ဓမ္မရာဇဝင်ပဌမစောင် - ၂၀
ဓမ္မရာဇဝင်ပဌမစောင် - ၂၀ (အနက်ဖွင့်)
၂၀:၁–၃ ဒါဝိဒ်သည်နာယုတ်မြို့မှ ထွက်၍ ယောနသန်ကို သွားရောက်တွေ့ဆုံသည်။ မည်သည့်အကြောင်းကြောင့် ရှောလုက သူ့အား အသက်ရန်ရှာသနည်းဟု မေးသည်။ စင်စစ် နာယုတ်မြို့တိုင်အောင် ဒါဝိဒ်၏အသက်ကို ရှောလုက သွားရောက်ရန်ရှာသည့်အကြောင်း ယောနသန်မသိလိုက်၊ ယောနသန်သည် ဒါဝိဒ်မိတ်ဆွေရင်းချာဖြစ်သောကြောင့် ရှောလုက ယောနသန်အား ထိုအကြောင်းမပြောဘဲ ထိန်ချန်ခြင်း ဖြစ်မည်ဟု ဆိုသည်။
၂၀:၄–၉ ဒါဝိဒ်၏ အသက်အန္တရာယ်အမှန်တကယ်စိုးရိမ်ရေမှတ်ရောက်မရောက် စမ်းစစ်ရသည်။ လစဉ်လဆန်းရက်တိုင်း ဘုရင့်ပွဲတော်တွင် ဝင်ရောက်ရသော နန်းထုံးဓလေ့ရှိသည်။ ထိုနေ့ပွဲတော်တွင်ဒါဝိဒ်ပျက်ကွက်မည်။ ထိုသို့ပျက်ကွက်ရခြင်းမှာ အရေးပေါ်မိသားစုပွဲတော်ရှိ၍ မိဘရပ်ထံဗက်သလင်သို့ ဒါဝိဒ်ပြန်သွားကြောင်း ယောနသန်က ရှင်းပြရမည်။ ဒါဝိဒ်ပြန်သွားကြောင်း ယောနသန်က ရှင်းပြရမည်။ ဒါဝိဒ်အိမ်ပြန်ပွဲတော်ပါဝင်ခြင်းသည် ဖြစ်ရပ်မှန်ဖြစ်သည်။ အကယ်၍ မုသားစကားဆိုလျှင် ဘုရားသခင်က ဒါဝိဒ်အား ကျေနပ်မည်မဟုတ်။) အကယ်၍ ယောနသန်၏ ရှင်းပြချက်အား ရှောလုလက်ခံလျှင် ကောင်းသောလက္ခဏာဖြစ်သည်။ အကယ်၍ ရှောလုမင်းစိတ်ဆိုးလျှင် အန္တရာယ်ရှိသည်။
၂၀:၁၀–၁၇ တတိယနေ့တွင် ဆက်လက်အကြောင်း လာကြားမည့်အကြောင်း ယောနသန်က ကတိပေးသည်။ ဘုရားသခင် သင်ပေးသောချစ်ခြင်းမေတ္တာအားဖြင့် ယောနသန်နှင့်ဒါဝိဒ်အကြား သံယောဇဉ်တည်မြဲသည် မဟုတ်လော။ ဒါဝိဒ်သည် တစ်နေ့ဘုရင်ဖြစ်လာမည်ဟု ယောနသန်ယုံကြည်ထားသည်(ငယ် ၁၄-၁၇)။ ယခုကာလတွင်လည်း ဒါဝိဒ်အပေါ် ယောနသန်၏ သံယောဇဉ်မေတ္တာ မပျက်ပြယ်ကြောင်း ထပ်လောင်းအတည်ပြုသည်။ ဖခင်ဘက်မှ မရပ်တည်ဘဲ၊ မိတ်ဆွေကောင်းအပေါ်တွင် သံယောဇဉ်တည်သည်။ အာဂကိုယ်ကျိုးစွန့်လွှတ်ခြင်းပေတည်း။
၂၀:၁၈–၂၃ ယောနသန်နှင့် ဒါဝိဒ်တို့တောထဲတွင် ချိန်းတွေ့ကြသည်။ တတိယနေ့တွင် ဒါဝိဒ်ပုန်းခိုလေ့ရှိသော ကျောက်ဆောင်နားသို့ ယောနသန်က မြှားပစ်၍ တပည့်အား သွားကောက်ခိုင်းမည်။ ဤဘက်မှာ မြှားရှိသေးဟု ယောနသန်ကဆိုလျှင် ဒါဝိဒ်အတွက် ဘေးရန်မှရှိ၊ ဟိုဘက်မှာ မြှားရှိသည်ဟု ဆိုလျှင် ဘေးလုံခြုံရာသို့ ဒါဝိဒ်ထွက်ပြေးတော့ဟု စကားဝှက်အထာပြုကြသည်။ ယောနသန်၏ ပြောဆိုလုပ်ဆောင်မှုများ သရုပ်ဖော်မြင်သာသည်။ ဒါဝိဒ်ကို မမြင်ရသော်လည်း ထိုသို့အသံဖြင့် ဆက်သွယ်ခြင်းမှာ မျက်စိဖြင့် မမြင်သော်လည်း သံယောဇဉ်ဆက်သွယ်နေသည်ဟု အနက်ရသည်။
၂၀:၂၄–၃၄ ပွဲတော်တွင် ဒါဝိဒ်ပျက်ကွက်သည့်အကြောင်း ပထမညတွင် ရှောလုမပြော။ ဒါဝိဒ်တွင် ပွဲတော်မတက်ရောက်ရအောင် မစင်ကြယ်သော ကိစ္စရှိမည်ဟု ထင်မှတ်ခဲ့သည်။ ဒုတိယနေ့တွင် ဒါဝိဒ်ထိုင်ခုံ လပ်ပြန်သောအခါ မေးရတော့သည်။ ယောနသန်က အရေးပေါ်ကိစ္စကြောင့် ဗက်သလင်သို့ ပြန်ခွင့် တောင်းဆိုသွားကြောင်း ရှင်းပြသည်။ ရှောလုသည် ယောနသန်၏ သတင်းကိုကြားလျှင် ဒေါသဟုန်းကနဲ ထတောက်ပြီး အော်ကြီးဟစ်ကျယ်ငေါက်ငမ်းပြောဆိုသည်။ သူ့သားယောနသန်ကိုလည်း ဒါဝိဒ်နှင့် တကြိတ်တည်း တဉာဏ်တည်းပြုကြကြောင်းမသိဟု မှတ်လေရော့ကြသလားဟု ကြိမ်းမောင်းသည်။ ဒါဝိဒ်အပေါ် မုန်းတီးမှုဟူသမျှသည် ယောနသန်ပေါ်သို့ ပုံကျသွားသည်။
၂၀:၃၅–၄၂ တတိယနေ့နံနက်တွင် ယောနသန်သည် ချိန်းဆိုထားသည့်အတိုင်း လူကလေးနှင့်အတူ ဒါဝိဒ်ပုန်းအောင်းရာသို့ သွားကြသည်။ ယောနသန်က မြှားနှင့်လူကလေးကို ပြိုင်ပြေးခိုင်းသည်။ “လူကလေးရယ် မြှားက သင့်ကိုကျော်သွားပြီ” ဟု စကားဝှက်ဖြင့် အော်ပြောသည်။ လူကလေးက နားမလည်သော်လည်း ဒါဝိဒ်နားလည်သည်။ ဒါဝိဒ်သည် ပုန်းအောင်းရာမှ ထွက်လာပြီး ယောနသန်နှင့်ဖက်ငိုကြသည်။ မိတ်ဆွေကောင်းနှစ်ဦး ချစ်လျက်နှင့် လမ်းခွဲကြရတော့မည်။ အရှေ့နှင့် အနောက်အရပ်သို့ တစ်ယောက် တစ်မျက်နှာစီ သွားကြရမည်။ ဒါဝိဒ်သည် တောတောင်လျှိုမြောင်ထဲသို့ အသက်လုပုန်းခိုရမည်။ ယောနသန်သည် ဖခင်ရှောလုအိမ်တော်သို့ ပြန်လာသည်။ ဖခင်၏ အရိုက်အရာသည် ဣသရေလမင်း ဖြစ်မည် မဟုတ်မှန်းလည်း သိသည်။ ဖခင်၏ ဘုရင့်အရာဆက်ခံမည့်သူ၏ ပြိုင်ဘက်သည် ဒါဝိဒ်ဖြစ်မှန်းသိသည်။ သို့သော်နည်းနည်းမှ မနာလိုစိတ်မှရှိ။ ရှောလုပြီးလျှင် သားတော်ယောနသန်သာလျှင် ဘုရင်ဖြစ်သင့်သည်။ သို့သော်လည်း အမှုမထား။ ဒါဝိဒ်ကိုသာဖြစ်စေချင်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။