တောလည်ရာကျမ်း - ၂၀

ကျောက်ထဲမှရေ
(ထွ၊ ၁၇:၁-၇)
1သက္ကရာဇ်လေးဆယ်၊ ပထမလ၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဇိနတောသို့ရောက်၍၊ ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သင်္ဂြိုဟ်လေ၏။ 2ပရိသတ်တို့ သောက်စရာရေမရှိသောကြောင့်၊ မောရှေနှင့် အာရုန်တစ်ဖက်၌ စုဝေးကြလျက်၊ 3ထာဝရဘုရားရှေ့မှာ ငါတို့အစ်ကိုများသေသောအခါ၊ ငါတို့လည်းမသေပါလေ။ 4ငါတို့နှင့် ငါတို့တိရစ္ဆာန်များကို သေစေခြင်းငှာ၊ ထာဝရဘုရား၏ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့်ဆောင်ခဲ့သနည်း။ 5ငါတို့ကို အဲဂုတ္တုပြည်မှထွက်စေ၍၊ ဤဆိုးသောအရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ ဤအရပ်သည် လယ်လုပ်စရာမကောင်း၊ သင်္ဘောသဖန်းပင်၊ စပျစ်နွယ်ပင်၊ သလဲပင် စိုက်စရာမကောင်း။ သောက်စရာရေမျှမရှိဟု မောရှေကိုအပြစ်တင်၍ ဆိုကြ၏။ 6မောရှေနှင့်အာရုန်တို့သည် လူအစုအဝေးမှထွက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့သွားသဖြင့်၊ ပျပ်ဝပ်လျက်နေကြစဉ်၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှားလေ၏။ 7ထာဝရဘုရားကလည်း၊ 8လှံတံတော်ကိုကိုင်ယူ၍ သင်၏အစ်ကိုအာရုန်ပါလျက်၊ ပရိသတ်များကို စုဝေးစေလော့။ သူတို့ရှေ့မှာ ကျောက်ကိုမှာထားလော့။ ကျောက်သည် မိမိရေကိုပေးလိမ့်မည်။ ထိုသို့သင်သည်ကျောက်ထဲက ရေကိုထွက်စေ၍၊ ပရိသတ်များနှင့် သူတို့တိရစ္ဆာန်များတို့အား သောက်ဖို့ရေကိုပေးရမည်ဟု၊ 9မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေသည် လှံတံတော်ကို ထာဝရဘုရားရှေ့တော်ကယူ၍၊ 10အာရုန်ပါလျက်၊ ပရိသတ်တို့ကိုကျောက်ရှေ့မှာ စုဝေးစေပြီးလျှင်၊ အချင်းသူပုန်တို့၊ နားထောင်ကြလော့။ ငါတို့သည်သင်တို့အဖို့ ဤကျောက်ထဲက ရေကိုထွက်စေရမည်လောဟု ဆိုလျက်၊ 11မိမိလက်ကိုဆန့်၍ ကျောက်ကိုလှံတံနှင့် နှစ်ကြိမ်ရိုက်သဖြင့်၊ ရေသည် များစွာထွက်၍၊ လူပရိသတ်တို့နှင့် တိရစ္ဆာန်တို့သည် သောက်ရကြ၏။
12ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ကိုမယုံကြည်၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေပြုသောကြောင့်၊ ဤပရိသတ်တို့အား ငါပေးသောပြည်သို့ သင်တို့သည် ပို့ဆောင်သောအခွင့်ကိုမရကြဟု မောရှေနှင့်အာရုန်တို့အား မိန့်တော်မူ၏။ 13ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဆန့်ကျင်ဘက်ပြုသော်လည်း၊ သူတို့တွင် ရိုသေလေးမြတ်ခြင်းကို ခံတော်မူသောကြောင့်၊ ထိုရေသည် မေရိဘရေဖြစ်သတည်း။
ဖြတ်သန်းခွင့်ကိုဧဒုံပြည်ငြင်းဆန်ခြင်း
14မောရှေသည် ကာဒေရှအရပ်မှ ဧဒုံရှင်ဘုရင်ထံသို့ သံတမန်တို့ကိုစေလွှတ်၍၊ ကိုယ်တော့်ညီ ဣသရေလက၊ အကျွန်ုပ်တို့တွေ့ရသော အမှုအလုံးစုံတည်းဟူသော၊ 15အကျွန်ုပ်တို့ဘိုးဘေးသည် အဲဂုတ္တုပြည်သို့သွား၍ အကျွန်ုပ်တို့သည် အဲဂုတ္တုပြည်မှာ ကာလကြာမြင့်စွာနေသဖြင့်၊ အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့နှင့် ဘိုးဘေးများကိုညှဉ်းဆဲကြောင်း၊ 16အကျွန်ုပ်တို့သည် ထာဝရဘုရားကိုအော်ဟစ်သောအခါ၊ ကောင်းကင်တမန်ကို စေလွှတ်၍၊ အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူကြောင်းကို ကိုယ်တော်သိပါ၏။ ယခုမှာ အကျွန်ုပ်တို့သည် ကိုယ်တော်၏နိုင်ငံအစွန်အနား၊ ကာဒေရှအရပ်၌ရှိကြပါ၏။ 17ကိုယ်တော့်ပြည်အလယ်၌ လျှောက်၍သွားပါရစေ။ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မနင်းပါ။ တွင်းရေကိုလည်း မသောက်ပါ။ ကိုယ်တော့်ပြည်နယ်ကို မလွန်မီတိုင်အောင်၊ လက်ယာဘက်၊ လက်ဝဲဘက်သို့မလွှဲ၊ မင်းလမ်းသို့သာ လျှောက်လိုက်ပါမည်ဟု တောင်းပန်စေ၏။ 18ဧဒုံကလည်း၊ သင်သည်ငါ့ပြည်အလယ်၌ မလျှောက်မသွားရ။ လျှောက်သွားလျှင်၊ ဓားလက်နက်နှင့် ဆီးတားမည်ဟုပြန်ပြော၏။ 19ဣသရေလအမျိုးသားတို့ကလည်း၊ မင်းလမ်းသို့သာ လျှောက်လိုက်ပါမည်။ ကိုယ်တိုင်မှစ၍ တိရစ္ဆာန်တို့သည် ကိုယ်တော့်ရေကိုသောက်လျှင် အဖိုးကိုပေးပါမည်။ အခြားသောအမှုကိုမပြုဘဲ၊ ခြေဖြင့်သွားရုံမျှသာပြုပါမည်ဟု ဆိုသော်လည်း၊ 20ဧဒုံက၊ သင်သည်လျှောက်၍မသွားရဟု ဆိုလျက်၊ များစွာသော ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ဆီးတားခြင်းငှာထွက်လာ၏။ 21ထိုသို့ဧဒုံသည် သူ၏ပြည်အလယ်၌ လျှောက်သွားသောအခွင့်ကို ဣသရေလအား မပေးသောကြောင့်၊ ဣသရေလသည် လွှဲရှောင်လေ၏။
အာရုန်အနိစ္စရောက်ခြင်း
22ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ကာဒေရှအရပ်မှပြောင်း၍ ဟောရတောင်သို့ရောက်ကြ၏။ 23ဧဒုံပြည်စွန်နား၊ ဟောရတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကိုခေါ်၍၊ 24သင်တို့သည် မေရိဘစမ်းရေနားမှာ ငါ့စကားကိုဆန့်ကျင်သောကြောင့်၊ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်သို့ အာရုန်သည်မဝင်ရ။ မိမိလူမျိုးစည်းဝေးရာသို့ သွားရမည်။ 25သို့ဖြစ်၍ အာရုန်နှင့် သူ၏သားဧလာဇာကိုခေါ်၍ ဟောရတောင်ပေါ်သို့ ဆောင်သွားပြီးလျှင်၊ 26အာရုန်၏အဝတ်ကိုချွတ်၍ သူ၏သားဧလာဇာကို ဝတ်စေပြီးမှ၊ အာရုန်သည် ထိုအရပ်၌သေ၍ မိမိလူမျိုးစည်းဝေးရာသို့ သွားရမည်ဟု၊ 27မိန့်တော်မူသည်အတိုင်း၊ မောရှေပြု၍၊ သူတို့သည်ပရိသတ်အပေါင်းတို့ရှေ့မှာ ဟောရတောင်ပေါ်သို့ တက်ကြ၏။ 28မောရှေသည် အာရုန်၏အဝတ်ကိုချွတ်၍ သားဧလာဇာကိုဝတ်စေပြီးမှ၊ အာရုန်သည် တောင်ထိပ်၌ သေလေ၏။ မောရှေနှင့်ဧလာဇာတို့သည် တောင်ပေါ်က ဆင်းလာကြ၏။ 29အာရုန်သည် အနိစ္စရောက်ကြောင်းကို ပရိသတ်အပေါင်းတို့သည် သိမြင်သောအခါ၊ ဣသရေလအမျိုးသားရှိသမျှတို့သည်၊ အာရုန်အတွက် အရက်သုံးဆယ်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။

တောလည်ရာကျမ်း - ၂၀ (အနက်ဖွင့်)

(မောရှေ၏အပြစ်များ (၂၀:၁၃)

       ၂၀: ဤအခန်းကို လွန်ခဲ့သော နှစ်ပေါင်း(၄၀)ခန့်က အဲဂုတ္တုပြည်မှ ထွက်လာကြခြင်း၊ လမ်းခရီးတွင် (၃၈)နှစ်ကြန့်ကြာခြင်းဖြင့် အစပြုသည်။ ယခု ဇိနတောကာဒေရှ အရပ်သို့ ရောက်ရှိနေကြပြီ။ ကတိတော်မြေကိုလည်း အရိပ်အရောင်မမြင်ရသေး။ မိရိအံကွယ်လွန်၍ သင်္ဂြိုဟ်ကြရပြီ။ အခန်း ၂၉နှင့် ၂၀အကြားဖြစ် စဉ်တွင် လူပေါင်းခြောက်သိန်း သေဆုံးကြသည်။ မယုံကြည်သူများ၏ ခါးသီးသော အတွေ့ကြုံများသည် နောင်လာနောက်သားများ၏ ပြောစမှတ်အဖြစ် ကျန်ရစ်လေပြီ။

၂၀:   နောက်ပေါက်လူများက ရေငတ်ခြင်း နှင့် ပတ်သတ်၍ မောရှေနှင့်အာရုန်အား ဆင်ခြေတက်ခဲ့ကြသည်။ သို့သော် ဖခင်ကြီးသဖွယ် ရပ်တည်နေကြသည် (ငယ် ၂-၅)။ ဘုရားသခင်က မောရှေကို ကျောက်ဆောင်အား ရေထွက်အောင် ပြောဖို့မိန့်မှာသည်။ သို့သော် တဲတော်အတွက် အာမခံထားသည့် အာရုန်၏ တောင်ဝှေးဖြင့် ကျောက်ဆောင်ကိုရိုက်သည် (ငယ် ၉ကို ၁၇:၁၀ နှင့်ယှဉ်ဖတ်ပါ)။ ပိုဒ်ငယ် ၁၁တွင်မူ သူ့လှံတံဟုဆိုသည်။ အာရုန်၏ လှံတံသည် ယဇ်ပုရောဟိတ်လှံတံဖြစ်သည်။ မောရှေ၏ လှံတံသည် တရားစီရင်ခြင်းနှင့် ဘုန်းတန်ခိုးဖြစ်သည်။

၂၀:၁၀၁၃ တစ်ခါက မာရှအရပ်တွင် ပရိသတ်များ ရေပြဿနာတက်ခဲ့ကြသည်။ ထိုစဉ်က မောရှေကို ကျောက်ဆောင်အား ရိုက်ခိုင်းသည် (တော ၁၇:၁-၇)။ ယခုအကြိမ်တွင် ရေပြဿနာရှာသူများအား မယဉ်ကျေး မဖွယ်ရာသော စကားဖြင့်ခေါ်သည် (ငယ် ၁၀)။ ဒုတိယအချက်အားဖြင့် ဘုရားသခင် မိန့်မှာသည့်အတိုင်း ကျောက်ဆောင်ကို ရေထွက်အောင် မပြောဘဲ၊ လှံတံဖြင့်နှစ်ချက် ရိုက်ထည့်သည်။ ထွ ၁၇ တွင်ပါရှိသော ကျောက်ဆောင်သည် ခရစ်တော်ပုံဆောင်သည်။ ရိုက်နှက်ခံရသော နေရာသည် ကရာနီကုန်းပုံရိပ်ဖြစ်သည်။ သို့သော် ခရစ်တော်သည် လူသားအားလုံးအတွက် တစ်ကြိမ် အရိုက်ခံရခြင်းဖြစ်သည်။ ကိုယ်တော်ဘုရားအသက်ပျောက်ပြီးသော် သန့်ရှင်းသောဝိညာဉ်တော် ဝင်ရောက်လာသည်။ ထိုဝိညာဉ်တော်သည် အငယ် ၁၁မှ ကျောက်ထွက်ရေဖြစ်သည်။ ထိုသို့သော် အပြစ်ကြောင့် မောရှေနှင့်အာရုန်သည် ကတိတော်မြေပေါ်သို့ ဝင်ရောက်ခြေချခွင့်မရကြ။ ဤကျမ်းချက်တွင်ပါရှိသော မေရိဘသည် ထွက် ၁၇၌ ဖော်ပြသည့် မေရိဘနှင့်မတူ။ ဤမေရိဘအရပ်ကိုအချို့က ကာဒေရှဟုလည်း ခေါ်ဝေါ်ကြသည်။ ထိုအကြောင်းကို G.Campbell Morgan က ဤသို့ ရှင်းပြသည်။

ထိုသို့ အမျက်ဒေါသတစ်ချက်လွှတ်ကနဲ ထွက်သွားခြင်းသည် လူ့သဘောသဘာဝဟု ဆိုနိုင်သော်လည်း ဘုရားသခင်၏ လူများတွင်မူ မှားယင်းသော အဓိပ္ပါယ်ကြီးဖြစ်သွားနိုင်သည်။ သူ၏တစ်ကွက်ကျရှုံးခြင်းသည် အမြင့်ဆုံးသော ယုံကြည်ခြင်းကို သဲထဲရေသွန်ဖြစ်စေသည်။ ဘုရားသခင်ကို ယုံကြည်အားကိုးနေဆဲဖြစ်သည်။ သို့သော်လည်း ပရိသတ်၏မျက်စိတွင် သူ၏နာယက ဂုဏ်ကို မမြင်ကြတော့ပါ။ လုပ်ဆောင်မှု တစ်ချက်တလေမှစ၍ လက်လွှတ်စပယ် မပြုသင့်ကြောင်း သင်ခန်းစာပေးပါသည်” မှန်ကန်သော လုပ်ဆောင်ချက် တစ်ရာသည် သာယာဖြောင့်ဖြူးစွာ ကုန်လွန်သော်လည်း အမှားတစ်ချက်သည် မပျောက်နိုင်သော ဆုလက်ထင်းကျန်စေပါသည်။ အမှတ်တမဲ့မပြု၊ သေချာစွာ စဉ်းစားချင့်ချိန်ပြီးမှ လုပ်ဆောင်ရမည့် အကြောင်း တေးတစ်ပိုဒ်ရှိခဲ့ဖူးသည်။ အိုဘုရှားရှင်၊ ကိုယ်တော်အားပဲ့တင်ထပ်အောင် ချီးမွမ်းစေဖို့ သွန်သင်တော်မူပါ။၁၃

ထိုမျှသာမက ကိုယ်တော်ဘုရား၏ မင်္ဂလာ သတင်းစကားကြောင့် ကယ်တင်ခြင်းရရှိဖို့ သာ၍ ဆုတောင်းအပ်သည်။ ကိုယ်တော်ဘုရား၏ သံစဉ်တိုင်း လိုက်ဆိုသင့်သည်။ မောရှေသည် ဒေါသတစ်ခါ မထိန်းမိသောကြောင့် ဘဝအသက်တာ ကတိတော်မြေနှင့်ဝေးခဲ့သည်။

(အာရုန်ကွယ်လွန်ခြင်း (၂၀:၁၄၂၉)

       ၂၀:၁၄၂၁ ကတိတော်မြေသို့ ဝင်ရောက်ဖို့ ကန္တာရတောမှ အနီးဆုံးဖြတ်လမ်းဖြင့် သွားခွင့်မရကြ။ အရှေ့ဘက်တွင် ဧဒုံပြည်က ခံနေသည်။ ဧဒုံဘုရင်ထံနယ်မြေဖြတ်ကျော်ခွင့်တောင်းကြသော်လည်း ခွင့်မပြု။ ဧဒုံသားတို့၏ ရေမသောက်၊ တစ်စုံတရာမစား၊ တစ်ခုမှ မပျက်စီးစေဘဲ လမ်းမအတိုင်း သွားခွင့်ပြုဟု တောင်းပန်ကြသော်လည်း ခွင့်မပြုစစ်တပ်အလုံးအရင်းဖြင့် တာဆီးပိတ်ပင်သည်။ နောင်တွင် ဣသရေလမင်း ရှောလုလက်ထက်၌ ထိုတိုင်းပြည်ကို တိုက်ခိုက်အောင်မြင်သည်။ ဧဒုံအမျိုးအနွယ်သည် ဧသော၏သားစဉ် မြေးဆက်များဖြစ်သည်။

၂၀:၂၂၂၉ ထိုသို့ဖြင့် သောဒုံပြည်ကို တစ်ခါရှောင်ကွင်း၍ ကာဒေရှမှ ဟောရတောင်သို့ သွားကြသည်။ ဧဒုံပြည်နယ်စပ်အနီးတွင် အာရုန်သေဆုံးသောကြောင့် အာရုန်၏ ယဇ်ပုရောဟိတ်နေရာကို သူ့သားဧလျာဇာက ဆက်ခံသည် (ငယ် ၂၂:၂၉)။ ထိုအကြောင်းကို Matthew Han Henry က ဤသို့ဆိုသည်။

အာရုန်သေဆုံးခြင်းသည် ဒုစရိုက်အပြစ်ကြောင့် ပလိပ်အနာရောဂါ၊ ကောင်းကင်ဒေါသမီးကြောင့် သေခြင်းဆုံးဖြင့် သေသည်မဟုတ်။ အေးဆေးသက်သာစွာ သေခြင်းဖြစ်သည်။ သူ့လူမျိုးထံမှ စွန့်ပစ်ပထုတ်ခံရ၍ သေခြင်းမဟုတ်။ ဘုရားသခင်လက်တော်၌ တရားတော်နှင့်အညီ တသက်ဇီဝိန်ချုပ်ငြိမ်းခြင်းဖြစ်သည်။ ဘုရားသခင်၌သေလွန်ခြင်း ဖြစ်သည်နှင့်အညီ သူ့လူအပေါင်းလာရောက်စည်းရုံးကြသည်။ မောရှေက သူ၏ ယဇ်ပုရောဟိတ် ဝတ်ရုချွတ်ပေးခြင်းသည် ယဇ်ပုရောဟိတ်နှင့် မပြည့်စုံခြင်းဖြစ်သည်။၁၄

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။