ဗျာဒိတ်ကျမ်း - ၁

1ကာလမကြာမမြင့်မီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှာ၊ ဘုရားသခင် အပ်ပေးတော်မူသော ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။- 2ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကို မြင်သမျှအတိုင်း သက်သေခံ၏။- 3ကာလအချိန် ရောက်လုနီးပြီဖြစ်၍၊ ဤအနာဂတ္တိကျမ်းစကားကို ကြည့်ရှုဖတ်ရွတ် နားထောင်၍၊ ရေးထားသမျှတို့ကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
နှုတ်ခွန်းဆက်ခြင်း
4ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ဘုရားသခင့်အထံတော်ကလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်ခုနှစ်ပါး အထံကလည်းကောင်း၊-ထွ၊ ၃:၁၄။ ဗျာ၊ ၄:၅။ 5သစ္စာစောင့်သော သက်သေခံ ဖြစ်တော်မူထသော၊ သေသောသူတို့တွင် သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွတ်ဖြစ်တော်မူသော ယေရှုခရစ်အထံတော်ကလည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊-ဟေရှာ၊ ၅၅:၄။ ဆာ၊ ၈၉:၂၇။ 6မိမိခမည်းတော်ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။
7ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုး ရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။-မ၊ ၂၄:၃၀။ မာ၊ ၁၃:၂၆။ လု၊ ၂၁:၂၇။ ၁သက်၊ ၄:၁၇။ ဇာ၊ ၁၂:၁၀။ ယော၊ ၁၉:၃၄၊၃၇။ 8ငါသည် အာလဖဖြစ်၏။ ဩမေဃလည်းဖြစ်၏ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။-ဗျာ၊ ၂၂:၁၃။ ထွ၊ ၃:၁၄။
ခရစ်တော်၏ရူပါရုံ
9ယေရှုခရစ်၏ ဆင်းရဲခြင်းဒုက္ခမှစ၍ နိုင်ငံတော်ကိုလည်းကောင်း၊ သည်းခံတော်မူခြင်းကိုလည်းကောင်း၊ သင်တို့နှင့်အတူ ဆက်ဆံသော အဖော်အဖက်၊ သင်တို့အစ်ကို ငါယောဟန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကြောင့်၊ ပတ်မုကျွန်းမှာ နေရစဉ်တွင်၊- 10သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍၊ တံပိုးခရာ အသံကဲ့သို့ ငါ့နောက်၌ မြည်သောအသံကြီးကို ကြား၏။- 11မြည်သောအချက်ဟူမူကား၊ သင်သည် မြင်သောအရာကို စာစောင်၌ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးလိုက်လော့ဟု ဆိုသတည်း။
12ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကိုမြင်ခြင်းငှာ ငါသည်လှည့်ကြည့်လျှင်၊ ရွှေမီးခွက်ခုနစ်လုံးကိုလည်းကောင်း၊- 13ထိုမီးခွက်ခုနစ်လုံးအလယ်၌ လူသားတော်နှင့် တူသော သူတစ်ဦးကိုလည်းကောင်း မြင်၏။ ထိုသူသည်ခြေသို့ တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။-ဒံ၊ ၇:၁၃၊ ၁၀:၅။ 14ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့လည်းကောင်း၊ မိုးပွင့်ကဲ့သို့လည်းကောင်း ဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။-ဒံ၊ ၇:၉၊ ၁၀:၆။ 15ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။-ယေဇ၊ ၁:၂၄၊ ၄၃:၂။ 16လက်ယာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက် ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သောနေကဲ့သို့ ဖြစ်၏။
17ထိုသူကိုငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏။ ထိုသူသည် လက်ယာလက်တော်ကို ငါ့အပေါ်သို့ တင်လျက်၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။-ဟေရှာ၊ ၄၄:၆၊ ၄၈:၁၂။ ဗျာ၊ ၂:၈၊ ၂၂:၁၃။ 18အသက်ရှင်သောသူလည်း ဖြစ်၏။ ငါသည် အရင်သေသည် ဖြစ်၍၊ ကမ္ဘာအဆက်ဆက် အသက်နှင့် ပြည့်စုံ၏။ မရဏနှင့် မရဏနိုင်ငံကိုလည်း ငါအစိုးရ၏။- 19ထိုကြောင့်၊ သင်သည် မြင်ပြီးသော အရာတို့ကိုလည်းကောင်း၊ ယခုရှိသော အရာတို့ကိုလည်းကောင်း၊ နောင်ဖြစ်လတ္တံ့သော အရာတို့ကိုလည်းကောင်း ရေးထားလော့။- 20ငါ့လက်ယာလက်၌ ထင်ရှားသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်လုံး၏ နက်နဲခြင်းအရာဟူမူကား၊ မီးခွက်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါးဖြစ်၏။ ကြယ်ခုနစ်လုံးသည်လည်း ထိုခုနစ်ပါးသော အသင်းတော်တို့ကို အုပ်သောတမန်ဖြစ်ကြ၏။

ဗျာဒိတ်ကျမ်း - ၁ (အနက်ဖွင့်)

၁။ ယောဟန်မြင်ခဲ့သည့် အရာများ (အခန်း )

(ကခေါင်းစဉ်နှင့် နှုတ်ခွန်းဆက်မင်္ဂလာ

          : ပထမဦးဆုံးကျမ်းပိုဒ်တွင် ဤကျမ်းစာသည် ကာလမကြာမြင့်မှီ ဖြစ်ရမည့်  မှုအရာများဟု ကြေညာထားသည်။ ဗျာဒိတ်ကျမ်းသည် အနာဂတ်ကာလကို မကွယ်ဝှက်ဘဲ ပွင့်လင်းစွာ ဖွင့်ဟချက်များဖြစ်သည်။ သခင်ယေရှုခရစ်တော်က ဗျာဒိတ်ရူပါရုံပေးခြင်းဖြစ်သည်။ ခရစ်တော်က ကိုယ်တော်၏ ကောင်းကင်တမန်ကို ဗျာဒိတ်ပေး၍ ထိုကောင်းကင်တမန်က ကိုယ်တော်၏ကျွန်ယောဟန်အား လာရောက်ဖွင့်ပြသည်။ ဗျာဒိတ်တော်ရူပါရုံများသည် တကယ်ယုံကြည်သူများသို့ ဝေငှသက်သေခံခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အား သက်သေခံခြင်းနှင့် ခရစ်တော်၏ အမူအရာအား သက်သေခံခြင်းလည်း ဖြစ်သည်။ ခပ်တိုတိုပြောရလျှင် ကောင်းကင်နိုင်ငံတွင် ဝိညာဉ်ဖော်ပြချက်ဖြင့် မြင်ခဲ့သော အရာခပ်သိမ်းကို သက်သေခံခြင်းဖြစ်သည်။

          : ဤကျမ်းစာအုပ်ကို အသင်းတော်တွင် ဖတ်ရှုကြဖို့ ဘုရားသခင်က အကြံအစည်တော်ရှိနှင့်သည်။ အဘယ့်ကြောင့်ဆိုသော် ကျမ်းစာအား ကျယ်လောင်စွာ ဖတ်ကြားသူနှင့် ကြားနာ၍ နှလုံးသွင်းသူများကို အထူးကောင်းကြီး မင်္ဂလာပေးမည့်အကြောင်း ကတိတော်ပြုထားသည်။ ထိုဗျာဒိတ်တော်ပြုချက်များ ပြည့်စုံလာရန် အချိန် အလွန်နီးကပ်နေပြီ။

          : ကျမ်းစာကို ရောမလက်အောက်ခံ အာရှဒေသလ အသင်းတော်(၇)ပါးသို့ လိပ်မူ၍ ရေးသားထားသည်။ ထိုဒေသသည် အာရှမိုင်းနားဒေသ (ယခု တူရကီနိုင်ငံ)ဖြစ်သည်။ ပထမဦးစွာ ထိုအသင်းတော်များအား ကျေးဇူးတော်၌ ငြိမ်သက်ခြင်းရှိဖို့ ဆုမွန်ကောင်းတောင်းပေးသည်။ ကျေးဇူးတော်ဆိုသည်မှာ ဘုရားသခင်၏ အလိုတော်နှင့်အညီသာ ခရစ်ယာန်အသက်တာဖြင့် ခွန်အားရယူဖို့ဖြစ်သည်။ ငြိမ်သက်ခြင်းဆိုသည်မှာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ယုတ်စွအဆုံးသေခြင်းတရားနှင့် ရင်ဆိုင်ကြရသည့်တိုင်အောင် ငြိမ်သက်စွာ ခံစားနိုင်ဖို့ဖြစ်သည်။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သုံးပါးတစ်ဆူ ဘုရားရှင်ထံတော်ပါးမှ ရောက်လာခြင်းဖြစ်သည်။ ပစ္စပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ဘုရားသခင် ထံတော်ပါးမှာလာသည်။ ဤကျမ်းစာက အဘ ဘုရားသခင်သည် ယေဟောဝါဘုရားဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ နိစ္စထာဝရတည်မြဲ၍ နိစ္စထာဝရတည်မြဲသည့် တပါးတည်းသော ဘုရားရှင်တော်မြတ်ဖြစ်သည်။ ထိုကျမ်းစကားသည် ပလ္လင်တော်ရှေ့က ဝိညာဉ်ခုနှစ်ပါးထံမှ လာခြင်းဖြစ်သည်။ ဘုရားသခင်က သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဖွင့်ပြခြင်းဖြစ်သည်။ ခုနှစ်ဂဏာန်းသည် ပြည့်စုံလုံလောက်ခြင်း အနက်အဓိပ္ပာယ်ရသည်။ ဤကျမ်းစာအုပ်တွင် (၅၄)ကြိမ်တိတိ ခုနှစ်ဂဏာန်း သုံးနှုန်းထားသည်။

          : ဤကျမ်းစာသည် သစ္စာစောင့်သိသော သက်သေခံဖြစ်တော်မူထသော သေသောသူတို့တွင် သားဦးဖြစ်တော်မူထသော  လောကီဘုရင်တို့၏ အထွဋ်ဖြစ်တော်မူသော ယေရှုခရစ်တော်ထံက ရောက်လာခြင်းဖြစ်သည်။ ခရစ်တော်သည် သားတော်အမှန်ဖြစ်ကြောင်း ဝန်ခံသည်။ သက်သေခံ အထင်အရှားဖြစ်သည်။ သေသောသူများထံမှ သားဦးဖြစ်သည်။ တဦးတည်းသော ထမြောက်သူဖြစ်သည်။ သေလွန်ပြီးမှ ထမြောက်၍ ထာဝရအသက် ပိုင်ဆိုင်စိုးစံသူ တစ်ဦးတစ်ယောက်မှ မရှိပါ။ လောကီဘုရင်များ၏ အထွဋ်အထိပ်ဖြစ်သည်။ ထို့ကြောင့် အစကနဦးမှစ၍ ရှင်ယောဟန်က သခင်ယေရှုအား ချီးမွမ်းကိုးကွယ်သည်။ ကျွန်ုပ်တို့ကို ချစ်တော်မူသော ကယ်တင်ရှင်သခင်ဟု ဆိုထားသည်။ ငါတို့ကို ချစ်၍ မိမိအသွေးနှင့်ငါတို့ အပြစ်ကို ဆေးကြောတော်မူသည်။ ချစ်တော်မူသောကြောင့် ဆေးကြောသုတ်သင်သည်။ မိမိတို့အား အပြစ်ဝန်ချခိုင်းခြင်းသည် အဖိုးထိုက်တန်လှပါသည်။ ကျွန်ုပ်တို့သည် ထိုသို့ ဘုရားသား၏ အသွေးတော်ဖြင့် ဆေးကြောရန် ထိုက်တန်သူများ မဟုတ်ပါ။

: ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့၏ အပြစ်များအား ဆေးကြောရုံမျှမကပါ။ ချစ်မြဲချစ်လျက်ရှိသည်။ နိုင်ငံတော်တည်ထောင်ပေးလျက် (NKJV Margin) ဘုရားသခင်ရှေ့၌ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း ခန့်ထားတော်မူသည်။ မြင့်မြတ်စင်ကြယ်သော ယဇ်ပုရောဟိတ်ဖြစ်သည်နှင့်အညီ ဝိညာဉ်ရေးရာ ပူဇော်သက္ကာကို ဘုရားထံတော်သို့ ခန္ဓာကိုယ်၊ ပိုင်ဆိုင်မူ၊ ချီးမွမ်းခြင်းနှင့် အလုံးစုံသောအမှုတို့ကို ပူဇော်ပေးသည်။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်လည်း ဖြစ်သည်နှင့်အညီ ဘုန်းတန်ခိုးတော်အားဖြင့် မှောင်မိုက်ထဲမှ အံ့ချီးဖွယ်ရာ အလင်းထဲသို့ ကျွန်ုပ်တို့အား ခေါ်ဆောင်တော်မူသည်။ ထိုအရာများ စဉ်းစားဆင်ခြင်သော် ကိုယ်တော်အားရှိခိုး၊ ကိုးကွယ်၊ ချီးမွမ်း၊ ပူဇော်ထိုက်တန်လှပါသည်။ အသင်းတော်၊ စကြဝဠာ ကမ္ဘာအဆက်ဆက်၌ ဘုန်းအသေရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း” အာမင်။

: ကောင်းကြီးမင်္ဂလာမူကား မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူခြင်းဖြစ်သည်။ ကိုယ်တော်ကို ထိုးဖောက်သောသူတို့နှင့် ရှိသသမျှတို့သည် ကိုယ်တော်ကို ရှုမြင်ကြရမည်။ (မ ၂၄:၂၉၊၃၀ ကိုလည်းကြည့်ပါ)။ လက်ဝါးကပ်တိုင်သို့ ပို့ဆောင်သူများ တအံ့တသြဖြစ်သွားကြမည်။ မြေကြီးသား အမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည်သူ့ရန်သူများကို အပြစ်စီရင်ရန်နှင့် ယုံကြည်သူများအတွက် နိုင်ငံတော်တည်ထောင်ရန် ကြွလာမည်။ ယုံကြည်သူများအတွက်မူ ငိုကြွေးဝမ်းနည်းစရာမဟုတ်။ “ကောင်းလေစွ၊ အာမင်” ဟုဆိုကြရမည်။

: ခရစ်တော်ဘုရားက သူ့ကိုယ်သူ အာလဖနှင့် သြမေယ (ဂရိအက္ခရာ ပထမဆုံးစကားလုံးနှင့် နောက်ဆုံးစကားလုံးဖြစ်သည်။ အစလည်းဖြစ်သည်။ အဆုံးလည်းဖြစ်သည်။ အချိန်ကာလ၏ အစွန်းနှစ်ခု၊ နိစ္စထာဝရဘုန်းတန်ခိုး ကြီးတော်မူသော အရှင်သခင်ဖြစ်သည်။ ဖန်ဆင်းခြင်း၏ အရင်းအမြစ်နှင့် ပန်းတိုင်ဖြစ်၍ ကမ္ဘာလောကကြီး၏ ဆုံးစသခင်ဖြစ်သည်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။

(ခရစ်တော်ဘုရားအား ဝတ်ရုံတော်ဖြင့် မြင်ရခြင်း (:၂၀)

          : ရှင်ယောဟန်က သူ့ကိုယ်သူအား ယေရှုခရစ်၏ ဆင်းရဲခြင်း ဒုက္ခမှစ၍နိုင်ငံတော်ကို၎င်း၊ သည်းခံတော်မူခြင်းကို၎င်း၊ သင်တို့နှင့်အတူ ဆက်ဆံသော အဖော်အဘက်၊ သင်တို့ညီအကိုဟု တဖန်မိတ်ဆက်ထားသည်။ ဤနေရာတွင် ဆင်းရဲဒုက္ခ၊ လုံ့လ၊ ဝီရိယ (စိတ်ရှည်သည်းခံခြင်း) နှင့် နိုင်ငံတော်တို့ကို ဆက်စပ်ထားသည်။ ထိုစကားနှင့် ဆင်တူရိုးမား စကားကို ရှင်ပေါလုကလည်း (တ ၁၄:၂၂) တွင် သန့်ရှင်းသူများအား တိုက်တွန်းအားပေးရာ၌ သုံးထားသည်။ “ငါတို့သည် များပြားသော ဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်နိုင်ငံတော်သို့ ဝင်ရကြမည်” ဟုဆိုထားသည်။

ယောဟန်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သစ္စာရှိခြင်း၊ ယေရှုခရစ်အား သက်သေခံခြင်း တို့ကြောင့် အာဂီယံပင်လယ်ပတ်မုကျွန်းတွင် ထောင်နန်းစံနေသည်။ ထိုထောင်နန်းသည် ကောင်းကင်နိုင်ငံ၏ အခန်းဝရောက်ရှိသကဲ့သို့ဖြစ်၍ ဘုရားသခင်ထံတော်ပါးမှ ဗျာဒိတ်တော်ကောင်းကြီး  မင်္ဂလာနှင့် အပြစ်စီရင်မည့် အကြောင်းများကို သိမြင်ခွင့်ရ ခဲ့သည်။

          :၁၀ သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကို ခံရ၍ဆိုသည်မှာ မြူနှင်းမှုံမျှ ကြားခံခြင်းမရှိ၊ ဘုန်းတန်ခိုးတော်ဖြင့် အပြည့်အဝ ဆက်ဆံခြင်းဖြစ်သည်။ ထိုစကားသည် စကားပြောသံ ကြားနိုင်လောက်အောင် နီးကပ်သည်ဟု နားလည်ရသည်။ “ထာဝရကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယ ဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသော အခွင့်ရှိကြ၏” (ဆာ ၂၅:၁၄)။ သီတင်းပတ်၏ ပထမနေ့ရက်သည် ဘုရားသခင်၏ နေ့ရက်ဖြစ်သည်။ ခရစ်တော် ရှင်ပြန်ထမြောက်ရာ နေ့လည်းဖြစ်သည်။ အကြောင်းနှစ်ခု တိုက်ဆိုင်သည်မှာ ပင်တေကုတ္တေနေ့၌ တပည့်တော်များထံ သန့်ရှင်းသော ဝိညာဉ်တော် ရောက်ရှိလာသည်။ တပည့်တော်များစု ဝေးလျက် အတူတကွ မုန့်ဖဲ့ရာ ဘုရားသခင်၏ နေ့ရက် အသင်းတော်အား ပထမဦးဆုံး စုဝေးကြရန် ရှင်ပေါလုသွန်သင်သည့် နေ့ရက်ဖြစ်သည်။ အချို့က ထို့နေ့ကို အမှီပြု၍ အပြစ်စီရင်ခြင်း စီရင်မည့်ကာလကို ရေးသားခြင်း ဖြစ်သည်ဟု ထင်မှားကြသည်။ အကြောင်းအရာက တခြားစီဖြစ်ပါသည်။

ယောဟန်သည် မမျှော်လင့်ဘဲ ရုတ်တရက် သူ့နောက်မှ အသံတော်ကြားသည်။ တဆက်တည်းတွင် တံပိုးမှုတ်သံကြားရသည်။

          :၁၁၁၂ ထိုအသံရှင်သည် ယေရှုဖြစ်၍ ပြောပြမည့် စကားများကို ရေးမှတ်၍ အသင်းတော်(၇)ပါးသို့ ပို့ခိုင်းသည်။ လှည့်ကြည့်သောအခါ ထိုသခင်သည် မီးတိုင်(၇)ခု အလယ်မှာ ရှိနေသည်။

          :၁၃ မီးတိုင် ()ခု အလယ်၌ ရှိနေသူသည် လူသားတော်နှင့် တူသောသူ တဦးဖြစ်သည်။ ထိုသူနှင့် မီးတိုင်များအကြားတွင် မည်သည့်အရာမျှမရှိ။ ကိုယ်စားလှယ်မရှိ၊ အာဏာခွဲဝေဆက်စပ်ခြင်းမရှိ၊ အဖွဲ့အစည်းမရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အသင်းတော်များဖြစ်သည်။ Mc Conkey က ဤသို့ရှင်းပြထားသည်။

ကောင်းကြီးမင်္ဂလာ မခံစားတတ်ခြင်း၊ ခမ်းနားကြီးကျယ်စွာ ကြွရောက်လာမည့် ခရစ်တော်၏ ဗျာဒိတ်တော်များကို နားဝေးခြင်းတို့ကြောင့် နိုင်ငံတော်နှင့် ပတ်သက်သော အကြောင်းအရာများကို နားလည်နိုင်ရန် ဝိညာဉ်တော်က လူ့သဘာဝနှင့် နီးစပ်သော ရုပ်လက္ခဏာများကို ပေါက်ပေါက်ရှာရှာ ရှာဖွေပေးသည်။

ဝတ်ရုံတော်သည် ခြေတိုင်အောင်ခြုံလျက် ရင်တော်၌ ရွှေခါးပန်းကို စည်း၏။ ထိုရွှေခါးပန်းသည် တရားတော်နှင့် သစ္စာဖြစ်၏ (ဟေရှာ ၁၁:၅)။

          :၁၄ ခေါင်းတော်နှင့် ဆံပင်တော်တို့သည် ဖြူသောသိုးမွှေးကဲ့သို့၊ မိုးပွင့်ကဲ့သို့ ဖြူ၏။ ရှေးယခင်ကာလမှစ၍ ထိုအတိုင်းဖြစ်သည် (ဒံ ၇:၉)။ ဉာဏ်ပညာနှင့်၎င်း၊ တရားမျှတခြင်းလည်း ပြည့်ဝသည်။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏ဟု ဆိုခြင်းမှာ အမှားအယွင်းမရှိ။ သာမန်ဉာဏ်မျက်စိဖြင့် မမြင်နိုင်သော အတွင်းမျက်စိကိုလည်း ဖေါက်ထွင်းသိမြင်နိုင်စွမ်း ရှိသည်ဟု ဆိုလိုသည်။

:၁၅ ခြေတော်သည် မီး၌ ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ ကြေးဝါစစ်ဆိုသည်မှာ ပိုင်းခြားချင့်ချိန် သတ္တိကို ဖော်ညွှန်းသည်။ တရားစီရင်ခြင်းဟု ကောက်ယူနိုင်သည်။ အသံတော်သည် သမုဒ္ဒရာပဲ့တင်သံ ကဲ့သို့ဖြစ်၍ အံ့သြဖွယ်ရာအသံ သြဇာလွှမ်းမိုးသည်။

          :၁၆ လက်ျာလက်တော်သည် ကြယ်ခုနှစ်လုံးကို ကိုင်၏။ တန်ခိုး၊ ထိန်းချုပ်အား၊ ဘုန်းကြီးခြင်းကို ပိုင်ဆိုင်ကြောင်း ပြသခြင်းဖြစ်သည်။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက်ထွက်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော် ထက်မြက်ပုံကို ဟေဗြဲ ၄:၁၂တွင်လည်း ရှင်းပြထားပြီးဖြစ်သည်။ အသင်းတော်ခုနှစ်ပါးသို့ရေးသော စာများတွင် ဘုရားရှင်၏လူများအား ထက်မြက်သွက်လက်သော တရားစီရင်ခြင်းဖြင့် စီရင်မည့်အကြောင်းဖြစ်သည်။ မျက်နှာတော်သည် မွန်းတည့်နေကဲ့သို့ ထွန်းတောက်လျက်ရှိသည် ဆိုခြင်းမှာ ကိုယ်တော်၏ ဘုန်းတန်ခိုးတော်၏ ဇာတိတော် သွင်ပြင်လက္ခဏာကို ဖော်ကြူးထားသည်။

အားလုံးပြန်လည်စုစည်းလိုက်လျှင် ခရစ်တော်သည် အသင်းတော် (၇)ပါးအား စီရင်ရန် အချုပ်အခြာ တန်ခိုးပြည့်စုံသူဖြစ်သည်။ ရန်သူများကို တရားစီရင်မည့်အကြောင်း ဆက်လက်တွေ့ရှိရမည် ဖြစ်သော်လည်း တရားမျှတခြင်းသည် ဘုရားသခင်၏ အိမ်တော်မှအစ ပြုပါသည်။ (၁ပေ ၄:၁၇)။ သို့သော်လည်း တရားစီရင်ခြင်းသည် တမျိုးတဘာသာစီရှိသည်။ အသင်းတော်များသည် စင်ကြယ်ခြင်းအပေါ်မူတည်၍ ဆုလက်ဆောင် ချီးမြှင့်မည်။ လောကမူကား အပြစ်ဒဏ်ပေးရန်သာရှိသည်။

          :၁၇ ထိုသူကို ယောဟန်မြင်သောအခါ သေမတတ် ခြေတော်ရင်း၌ လဲကျ၏။ သို့သောလည်း ထိုသခင်က လက်ျာလက်တော်ဖြင့် ထိကိုင်၍ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ၊ ယေဟောဝါဘုရားဖြစ်သည်ဟုဆို၏ (ဟေရှာ ၄၄:၆၊၄၈:၁၂)။

          :၁၈ ထိုသူသည် သေလွန်ခဲ့သော်လည်း ရှင်ပြန်ထမြောက်၍ ထာဝရအသက်ရှိသူဖြစ်၏။ မရဏာနှင့် မရဏာနိုင်ငံ၏ သော့ချက်ဖြစ်သည်။ ထိုနှစ်ခုစလုံးကို အစိုးရလျက် သေလွန်သူများကို ထမြောက်စေပိုင်ခွင့်ရှိသည်။ Hades (မရဏဦနိုင်ငံ)သည် ဝိညာဉ်များမတွက်ဖြစ်၍ မရဏာသည် ခန္ဓာကိုယ်အတွက်ဖြစ်၏။ လူသေသွားသောအခါ သူ့ဝိညာဉ်သည် မရဏာနိုင်ငံ (Hades) ၊ ရုပ်မဲ့ကမ္ဘာသို့ ရောက်ရှိသွားသည်။ ခန္ဓာကိုယ်မှာမူ သင်္ချိုင်းဂူထဲသို့ သွားရသည်။ ယုံကြည်သူများအတွက် ထိုရုပ်မဲ့ကမ္ဘာသည် ဘုရားသခင်နှင့် အတူတူရှိနေခြင်းနှင့်တူသည်။ ထမြောက်ရာနေ့၌ ထိုခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ပြန်လည်ပေါင်းစည်းလျက် အဖဘုရားသခင်၏ အိမ်တော်သို့ ချီဆောင်ခြင်း ခံရပေမည်။

          :၁၉ ထို့ကြောင့် ရှင်ယောဟန်က မြင်ပြီးသောအရာများကို အခန်း၁တွင်၎င်း၊ ယခုရရှိသောအရာတို့ကို အခန်း(၂ နှင့် ၃)တွင်၎င်း၊ နောင်ဖြစ်လတံ့သော အရာတို့ကို အခန်း(၄ မှ ၂၂) တွင်၎င်း ဤကျမ်းစာအုပ်၏ မာတိကာများဖြစ်သွားသည်။

          :၂၀ ကြယ်ခုနှစ်လုံးနှင့် မီးတိုင်ခုနှစ်ခု၏ အဓိပ္ပါယ်ကို သခင်ဘုရားက ယောဟန်အား ရှင်းပြထားသည်။ ကြယ်များသည် ကောင်းကင်တမန်(သို့) အသင်းတော်ခုနှစ်ပါးသို့ အုပ်စိုးသော တမန်များဖြစ်၍ မီးတိုင်ခုနှစ်ခုသည် အသင်းတော် ခုနှစ်ပါးဖြစ်သည်။

တမန်များအကြောင်းနှင့် ပတ်သက်၍ အဓိပ္ပါယ် အမျိုးမျိုးဖွင့်ဆိုကြသည်။ အချို့က အသင်းတော်များကို အုပ်သောတမန်ဆိုသည်မှာ လူမျိုးတော်များနှင့်ဆိုင်သော တမန်ဖြစ်သည်ဟုဆိုသည် (ဒံ ၁၀:၁၃၊၂၀၊၂၁)။ တချို့က အသင်းတော်ဘုန်းတော်ကြီးများ ဝိညာဉ်ရေးရာ ဆရာများဟု ဆိုကြသည်။ အချို့က ရှင်ယောဟန်၏ ပတ်မုကျွန်းစာကို အသင်းတော်(၇)ပါး အသီးသီးသို့ ပို့ဆောင်ပေးသူများဖြစ်သည်ဟု ဆိုကြသေးသည်။ ဂရိဝေါဟာရတွင် angeols ဟုဆိုရာ ကောင်းကင်တမန်(သို့) သတင်းပေးသူဟု အနက်ရသည်။ ဤကျမ်းစာအုပ်တွင်မူ ပထမအဓိပ္ပါယ် အဖြစ်ထင်ရှားပါသည်။

စာအားလုံးသည် အသင်းတော်ကို အုပ်စိုးသော တမန်များသို့ လိပ်မူသော်လည်း အတွင်းစာသားများသည် အသင်းတော်(၇)ပါးသို့ ရေးသားခြင်းဖြစ်သည်။

မီးတိုင်သည် အလင်းကိုဖော်ဆောင်ခြင်းဖြစ်၍ ဒေသန္တရ အသင်းတော်များကို ရည်ညွှန်းပါသည်။ ဤအမှောင်လောကတွင် ဘုရားသခင်၏ အလင်းရောင်အား တောက်ပဖို့ရန် ပါဝင်ဖြည့်ဆည်း အသုံးတော်ခံခြင်းဖြစ်သည်။

၂။ ယခုရရှိသောအရာ။ သခင်ဘုရားထံတော်မှ ပေးစာ (အခန်း ၂၊၃)

အခန်း ၂နှင့် ၃သည် အာရှအသင်းတော် ခုနှစ်ပါး အသီးသီးသို့ ပေးစာဖြစ်သည်။ ထိုပေးစာများကို အနည်းဆုံး(၃)မျိုးဖြင့်ခွဲခြားနိုင်သည်။ ပထမအချက်မှာ ရှင်ယောဟန် ဤကျမ်းကို ရေးသားသည့် အချိန်တွင် ထိုအသင်းတော်များ၏ ပကတိအခြေအနေ မှန်ရှိနေချိန်ဖြစ်သည်။ ဒုတိယအချက်မှာ ခရစ်ယာန်များ၏ တချိန်တခါက လူ့လောကအမြင်ဖြစ်သည်။ ပင်တေကုတ္တေနေ့မှစ၍ ရာစုနှစ်တိုင်း ခရစ်ယာန်များ၏ ဘဝကို ဤပေးစာများတွင် တဒေါင့်တနေရာမှ ရှုမြင်နိုင်သည်။ မဿဲ ၁၃ပါ ပုံဆောင်ချက်များကို ပြန်လည်မှတ်မိစေပါသည်။ ကုန်ကုန်ပြောရလျှင် အသင်းတော်အသီးသီး၏ အခြေအနေကို သိခြင်းအားဖြင့် ခရစ်ယာန်သမိုင်းကြောင်းကို သိရှိနိုင်ပါသည်။ ယေဘူယျအားဖြင့် ပြောရလျှင် ထိုအသင်းတော်များသည် ဆုတ်ယုတ်သည်။ ယုံကြည်သူ အများကမူ ပထမပေးစာ(၃)စောင်သည် တခုပြီးတခု ရေးသားခြင်းဖြစ်သည်ဟု ယုံကြည်၍ နောက်(၄)စောင်သည် တချိန်တည်း တပြိုင်တည်းတွင် ရေးသည်ဟု ထင်မှတ်ကြသည်။

တတိယရှုထောင့်အရ အသင်းတော်များ၏ သမိုင်းကဏ္ဍသစ်ကို အကြမ်းအားဖြင့် အောက်ပါအတိုင်း မှတ်ယူရမည်။

ဧဖက်အသင်းတော်။ ပထမရာစုနှစ်မှ အသင်းတော်ဖြစ်၍ ယေဘူယျအားဖြင့် ဆက်ကပ်ကိုးကွယ်သော အသင်းတော်ဖြစ်သော်လည်း ကနဦးမေတ္တာလျှော့သောကြောင့် အပြစ်တင်ခြင်းခံရသည်။

စမုရနအသင်းတော်။ (၁)ရာစုနှစ်မှစ၍ (၄)ရာစုနှစ်တိုင်အောင် ရောမအင်ပါယာ၏ ညှင်းပန်းနှိပ်စက် ခြင်းခံရသည်။

ပေရဂံအသင်းတော်။ (၄)ရာစုနှင့် (၅)ရာစုတွင် ခရစ်ယာန်ဝါဒကို ကွန်စတန်တိုင်၏ ကြီးမားမူဖြင့် ခိုင်မြဲစွာ စွဲကိုင်သည်။

သွာတိရအသင်းတော်။ (၆)ရာစုမှ (၁၅)ရာစုထိ ရောမင်ကက်သလက် အသင်းတော်ဖြင့် ပြန်လည်ပြုပြင်ခြင်း ကာလတိုင်အောင် အနောက် ခရစ်ယာန်များသို့ ကျယ်ပြန့်စွာ ထိုးဖောက်ခဲ့သည်။ အရှေ့ဘက်တွင် Orthodox အသင်းတော် အပြစ်ကြီးစိုးသည်။

သာဒိအသင်းတော်။ ၁၆နှင့် ၁၇ ရာစုနောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာသည်။ ပြန်လည်ပြုပြင်သည့် အလင်းသည်လည်း မှေးမှိန်လာသည်။

ဖိလဒေလအသင်းတော်။ ၁၈ရာစု နှင့် ၁၉ရာစုတွင် အံ့သြဖွယ်ကောင်းလောက်အောင် နိုးကြား၍ တဟုန်ထိုးပြောင်းလဲ အမှုတော်ဆောင်သည်။

လောဒိကိအသင်းတော်။ နောက်ဆုံးနေ့ရက်များတွင် မပူမအေးနှင့် ယုံမှားသံသယရှိသည်။ လွတ်လပ်လဟာဖြစ်၍ ရှေးရိုးစဉ်လာစွဲလန်းသော အသင်းတော်ဖြစ်သည်။

ပေးစာများ၏ သရုပ်သကန်များသည် ဆင်တူရိုးမှားဖြစ်ကြသည်။ ဒါဟာ ဂုဏ်အားဖြင့် အသင်းတော် အသီးသီးကို နှုတ်ခွန်းပဏ္ဍာဆက်သလျက် သခင်ခရစ်တော်၌ ရင်းနှီးစွာရှိနေကြသည်။ အသင်းတော်တိုင်း၏ လုပ်ဆောင်ချက်များအားလုံးကို သိရှိကြောင်း “ငါသိ၏” ဟူသောစကားလုံးဖြင့် ရေးထားသည်။ လုဒိကိအသင်းတော်မှလွဲ၍ အသင်းတော်များသို့ လိပ်မူမိန့်မှာချက်များ ပေးထားသည်။ စမုရနနှင့် ဖေလဒေလဖိအသင်းတော်များကို ပိုမို ခွန်အားရရှိဖို့ အသိအမှတ် ပြုထားသည်။ ထိုသီးသန့် တိုက်တွန်း နှိုးဆော်ချက်များကို ဝိညာဉ်တော်၊ ကတိတော် အသီးသီးပါရှိသဖြင့် အောင်နိုင်သူများ ဖြစ်ကြရသည်။

ထိုအသင်းတော် အသီးသီးတွင် ထူးခြားသော ဝိသေသလက္ခဏာများ ကိုယ်စီရှိကြသည်။ Phillips က အောက်ပါအတိုင်း အမှတ်ကညာ တပ်ထားသည်။ ချစ်ခြင်းမေတ္တာမရှိသော ဧဖက်အသင်းတော်၊ ညှဉ်းပန်းနှိပ်စက်ခံ စမုရနအသင်းတော်၊ သည်းခံခြင်းကောင်းသော ပေရဂံအသင်းတော်၊ အရှက်ရစရာ သွာဒိရအသင်းတော်၊ အိပ်ပျော်နေသော သာသိအသင်းတော်၊ အခွင့်အလန်းကောင်းသော ဖိလဒေဖိအသင်းတော် နှင့် တင်းတိမ်ရောင့်ရဲသော လုဒိကိအသင်းတော်ဟု နာမည်ပေးထားသည်။ Walwoord က သူတို့ပြဿနာများကို ကြည့်၍ (၁) မေတ္တာမဲ့၊ (၂) ဆင်းရဲဒုက္ခသည်၊ (၃) အယူဝါဒ ချို့တဲ့သူ၊ (၄) ကိုယ်ကျင့်သိက္ခာ ပျက်ပြားသူ၊ (၅) ဝိညာဉ်သေသူ၊ (၆) အထနှေးသူ၊ (၇) မပူအနွေးဟု နာမည်ကင်ပွန်းတပ်ထားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။