ဇာခရိအနာဂတ္တိကျမ်း - ၅

ပျံဝဲသောစာစောင်
1တစ်ဖန်ငါမျှော်ကြည့်၍၊ ပျံဝဲလျက်ရှိသော စာစောင်ကို မြင်၏။ 2ကောင်းကင်တမန်ကလည်း၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးလျှင်၊ ပျံဝဲလျက်ရှိသော စာစောင်ကို မြင်ပါ၏။ အလျား အတောင်နှစ်ဆယ်၊ အနံ အတောင်တစ်ဆယ်ရှိပါသည်ဟု လျှောက်၏။ 3ကောင်းကင်တမန်ကလည်း၊ ထိုစာစောင်သည် တစ်ပြည်လုံးကို နှံ့ပြားသောကျိန်ခြင်းဖြစ်၏။ ခိုးတတ်သောသူ ရှိသမျှတို့သည်၊ ထိုစာစောင်တစ်ဖက်၌ ပါသည်အတိုင်း ပယ်ဖြတ်ခြင်းကို ခံရကြမည်။ အကျိန်ရဲသော သူရှိသမျှတို့သည်၊ ထိုစာစောင်တစ်ဖက်၌ ပါသည်အတိုင်း ပယ်ဖြတ်ခြင်းကို ခံရကြမည်။ 4ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုစာစောင်ကို ငါထုတ်ဖော်မည်။ ခိုးတတ်သော သူ၏အိမ်ထဲသို့လည်းကောင်း၊ ငါ့နာမကို တိုင်တည်၍ မမှန်သောကျိန်ဆိုခြင်းကို ပြုသောသူ၏ အိမ်ထဲသို့လည်းကောင်းဝင်၍ နေရာကျသဖြင့်၊ သစ်သားများ၊ ကျောက်များနှင့်တကွ ထိုအိမ်ကိုစားလိမ့်မည်ဟု မိန့်တော်မူ၏။
ဧဖာထဲမှမိန်းမ
5တစ်ဖန် ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ထွက်၍၊ ယခုထွက်လာသောအရာကို မျှော်ကြည့်လော့ဟု ငါ့အားဆိုလျှင်၊ 6ထိုအရာကား အဘယ်အရာနည်းဟု ငါမေးသော်၊ ထိုအရာသည် ထွက်သွားသော ဧဖာဖြစ်သည် ဟူ၍လည်းကောင်း၊ ထိုအရာသည် တစ်ပြည်လုံး၌ သူတို့၏အကြံအစည်ဖြစ်သည် ဟူ၍လည်းကောင်း ဆို၏။ 7ခဲအခွက်တစ်ဆယ်ကိုလည်း အထက်သို့ ချီမြှောက်၍ မိန်းမတစ်ယောက်သည် ဧဖာထဲ၌ ထိုင်သည်ကို ငါမြင်၏။ 8ကောင်းကင်တမန်ကလည်း၊ ထိုမိန်းမသည် ဒုစရိုက်အပြစ်ဖြစ်၏ဟု ဆိုလျက်၊ သူ့ကို ဧဖာထဲကိုချထား၍ ဧဖာအဝပေါ်မှာ ခဲပြားကို တင်လေ၏။ 9တစ်ဖန် ငါမျှော်ကြည့်၍၊ တောငန်း၏အတောင်ကဲ့သို့၊ အတောင်ရှိသော မိန်းမနှစ်ယောက်တို့သည်၊ အတောင်တို့၌ ဝိညာဉ်ပါလျက် ထွက်လာ၍၊ ထိုဧဖာကို မြေကြီးနှင့် မိုးကောင်းကင်စပ်ကြားသို့ ချီသွားကြ၏။ 10ထိုဧဖာကို အဘယ်သို့ ချီသွားကြသနည်းဟု ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊ 11ရှိနာပြည်၌ ဧဖာအဖို့ အိမ်ဆောက်ခြင်းငှာ ချီသွားကြ၏။ ထိုပြည်၌ သူ၏ခုံပေါ်မှာ တင်ထား၍ နေရာချကြလိမ့်မည်ဟု ဆို၏။

ဇာခရိအနာဂတ္တိကျမ်း - ၅ (အနက်ဖွင့်)

(စာစောင်ပျံ (:)

          အဓိပ္ပါယ်မှာ – မုသာ လိမ်ညာ အကျိန်စကားနှင့် ခိုးယူသူသည် ဘုရားသခင်၏ ကျိန်ခြင်းအမင်္ဂလာ သင့်ရောက်မည်။

: ဤစာစောင်ပျံ ဆဋ္ဌမရူပါရုံသည် အပြစ်စီရင်မည့်ဗျာဒိတ်ရူပါရုံ (၃)ခုအနက် ပထမဦးဆုံး ရူပါရုံဖြစ် သည်။ ထိုစာစောင်သည် အလျားအတောင်နှစ်ဆယ်၊ အနံဆယ်တောင်ရှိသည်။ ရှောလမုန်မင်းတည်ဆောက် ခဲ့သော ဗိမာန်တော်ကြီး၏ ဆင်ဝင်တမျှကြီးမားသည်။

: စာစောင်ပျံက သူခိုးများနှင့် မုသာကျိန်ဆိုသူများကို ကျိန်ဆိုသည်။ ခိုးဝှက်တတ်သူများနှင့် မုသာစကားလိမ်ညာပြောဆိုသူတို့အား အိမ်တိုင်ရာရောက် ဖျက်စီးပစ်မည်။ ထိုသူတို့၏ အိမ်တိုင်များနှင့် ကျောက် မြစ်ပန္နက်များကို လှိုက်စားပစ်မည်။ ဤပရောဖက်ပြုချက်သည် နိုင်ငံတော်မတည်ထောင်မီ ကမ္ဘာအနှံ ဖျက်စီး မည့်စီရင်ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။ လူအပေါ်ကျူးလွန်မှု (ခိုးဝှက်ခြင်း)နှင့် ဘုရားအပေါ်ကျူးလွန်မှု (မုသာကျိန်ဆို ခြင်း)ကို ထိုကာလ၌ ဘုရားသခင်စီရင်လိမ့်မည်။ (ပညတ်တရားမှ အချက်နှစ်ချက်ကို ဖော်ပြခြင်းဖြစ်သည်။)

(ခြင်းတောင်းထဲက အမျိုးသမီး (:၁၁)

          အဓိပ္ပါယ် – ရုပ်တုကိုးကွယ်ခြင်းနှင့် အခကြေးစား ဘာသာရေးသမားများကို ထိုအရပ်မှ ပယ်ရှင်း၍ နေရပ်ဟောင်း ဗာဗုလုန်သို့ နှင်ထုတ်မည်။

:၁၁ သတ္တမမြောက်ရူပါရုံမှာ ခြင်းတောင်း (ဟေဗြဲ – ဧဖာ ephah)ထဲက အမျိုးသမီးဖြစ်သည်။ ဧဖာဆိုသည်မှာ ထိုခေတ်ကာလတုန်းက ၎င်းအရပ်တွင် ခြင်တွယ်ရန် အသုံးပြုလေ့ရှိသော ပုတ်တောင်းဖြစ်သည်။ အမျိုးသမီးသည် ဆိုးညစ်ခြင်းအပြစ်ဒုစရိုက်ကို ပုံဆောင်သည်။ ခဲအခွက်/ခဲပြားတစ်ဆယ်ဖြင့် ဖုံးအုပ်ထားခြင်းမှာ ဒုစရိုက်အပြစ်ကို တားမြစ် ပညတ်ထားခြင်းဖြစ်သည်။ အတောင်ပံနှင့် အခြားမိန်းမနှစ်ဦး ပေါ်ထွက်လာပြီး၊ ထိုဧဖာတောင်းကြီးအား ရှိနာပြည် (ဗာဗုလုန်)သို့ သယ်ဆောင်သွားကြသည်ဆိုခြင်းမှာ ရုပ်တုကိုးကွယ်ခြင်းနှင့် အခကြေးစားဘာသာရေးသမားများကို သူတို့၏မူလဂူဟောင်း ဗာဗုလုန်သို့ ပြန်နှင်ထုတ်မည်ဟု ဆိုလိုသည်။ ဗာဗုလုန်သို့ နှင်ထုတ်ခြင်းမှာ နိုင်ငံတော်တည်ထောင်ဖို့ ပြင်ဆင်သော တရားစီရင်ခြင်းဟု အဓိပ္ပါယ်သက်ရောက် သည်။ အပိုဒ်ငယ်(၁၁)မှ အိမ်မှာ ဒိဋ္ဌိတို့၏ဗိမာန်ဖြစ်သည်။

ဗာဗုလုန်ဖမ်းဆီးခြင်းမှ ပြန်လည်လွတ်မြောက်လာသော ဣသရေလတို့က ရုပ်တုဆင်းတုများကို ဖယ်ရှား ရှင်းလင်းကြသည်။ သို့သော်လည်း အန္တိခရစ်ကို ဘုရားအဖြစ် ကိုးကွယ်လာကြမည့် သာ၍ဆိုးရွားသော အနာဂတ်က ထွေးပွေ့ဖို့ စောင့်ကြိုနေသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။