ကို မဖျက်ဆီးဘဲမနေနိုင်သလော။- 11ယခုပင် ထာဝရဘုရား၏ လက်တော်သည် သင့်အပေါ်သို့ရောက်၍၊ နေကိုမျှမမြင်နိုင်အောင် အင်တန်ကာလပတ်လုံး သင်၏ မျက်စိကွယ်လိမ့်မည်ဟု ပေါလုဆိုသော ခဏချင်းတွင် မျက်စိမြှေးယှက်၍ မှောင်မိုက်အတိဖြစ်သဖြင့်၊ လက်ဆွဲပေးသော သူတို့ကိုရှာလျက် တလည်လည်ရှိ၍နေ၏။- 12ထိုအကြောင်းအရာကို မြင်လျှင်၊ မြို့ဝန်သည် ယုံကြည်ခြင်းသို့ ရောက်၍၊ သခင်ဘုရား၏ ဒေသနာတော်ကို အလွန်အံ့ဩမိန်းမော၍ နေ၏။
ပိသိဒိပြည်အန္တိအုတ်မြို့တွင် အမှုဆောင်ခြင်း
13ပေါလုနှင့် ပါသောသူတို့သည် ပါဖုမြို့မှလွှင့်၍ ပမ်ဖုလိပြည်၊ ပေရဂေမြို့သို့ရောက်ကြလျှင်၊ ယောဟန်သည် သူတို့ထံမှထွက်၍ ယေရုရှလင်မြို့သို့ ပြန်လေ၏။- 14ပေရဂေမြို့မှထွက်သွားပြန်၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ ရောက်လျှင်၊ ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ထိုင်ကြ၏။- 15ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းကို ဖတ်ရွတ်ပြီးမှ၊ တရားဇရပ်မှူးတို့သည်၊ ညီအစ်ကိုတို့၊ လူများအား ဆုံးမစရာစကားရှိလျှင် ဟောပြော ကြပါဟု လူကိုစေလွှတ်၍ ကြားပြောစေ၏။
16ထိုအခါပေါလုသည်ထ၍ မိမိလက်နှင့် အမှတ်ပေးလျက်၊ ဣသရေလလူမှစ၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ နားထောင်ကြလော့။- 17ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့ဘိုးဘေးများကို ရွေးကောက်တော်မူ၍၊ အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်သော ထိုလူမျိုးကို ချီးမြှောက်သဖြင့်၊ ထင်ရှားသော လက်တော်နှင့် ထိုပြည်မှ နုတ်ဆောင်တော်မူ၏။-ထွ၊ ၁:၇၊ ၁၂:၅၁။ 18အနှစ်လေးဆယ်မျှလောက်သော ကာလပတ်လုံး တော၌ ကျွေးမွေးတော်မူ၏။-တော၊ ၁၄:၃၄။ တရား၊ ၁:၃၁။ 19ခါနာန်ပြည်၌ လူခုနစ်မျိုးတို့ကို ပယ်ရှားပြီးလျှင်၊ ထိုပြည်ကို ဣသရေလအမျိုးအား အမွေပေးကမ်း ဝေငှတော်မူ၏။-တရား၊ ၇:၁။ ယောရှု၊ ၁၄:၁။ 20ထိုနောက်မှ ပရောဖက်ရှမွေလမပေါ်မရှိမီ အနှစ်လေးရာငါးဆယ်မျှလောက်သော ကာလပတ်လုံး၊ တရားသူကြီးတို့ကို ပေးတော်မူ၏။-သူကြီး၊ ၂:၁၆။ ၁ရာ၊ ၃:၂၀။ 21နောက်တစ်ဖန် ရှင်ဘုရင်ကို တောင်းကြသောအခါ ရှောလုအမည်ရှိသော ကိရှ၏သား၊ ဗင်္ယာမိန် အမျိုးဖြစ်သောသူကို အနှစ်လေးဆယ်ပတ်လုံး ပေးတော်မူ၏။-၁ရာ၊ ၈:၅၊ ၁၀:၂၁။ 22နောက်မှထိုသူကိုပယ်၍၊ ဣသရေလရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြှောက်တော်မူ၏။ ထိုသူအား သက်သေခံတော်မူလျက်၊ စိတ်နှလုံး၌ ညီညွတ်သည်ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ၏။-၁ရာ၊ ၁၃:၁၄၊ ၁၆:၁၂၊ ဆာ၊ ၈၉:၂၀။ 23ထိုသူ၏အမျိုးအနွယ်ထဲ၌ ဘုရားသခင်သည် ကတိတော်အတိုင်း ကယ်တင်သောသခင်ယေရှုကို ဣသရေလလူတို့အား ပေါ်ထွန်းစေတော်မူပြီ။- 24ထိုသခင်ကြွလာတော်မမူမီ ယောဟန်သည် ဣသရေလလူအပေါင်းတို့အား နောင်တနှင့် စပ်ဆိုင်သောဗတ္တိဇံတရားကို ဟောပြောနှင့်လေ၏။-မာ၊ ၁:၄။ လု၊ ၃:၃။ 25ယောဟန်သည် မိမိဆောင်ရွက်ရသော အမှုကိုပြု၍ နေစဉ်တွင်၊ ငါသည် အဘယ်သူဖြစ်သည်ကို သင်တို့ ထင်မှတ်ကြသနည်း။ ငါသည် ထိုသူဖြစ်သည်မဟုတ်။ ငါ့နောက်ကြွလာသောသူတစ်ပါးရှိသေး၏။ ထိုသူ၏ ခြေနင်းတော်ကို ငါမချွတ်ထိုက်ဟုဆို၏။-မ၊ ၃:၁၁။ မာ၊ ၁:၇။ လု၊ ၃:၁၆။ ယော၊ ၁:၂၀၊ ၂၇။
26အာဗြဟံအမျိုးဖြစ်သော ညီအစ်ကိုမှစ၍ သင်တို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ ဤကယ်တင်တော်မူခြင်း တရားစကားကို သင်တို့အား ကြားလိုက်တော်မူ၏။- 27ယေရုရှလင်မြို့၌ နေသောသူတို့နှင့်တကွ မင်းများတို့သည် ထိုသခင်ကိုလည်းကောင်း၊ ဥပုသ်နေ့တိုင်းအစဉ်ဖတ်ရွတ်သော ပရောဖက်တို့၏ စကားကိုလည်းကောင်း၊ မသိနားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင်သောအားဖြင့်၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံစေကြပြီ။- 28ကိုယ်တော်၌သေထိုက်သောအပြစ် တစ်စုံတစ်ခုကိုမျှ မတွေ့သော်လည်း၊ ကွပ်မျက်စေမည်အကြောင်း ပိလတ်မင်းထံ၌ တောင်းလျှောက်ကြ၏။-မ၊ ၂၇:၂၂-၂၃။ မာ၊ ၁၅:၁၃-၁၄။ လု၊ ၂၃:၂၁-၂၃။ ယော၊ ၁၉:၁၅။ 29ထိုသခင်ကိုရည်မှတ်၍ ကျမ်းစာ၌ ရေးထားသမျှတို့ကို ပြည့်စုံစေပြီးလျှင်၊ အလောင်းတော်ကို သစ်တိုင်မှချ၍ သင်္ချိုင်းတွင်း၌ ထားကြ၏။-မ၊ ၂၇:၅၇-၆၁။ မာ၊ ၁၅:၄၂-၄၇။ လု၊ ၂၃:၅၀-၅၆။ ယော၊ ၁၉:၃၈-၄၂။ 30ဘုရားသခင်သည်လည်း သေခြင်းမှ ထမြောက်စေတော်မူသည်ဖြစ်၍၊- 31ဂါလိလဲပြည်မှ ယေရုရှလင်မြို့သို့နောက်တော်၌ လိုက်သောသူတို့အား နေ့ရက်များစွာ ကိုယ်ကို ထင်ရှားပြတော်မူ၏။-တ၊ ၁:၃။ 32ထိုသူတို့သည် လူများတို့အား သက်သေခံ ဖြစ်ကြ၏။- 33ဆာလံကျမ်းဒုတိယခန်း၌ လာသည်ကား၊ သင်သည်ငါ့သား ဖြစ်၏။-ဆာ၊ ၂:၇။ 34ယနေ့ပင် သင့်ကိုငါဖြစ်ဖွားစေပြီဟု လာသည်နှင့်အညီ၊ ဘုရားသခင်သည် ယေရှုကို ထမြောက်စေတော်မူသဖြင့်၊ ငါတို့ဘိုးဘေး များ၌ရှိသော ကတိတော်ကို ထိုသူတို့၏ သားဖြစ်သောငါတို့အားပြည့်စုံစေတော်မူသည် ဟူ၍လည်းကောင်း၊ ဒါဝိဒ်၌မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ငါပေးမည်ဟူသောဗျာဒိတ်တော်နှင့်အညီ၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေ၍၊ နောက်တစ်ဖန် ပုပ်စပ်ခြင်းသို့ မပြန်ဘဲ အစဉ်ကင်းလွတ်ရမည်အခွင့်ကို ပေးတော်မူသည်ဟူ၍လည်းကောင်း၊ ဝမ်းမြောက်စရာသတင်း ဧဝံဂေလိတရားကို ငါတို့သည် သင်တို့အား ကြားပြောကြ၏။-ဟေရှာ၊ ၅၅:၃။ 35ထိုကြောင့် ဆာလံကျမ်းတစ်ခန်း၌ လာသည်ကား၊ ကိုယ်တော်၏သန့်ရှင်းသောသူအား ပုပ်စပ်ခြင်းကို ရှိစေတော်မမူဟု လာ၏။- 36ဒါဝိဒ်သည် မိမိကာလ၌ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ပြီးလျှင်၊ ကျိန်းစက်၍ မိမိဘိုးဘေးစုထဲသို့ဝင်သဖြင့် ပုပ်စပ်ခြင်းသို့ ရောက်လေ၏။- 37ဘုရားသခင် ထမြောက်စေတော်မူသော သူမူကား၊ ပုပ်စပ်ခြင်းသို့ မရောက်။
38ထိုကြောင့် ညီအစ်တို့၊ ထိုသခင်၏ကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်းတရားကို သင်တို့အား ဟောကြားသည်ကိုလည်းကောင်း၊- 39ထိုသခင်ကို ယုံကြည်သောသူ ရှိသမျှတို့သည် မောရှေ၏ တရားအတိုင်း မလွတ်နိုင်သော အပြစ်ရှိသမျှတို့နှင့် လွတ်ရကြသည်ကိုလည်းကောင်း သိမှတ် ကြလော့။- 40အနာဂတ္တိကျမ်း၌လာသည်ကား၊ မထီမဲ့မြင် ပြုတတ်သောသူတို့၊ ကြည့်ရှုအံ့ဩ၍ ပြယ်ပျောက်ခြင်းသို့ ရောက်ကြလော့။- 41အကြောင်းမူကား၊ သင်တို့အား သူတစ်ပါး ပြညွှန်သော်လည်း၊ သင်တို့မယုံသော အမှုကို သင်တို့လက်ထက်ကာလ၌ ငါပြုသည်ဟု ကျမ်းစာ၌ ပါသောအရာကို သင်တို့အပေါ်သို့ မရောက်စေမည်အကြောင်း၊ သတိပြုကြလော့ဟု ပေါလုဟောပြောလေ၏။ဟဗ၊ ၁:၅။
42လူများတို့သည် တရားဇရပ်မှ ထွက်သွားကြစဉ်၊ ထိုအကြောင်းအရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။- 43အစည်းအဝေးပြီး၍ ပြန်ကြသောအခါ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများတို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ တည်ကြည်မည်အကြောင်း၊ တမန်တော်တို့သည် ဖြားယောင်း၍ ဆုံးမဩဝါဒပေးလေ၏။- 44နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နားထောင်အံ့သောငှာ တစ်မြို့လုံး ကုန်မတတ်စည်းဝေးကြ၏။- 45ယုဒလူတို့သည် အစည်းအဝေးတို့ကို မြင်လျှင် ငြူစူသောစိတ်နှင့်ပြည့်စုံသဖြင့်၊ ပေါလု၏စကားကို ငြင်းခုံသည်သာမက ဆဲရေးကြ၏။- 46ထိုအခါ ပေါလုနှင့်ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို သင်တို့အား ရှေ့ဦးစွာ ဟောပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရအသက်ကို မိမိတို့ မခံထိုက်သည်ဟု မိမိတို့စီရင်ကြသောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တစ်ပါးအမျိုးသားတို့ဆီသို့ လှည့်ကြ၏။- 47မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ၊ သင့်ကို တစ်ပါးအမျိုးသားတို့လင်းစရာဖို့ ငါခန့်ထား၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့်စွာ ပြောဆိုကြ၏။-ဟေရှာ၊ ၄၂:၆၊ ၄၉:၆။ 48ထိုစကားကို တစ်ပါးအမျိုးသားတို့သည် ကြားလျှင် ဝမ်းမြောက်၍ ထာဝရဘုရား၏ နှုတ်ကပတ်တရားတော်ကိုချီးမွမ်းကြ၏။ ထာဝရအသက်ကိုရစေခြင်းငှာ ခန့်ထားတော်မူသော သူရှိသမျှတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြသဖြင့်၊- 49ထာဝရဘုရား၏သာသနာတော်သည် တစ်ပြည်လုံး၌ နှံ့ပြားလေ၏။- 50ထိုအခါ ဘုရားကိုကိုးကွယ်၍ အသရေရှိသော မိန်းမတို့နှင့် ထိုမြို့၌ အကြီးအကဲဖြစ်သောသူများကို ယုဒလူတို့သည် နှိုးဆော်၍၊ ပေါလုနှင့် ဗာနဗတို့ကို ညှဉ်းဆဲစေသဖြင့် ထိုပြည်၏နယ်မှ နှင်ထုတ်ကြ၏။- 51တမန်တော်တို့သည် မိမိတို့ခြေဖဝါး၌ကပ်သော မြေမှုန့်ကို ထိုသူတို့အား ခါလိုက်ပြီးမှ၊ ဣကောနိမြို့သို့ သွားကြ၏။-မ၊ ၁၀:၁၄။ မာ၊ ၆:၁၁။ လု၊ ၉:၅၊ ၁၀:၁၁။ 52တပည့်တော်များတို့သည် ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံကြ၏။-

တမန်တော်၀တ္ထု - ၁၃ (အနက်ဖွင့်)

အခန်း ၁၃ သည် ကျမ်းစာ သုတေသီများက တစ်မျိုးထူးခြားသည့်အကြောင်းအရာ ပြောင်းလဲသည်ဟု ဆိုကြသည်။ တမန်တော် ဝတ္ထု အပိုင်း(၂) အဖြစ် ဖော်ပြသင့်သည်ဟု ဆိုကြသည်။ ဤအခန်းမှစ၍ တပါးအမျိုးသားများအကြားတွင် ရှောလု၏ အမှုတော်ဆောင်ခြင်း ကဏ္ဍာပေါ်လွင်စွာ တွေ့ရသည်။

၁၃:၁  အခန်း ၁၁ တွင် ပါရှိသည့်အတိုင်း အန္တိအုတ်မြို့တွင် အသင်းတော် သန္ဓေတည်ပါသည်။ တစ်ဦးတစ်ယောက်အပေါ် အခြေမခံဘဲ၊ အသင်းတော်သည် ဝိညာဉ်ဆုကျေးဇူးမျိုးစုံခံစားသည်။ အနည်းဆုံး ပရောဖက်နှင့် ဓမ္မဆရာ(၅)ဦးရှိသည်။ ပရောဖက် ဆိုသည်မှာ လူများက ခန့်အပ်ရသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏ နှုတ်တော်ထွက်စကားများ ကြားသိ၍ အခြားသူများအား လက်ဆင့်ကမ်းဟောပြော သွန်သင်သူဖြစ်သည်။ လာမည့် အနာဂတ်အကြောင်းနှုတ်မှုရေးရာ အာစရိယများဖြစ်သည်။ ဓမ္မဆရာ ဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူအများသိရှိနားလည်အောင် အဓိပ္ပါယ် ရှင်းလင်းကြသူများဖြစ်သည်။

ထိုပရောဖက်များနှင့် ဓမ္မဆရာများ၏ အမည်နာမများကို အောက်တွင် တွေ့ရသည်။

၁။ ဗာနဗ။ ခရစ်တော်၏ သစ္စာရှိသော စေခံနှင့် ပေါလု၏ လုပ်ဖေါ်ဆောင်ဘက်ဖြစ်သည်။ သူ့အမည်နာမဦးစားပေးရခြင်းမှာ နှစ်ရှည်လများ ဆက်ကပ်သော ဝါရင့်သမ္ဘာရင့် ပုဂ္ဂိုလ်ကြီး ဖြစ်သောကြောင့် ဦးစားပေးခြင်းဖြစ်သည်။

၂။ ရှိမုန်ခေါ် နေဂျာ။ နာမည်ကြားသည်နှင့် ယုဒလူမျိုးမှန်းသိသည်။ အာဖရိက ယုဒဖြစ်နိုင်သည်။ သို့မဟုတ် နာမည်သစ်ယူခြင်းလည်း ဖြစ်နိုင်သည်။ နေဂျာ (ငမဲသို့မဟုတ် ညိုမှိုင်းဟု အနက်ရသည်)သည် တပါးအမျိုးသား အကြားအမှုတော်ဆောင်သူဖြစ်သည်။ အသားမဲသောကြောင့် အသားအရောင်နှင့် လိုက်ခေါ်ခြင်းလည်း ဖြစ်နိုင်သည်။ ထိုထက်ဘာမှ ပိုမသိ။

၃။ ကုရေနေပြည်သား လူစီယာ။ အန္တိအုတ်မြို့သို့ ရောက်ရှိ၍ သခင်ယေရှုအကြောင်းကို ဟောပြောသော ရှားရှားပါးပါး ကုရေနေပြည်သားဖြစ်သည်။ (၁၁:၂၀)။

၄။ မာနာအင် (ဓမ္မဟောင်းမှ မာနာအမ်နှင့် နာမည်တူဖြစ်သည်)။ ဟေရုဒ်မင်း၏ အမျိုးဖြစ်သည်။ မင်းဆိုးမင်းညစ် ဟေရုဒ်ဆွေမျိုးသားရင်းထဲမှ ခရစ်ယာန်သို့ ပြောင်းလဲသူ မောင်စံရှားသဖြင့် စိတ်ဝင်စားဖွယ်ကောင်းသည်။

၅။ ရှောလု။ နောက်ဆုံးတွင် လူ၏ နာမည်တွေ့ရသော်လည်း “နောက်ဆုံးလူအိတ်နှင့် လွယ်” ဆိုစကားအတိုင်း သမ္မာတရားကို ဘဝဆုံးတိုင် သယ်ဆောင်သွားသူဖြစ်သည်။ နောက်ဆုံးလူသည် အဦးဆုံးလူဖြစ်တတ်သည်ဟု ကျမ်းစကားရှိခဲ့သည်မဟုတ်လား။

ဤပုဂ္ဂိုလ်များ၏ စွမ်းဆောင်ဆက်ကပ်မှုကြောင့် ထိုကနဦးအသင်းတော်သည် လူမျိုးရေး၊ အရောင်အသွေးခွဲခြားခြင်းမရှိ၊ စည်းရုံးခိုင်မာသည်။ “ထိုအသင်းတော်တွင် ပေတံအသစ်ရှိခဲ့သည်။ ထိုပေတံမှာ “သင်ဘယ်သူလဲ” ဟူသော မေးခွန်းမဟုတ်။ သင့်ကို “ဘယ်သူပိုင်ဆိုင်သလဲ” ဟူသော ပေတံဖြစ်သည်။

၁၃:၂  ဤပုဂ္ဂိုလ်များသည် အတူတကွ ဆုတောင်းကြသည်။ အစာရှောင်ကြသည်။ အမှုတော်ဆောင်ကြသည်။ သခင်ဘုရားအမှုတော်ပြုကြသည် ဆိုသည်မှာ ဆုတောင်းခြင်းအတွက် အချိန်ယူ ဆုတောင်းကြခြင်းဖြစ်သည်။ အစာရှောင်ခြင်းဖြင့် ဇာတိအသွေးအသား တပ်မက်ခြင်းကို ငြင်းပယ် ဆန့်ကျင်၍ ဝိညာဉ်ရေးရာ၌ ခွန်အားဆောက်တည်ကြသည်။

အဘယ်ကြောင့် အတူတကွ ဆုတောင်းကြသနည်း။ ထိုဆုတောင်းခြင်းဖြင့် တိုင်းဆ၍ မရသော ဧဝံဂေလိတရား၏ လေးနက်မှုကို သိရှိနားလည်ကြရန်ဖြစ်သည်။ ညလုံးပေါက် ဆုတောင်းကြခြင်းမျိုး မှတ်တမ်းမှတ်ရာ မတွေ့ရှိသော်လည်း သာမန်ဆုတောင်းခြင်းမတူ၊ နေ့ရက်စဉ်တိုင်း မရပ်မနား ဆုတောင်းကြမည်မှာ သေချာသည်။

ထိုသို့ ဆုဆောင်းသောအခါ သန့်ရှင်းသောဝိညာဉ်တော်က အဖြေစကား သီးသန့်ပေးပါသည်။ သန့်ရှင်းသောဝိညာဉ်တော် လမ်းပြသည့်အတိုင်း ဗာနဗ နှင့် ရှောလု အလုပ်လုပ်ကြသည်။ မိမိကိုယ်၌က ဘာမှမတ်စွမ်းနိုင်သော်လည်း အခြားဘာသာစကားများတတ်ကျွမ်းကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်က ထိုပရောဖက်နှင့် ဓမ္မဆရာများကို မည်သို့ လမ်းပြသနည်း။ မည်သူသည် ပရောဖက်ဖြစ်သည်၊ ရှိမုန်လား၊ လူစီယာလား၊ မာနာဘင်လား မသိရသော်လည်း ထိုပုဂ္ဂိုလ်များထဲမှ တဆင့်ပြသခြင်းဖြစ်သည်။

ဤနေရာတွင် ဗာနဗကို ရှေ့ဆုံးမှ ဝါစဉ်ပေးထားသော်လည်း အန္တိအုတ်သို့ ပြန်ရောက်သောအခါ ပြောင်းပြန်ဖြစ်သွားသည်။

ဤကျမ်းပိုဒ်သည် ကနဦးအသင်းတော်တွင် သန့်ရှင်းသောဝိညာဉ်တော် လမ်းညွှန်မှုဖြင့် တပည့်တော်များ ခေါင်းဆောင်ပုံကို မီးမောင်းထိုးပြခြင်းဖြစ်သည်။

၁၃:၃  သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြချက်ကို ခံယူပြီးသောအခါ ထိုသူများသည် ဆက်လက်၍ အစာရှောင်ဆုတောင်းကြသည်။ ရှိမုန်၊ လူစီယာ၊ မာနဘင်တို့ (၃)ယောက်က ဗာနဗနှင့် ရှောလု ပေါ်သို့ လက်တင်ကောင်းကြီးပေးကြသည်။ ဤဆုတောင်းခြင်းသည် ယနေ့အသင်းတော်များတွင် သိက္ခာဘွဲ့ပေးသောအခါ လုပ်ရိုးလုပ်စဉ်အတိုင်း လက်တင်ပေးခြင်းမျိုးမဟုတ်၊ ဤသူနှစ်ယောက်အပေါ်တွင် သန့်ရှင်းသောဝိညာဉ်တော် ပိုမိုထင်ရှားဖို့ဖြစ်သည်။ လက်တင်ပေးခြင်းသည် အသင်းတော်လုပ်ထုံး လုပ်နည်းအရ လုပ်ဆောင်ခွင့်  အမိန့်အာဏာအပ်နှင်းခြင်းဆောင်သည် ဟု Barnhouse က ဤသို့ရှင်းပြသည်။

ယခုခေတ်ကာလတွင် အဆိုးဝါးဆုံးသော အမှားမှာ ဝိညာဉ်ဆုလက်ဆောင်ဟူသမျှ အပိုင်စီး၍ အသင်းတော်ကို သက်ဦးဆံပိုင် ဦးဆောင်လိုခြင်း ဖြစ်သည်။ အသင်းတော်တွင် သန့်ရှင်းသူများစွာ ပါဝင်သော်လည်း သင်းအုပ်တပါးသာရှိသည်။ ထိုသင်းအုပ်သည် တရားဒေသနာဟောကြားသည်။ လိုက်လံနှစ်သိမ့်သည်။ အခြားကိစ္စများလည်း လုပ်ရသည် ဓမ္မသစ်ကျမ်းတွင် ဝိညာဉ်ဆုကျေးဇူး (၈) မျိုး (ရော ၁၂:၆-၈) ပြထားပါသည်။ ထို (၈) ခု အနက် (၇) ခုသည် သိက္ခာတော်ရ သင်းအုပ်အရာဖြစ်သည် ဟု ယုဆကြသည်။ အခြားတစ်ခုမှာ ချန်ထားခဲ့သည်။

တချို့က သင်းအုပ်ဆရာမဟုတ်လျှင် တရားဒေသနာဝေငှနိုင်ပါသလားဟု မေးတတ်ကြသည်။ သမ္မာတရားနှင့်ဆိုင်လျှင် လူတိုင်း မိမိဝိညာဉ်ဆုကျေးဇူးကို ထုတ်ဖော်ခွင့်ရှိပါသည်။ ဝိညာဉ်ဆုကျေးဇူးသည် မှန်သောသမ္မာတရားလမ်း သို့သာဖြစ်ရသည်။ ဓမ္မသစ်ကျမ်းစာအတိုင်း ဖြစ်ရသည်။၅၃

ဗာနဗနှင့် ရှောလုသည်လည်း ဤအကြိမ်တိုင်မီ ရှစ်နှစ်တိုင်တိုင် အမှုတော်ပြုခဲ့ကြသည်။ ထိုသို့ပြုခဲ့ကြခြင်းသည် အလုပ်သင် ကိုယ်ရင်အဖြစ် လေ့ကျင့်ခြင်းမဟုတ်။ လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ယခုမူ တပါးအမျိုးသားများအကြားတွင် တပည်များ မွေးထုတ်နေကြပြီ။ ဘုရားသခင်၏ အမှုတော်၌ ပါဝင်ပုံကိုသက်သေထူကြပြီ။

“လွှတ်လိုက်ကြ၏” ဟူသော စကားမှာ ရှောလုတို့နှစ်ယောက်သာ လွှတ်လိုက်သည်မဟုတ်။ နှုတ်ကပတ်တော်နှင့် အတူ လွတ်လပ်စွာလုပ်ဆောင်ခြင်းဖြစ်သည်။

၁၃:၄  ဤအခန်းငယ်မှစ၍ ပေါလု၏ ပထမဦးဆုံး သာသနာ့ခရီးစဉ် တွေ့ရမည်။ ခရီးစဉ်ကို (၁၄:၂၆ )တွင် မှတ်တမ်းတင်ထားသည်။ အဓိကအားဖြင့် အာရှမိုင်းနားဒေသသို့ ဧဝံဂေလိပြုရန်ဖြစ်သည်။ ဒုတိယသာသနာ့ခရီးသည် ဂရိပြည်၊ တတိယခရီးစဉ်သ်ည အာရှမိုင်းနားနှင့် ဂရိအသင်းတော်များသို့ဖြစ်သည်။ အထူးသဖြင့် အာရှဒေသ ဧဖက်မြို့သို့ ဖြစ်သည်။ ပေါလု၏ သာသနာ့ခရီးစဉ်ကာလသည် နှစ်ပေါင်း (၁၅)နှစ်ခန့်ကြာသည်။ အန္တိအုတ်မြို့မှ (၁၆)မိုင်ခန့်ဝေးသော ဆိပ်ကမ်းမြို့၊ သေလုကိမြို့ သို့သွားသည်။ ထိုမှတဆင့် ကုပရုကျွန်း သို့ဆက်သည်။

၁၃:၅  ကုပရုကျွန်း အရှေ့ဘက်ကမ်းခြေ ရှာလမိသို့ သွားရောက်၍ တရားစရပ်တွင် နှုတ်ကပတ်တော် ဟောပြောကြသည်။ တရားစရပ်တွင် စုဝေး၍ တရားဓမ္မဆွေးနွေးဟောကြားခြင်းသည် ယုဒများ၏ ရိုးရာထုံးတမ်းစဉ်လာဖြစ်သည်။ ထို့အချိန်တွင် ယောဟန်မာကုလည်း အဖေါ်အထောက်အဖြစ် ပါရှိကြသည်။ (အမှုတော်ဆောင်မဟုတ် KJV)။ တရားစရပ်တွင် ဗာနဗနှင့် ပေါလုသည် ဝိညာဉ်တော်အားဖြင့် တရားဓမ္မဟောပြောကြသည်။

၁၃:၆  ရှာလမိမြို့မှ အနောက်ဘက်ကမ်းခြေရှိ ပါဖုမြို့ တိုင်အောင် တရားလိုက်ဟောကြသည်။ ရှာလမိသည် ကူသန်းရောင်းဝယ်ရေး အချက်အချာကြသော ဆိပ်ကမ်းမြို့ဖြစ်၍ ပါဖုမြို့သည် အကြီးဆုံးမြို့ဖြစ်သည်။

၁၃:၇-၈  ပါဖုမြို့တွင် အယူမှားယုဒပရောဖက်နှင့် မျက်လှည့်ဆရာ ဗာရှေရှုကို တွေ့သည် (စာတန်၏ သားဟု အနက်ရသည်)။ ထိုနတ်ဝိဇ္ဇာ၊ မျက်လှည့်ပညာရှင်သည် ရောမအစိုးရခန့် ကျွန်းသူကြီး၅၄ သေရဂိပေါလ နှင့် ခင်မင်ရင်းနှီးသူဖြစ်သည်။ ထိုကျွန်းသူကြီးသည် ပညာရည်တတ်သူဖြစ်သဖြင့် ဗာနဗနှင့် ရှောလု၏ စကားကို နားထောင်ကြားနာလိုသည်။ နတ်ဝိဇ္ဇမျက်လှည့် ပညာရှင်၏ အမည်မှာ အခန်းငယ် ၈ တွင် ဧလုမ ဟု ခေါ်သည်။ ထိုသူသည် ဗာနဗတို့အား ကျွန်းသူကြီးနှင့် မတွေ့ဆုံကြရန် ကြံဖန်နှေက်တားဆီးသည်။

၁၃:၉-၁၀  သေရဂိပေါလသည် သမ္မာတရားကို လိုချင် ရှာဖွေသူဖြစ်သည်။ နတ်ဆရာသည် သမ္မာတရား၏ ရန်သူဖြစ်သည်။ ရှောလုသည် ထိုနတ်ဆရာကို စိမ်းစိမ်းကြည့်လျက် ရှုတ်ချသည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောကြောင့် နတ်ဆရာ၏ သရုပ်အသွင်အပြင် စိတ်မနောအားလုံးကို ထိုးထွင်းဖောက်မြင်သည်။ စာတန်၏သားဟူသော နာမည်ကြားကတည်းက လှည့်ဖျားစဉ်းလဲသူမှန်း တပ်အပ်သိလိုက်သည်။ သို့ကြောင့် ရှောလုက မျက်နှာဖုံးကို ခွာပစ်သည်။

၁၃:၁၁  တမန်တော်ကြီးသည် ဝိညာဉ်တော်၏ တန်ခိုးကို သုံး၍ သခင်၏ သမ္မာတရားကို အစဉ်အမြဲဆန့်ကျင်နေသော ထိုနတ်ဆရာအား တမဟုတ်ချင်း မျက်စိကွယ်စေသည်။ အဘယ်ကြောင့်ဆိုသော် အများတကာအား ဘဝအလင်းမရရှိအောင် လိုက်လံဖျက်ဆီးကွယ်စေသူ ဖြစ်သောကြောင့် လူအများအား ဒုက္ခမပေးနိုင်အောင် ထိုသူအား မျက်စိအလင်းပိတ်ပေးခြင်းဖြစ်သည်။ မျက်စိတမှိတ်တွင် မိုက်ကနဲ အလင်းရောင်ပျောက်သည်နှင့် ဘာမှမမြင်ရတော့ပါ။ ထိုကြောင့် တခြားလူများက လက်တွဲ၍ လမ်းပြပေးရသည်။

ထိုဧလုမသည် ဣသရေလအမျိုးပုံဆောင်သည်။ မိမိကိုယ်တိုင်လည်း အလင်းမခံယူ။ သူများကိုလည်း အလင်းမမြင်ရအောင် တားဆီးပိတ်ပင်သည်။ ယုဒလူမျိုးသည်လည်း သခင်ယေရှုကို လက်မခံကြ။ လက်ခံသူများကိုလည်း နှောက်ယှက်ဖျက်ဆီးကြသည်။ ဣသရေလလူမျိုးသည် ထိုဧလုမကဲ့သို့ပင် ယာယီမျက်ကန်းများဖြစ်ကြသည်။ နောင်တရ၍ သခင်ယေရှုကို မေရှိယအဖြစ် လက်ခံကြသောအခါတွင်မူ ဘဝပြောင်းလဲကြဦးမည်။

၁၃:၁၂  ကျွန်းသူကြီး (ဘုရင်ခံ)သည် ဘုရားသခင်ကို ယုံကြည်ချင်စိတ်ရှိသူဖြစ်သည်။ ထို့ကြောင့် ဗာနဗနှင့် ရှောလု၏ သွန်သင်ခြင်းကို နာခံသည်။ သို့နှင့် ထိုသူကြီးသည် ရှောလုတို့၏ ပထမဆုံးသာသနာ့ခရီးတွင် သခင်ယေရှုကို ယုံကြည်လာကြသည်။

အခန်းငယ် ၉ မှ စ၍ ရှင်လုကာက ရှောလုအား ယုဒနာမည် ရှောလုထက် တပါးအမျိုးသား နာမည် ပေါလုဟု သုံးစွဲသည်။ နောက်ပိုင်းကျမ်းစာများတွင်မူ ပေါလု ဟု တောက်လျှောက်သုံးပါသည်။

၁၃:၁၃  ပေါလုနှင့် အဖွဲ့သည် ပါဖုမြို့မှ အနောက်မြောက်ဖက်ရှိ ပံဖုလိပြည် ပေရဂေမြို့သို့ ရွက်လွှင့်ရောက်ရှိသွားကြသည်။ ပံဖုလိသည် ရောမအင်ပါယာလက်အောက်ခံ အာရှမိုင်းနားတောင်ဘက် ကမ်းခြေရှိ ပေရဂေကျွန်းမြို့တော် ဖြစ်သည်။ ပေရဂေမြို့သည် ဆီထရပ်မြစ်ကမ်းဘေး  ပင်လယ်မှ ၇မိုင် အကွာတွင်ရှိသည်။

ပေါလုတို့အဖွဲ့ ပေရဂေမြို့သို့ ရောက်ရှိသောအခါ ဟောဟန်မာကုသည် ယေရုရှလင်မြို့သို့ ပြန်သွားသည်။ တပါးအမျိုးသားများအကြားတွင် သာသနာပြုခြင်း မပျော်ပိုက်သောကြောင့် ပြန်သွားခြင်းဖြစ်နိုင်သည်။ ယောဟန်မာကု၏ ထိုအမူအကျင့်ကို ပေါလု မကြိုက်သောကြောင့် ဒုတိယအခေါက်တွင် ချန်ထားခြင်းဖြစ်ပေမည်။ ထိုကိစ္စကြောင့် ပေါလုနှင့် ဗာနဗတို့ လက်တွဲဖြုတ်ကြသည်။ (၁၅:၃၆-၃၉)။ ထိုသို့ ကတောက်ကဆဖြစ်ခဲ့ကြသော်လည်း နောက်နောင် တချိန်တွင် မာကုသည် ပေါလု၏ ချစ်ခင်အားကိုးခြင်းပြန်လည်ရယူသည်။ (၂တိ ၄:၁၁)။

၁၃:၁၄-၁၅  ရှေ့ဆက်ခရီးနှင်ကြပြန်ရာ ပိသိဒိပြည် အန္တိအုတ်မြို့သို့ ရောက်ကြသည်။ အန္တိအုတ်မြို့သည် ပေရဂေမြို့၏ မြောက်ဘက်မိုင်တစ်ရာခန့် အကွာတွင်ရှိသည်။ ထိုနေရာတွင် သူရဲကောင်းနှစ်ဖေါ်သည် ဥပုသ်နေ့၌ တရားစရပ်သို့ သွား၍ ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းကို ရွတ်ဖတ်ကြသည်။ တရားစရပ်မှူးများက သဘောကျကြသဖြင့် တရားဟောရန် မေတ္တာရပ်ခံကြသည်။ တရားနာပရိသတ်များအား တိုက်တွန်းအားပေးခိုင်းသည်။

၁၃:၁၆ ပေါလုသည် ရရှိသော အခွင့်အလန်းကို လက်မလွှတ်စေဘဲ အမိအရဆုတ်ကိုင်သည်။ မတ်တတ်ရပ်၍ ပရိသတ်ကို ဟောကြားသွန်သင်သည်။ သူ၏ အဓိကကြံရွယ်ချက်မှာ ယုဒအစဉ်အလာကို တိုက်ခိုက်ရန်၊ ပြီးနောက် ယေရှုခရစ်တော်ထံသို့ ဆွဲဆောင်စည်းရုံးရန်ဖြစ်သည်။ ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို မီးမောင်းထိုးပြသည်။  ယေရှုကို ငြင်းပယ်ခဲ့သော အပြစ်များကို ဝန်ချတောင်းပန်၍ ကယ်တင်ရှင်သခင်အဖြစ် လက်ခံကြရန် သွေးဆောင်သည်။

၁၃:၁၇  ဣသရေလလူမျိုးသည် ဘုရားသခင်ရွေးကောက်တော်မူသော လောကမျိုးနွယ်စုဖြစ်သည့်အကြောင်းဖြင့် တရားဒေသနာ အစပြုလိုက်သည်။ အဲဂုတ္တုပြည်တွင် သူစိမ်းသရံအဖြစ် နေခဲ့ကြပုံကို အကြမ်းဖျဉ်း ရှင်းပြပြီးနောက် ဖာရော့ဘုရင်များ၏ နှိပ်ကွပ်မှုအောက်မှ ရွေးနှုတ်ပုံကို ဆက်လက်ရှင်းပြသည်။

၁၃:၁၈  ဣသရေလများ ကန္တာရခရီးကြမ်း တွင် နှစ်ပေါင်း (၄၀) လုံးလုံး၊ မျက်စိလည် သဝေထိုးပုံကို ရှင်းပြသည်။ ထိုကာလတလျှောက်လုံး ဣသရေလတို့သည် ဆင်ခြေဆင်လက် စောဒကအမျိုးမျိုးတက်လျက် ညီးတွားသော်လည်း ဘုရားသခင်က စိတ်ရှည်စွာ သည်းခံကွယ်ကာခဲ့သည်။

၁၃:၁၉-၂၂  ပေါလုက ဣသရေလလူမျိုး၏ နှစ်ပေါင်း(၄၅၀) ကာလသမိုင်းကြောင်းကို ရှင်းပြသည်။ အဲဂုတ္တုပြည်ထွက်လာ၍ တရားသူကြီးများ အုပ်စိုးသည့်ကာလသည်၅၅ နှစ်ပေါင်း (၄၅၀) ကြာညောင်းခဲ့သည်။

ခါနာန်ပြည်သို့ ခြေချကြသည့် အချိန်မှစ၍ ပရောဖက်ရှမွေလ ကာလတိုင်အောင် တရားသူကြီးများက စီမံအုပ်စိုးသည်။ အခြားလူမျိုးများကဲ့သို့ ရှင်ဘုရင်အုပ်စိုးခြင်းကို လိုချင်ကြသောကြောင့် ဗင်္ယာမိန် အမျိုးနွယ်မှ ကိရှ၏သား ရှောလုအား ဘုရင်အဖြစ် တင်မြှောက်သည်။ ထိုရှောလုမင်းသည် နှစ်ပေါင်း(၄၀) ကြာ ထီးနန်းစိုးစံသည်။ ရှောလုသည် နန်းစံသက်ရင့်လေ၊ မိမိကိုယ်ကို အဟုတ်ကြီးထင်၍ ဘုရားသခင်အား နာခံခြင်းမရှိလေသောကြောင့် ဖယ်ရှားခြင်းခံရကာ၊ ဘုရင်အဖြင့် ဒါဝိဒ်တက်လာသည်။ ဒါဝိဒ်သည် ဘုရားသခင်၏ စိတ်တော်နှင့် ထိတွေ့သူဖြစ်သည်။ အငယ် ၂၂ သည် (ဆာ ၈၉:၂၀ နှင့် ၁ရာ ၁၃:၁၄) ပေါင်းစပ် ကိုးကားခြင်းဖြစ်သည်။

၁၃:၂၃  ထိုဒါဝိဒ်၏ သားမြေးစဉ်ဆက်မှ ယေရှုမွေးဖွားသည်။ ပေါလု၏ တရားများသည် မည်သည့်အကြောင်းပြောပြော၊ နောက်ဆုံးတွင် ဒါဝိဒ်ဘူတာသို့ ဆိုက်ရောက်သည်။ ယေရှုသည် ဘုရားသခင်က လောကသားများ ကယ်တင်ရှင်အဖြစ် စေလွှတ်သူဖြစ်ကြောင်း ဣသရေလလူမျိုးသို့ တည့်တိုး ရှင်းပြရန်မှာ လွယ်ကူသည်မဟုတ်။ ယုဒများ အမြင်အရ ယေရှုသည် အလင်းဖြစ်ကြောင်း လက်သင့်ခံရန် မလွယ်ကူ။

၁၃:၂၄  ပေါလုသည် ဣသရေလ နောက်ခံသမိုင်းကြောင်းကို ခင်းပြပြီးနောက် ဗတ္တိဇံယောဟန် အကြောင်းကို ခြေဆင်းဆက်ခင်းသည်။ ထိုဗတ္တိဇံ ယောဟန်သည် နောင်တရ၍ နှစ်ခြင်းခံယူဖို့ လိုက်လံဟောကြားသည်။ သူ၏တရားမှာ မေရှိယကြွရောက်လာတော့မည့်အကြောင်းနှင့် သူသည် ထိုမေရှိယသခင်၏ လာရာလမ်းကို လမ်းရှင်းပေးခြင်းဖြစ်သည်။ တရားနာပရိသတ်များသည် ထိုတရားကို နာခံယုံကြည်၍ ယော်ဒန်မြစ်ထဲတွင် နှစ်ခြင်းမင်္ဂလာ ခံယူကြသည်ဟု ဆိုသည်။

၁၃:၂၅  ထိုဗတ္တိဇံယောဟန်သည် တရားဟောပြီးသောအခါ သူသည် လူအများမျှော်လင့်နေသော မေရှိယဖြစ်သည်ဟု တနည်းနည်းမျှ အသားမယူ။ ချော်လဲရောထိုင်မလုပ်။ မှိန်းမနေ။ သူသည် အများပြည်သူမျှော်လင့်တောင့်တနေသော မေရှိယမဟုတ်။ မေရှိယအမှန် များမကြာမီရောက်လာမည်။ သူသည် ထိုမေရှိယသခင်၏ ဖိနပ်တစ်ဖက်မျှပင် ချွတ်ပေးထိုက်သူမဟုတ် ဟု ပွင့်လင်းစွာကျေညာသည်။

၁၃:၂၆  ပေါလုသည် တရားနာပရိသတ်အား ချစ်ခင်လေးစားစွာဖြင့် “အာဗြဟံ၏သား မြေးများဖြစ်သူ ငါ့ညီအကိုတို့”ဟု ခေါ်သည်။ ကယ်တင်ခြင်းတရားသည် ပထမဦးစွာ ဣသရေလအမျိုးသားသို့ ကမ်းလှမ်းခြင်းခံရကြောင်း ဆက်ရှင်းပြသည်။ ယေရှုရောက်လာသောအခါ ထိုဣသရေလအမျိုးသည် ပျောက်သောသိုးဖြစ်သည်ဟု ဆိုသည်။ ထိုတရားဒေသနာသည် ပေါလု၏ ပထမဦးဆုံး ဟောကြားသော တရားဒေသနာဖြစ်သည်။

၁၃:၂၇-၂၈  သို့သော်လည်း ယေရုရှလင်အုပ်စိုးသူခေါင်းဆောင်များသည် ထိုယေရှုကို မေရှိယ သခင်မှန်းမသိကြ။ ရှေးပရောဖက်များ ဟောထားသည့်သူ ဖြစ်ကြောင်း နားမလည်။ ဥပုသ်နေ့များတွင် ကျမ်းဂန်အဖြာဖြာဖတ်ကြသော်လည်း ထိုမျမ်းစာပါ မေရှိယနှင့် နာဇရက်ယေရှုကို မဆက်စပ်နိုင်ကြ။ သမ္မာကျမ်းစာပါ ပရောဖက်ပြုချက်များသည် ထိုသူတွင် ပြည့်စုံသည်ကို သဘောမပေါက်ကြ။ ထို့အပြင် ထိုအရှင်အား ပြစ်ချက်စွဲစရာမတွေ့ကြသော်လည်း အသက်အန္တရာယ်ရန်ရှာကြသည်။ ပိလတ်မင်းထံသို့ ပိုဆောင်၍ သေဒဏ်စီရင်ပေးရန် တောင်းဆိုကြသည်။

၁၃:၂၉     ကျမ်းပိုဒ်အစပိုင်းသည် ယုဒလူမျိုးများက မေရှိယသခင်ကို ငြင်းပယ်သည့် အကြောင်းဖြစ်သည်။ ဒုတိယပိုင်းသည် သခင်ယေရှု၏ အလောင်းကို လိုလိုလားလား သင်္ဂြိုဟ်ကြသော အရိမသဲယောသပ်နှင့် နိကောဒင်ကို ရည်ညွှန်းသည်။

၁၃:၃၀-၃၁  ပထမအချက်မှာ ထိုသခင်ယေရှုသည် အမှန်တကယ် ရှင်ပြန်ထမြောက်သည်။ ယေရှုနှင့် အတူ ဂါလိလဲမှ ယေရုရှလင်သို့သွားသူများသည်လည်း သက်ရှိထင်ရှားရှိကြသည်။ ထိုသူများက ယေရှုရှင်ပြန်ထမြောက်ကြောင်းကို သက်သေခံနေကြဆဲဖြစ်သည်။

၁၃:၃၂-၃၃  ဆက်လက်၍ တမန်တော်ကြီးက ဓမ္မဟောင်းကျမ်းမှ ရှေးပရောဖက်ပြုချက် မေရှိယသခင်ပေါ်ထွန်းမည့် အကြောင်းသည် ယေရှုဖြစ်ကြောင်း ကျေညာလိုက်သည်။ မည်သို့ပြည့်စုံသနည်း ဆိုသော် ပထမအချက်မှာ ဗက်လင်မြို့၌ မွေးဖွားသည်။ ထိုသို့ မွေးဖွားခြင်းကို (ဆာ ၂:၇) တွင် “သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်အားသားတော်အရာကို ငါပေးပြီ” ဟူ၍ ဆိုထားသည်။ ထိုကျမ်းစကားသည် ဗက်လင်မြို့၌ မွေးဖွားခြင်းဖြင့် ဇာတိတော်စသည်ဟု မဆိုလိုပါ။ ယေရှုသည် ဘုရားသခင်၏ ထာဝရသားတော်ဖြစ်သည်။ ဗက်လင်၌ မွေးဖွားခြင်းဖြင့် ဘုရားဇာတိမှ လူ့ဇာတိခံယူခြင်းကို ဆိုလိုသည်။

၁၃:၃၄  ယေရှုရှင်ပြန်ထမြောက်ခြင်းအကြောင်းကို တဖန်ထောက်ပြသည်။ “နောက်တဖန် သင်္ချိုင်းတွင် မပုပ်မပျက်ဘဲ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းအကြောင်း” ဟုဆိုသည်။ ဆက်လက်၍ (ဟေရှာ ၅၅:၃) ကို ကိုးကားပြီး “ဒါဝိဒ်အား ကောင်းကြီးပေးသကဲ့သို့ ငါပေးမည်” ဟုဆိုသည်။ ခရစ်တော်ထမြောက်ခြင်းနှင့် ဒါဝိဒ်၏ ကောင်းကြီးခံစားခြင်းမည်သို့ ဆက်စပ်သနည်းဟု တွေးတောစရာ ရှိပါသည်။

ဘုရားသခင်သည် ဒါဝိဒ်အား နိုင်ငံတော်နှင့် ရာဇပလ္လင်တည်မြဲမည့်အကြောင်း ကတိတော်ပြုခဲ့သည်။ ဆိုလိုသည်မှာ ဒါဝိဒ်သေလွန်၍ ခန္ဓာကိုယ်သည် မြေမြုပ်ဖုန်မှုန့်ဖြစ်သွားသော်လည်း ဒါဝိဒ်တည်ထောင်သော နိုင်ငံတော်သည် သားစဉ်မြေးဆက် ရှိနေမည်။ ဒါဝိဒ်၏ သွေးသား သားစဉ်မြေးဆက်ဖြင့် နာဇရက်ယေရှုဖြစ်လာသည်။ ဒါဝိဒ်၏အမွေကို ယောသပ်မှတဆင့် စနစ်တကျကျဆက်ခံမည်။ ယောသပ်သည် မွေးသဖခင်မဟုတ်။ ဒါဝိဒ်သွေးသားစဉ်ဆက်မာရိမှ တဆင့်ခံယူခြင်းဖြစ်သည်။

ဒါဝိဒ်သို့ပြုထားသော ကတိတော်များသည် ခရစ်တော်၌ ပြည့်စုံသည်။ ထိုယေရှုခရစ်သည် ဒါဝိဒ်၏ ရာဇပလ္လင်ကို စိုးစံသူဖြစ်သည်။ ယေရှုခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူ၍ ဆုံးစမရှိသော ထာဝရအသက်ရှိကြောင်း ပြသသည်။ ထို့ကြောင့် ဒါဝိဒ်သို့ပြုသော နိုင်ငံတော်နှင့် ရာဇပလ္လင်တည်မြဲမည့် အကြောင်း ကတိတော်ပြုချက်သည် ယေရှုခရစ်တွင် ပြည့်စုံသည်။

၁၃:၃၅  တမန်တော်ကြီးသည် (ဆာ ၁၆:၁၀) “ကိုယ်တော်ရှင်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ သန့်ရှင်းသော သူအား ပုပ်စပ်ခြင်းရှိစေတော်မမူ” ကို ကိုးကားလျက် ထပ်ရှင်းပြသည်။ တနည်းပြောရလျှင် သခင်ယေရှုသည် သေခြင်းမှ ထမြောက်တော်မူသောကြောင့် ထိုထက်ကြီးမားသော ဘုန်းတန်ခိုးမရှိ။ မည်သည့်အရာမှ မလွှမ်းမိုးနိုင်။ မည်သည့်အခါမှ သေခြင်းမကြုံရတော့ပါ။ ပုပ်ပျက်ခြင်း မရှိတော့ပါ။

၁၃:၃၆-၃၇  (ဆာလံ ၁၆:၁၀)တွင် ဒါဝိဒ်က ထိုသို့ဆိုသော်လည်း သူကိုယ်တိုင် ထိုအခွင့်အရေးခံစားရသည်မဟုတ်။ သူ့ဘဝဖြစ်စဉ် တစ်ခုလုံးသည် ဘုရားသခင်၏ အလိုတော်အတိုင်း လိုက်လျှောက်၍ သင်္ချိုင်းကုန်းတွင် သင်္ဂြိုဟ်ခံရသည်။ ရုပ်ခန္ဓာကိုယ်သည် မြေကြီးပြန်ဖြစ်သွားသည်။ ယေရှုခရစ်တော် သာလျှင် သေခြင်းမှ သုံးရက်လွန်သောနေ့တွင် ရှင်ပြန်ထမြောက်သည်။ ခန္ဓာကိုယ်သည်လည်း ပုပ်ပျက်ခြင်းမရှိ။ ဒါဝိဒ်၏ ကျမ်းစကားသည် သူ့အတွက်မဟုတ်၊ သခင်ယေရှုကို ရည်ညွှန်းခြင်းဖြစ်သည်။

၁၃:၃၈  ခရစ်တော်၏အမှုတော် ရှင်ပြန်ထမြောက်ခြင်းသည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော် ဖြစ်ကြောင်း တံဆိပ်ခပ်နှိပ်ထားပါသည်။ ထို့ကြောင့် မိမိအပြစ်များကို ခွင့်လွှတ်ခြင်းရရှိဖို့ ယေရှုသခင်ကို ဝန်ခံကြရမည်။ ပေါလု၏ ကျမ်းစကားမှာ “ထိုသခင်ဘုရား၏ ကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်း တရားကို သင်တို့အား ဟောကြားသည်” ဟူ၍ ဖြစ်သည်။

၁၃:၃၉  ပေါလု၏ ရှင်းပြချက်များသည် ထိုထက်ရှင်းလင်းလေးနက်သည်။ ပေါလုကိုယ်တိုင်သည်လည်း ထိုအခါသမယတွင် အရာခပ်သိမ်း၏ စီရင်ခြင်းနှင့် ကင်းလွှတ်သည်။ ထိုသို့ကင်းလွှတ်ခြင်းသည် မောရှေကျမ်းများတွင် မပါသော အခွင့်အလမ်း ဖြစ်သည်။

တရားစီရင်ခြင်းဆိုသည်မှာ သားတော်ယေရှုအား ကယ်တင်ရှင်သခင်အဖြစ် မယုံကြည်သူများအား ယုံကြည်ခြင်းဖက်သို့ ကူးပြောင်းသိမှတ်ခြင်း အမှုတော်ဖြစ်သည်။ ထိုသို့ ဖြောင်းမတ်ခြင်းသို့ သိမှတ်ပြုခြင်းခံရသူများသည် ဘုရားသခင် စိတ်တော်နှင့် ထိတွေ့သူများဖြစ်၍ သူတို့အပြစ်များကိုလည်း တေးမှတ်ခြင်းမရှိတော့ပါ။ ဘုရားသခင်၏ မျက်မှောက်တော်တွင် အပြစ်စင်ကြယ်သွားကြပြီ။ အဘယ်ကြောင့်ဆိုသော် ထိုအပြစ်များအတွက် ကားတိုင်ပေါ်တွင် အပြစ်ကြွေးများကို သခင်ယေရှုက ပေးဆပ်ခဲ့သည်။

မောရှေ စီရင်ထုံးသည် အချို့သော ကိစ္စရပ်များကို လွတ်ကင်းစေနိုင်ကြောင်း ကျမ်းပိုဒ်အစပိုင်းတွင် တွေ့ရသည်။ ယေရှု၏ စီရင်ခြင်းသည် ဖြောင့်မတ်စင်ကြယ်ခြင်းဖြစ်စေပါသည်။ သို့သော် အကြွင်းမဲ့မဟုတ်။ ပညတ်တရားသည် ကယ်တင်ခြင်းမပေးနိုင်။ ပစ်ပယ်ခြင်းကို ပေးနိင်သည်။ ဤနေရာတွင် ရှင်ပေါလုပြောသော ယေရှုစီရင်ခြင်းသည် ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် အပြစ်စွဲချက်များအားလုံး စင်ကြယ်ကြောင်းဆိုလိုသည်။ မောရှေ၏ ပညတ်ချက်များမှ အားလုံးလွတ်ကင်းသည်ဟု ဆိုခြင်းဖြစ်သည်။

၁၃:၄၀-၄၁  တမန်တော်ကြီးက ဘုရားသခင်ကမ်းလှမ်းသော ကယ်တင်ခြင်းကို ငြင်းပယ်ခြင်းမပြုဖို့ ကြပ်တည်းစွာ သတိပေးရင်း တရားဒေသနာရပ်နားလိုက်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငြင်းပယ်သူများသည် အမျက်တော်သွန်းလောင်းခြင်းခံရ မည့်အကြောင်း (ဟဗ ၁:၁၅၊ ဟေရှာ ၂၉:၁၁ နှင့် သု ၁:၂၄-၃၁) တို့ကို ကိုးကား၍ သတိပေးလိုက်သည်။ ပေါလု၏ သတိပေးချက်ကို လက်မခံ၊ မိုက်မြဲမိုက်နေသောကြောင့် အေဒီ -၇၀ ခုနှစ်တွင် ယုဒများ၏ ယေရုရှလင်မြို့တော်ကြီး ပျက်သုဉ်းရသည်။ ထိုကဲ့သို့ ဘုရားသားတော် ငြင်းပယ်သူများသည်လည်း ထာဝရ အပြစ်ဒဏ်ခံကြရမည်။

၁၃:၄၂-၄၃  ထိုတရားစရပ်ဒေသနာပြီးဆုံး သောအခါ ယုံကြည်သူယုဒများနှင့် အသက်တာပြောင်းလဲသူ လူအုပ်ကြီးသည် ဗာနဗနှင့် ပေါလုနောက်သို့ စိတ်ဝင်တစား ဝိုင်းအုံကြသည်။ ထိုဘုရားအစေခံနှစ်ဦး ဟောပြောသော တရားဒေသနာတွင် ဝိညာဉ်တော်ပါရှိသဖြင့် တရားနာပရိသတ်၏ စိတ်နှလုံးထဲသို့ ထိုးဖောက်စိမ့်ဝင်သွားသည်။

၁၃:၄၄ နောက်တပတ်ကြာသော် ပေါလုနှင့် ဗာနဗသည် ထိုတရားဒေသနာအား ဆက်ဟောရန် တရားစရပ်သို့ တဖန် ရောက်လာသည်။ မြို့လုံးကျွတ်တရားနာဖို့ စုဝေးလာကြသည်။ အမှုတော်ဆောင်နှစ်ဦး၏ တရားဒေသနာများကလည်း တရားနာ ပရိသတ်၏ စိတ်နှလုံး ရိုးတွင်းခြင်ဆီထိအောင် ဖောက်ဝင်သွားသည်။

၁၃:၄၅  ထိုသို့ ဘုရားသခင်၏ သူရဲကောင်းနှစ်ဖေါ်၏ တရားဒေသနာများသည် တရားနာ ပရိသတ်အားဖမ်းစားသော်လည်း မနာလိုငြိုငြင်သူများက တစ်ဖက်တွင်ရှိနေသည်။ ထုံးစံအတိုင်း ယုဒလူမျိုးအချို့သည် ခါးသီးစွာငြင်းပယ်လျက် မကြားဝံ့မနာသာအောင် ဆဲရေးတိုင်းထွာကြသည်။

၁၃:၄၆-၄၇  ပေါလုနှင့် ဗာနဗတို့သည် ထိုယုဒလူမိုက်များအား ဘဝင်ကအောင် ရှင်းပြရန်မတ်စွမ်းနိုင်တော့ပါ။ ပထမဦးစွာ သူတို့ ယုဒလူမျိုးအား ကယ်တင်ခြင်းတရား ဦးစားပေးဟောကြားသည်။ သို့သော်လည်း ယုဒ လူမျိုးများသည် ထာဝရ အသက်ကို မလိုချင်ကြသောကြောင့် ငြင်းပယ်ကြသည်။ ထို့ကြောင့် ယုဒအမျိုးကို ဥပေက္ခာပြုလျက် တပါးအမျိုးသားများထံသို့ သွားရောက်ဟောကြားတော့မည်ဟု နှုတ်ဆက်ခဲ့ကြသည်။ အကယ်၍ ယုဒထုံးတမ်းစဉ်လာမှ ရပ်နားလျှင် (ဟေရှာ ၄၉:၆) “ဘေးလွတ်သော ဣသရေလသားတို့ အရင်းမြစ်စေခြင်းငှာ၊ ငါ့အမှုကို ဆောင်ရွက်သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုက သင်သည် မြေကြီးစွန်းတိုင်အောင် ငါ၏ ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ သင်ကို တပါးအမျိုးသားတို့ လင်းစရာဘို့ ငါခန့်ထားသည်” အတိုင်းဖြစ်ပေမည်။ သို့သော် ဘုရားသခင်၏ ဝိညာဉ်တော်သည် မေရှိယ၏ အစေခံများကို  တပါးအမျိုးသားများ အလင်းနှင့် ကယ်တင်ခြင်း ရရှိဖို့ အသုံးပြုတော်မူသည်။

၁၃:၄၈  ယုဒလူမျိုးက ကယ်တင်ခြင်းတရားကို လက်မခံသောကြောင့် တပါးအမျိုးသားများ လက်သို့ရောက်မည့်အကြောင်း ကြားသိကြသောအခါ တပါးအမျိုးသားများသည် ဝမ်းမြောက်ဝမ်းသာဖြင် စွေ့စွေ့ခုန်ကြသည်။ ကြားသိရသော မင်္ဂလာသတင်းစကားကြောင့် ဘုရားသခင်ကို ချီးမွမ်းကြသည်။ ထာဝရအသက်ရကြမည့် အကြောင်းကိုလည်း  ယုံကြည်ကြသည်။ ဤကျမ်းပိုဒ်သည် ဘုရားသခင်၏ ဘုန်းတန်ခိုးပြည့်စုံသော ကျမ်းစကားဖြစ်သည်။ ယုံကြည်ခြင်းကို ဘုရားသခင်က တန်ဖိုးထား အသိအမှတ်ပြုသည်။ လူလောကသည် ခရစ်တော်၌ အခြေတည်ရကြောင်း သမ္မာကျမ်းစာက သွန်သင်ပါသည်။ ယေရှုခရစ်တော်၏ ကယ်တင်ရှင်သခင်အဖြစ် လက်ခံယုံကြည်သူတိုင်းသည် လွတ်လပ်သူများဖြစ်ကြောင်းနှင့် အားလုံးတန်းတူရည်တူရှိကြောင်း သွန်သင်ပါသည်။ ဘုရားသခင်၏ ရွေးကောက်ခြင်းနှင့် လူ့ဝတ္တရား နှစ်ဦးနှစ်ဖက်သည် ဝိညာဉ်ရေးရာဖြင့်သာ နားလည်နိုင်သည်။ အခြားနည်းလမ်းမရှိ။ အကယ်၍ နားလည်မှုမရှိ၊ တစုံတရာ အံချော်နေလျှင် လူ့ဘက်မှ ချို့ယွင်းအားနည်းချက်သာ ဖြစ်သည်။ ဘုရားသခင်ဘက်မှ ချို့ယွင်းခြင်းမရှိနိုင်။

ဆုံးရှုံးမှုကြုံရခြင်းမှာ ရွေးချယ်မှုများသောကြောင့် ဖြစ်သည်။ လူ့အမြင်ဖြင့် မှန်ကန်သည်ဟု ရွေးချယ်မှု သည် အားလုံးပျောက်ဆုံးရတတ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်သည် မဆုံးနိုင်သောကြောင့် ကယ်တင်ပါသည်။ ဟုတ်ပါသလား။ မှန်ပါသည်။ ဘုရားသခင်ကို ရွေးချယ်ခြင်းသည် စကြဝဠ မိုးမြေကို ဖန်ဆင်းအုပ်စိုးသော အရှင်ကို ရွေးချယ်ခြင်းဖြစ်၍ ထိုအရှင်သခင်ကဲ့သို့ ထာဝရအသက်ရခြင်းအကြောင်း ဖြစ်သည်။ ဤတရားကို သဘောပေါက်ရန် ခက်ခဲကောင်း ခက်ခဲမည်။ ထို့ကြောင့် Erdman ၏ စကားကို အကူအညီ ယူကြည့်ကြပါစို့။

ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် အကြွင်းမဲ့ပြည့်စုံသည်။ ကယ်တင်ခြင်းလိုချင်သူများအား အလျဉ်းငြင်းပယ်ရိုးမရှိ။ သို့သော် ထိုကမ်းလှမ်းထားသော ကယ်တင်ခြင်းတရားကို လက်မခံသူတိုင်းသည် ပျောက်ဆုံးသွားကြမည်။၅၆

၁၃:၄၉-၅၀  ယုဒများက ငြင်းဆန်ကြသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော် မင်္ဂလာသတင်းသည် အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သည်။ အဟန့်အတား အနှောင့်အယှက်များကြားမှပင် နှုတ်ကပတ်တော်သည် အညွှန်းတလူလူ ရှင်သန်နေသည်။ ထို့ကြောင့် ယုဒလူများသည် ယုဒဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသော မိန်းမများနှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအား ပေါလုတို့နှစ်ယောက်ကို ဆန့်ကျင်ရန် သွေးထိုးလှုံ့ဆော်ကြသည်။ မြို့တော်အုပ်ချုပ်သူမင်းများကို လည်း သွားရောက်ပူးကပ်ကြသည်။ ထို့ကြောင့် ထိုအရပ်ဒေသတွင် ပေါလုနှင့် ဗာနဗအား ညှဉ်းပန်းနှိပ်စက်သည့် လေမုန်တိုင်းထန်လာသည်။

၁၃:၅၁၅၂  လု ၉:၅၊ ၁၀:၁၁ တွင် နှုတ်ကပတ်တော်ငြင်းဆန်လျှင် ခြေထောက်ဖုံခါ၍ ထွက်သွားကြလော့ ဟူသော ကျမ်းစကားအတိုင်း ပေါလုတို့သည်လည်း ခြေထောက်ဖုံခါ၍ ဣကောနိမြို့သို့ ထွက်သွားကြသည်။ ထိုမြို့သို့ရောက်သောအခါ ယုံကြည်သူများသည် ပျော်ရွှင်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်ပြည့်စုံခြင်းဖြင့် ပြည့်ဝလာကြသည်။ ဣကောနိမြို့သည် အန္တိအုတ်မြို့၏ အရှေ့တောင်ဘက် အာရှမိုင်းနား ဒေသတွင်ရှိသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။