ရောမဩဝါဒစာ - ၁
ရောမဩဝါဒစာ - ၁ (အနက်ဖွင့်)
၁။ ယုံကြည်ချက် ဘုရားသခင်၏သတင်းကောင်း (အခန်း၁–၈)
(က) သတင်းကောင်းမိတ်ဆက် (၁:၁–၁၅)
၁:၁ ဒမာသက်လမ်းတွင် ဘုရားရှင်ကသီးသန့်ခေါ်ယူခြင်းကို အကြောင်းပြု၍ ပေါလုသည်သူ့ကိုယ်သူအား ဘုရားသခင်၏ငယ်ကျွန်အဖြစ်ခံယူသည်။ တပါးအမျိုးသားများထံသို့ ဧဝံဂေလိဟောပြောရန် (တ၉:၁၅၊၁၃:၁၂) သီးသန့်ခေါ်ယူခြင်းဖြစ်သည်ဟု ခံယူသည်။ ထိုကဲ့သို့ပင် ယနေ့ယုံကြည်သူများသည်လည်း ရောက်လေရာအရပ်မှာ ဧဝံဂေလိသတင်းဟောကြားရန် အသွေးတော်ဖြင့် သန့်သန့်လေးရွေးဝယ်သူများဖြစ်သည်။
၁:၂ ဧဝံဂေလိသတင်းစကားသည် ယုဒပရိတ်သတ်များအတွက် အသစ်အဆန်းဖြစ်သည်။ ရှေးပရောဖတ်များ၏ ပရောဖတ်ခွင့်ပြုချက်များကို ဓမ္မဟောင်းကျမ်း (ဝတ် ၁၈ : ၁၅၊ ဟေရှာ ၇:၁၄၊ ဟဗ၂:၄) တို့တွင် တွေ့ခဲ့ပြီးဖြစ်သည်။ ပုံစံ၊ ပုံ သဏ္ဍာန်အမျိုးမျိုး (ဥပမာ၊ နောဧ၊ သင်္ဘော ၊ ကြေးမြွေခေါင်း၊ ယဇ်ပူဇော်ခြင်း) များဖြင့် ထင်ရှားခဲ့သည်။ ထိုနှစ်ခုသည် တခြားစီမဟုတ်။
၁:၃ ဧဝံဂေလိသတင်းစကားသည် ဘုရားသားတော် ယေရှုခရစ်တော်က လူ့ဇာတိဖြင့် ဒါဝိဒ်မျိုးနွယ်စဉ်ဆက်ခံယူသူ၏ အကြောင်းဖြစ်သည်။ လူ့ဇာတိခံယူသည်ဟုဆိုသောအခါ ထိုသခင်ယေရှုသည် လူ့ဇာတိနှင့် ဘုရားဇာတိတော်နှစ်ခုစလုံးရှိသည်ဟု ဆိုလိုသည်။ သတင်းစကားဆိုသည်မှာ ကိုယ်တော်ဘုရာ၏ လူ့ဇာတိခံယူခြင်းအကြောင်းဖြစ်သည်။ အကယ်၍ ယေရှုသည် သာမန်လူသာသာဖြစ်လျှင် လူ့သမိုင်းကြောင်းသည်လည်း အထူးတလည်ပြောစရာရှိမည်မဟုတ်။ သူလိုကိုယ်လိုသာဖြစ်သွားမည်။ သို့သော် ယေရှုသည် သူလိုငါလို သာမန်လူမဟုတ်ပါ။
၁:၄ သခင်ယေရှုသည် ဘုန်းတန်ခိုးရှိသော ဘုရားသားတော်ဖြစ်သည်။ ဤနေရာတွင် သန့်ရှင်းသောဝိညာဉ်ကို မဟာတန်ခိုးတော်ဟု သုံးနှုန်းထားသည်။ ယခင်ယေရှု၏ နှစ်ခြင်း မင်္ဂလာခံယူခြင်း အံ့ဖွယ်နိမိတ် လက္ခဏာများကို သန့်ရှင်းသောဝိညာဉ်တော်ဖြင့် သက်သေပြသည်။ ဘုရားသခင်သည် သားတော်ယေရှုကိုထမြောက်စေသည်ဟု နားလည်ရသည်။ သို့သော် ထိုထက်မကပါ။ အခြားသူများကိုလည်း ထမြောက်စေနိုင်သော တန်ခိုးပါပြည့်ဝစေသည်။ ထို့ကြောင့်ယေရှုက ယာဣရု၏ သမီးနာဣနမုဆိုးမ၏သား လာဇရုတို့ကို ထမြောက်စေခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် သေခြင်းမှထမြောက်ခြင်း၏ အကြောင်းအရင်းပဓာန ဖြစ်သည်။
ယေရှုသည် ဘုရားသားတော်ဖြစ်သည်ဟုဆိုရာတွင် ယေရှုကဲ့သို့သော ဘုရားသားမရှိဟုဆိုလိုသည်။ ဘုရားသခင်သည် သားသမီးများစွာ ရှိပါသည်။ ယုံကြည်သူများအားလုံးသည် ဘုရားသားသမီးများဖြစ်သည် (ယောဘ ၁:၆ ၊ ၂:၁)။ သို့သော် ယေရှုသည် ထိုသားသမီးများနှင့်မတူ ထူးခြားသောသားတော်ဖြစ်သည်။ သခင်ဘုရားက ဘုရားသခင်ကို ခမည်းတော်ဟုခေါ်ဆိုသောအခါ ယုဒလူမျိုးများက ယေရှုနှင့် ဘုရားသခင်သည် အတူတူဖြစ်သည်ဟု နားလည်ခံယူ (ယော ၅:၁၈ ) ကြသည်။
၁:၅ ပေါလုက ထိုယေရှုခရစ်မှတဆင့် ဘုရားသခင်၏ ကျေးဇူးတော်ကိုခံစားရသည် ဟုဝန်ခံသည်။ တမန်တော်အဖြစ် ရွေးခန့်သည်ဟု ဆိုသည်။ ကျေးဇူးတော်အားဖြင့် တမန်တော်ရာထူး ခံစားရသည်ဟု ဆိုရာတွင် သီးသန့်တမူခေါ်ယူခြင်းကို ဆိုလိုသည်။ တခြားတမန်တော်များနှင့် မတူဘဲ၊ တပါးအမျိုးသားများ အတွက် သီးသန့်တာဝန်ပေးခြင်းဖြစ်သည်။ ယုံကြည်ခြင်းဖြင့် နာခံခြင်းရှိသော လူသားတိုင်းအား သခင်ယေရှု့ခရစ်တော်ထံပါးသို့ ပို့ဆောင်ရန် စေစားခြင်းခံရသူဖြစ်သည် (တ ၂၀:၂၁)။ ပေါလု၏ ဧဝံဂေလိတရားတော် ဟောကြားချက်သည် ကမ္ဘာအနှံ့ထင်ရှား၍ နာမတော်မြတ် ဘုန်းအသရေ ထင်ရှားတော်မူသည်။
၁:၆ ထိုဧဝံဂလိ သတင်းစကားကို ကြားသိ၍ ခွန်းတုံ့ပြန်သူများသည် ယေရှုခရစ်တော် ခေါ်သံကြားသူများဖြစ်၍ ကယ်တင်ခြင်းမြည်းစမ်းသူများဖြစ်သည်။
၁:၇ ဤဩဝါဒစာသည် ရောမအသင်းတော်သို့ လိပ်မူရေးသားထားသောစာဖြစ်သည်။ အခြားစာစောင်များနှင့် မတူပါ။ နောက်ဆုံးအခန်းတွင် ရောမမြို့တော်၌ ယုံကြည်သူများ အမျိုးမျိုး အစုလိုက် အစုလိုက် စုဝေးနေကြကြောင်း တွေ့ရမည်။ ထိုသူများကိုရည်ရွယ်ရေးသားခြင်းဖြစ်သည်။
ဘုရားသခင်၏ အချစ်ဆုံးသန့်ရှင်းသူများ ဟုဆိုသည်။ ထိုစကားသည် ခရစ်တော်၏ အသွေးတော်ဖြင့် ရွေးဝယ်ထားသူများကို ဆိုလိုသည်။ လောကအရာများနှင့် ကင်းစင်လျက် ဘုရားသခင်ရင်ခွင်၌ ခိုလှုံသူများကို သန့်ရှင်းသူများဟုခေါ်သည်။
ပေါလုက ကျေးဇူးတော်နှင့် ကရုဏာတော်ကို ဆက်စပ်ထားသည်။ ကျေးဇူးတော် (ဂရိ Chairs ) သည် ဂရိဘာသာစကား အသုံးအနှုန်းဖြစ်၌ ငြိမ်သက်ခြင်း (chalom) ယုဒဘာသာ ယဉ်ကျေးမှုအသုံးအနှုန်း ဖြစ်သည်။
ဤနေရာတွင် ကျေးဇူးတော်ဆိုသည်မှာ ကယ်တင်မှုပြုခြင်းကိုမဆိုလို။ ခရစ်ယာန်အသက်တာနှင့် အမှုတော်တွင် တန်ခိုးတော် ဆင်ယင်ခြင်းကိုဆိုလိုသည်။ ငြိမ်သက်ခြင်း ဆိုသည်မှာလည်း ဘုရားသခင်၏ ငြိမ်သက်ခြင်းကိုမဆိုလိုပါ (သန့်ရှင်းသူများသည် ယုံကြည်မှုကြောင့် ငြိမ်သက်ခြင်းရရှိပြီးသူများဖြစ်သည်)။ တဦးချင်း၏စိတ်နှလုံးတွင် ဘုရားသခင်အုပ်စိုးခြင်းဖြင့် အသင်းတော်အစုအဝေး၌ ငြိမ်သက်ချမ်းမြေ့ခြင်းရှိရန် မေတ္တာပို့ခြင်းဖြစ်သည်။ ခမည်းတော်နှင့် သားတော်ယေရှုခရစ်ထဲမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း ခံစားကြပါစေဟုဆိုလိုခြင်းသည် ခမည်းတော်နှင့် သားတော်အားတန်းတူ ထားရှိခံယူခြင်းဖြစ်သည်။ အကယ်၍ ယေရှုသည် သာမန်လူသားဖြစ်လျှင် အထက်ကစကားသည် ယုတ္တိကျမည်မဟုတ်။ “ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကရုဏာတော်သည် ဘုရားသခင်ထံမှ အာဗြထံသို့ ရောက်ရှိ၍ ထိုမှတဆင့် ခံစားကြပါစေ” ဟူသောစကားမျိုးပြောရတော့မည်။
၁:၈ ပေါလုသည် သူ့စာဖတ်ပရိသတ်အား ချီးမွမ်းခြင်းဖြင့် စတင်အသိအမှတ်ပြုလိုက်သည်။ အတုယူဖွယ်ရာ ကောင်းသော သင်ခန်းစာဖြစ်သည်။ သခင်ယေရှု၏ အောင်သွယ်ပေးခြင်းဖြင့် ရောမသားများသည် ဘုရားသခင်ကို သိကျွမ်းကြကြောင်း ကမ္ဘာအဝှမ်းတွင် သတင်းမွှေးနေသည်။ ရောမသားများ၏ ယုံကြည်ခြင်းသည် ရောမအင်ပါယာကို လျှံထွက်လျက် မြေထဲပင်လယ် ဒေသသာမက ကမ္ဘာအဆုံးအစွန်ထိ ပျံ့နှံသည်။
၁:၉ အဘယ်ကြောင့်ဆိုသော် ရောမသားများ၏ ယုံကြည်ခြင်းသည် အရောင်တောက်ဖြာလျက် အခြားသူများကို အလင်းပေးသည်။ မြင်သူများ စိတ်ချမ်းမြေ့စရာအတုယူ ဖွယ်ရာများ ဖြစ်သည်။ ထိုသတင်းစကားကြားရသောကြောင့် ပေါလုသည်လည်း သခင်ဘုရားအား မနားမနေချီးမွမ်းသည်။ ရောမအသင်းသားများအတွက် ဆုတောင်းသည်။ ထိုသို့စဉ်ဆက်မပြတ် ဆုတောင်းခြင်းကို တခြားသူများ မမြင်မသိကြသော်လည်း ဘုရားသခင်ကသိမြင်သည်။ ပေါလု၏ အမှုတော်ဆောင်ခြင်းတွင် ဝိညာဉ်တော်ပါရှိသဖြင့် ထိုသို့ဆက်ကပ်ခြင်းဖြစ်သည်။ ပေါလု၏ မရပ်မနားဆုတောင်းခြင်း ဆိုသည်မှာ ဘာသာရေးသမားများ၏ အချိန်နာရီကျလျှင် ရောက်ရာနေရာတွင် ဆုတောင်းခြင်းမျိုး၊ မအိပ်မစားဘဲ ဆုတောင်းခြင်းမျိုး မဟုတ်ပါ။ ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်းဖြစ်သည်။ ဝိညာဉ်တော်မီးကြောင့် မမောနိုင်မပမ်းနိုင် ဆုတောင်းသည်။ ဘုရားသခင်၏ သားတော်အကြောင်း မင်္ဂလာသတင်း လူတိုင်းကြားသိစေလိုသော မီးတောက်မီးလျှံဖြစ်သည်။
၁:၁၀ ရောမသန့်ရှင်းသူများအတွက် ဆုတောင်းသည့်အခါတိုင်းတွင် ပေါလုကိုယ်တိုင်လည်း ရောမသို့အလည်အပတ် သွားဖို့ပါဝင်သည်။ သို့သော သွားရောက် လည်ပတ်ခွင့် ရရန်မှာဘုရားသခင်၏ အလိုတော်သာ ဖြစ်သည်။
၁:၁၁ ရောမသန့်ရှင်းသူများ တွေ့လိုသည့်အကြောင်းအရင်းမှာ ဝိညာဉ်ချုပ်အား ထပ်ဆောင်းပေးဆပ်လိုခြင်း ဖြစ်သည်။ ကောင်းကြီးမင်္ဂလာပေးလိုခြင်း ဖြစ်ပေမည်။ လက်တင်၍ ကောင်းကြီးမင်္ဂလာ ပေးလိုခြင်း ဖြစ်မည် (တိမောသေကိုလည်း ထိုသို့ပြုသည့် ၂တိ ၁:၆)။ နုတ်ကပတ်တော် ဝေငှတိုက်တွန်းခြင်းဖြင့် ဝိညာဉ်ရေးရာ ရင့်ကျက်စေလိုသည်။
၁:၁၂ တနည်းအားဖြင့် အပြန်အလှန်ကောင်းကြီးပေးကြခြင်း ဖြစ်သည်။ ပေါလု၏ တိုက်တွန်းချက်ဖြင့် ယုံကြည်ခြင်း ခွန်အားရရှိကြမည်။ ထိုသိုရရှိကြခြင်းဖြင့် ပေါလုသည်လည်း ကောင်းကြီးမင်္ဂလာ ခံစားရမည်။ ထိုအသင်းတော်သည်ဝိညာဉ်ရေး ကြွယ်ဝသည်။ “သံကိုသံဖြင့် ထက်အောင်ပြုရသကဲ့သို့ လူတို့သည်လည်း အချင်းချင်း ပညာသင်ယူကြရ၏” (သု ၂၇:၁၇)။ ဤနေရာတွင် ပေါလုသည် အထက်စီးက ကူညီခြင်းမဟုတ်။ အောက်ကျို့နှိမ့်ချစွာ တိုးဝင်၍ သန့်ရှင်းသူများကို ဖြည့်ဆည်းခြင်းဖြစ်သည်။
၁:၁၃ ရောမသို့သွားရန် ခဏခဏ စိုင်းပြင်းသော်လည်း တစ်ခါမှမသွားဖြစ်ခဲ့။ အခြားနေရာများတွင် ဝိညာဉ်ရေးရာ ဦးစားပေးစရာ ရှိသောကြောင့်လား။ သန့်ရှင်းသောဝိညာဉ်တော်က မညွှန်ကြားသောကြောင့်လား၊ စာတန်က နှောက်ယှက်တားဆီးခြင်းလား၊ တခုခုဖြစ်နိုင်သည်။ ရောမမြို့တော်တွင်လည်း တခြားတပါး အမျိုးသားများအကြားတွင် အသီးအပွင့်များ ပွင့်လန်းစေသကဲ့သို့ သီးပွင့်ဝေဆာစေချင်သည်။ ဤနေရာတွင် အသီးအပွင့် ဆိုသည်မှာ ဧဝံဂေလိအသီးအပွင့်ကို ဆိုလိုသည်။ ရောမမြို့မှသည် ရောမအင်ပါယာတခွင် တပြင်လုံး၌ ခြိမ့်ခြိမ့်သဲ ဝိညာဉ်ရေးရာ အောင်ပွဲခံစေချင်သည်။
၁:၁၄ ခရစ်တော်ကို ပိုင်ဆိုင်သူများသည် အနက်နဲ့ဆုံးသောဘဝ အဖြေရရှိထားသူများဖြစ်သည်။ အပြစ်ကို ကုသပျောက်စေနိုင်သော ဆေးစွမ်းကောင်း ပိုင်ဆိုင်သူများ ဖြစ်သည်။ ထာဝရငရဲလမ်းမှ ကယ်တင်ရာလမ်း သိရှိသူများဖြစ်ကြသည်။ ဘုရာသခင်၌ ထာဝစဉ် ပျောရွှင်ရမည့် အာမခံချက်ရရှိသည်။ ထို့ကြောင့် ထိုသတင်းကောင်းရရှိပိုင်ဆိုင်ထားသော ပေါလုသည် လူရိုင်းများ၊ ပညာရှိသူ၊ ပညာမဲ့သူ ရှိရှိသမျှ လူသားအားလုံးသို့ ဟောပြောရန် တာဝန်ရှိသည်ဟု သူ့ကိုယ်သူ ခံယူထားသည်။ ကျွန်တော်မှာ “ဝတ္တရားကြွေးမြီးရှိသည်” ဟုဆိုသည်။
၁:၁၅ ထိုသို့ဝတ္တရား ကြွေးမြီ ရှိသောကြောင့် ရှိရှိသမျှအစွမ်းဖြင့် ရောမသို့ဟောပြောရန် စိတ်အား ထက်သန်နေသည်။ သို့သော်ရောမအသင်းတော်သားများထံသို့ မဟုတ်ပါ။ ရောမ အသင်းတော်သားများသည် ယုံကြည်စိတ်ချရသူများ ဖြစ်သောကြောင့် ပြည့်နေသောခွက်ဖလားထဲသို့ ထပ်ထည့်စရာမလို၊ ဧဝံဂေလိ မကြားဖူးသော မပြောင်းလဲပေးသည့် တပါးအမျိုးသားများထံသို့ ဟောပြောချင်သည်။
(ခ) သတင်းကောင်း၏အဓိပ္ပါယ် (၁:၁၆–၁၇)
၁:၁၆ ယုဒများကငြင်းဆန်၍ ဂရိများကအရူးဟု သမုတ်ကြသော်လည်း ပေါလုသည် ဘုရားသခင်၏ ဧဝံဂေလိသတင်းကောင်းကို ကြီးကျယ်ခမ်းနားသော ရောမမြို့တော်ထဲသို့ ယူဆောင်သွားရန် ဝန်မလေး။ အရှက်အကြောက်မရှိ၊ ဘုရားသားတော်ကို ယုံကြည်သူတိုင်းအား တန်ခိုးတော်ဖြင့် ကယ်တင်ရကြောင်း ပြောရဲဆိုရဲ အာမခံရဲသည်။ ယုဒများနှင့် ဂရိများသို့လည်း ထိုအတိုင်းဟောပြောခဲ့သည်။
တမန်တော်များ ခေတ်ကာလအလျောက် ယုဒနှင့် ဂရိများသို့ သတင်းကောင်းဟောပြောခဲ့ကြသည်။ ရှေးမဆွကပင် ရွေးချယ်တော်မူထားသော ဣသရေလလူမျိုးသို့ ဧဝံဂေလိသတင်းစကားကို သွန်သင်ရန်စီမံခဲ့သည်။ ယခုကာလတွင်ဦးစားပေးခြင်း နောက်ချန်ခြင်းမရှိပါ။ တချိန်တည်း တပြိုင်တည်းတွင် ယုဒလူမျိုးနှင့်တပါးအမျိုးသားများသို့ ဟောပြောကြားသိစေခွင့်ရကြသည်။
၁:၁၇ ဖြောင့်မတ်ခြင်း ဟူသောစကားလုံးကို ဤကျမ်းစာ၏ ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိရသည်။ ဤဝေါဟာရကို ဓမ္မသစ်ကျမ်းတွင် အဓိပ္ပါယ် အမျိုးမျိုးဖြစ်သုံးထားသည်။ ထိုအမျိုးမျိုး သုံးနှုန်းခြင်း အနက် (၃) မျိုးကိုရှင်းပြပါမည်။
ပထမဆုံးအချက်မှာ ဘုရားသခင်၏ ဂုဏ်အင်လက္ခဏာ ဖြစ်သည်။ ဘုရားသခင်သည် အစဉ်သဖြင့် ဖြောင့်မတ်သည်၊ မှန်ကန်သည်၊ ဖြူစင်သည်။ ဘုရားသခင်သည် ဖြောင့်မတ်စင်ကြယ်သည်ဟု ဆိုသောအခါ ဘုရားသခင်သည် ဖြောင့်မတ်သည်၊ တရားမျှတသည်၊ အမှားအယွင်းမရှိ၊ ဘက်လိုက်ခြင်းမရှိ၊ မရိုးသားမှု ကင်းစင်သည်၊ မျှတသည်ဟု ဆိုခြင်းဖြစ်သည်။
ဒုတိယအချက်အနေဖြင့် ဘုရားသခင်၏ဖြောင့်မတ် စင်ကြယ်ခြင်းမှာ မယုံကြည်သူများအား မယုံကြည်သည့်အလျှောက် စီရင်ခြင်းဖြစ်သည်။ ယေရှုသည် အပြစ်သားမဟုတ်သော်လည်း အပြစ်သားများကိုယ်စား အသေခံခဲ့သည်။ ထို့သို့ မယုံကြည်သူများကိုယ်စား တရားစီရင်ခံရခြင်းသည် တရားမျှတသည်။
နောက်ဆုံး တတိယအချက်အနေဖြင့် ဘုရားသခင်၏ဖြောင့်မတ်စင်ကြယ်ခြင်းမှာ သားတော်ကို ယုံကြည်သူများအား စောင့်ရှောက်ခြင်းဖြစ်သည် (၂ ကော ၅:၂၁)။ လူသည်မိမိ အစွမ်းအစဖြင့် ဖြောင့်မတ် စင်ကြယ်နိုင်သည် မဟုတ်။ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဖြင့်သာ ဖြူစင်နိုင်သည်။ ထိုယေရှုခရစ်တော်ကို ယုံကြည်လျှင် ယေရှုနည်းတူ ဖြောင့်မတ်စင်ကြယ်ခွင့် ရသည်။ ထိုယုံကြည်သူများ၏ အသက်တာသည် စင်ကြယ်သွားသည်။
ဤကျမ်းပိုဒ်၏ အနှစ်သာရမှာ ဘုရားသခင်၏ ဖြောင့်မတ်စင်ကြယ်ခြင်း (၃) မျိုးဖြစ်သည်။ အပြစ်သားများသည် ခရစ်တော်ကို ယုံကြည်လျှင်ဘဝ စင်ကြယ်သည်။
ဘုရားသခင်၏ စင်ကြယ်ဖြောင့်မတ်ခြင်း အကြောင်းကို ခရစ်ဝင်ကျမ်းများတွင် ရှင်းပြထားသည်။ ခရစ်ဝင်ကျမ်းတွင် အပြင်သည်ထာဝရ သေခြင်းဖြစ်သည်ဟု သွန်သင်ပါသည်။ သို့သော်ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် ဖြောင့်မတ်စင်ကြယ်စွာ ဝေငှကြောင်းကြားရပြန်သည်။ အပြစ်သားသည် ဒုစရိုက်အပြစ်များအတွက် သားတော်က အသေခံပေးခြင်းဖြင့် အဖိုးအခ အကြေအလည် ပေးဆပ်ပေးခဲ့သည်။ ကိုယ်တော်၏ ဖြောင့်မတ်စင်ကြယ်ခြင်း ပြသခဲ့ပြီ။ ဘုရားသခင်၏ သားတော်ယေရှုခရစ်တော်ပြုသော အမှုတော်အားဖြင့် ယုံကြည်သူများအား ကယ်တင်ခြင်းပေးပါသည်။
ဘုရားသခင်၏ ဖြောင့်မတ်စင်ကြယ်ခြင်းသည် ယုံကြည်ခြင်းမှယုံကြည်ခြင်းသို့ ဖြစ်သည်။ ထို ယုံကြည်ခြင်းမှ ယုံကြည်ခြင်းသို့ ဆိုသည်မှာ (၁) ဘုရားသခင်၏ သစ္စာရှိခြင်းသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း (၂) တစ်ယောက်ကိုတစ်ယောက် ယုံကြည်ခြင်း (၃) အစမှအဆုံး တိုင်အောင် ယုံကြည်ခြင်းတို့ဖြစ်သည်။ နောက်ဆုံးအချက်သည် အဓိကကျသည်။ ဘုရားသခင်၏ ဖြောင့်မတ်စင်ကြယ်ခြင်းသည် အကျင့်ကောင်း ကောင်းမှုကုသိုလ်နှင့် မဆိုင်ပါ။ ဘုရားသခင်အား ယုံကြည်ခြင်း သက်သက်သာဖြစ်သည်။ ယုံကြည်ခြင်းရှိလျှင် လုံလောက်ပြည့်စုံသည်။ (ဟဗ ၂:၄) တွင် “ဖြောင့်မတ်သောသူမူကား မိမိယုံကြည့်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟုဆိုထားသည်။
အခန်းငယ် ၁ မှ ၁၇ သည် အဓိကအချက်ဖြစ်သည်။ “ လူသည် အဘယ့်ကြောင့် ဧဝံဂေလိသတင်းကောင်း ကြားသိဖို့ လိုအပ်သနည်း” ဟူသောတတိယ မေးခွန်းကိုပြန်ကောက်ပါမည်။ အဖြေကရှင်းပါသည်။ “လူသည်ပျောက်သောသူဖြစ်သည်” သို့သော် ထိုစကားအဆက်တွင် မေးစရာ ပေါ်လာနိုင်သည်။ (၁) တစ်ခါမှ မကြားဖူးသူများကို ဆိုလိုပါသလား (၁:၁၈-၃၂)။ (၂) မိမိကိုယ်ကို ဖြောင့်မတ်စင်ကြယ်နေသည်ဟု ဘဝင်မြင့်သူများကို ဆိုလိုသလား (၂ :၁-၁၈)။ (၃) ရှေးမဆွက ရွေးကောက်ထားသော ယုဒလူမျိုးကို ဆိုလိုပါသလား (၂:၁၇-၃:၈) ။ (၄) လူတိုင်းကိုဆိုလိုသလား (၃:၉-၂၀)။
(ဂ) တကမ္ဘာလုံးက ဧဝံဂေလိသတင်းကောင်း လိုအပ်ချက် (၁:၁၈ – ၃:၂၀)
၁:၁၈ ဤကျမ်းပိုဒ်တွင် အထက်ကမေးခွန်းကို ဖြေကြားပါသည်။ ဧဝံဂေလိသတင်းစကားကို မကြားသိသူသည် ပျောက်ဆုံးသူဖြစ်သည်။ ထိုသို့မကြားသိနိုင်ရန် ဆီးတားပိတ်ပင်သော ဆိုးညစ်မှုကို ပြုကျင့်သာ ဘုရားမဲ့သူတို့၏ အပြစ်နှင့် ဆိုးညစ်သူအပေါင်းတို့အပေါ်သို့ ဘုရားသခင်၏ အမျက်တော်သည် သက်ရောက်လျှက်ရှိလာပြီ ။ ဘုရားသခင်၏ အမျက်ဒေါသကိုမည်သို့ ပြုပါသနည်း။ အဖြေတစ်ခုမှာ ဘုရားသခင်သည် ထိုသူများအား ပစ်ပယ်ထားသည် (၁:၂၄)။ ရှက်ဖွယ်ရာအချည်းနှီး လက်ထဲသို့ ဥပေက္ခာပြုသည်။ စဉ်းစားနိုင်စွမ်းမရှိကြတော့ပါ။ ဘုရားသခင်၏ အမျက်ဒေါသသင့်ကြောင်းကို လူ့သမိုင်းတွင် အထင်အရှား တွေ့ကြုံခဲ့ကြပါသည်။ (ဥပမာ- ရေလွှမ်းမိုးခြင်း) (က၇)။ သောဒုံ နှင့် ဂေါမူရမြို့ပျက်စီးခြင်း (က၁၉)။ ဂေါရ ၊ ဒေါသန်နှင့် အဘိရမ်တို့ အပြစ်ဒဏ်သင့်ခြင်း၊
၁:၁၉ ဧဝံဂေလိသတင်းစကား ကြားဖူးနားဝမရှိသူများကိုလည်း ပျောက်ဆုံးသူဟုခေါ်ရသလား။ ပေါလုက ထိုသို့မပြောပါ။မကြားဖူးလျှင် မည်သို့သိရှိနိုင်မည်နည်း။ အလင်းကိုလည်း မမြင်ရဘူးပါ။ ငြင်းပယ်ခြင်းမရှိသေးပါ။ သို့ကြောင့် ဝေနေယျ သတ္တဝါအပေါင်းအား ဧဝံဂေလိသတင်းကောင်း ကြားသိစေလိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် ထိုသူများကို ဧဝံဂေလိသတင်းစကား မကြားသိစေဘဲ ပစ်ပယ်ထားလိမ့်မည် မဟုတ်ပါ။
၁:၂၀ ဘုရားသခင်သည် ကမ္ဘာလောကကြီးကို ဖန်ဆင်းသည်နှင့်အညီ ဖန်ဆင်းတော်မူချက် လက်ရာတော်အား (၂) မျိုးဖြင့်မြင်သာစေပါသည်။ သခင်ဘုရားသည် ဘုန်းတန်ခိုးတော်နှင့် ဘုရားသခင်၏ ဦးဆောင်မှုကို ပြသခံယူပါသည်။ ဤနေရာတွင် ပေါလုက ဘုရားသခင်၏ ဘုန်းတန်ခိုးဟူသော ဝေါဟာရကို သုံးထားသည်။ ဘုရားသခင်၏ ဇာတိတော်ထက် ဂုဏ်အင်ကို ပြသသည်။
ပေါလု၏ ရှင်းပြချက်သည် ရှင်းလင်းပါသည်။ ဖန်ဆင်းသောအရာတိုင်း ဖန်ဆင်းရှင်ရှိသည်။ ပုံဆံရေးဆွဲဖို့ရန် ပုံဆံရေးဆွဲသူရှိသကဲ့သို့ နေ၊ကြယ်၊လ၊ နက္ခတ်ဂြိုဟ်များကို ကြည့်ခြင်းဖြင့် ဘုရားသခင်၏ လက်ရာတော် မြင်နိုင်သည်။
လက်မခံ ငြင်းပယ်သူများအတွက်မူ ခွင့်လွှတ်စရာ အကြောင်းမရှိ။ လက်ရာတော်များကို ထောက်ရှုခြင်းဖြင့် ဘုရားသခင်ကိုမြင်သာနိုင်ပါသည်။ သို့သော် တုံ့ပြန်အဖြေပေးခြင်း မရှိကြ။ ဧဝံဂေလိသတင်းစကား မကြားဘူးသူများကို ပစ်ပယ်စရာအကြောင်းမရှိသော်လည်း ယုံကြည်ခြင်းမရှိ၊ လက်ခံငြင်းပယ်သူများကိုမူ အပြစ်ခွင့်လွှတ်ခြင်းမရှိနိုင်။
၁:၂၁ ဘုရားသခင်၏ လက်ရာတော်များကို ထောက်ရှု၍ ဘုရားသခင်ကိုသိရှိသောလည်း ချီးမွမ်းကိုးကွယ်ခြင်း မပြုသူများရှိသည်။ ကျေးဇူးတော်ချီးမွမ်းမည့်အစား အတွေးအခေါ်ပညာ၊ အခြားဘုရားများအကြောင်း အရေမရ၊ အဖတ်မရ ပြောဆိုခြင်းဖြင့် အချိန်ကုန်လွန်ကြသည်။ ထိုသိုဖြင့် အလင်းမရလိုက်ဘဲ ဘက်လွှတ်ဆုံးရှုံးကြရသည်။
၁:၂၂ လူသည်လောကဉာဏ်ပညာ တိုးတက်တတ်မြောက်လာလျှင်၊ အသိခေါက်ခက် အဝင်နက်လျက် သမ္မာတရား၌ လျော့နည်းသွားကြသည်။ ထိုစရိုက်လက္ခဏာသည် တဖြည်းဖြည်း ဘုရားသခင်ကို ငြင်းပယ်ခြင်းဖြစ်သည်။ မိမိကိုယ်ကို လိမ်ညာခြင်းနှင့် မိုက်တွင်းနက်ခြင်း ဖြစ်သည်။
၁:၂၃ ထိုသူများသည် ဉာဏ်ပညာ တိုးတက်မြင့်မားမည့်အစား ကမ္ဘာဦးလူသားဘဝသို့ ပြန်လည်ဆင်းသက်သူများ ဖြစ်သည်။ ဘုရားသခင်ကိုငြင်းပယ်ခြင်းဖြင့် ပျက်စီးခြင်းလမ်းသို့ ရောက်သွားကြသည်။ ရုပ်တုဆင်းတုကဲ့သို့သော ဆိုးညစ်မှုများကို ကိုးကွယ်လာကြသည်။ ဤကျမ်းပိုဒ်တွင် မုသာဝါဒ တိုးတက်ပြောင်းလဲပုံကို ရှင်းပြသည်။
လူသည်ဘာသာရေး သတ္တဝါဖြစ်သည်။ ကိုးကွယ်ထိုက်သော ဘုရားသခင်ကို ပစ်ပယ်လျှင် အခြားတစ်ခုခုကို ကိုးကွယ်ရသည်။ အသက်ရှင်သောဘုရားကို ငြင်းပယ်သည့်နောက်တွင် ကိုယ်ပိုင်ဘုရားအဖြစ် သစ်သား၊ ကျောက်တုံး၊ လူ၊ငှက်၊တိရစ္ဆာန်၊ တွားသွား သတ္တဝါအဆုံး ရှာဖွေ ကိုးကွယ်ကြသည်။ သတ္တဝါများ၊ ကျောက်တုံး၊သစ်သားများကိုကိုးကွယ်ခြင်းသည် အဘယ်မျှ အသိဉာဏ် နိမ့်ကျသနည်း။ လူသည်မိမိကိုးကွယ်သည့် ဘုရားကဲ့သို့ ဖြစ်သည်ကို မြဲမြဲမှတ်ထားပါ။ ထိုသို့ အောက်တန်းကျသော အရာများကို ကိုးကွယ်ခြင်းဖြင့် သူ့အသိဉာဏ်သည်လည်း အဝီစိတွင်းထဲသို့ ဇောက်ထိုး ကျသွားပါသည်။ သူ့ဘုရားသည် တွားသွားသတ္တဝါဖြစ်လျှင် ထိုသူသည်လည်း လူများအောက်တွင် တွားသွားပါသည်။ အုတ်ခဲ၊ သစ်သားများကို ရှိခိုးကိုးကွယ်လျှင် သူ့ဦးနှောက်သည်လည်း အုတ်ခဲ၊ သစ်သား အဆင့်သာရောက်ရှိသွားသည်။ ဘုရားသခင်သည် လူအားလုံး ပုံသဏ္ဍာန်နှင့် အညီ ရုပ်လုံးဖော်ထားသည်ကို သတိပြုပါ။
ရုပ်တု၊ဆင်းတု ကိုးကွယ်ခြင်းသည် နတ်ဆိုးကိုးကွယ်ခြင်းဖြစ်သည်။ ပေါလုက တပါးအမျိုးသားများ သွန်သင်သည့်စကား (၁ကော ၁၀:၂၀ ) ကိုမှတ်သားပါ။ ရုပ်တု၊ ဆင်းတုကိုးကွယ်သူများသည် မကောင်းဆိုးဝါး၊ နတ်ဆိုးပူးကပ်သူများဖြစ်သည်။ နတ်ဆိုးစွဲသူများကို နတ်ကကောင်းကျိုးမပေး။ သို့သော်သူ့ကိုမပူဇော် လျှင်အန္တရာယ်အမျိုးမျိုးပေးတတ်သည်။
၁:၂၄ ဘုရားသခင်ကိုထိုသူများကို ဥပေက္ခာပြုကြောင်း (၃)ကြိမ်တိုင်တိုင် ထုတ်ဖော်ထားသည်။ အငယ်၂၄၊ ၂၆၊ ၂၈ တို့တွင်ပါရှိသည်။ တနည်းပြောရလျှင် ဘုရားသခင်သည် ထိုသူများအား အမျက်သင့်သည်။
ထိုသူများ၏ မချေမငံငြင်းပယ်မှုကြောင့် ဆင်သေကောင်ကိုမက်၍ ပင်လယ်ယံထိလိုက်သွားသော ကျီးမိုက်ကဲ့သို့ လွှတ်ပေးသည်။ မသန့်ရှင်းသော ကိလေသာ သူ့မယားခိုးပေါင်းမှု၊ မတရားသောမေထုံမှု၊ ကာမဖောက်ပြန်မှု၊ ပြည့်တန်ဆာမှုတို့ကို ရောက်သွားကြသည်။ ထိုသူများ၏ ပတ်ဝန်းကျင် ညစ်ပတ်သကဲ့သို့ သူတို့ကိုယ်တိုင်လည်း ညစ်နွမ်းကြသည်။
၁:၂၅ ထိုသို့ဘုရားသခင်၏ ဥပက္ခာ ပြုခြင်းမှာ ဘုရားသခင်၏ ပထမကမ်းလှမ်းချက်များကို အရေးမစိုက်ဘဲ ရုပ်တု ဆင်းတုကို ရွေးချယ်ကိုးကွယ်သောကြောင့်ဖြစ်သည်။ ရုပ်တု၊ ဆင်းတုသည် မုသားလိမ်လည်ခြင်း ဘုရားသခင်အား ပြစ်မှားခြင်းဖြစ်သည်။ ရုပ်တု၊ ဆင်းတု (စေတီပုထိုး) ကိုးကွယ်ခြင်းသည် ဖန်ဆင်းရှင်အား မထေမဲ့မြင်ပြုခြင်းဖြစ်သည်။
၁:၂၆ ထိုသို့ ဆိုးညစ်မိုက်တွင်းနက်ကြသောကြောင့် ဘုရားသခင်က ဥပက္ခာပြုပါသည်။ အမှောက်မှောက်အမှားမှား ဖြစ်ကြသည်။ မိန်းမများသည်လည်း လူ့သဘာဝနှင့် ဆန့်ကျင်လာကြသည်။ အရှက်အကြောက် မရှိဖြစ်လာကြသည်။
၁:၂၇ ယောက်ျားများသည်လည်း လူ့သဘာဝအတိုင်း မဟုတ်ဘဲ၊ ကာမတဏှာမီး တောက်လောင်ကြသည်။ ဘုရားသခင်ရှေ့တွင် တင့်တောင့်တင့်တယ် ထိမ်းမြားလက်ထပ်ခြင်း မပြုကြတော့ဘဲ၊ ကိလေသာ ရာဂမီးနောက်သို့ ပါသွားကြသည်။ ထို့အပြင် ဒုစရိုက်များသည် ရုပ်ခန္ဓာကိုယ်ကို ပျက်စီးစေသည်သာမက ဝိညာဉ်ကိုလည်း ထိပါးပါသည်။ အနာရောဂါ စိတ်ဖိစီးမှုများက ကင်းမြီးကောက်သဖွယ် မှောင့်သည်။ ထိုအမင်္ဂလာများသည် အပြစ်ဒုစရိုက်များ၏ မှတ်တမ်းမှတ်ရာ သင်္ကေတများ ဖြစ်သည်။
ယုံကြည်သူ ခရစ်ယာန်များသည် ခေတ်သမိုင်းကြောင်းတွင် ဆိုးညစ်နိမ့်ကျသော အကျင့်ပျက်များကို အမြဲသတိထားရသည်။ ဓမ္မဟောင်းကာလတွင်မူ ထိုဆိုးညစ်မှု၏ အပြစ်ဒဏ်သည် သေဒဏ်ဖြစ်သည် (ဝတ် ၁၈:၁၉၊ ၂၀:၁၃)။ ဓမ္မသစ်ကာလတွင်လည်း သေဒဏ်ထိုက်သည်။ (၁:၃၂) ဟုဆိုသည်။ လိင်တူချင်း ဆက်ဆံခြင်းသည် ဘုရားသခင်ရွံရှာမုန်းတီးသော အပြစ်ဖြစ်သည်။ သို့ကြောင့်လည်း သောဒုံနှင့် ဂေါမာရကို မြေလှန် ဖျက်ဆီးခဲ့သည် (က ၁၉:၄-၁၅)။
မည်မျှပင် မိုက်တွင်းနက်နဲစေကာမူ နောက်တရ၍ သခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံလျှင် အပြစ်ခွင့်လွှတ်ကြောင်း ဧဝံဂေလိသတင်းကောင်းက သွန်သင်ပါသည်။ မိမိအပြစ်ကိုနောင်တနှင့်ယှဉ်၍ ဝန်ချတောင်းပန်လျှင် ဘုရားသခင်က ခွင့်လွှတ်ပါသည်။ ဘုရားသခင်၏ နုတ်ကပတ်တော်ကိုနာခံလျှင် လိင်တူချင်း ဆက်ဆံခြင်းမှစ၍ အပြစ်အားလုံးခွင့်လွှတ်သည်။
လူ့အကျင်ဆိုးများ ဆိုးညစ်ဖောက်ပြန်ပုံမှာ အံ့သြစရာမဟုတ်ပါ။ စက်ဆုပ်ရွံရှာဖွယ် ဒုစရိုက်သည် သူ့အကြောင်းနှင့်သူကောင်းလာသည်ဟုမရှိပါ။ တဆင့်ပြီးတဆင့်၊ တခုပြီးတခု မိုက်မှားလေ့ရှိသည်။ သို့သော်သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် အောင်မြင်နိုင်သည် (၁ကော ၁၀:၁၃)။ ကောရိန္တုအသင်းတော်သား အချို့သည်လည်း ထိုအပြစ်ဒုစရိုက်မျိုး ကျူးလွန်ပျော်ပိုက်သူများဖြစ်ခဲ့ကြသည် (၁ကော ၉-၁၁)။
၁:၂၈ ဘုရားသခင်အား ကယ်တင်ရှင်ရွေးနုတ်သူ အပြစ်သိလျှက်နှင့် လက်မခံ ငြင်းပယ်သောကြောင့် ဘုရားသခင်က ထိုသူများကိုပစ်ပယ်သည်။ ဤကျမ်းပိုက်သည် ပို၍နက်သည်။ လူ့သဘာဝ၏ ပင်ကိုယ်ရုပ်သွင်းဖော်ညွှန်းခြင်းဖြစ်သည်။ သူ့ကိုယ်သူအပြင်ပန်း လိမ်ညာခြင်းသာမက၊ ဆင်ခြင်တုံတရား အသိတရားပါ ထိခိုက်လာသည်။ အသိစိတ်တွင် ဘုရားသခင်ကို နေရာမပေးနိုင်ကြ။ ဘုရားသခင်ကို မသိခြင်းမဟုတ်။ သိပါသော်လည်း လောကအသိပညာ၊ အတတ်ပညာနှင့် ယှဉ်လာသောအခါ ဘုရားသခင်ကို နေရာမပေးနိုင်ခြင်းဖြစ်သည်။ ဘုရားသခင်ရှိမှန်းသိသည်။ တုံ့ပြန်ရမှန်းသိသည်။ သို့သော် အချိန်မပေးနိုင်၊ နေရာမပေးနိုင်။
၁:၂၉ ဘုရားသခင်ကိုမသိကျွမ်းခြင်း၏ အပြစ်ဒုစရိုက်နောက်တွင် ကပ်လာသော နောက်မြီးဆွဲ အပြစ်များကို တသီတတန်းရေးပြထားသည်။ ထိုသူသည် အပြစ်ဒုစရိုက်များနှင့် ပြည့်စုံသည်။ သာမန်လူများတွင် မရှိသင့်မရှိအပ်သော အပြစ်များဖြစ်သည်။ မတရားမှု၊ ညစ်ညမ်းသော ကိလေသာ၊ ကာမဆိုးညစ်မှု၊ လောကတပ်မက်မှု၊ ကောက်ကျစ်စဉ်းလဲမှု၊ မနာလို မုန်းတီးမှု၊ လူသတ်မှု၊ အမျက်ဒေါသကြီးမှု၊ လိမ်ညာမှု အကျင်သိက္ခာမရှိမှု၊ သူများမကောင်းကြောင်းကို ကောင်းကြောင်း အတင်းပြောခြင်းများ စဉ်ကာဆက်ကာကျူးလွန်ကြသည်။
၁:၃၀ ကုန်းချောခြင်း(ဖရုဝါစာ ပြောဆိုခြင်း) ဘုရားသခင်ကိုမုန်းတီးခြင်း (ဘုရားမသိခြင်း၊ ရုပ်ရင်းကြမ်းတမ်းခြင်း၊ စကားကလဲ့စားခြေခြင်း၊ အငြင်းပွားခြင်း) မာနထောင်လွှားခြင်း (ဟော့ရမ်းခြင်း၊ ကျီစားသန်ခြင်း) မကောင်းသော အမူအရာများ ပြုလုပ်ခြင်း မိဘစကားနားမထောင်ခြင်းများ ပြုကြသည်။
၁:၃၁ သြတ္တပ္ပစိတ်မရှိ (အကျင့်သိက္ခာမရှိ၊ အရှက်တရားမရှိ၊ အကျင့်သီလမကောင်း) ကတိမတည် (ကတိပျက်၊ လှည့်စားခြင်း သဘောတူညီမှုအလေးမထား ရည်ရွယ်ချက်မခိုင်မြဲ) သနားကြင်နာခြင်းမရှိ၊ သည်းခံခွင့်လွှတ်ခြင်းမရှိ၊ စာနာခြင်းမရှိကြ။
၁:၃၂ အထက်အပိုဒ် (၁:၂၄) (၁:၂၆-၂၇) နှင့် (၁:၂၉-၃၁) မှပြစ်ချက်များကို ဘုရားမနှစ်သက်သော အပြစ်ဒုစရိုက်များ ဖြစ်ကြောင်းသိလျှက်နှင့် ကျူးလွန်ကြသည်။ ဘုရားသခင်က တားမြစ်ကြောင်းလည်း သိကြသည်။ သို့သောကျူး လွန်မြဲကျူးလွန်နေသည်။ ထို့အပြင် တခြားသူများကိုလည်း ဆွဲဆောင် စည်းရုံးကြသည်။ သေဖော်သေဖက် ညှိကြသည်။
ဧဝံဂေလိတရားမရောက်ရှိသောနေရာ
ဧဝံဂေလိတရား မကြားနာဖူးသောသူများကို ပျောက်ဆုံးနေသူများဟု ခေါ်ရသလား။ ထိုသူများသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကို မသိနားမလည်သောသူများဖြစ်သည်။ အလင်းကို မမြင်သူများဖြစ်သည်။ ထိုသို့ဖြင့် ရုပ်ထုကိုးကွယ်သူများဘဝ အချည်းအနှီးကုန်လွန်သူများ ဖြစ်လာကြသည်။
ထိုသူများထံသို့ ဘုရားသခင်က အလင်းပို့ဆောင်ဖို့ အကြံအစည်တော် ရှိပါသည်။ ရုပ်တုဆင်းတုများကို ပယ်ရှားပစ်ပယ်ပြီး ဘုရားစစ်ဘုရားမှန်ကို ရှာဖွေဖို့အခွင့်အရေးရှိပါသည်။
ထိုအကြောင်းနှင့် ပတ်သက်၍နှစ်မျိုး နားလည်နိုင်ပါသည်။
အကယ်၍ ဘုရားသခင်၏အလင်းကို လက်ခံမည့် ပါရမီရှိလျှင် ဘုရားသခင်က အလင်းပို့ပေးမည်ဟု အချို့က ယုံကြည်ကြသည်။ ကောနေလိယကို ဥပမာပြုကြသည်။ ကောနေလိယသည် ဘုရားကိုရှာသည်။ သူ၏ပေးလှူခြင်းနှင့် ဆုတောင်းခြင်းသည် ဘုရားရှေ့တော်တွင် မွှေးကြိုင်သောပူဇော်သက္ကာဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်က သူ့ထံသို့ ပေတရုစေလွှတ်ပေးခဲ့သည်။ (တ ၁၁:၁၄)
တချို့ကမူ “ဘုရားသခင်ကို အမှန်တကယ်ယုံကြည်လျှင် သူသည် ဖန်ဆင်းခံသတ္တဝါဖြစ်သည်ဟု ခံယူရမည်။ ထိုသူသည် ဧဝံဂေလိသတင်းကောင်း မကြားရခင် သေဆုံးလျှင်လည်း ကရာနီကုန်းပေါ်တွင် ယေရှုပြုခဲ့သော အမှုတော်သည် အကြုံးဝင်သည်” ဟုဆိုကြသည်။ သူကိုယ်တိုင်က ခရစ်တော်ပြုခဲ့သော အမှုတော်များကို မတွေ့မြင်ခဲ့သော်လည်း သူ၏ယုံကြည်ခြင်းကို ဘုရားသခင်က အသိအမှတ်ပြုသည်။ ဤရှု့ထောင့်သည် ကရာနီကုန်းပေါ်တွင် ယေရှုအမှုတော် မပြုခင်သေလွန်သူများနှင့် အကြုံးဝင်သည်။ ကျပ်မပြည့်သူ၊ လူစဉ်မမှီသူ ကလေးငယ်များလည်းအကြုံးဝင်သည်။
ပထမအယူအဆသည် ကောနေလိယအားဖြင့် ရှင်းပါသည်။ ဒုတိယအယူအဆသည် ကျမ်းစာအထောက်အထား အားနည်းသည်။ ခရစ်တော်၏အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း အကြုံးဝင်သောလည်း အားနည်းချက်ရှိကြောင်း ငြင်းစရာရှိနိုင်သည်။
ရုပ်တုဆင်းတု ကိုးကွယ်သူများသည် ပျောက်ဆုံးသူများဖြစ်၍ ဧဝံဂေလိကြားသိရန်လိုအပ်သူများ ဖြစ်သည်ဟုဆိုခဲ့သည်။ ယခုတဖန် ဒုတိယ လူတန်းစားမိမိကိုယ်ကို ယုံကြည် ပလွှားသူများဖြစ်သည်။ ထိုသူများသည် ယုဒနှင့် တပါးအမျိုးသားနှစ်ပါစလုံးကို ပြောလိုဟန်ရှိသည်။ အခန်းငယ် ၁ တွင် ဖြောင့်မတ် စင်ကြယ်သည်ဟု မိမိကိုယ်ကို ထင်မှတ်သူအချို့သည် အခြားသူများကို ပြစ်တင်ကဲ့ရဲ့ကြသည်ဟု ဆိုသည်။ (ထိုအပြုအမူသည်လည်း အပြစ်ဖြစ်သည်)။ ငယ် ၉၊၁၀၊၁၂၊၁၄နှင့်၁၅သည် ယုဒနှင့် တပါးအမျိုးသား အားလုံးအတွက် ဖြစ်သည်။ သို့ကြောင့်မေးစရားရှိသည်မှာ ယုဒဖြစ်စေ၊ အပါးအမျိုးသားဖြစ်စေ မိမိကိုယ်ကို စင်ကြယ်သည်ဟု ထင်မှတ်ကြသူများသည် ပျောက်ဆုံးသူများဟု မှတ်ရမည်လား။ ထိုသူများသည်လည်း ပျောက်ဆုံးသူများဟု မှတ်ယူရပါမည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။