ဇာခရိအနာဂတ္တိကျမ်း - ၄

ဆီမီးခုံနှင့်သံလွင်ပင်
1ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ပြန်လာ၍၊ အိပ်ပျော်သောသူကို နှိုးသကဲ့သို့ ငါ့ကိုနှိုးလျက်၊ 2သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးလျှင်၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု၍ ရွှေအတိပြီးသော ဆီမီးခုံကို မြင်ပါ၏။ မီးခုံတိုင်အဖျား၌ ဆီအိုးတစ်လုံး၊ မီးခွက်ခုနစ်လုံး၊ ဆီအိုးနှင့် မီးခွက်ခုနစ်လုံး ဆက်သော ပြွန်တံခုနစ်တံရှိပါ၏။ 3ဆီအိုးလက်ယာဘက်၌ သံလွင်ပင်တစ်ပင်၊ လက်ဝဲဘက်၌ တစ်ပင်၊ မီးခုံကို လွှမ်းမိုးသော သံလွင်ပင်နှစ်ပင် ရှိပါသည်ဟုဆိုပြီးမှ၊ 4ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား၊ အကျွန်ုပ်သခင်၊ ဤအရာတို့ကား အဘယ်အရာဖြစ်သနည်းဟု မေးသော်၊ 5ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ ဤအရာတို့ကား၊ အဘယ်အရာဖြစ်သည်ကို နားမလည်သလောဟု မေးလျှင်၊ အကျွန်ုပ် နားမလည်ပါသခင်ဟု လျှောက်၏။
ဇေရုဗဗေလအားပေးတော်မူသည့်ကတိတော်
6ကောင်းကင်တမန်ကလည်း၊ ဇေရုဗဗေလသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ 7အို တောင်ကြီး၊ သင်သည် အဘယ်သို့နည်း။ ဇေရုဗဗေလရှေ့မှာ ညီသောအရပ် ဖြစ်ရလိမ့်မည်။ လူများတို့က၊ ကျေးဇူးတော် ရှိပါစေသော။ ကျေးဇူးတော်ရှိပါစေသောဟု ကြွေးကြော်လျက်၊ ထိုမင်းသည် တိုက်ထောင့် အထွတ်ကျောက်ကို တင်ထားရလိမ့်မည်။
8တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊ 9ဇေရုဗဗေလသည် ဤအိမ်တော်အမြစ်ကို ချထားပြီ။ သူသည်လည်း လက်စသတ်ရလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။ 10အမှုငယ်ပြုသော နေ့ရက်ကို အဘယ်သူသည် မထီမဲ့မြင် ပြုရသနည်း။ ချိန်ကြိုးသည် ဇေရုဗဗေလလက်၌ ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ထိုခုနစ်ပါးတို့ကား၊ မြေကြီးတစ်ပြင်လုံးတွင် တောင်မြောက်ပြေးတတ်သော၊ ထာဝရဘုရား၏မျက်စိတော်များ ဖြစ်သတည်းဟု မိန့်တော်မူ၏။ 11ငါကလည်း၊ မီးခုံလက်ယာဘက်၊ လက်ဝဲဘက်၌ရှိသော ထိုသံလွင်ပင်နှစ်ပင်ကား အဘယ်သို့နည်း ဟူ၍လည်းကောင်း၊ 12ဆီညှစ်ရာ ရွှေစက်နှစ်ခုအားဖြင့်၊ မိမိတို့ဆီကို သွန်းလောင်းသော ထိုသံလွင်ကိုင်းနှစ်ကိုင်းကား အဘယ်သို့နည်း ဟူ၍လည်းကောင်း မေးလျှောက်သော်၊ 13ကောင်းကင်တမန်က၊ ထိုအကိုင်းတို့ကို နားမလည်သလောဟု မေးလျှင်၊ အကျွန်ုပ် နားမလည်ပါသခင်ဟု လျှောက်၏။ 14ကောင်းကင်တမန်ကလည်း၊ ထိုအကိုင်းတို့သည် မြေကြီးတစ်ပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ ရှေ့တော်၌ရပ်နေသော ဘိသိက်ခံသူနှစ်ပါး ဖြစ်သည်ဟု ဆို၏။

ဇာခရိအနာဂတ္တိကျမ်း - ၄ (အနက်ဖွင့်)

(ရွှေဆီးခုံနှင့် သံလွင်ပင်နှစ်ပင် (အခန်း )

          အဓိပ္ပါယ်- ဘုရားသခင်၏အလင်းကို ဆောင်သူတည်းဟူသော ဣသရေလလူမျိုးသားများသည် ဝိညာဉ် တော်အားဖြင့် ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ကြမည်။ (ဆီဖြင့်ပုံဆောင်သည်)။

: ပဉ္စမရူပါရုံမှာ ဘေးတဖက်တချက်တွင် သံလွင်ပင်တစ်ပင်စီ ခြံရံလျက် ရွှေစင်အတိပြီးသော ဆီမီးခုံဖြစ်သည်။ မီးခုံတိုင်၏ထိပ်ဖျားတွင် ဆီဖြည့်ပေးမည့် ဆီအိုးတစ်လုံးရှိကာ ဆက်သွယ်ထားသော ဆီပြွန် တံများဖြင့် မီးခွက်များသို့ ဆီဖြည့်ပေးနေသည်။ မီးခုံတိုင်၏ တဖက်တချက်ရှိ သံလွင်ပင်များက ဆီအိုးအတွက် သံလွင်ဆီထောက်ပံ့ပေးနေသည်။

ဆီမီးခွက်သည် လောကသို့ ဘုရားသခင်၏ အလင်းသက်သေဖြစ်သော ဣသရေလတို့ကို ပုံဆောင်သည်။ အမြဲတန်းအလင်းရောင်ပေးနိုင်ရန်မှာ စဉ်ဆက်မပြတ် ဆီဖြည့်တင်းပေးခြင်း လိုအပ်သည်။ ထိုဆီမှာ သန့်ရှင်း သောဝိညာဉ်တော်ဖြစ်သည်။ ဗိမာန်တော်ပြန်လည်တည်ဆောက်ခြင်း အင်အားမှာ လူ့အစွမ်းအစဖြင့်မဟုတ်၊ ဘုရားသခင်၏ ဝိညာဉ်တော်တန်ခိုးဖြင့် ဖြစ်သည်။ အခက်အခဲအဟန့်အတားဟူသမျှ ပယ်ရှင်းပေးလိမ့်မည်။ အုတ်မြစ်မန္နက်ချသည့်အတိုင်း ဗိမာန်တော်အား ဇေရုဗဗေလ၏လက်ဖြင့် ကိုယ်တိုင်လက်စသတ်နိုင်မည်ဟု ပြောစေသည်။ Ungerက အောက်ပါအတိုင်း မှတ်ချက်ပြုထားသည်။

ဝိညာဉ်တော်၏ အလေ့အလာကို အပိုဒ်ငယ် ၆၌တွေ့ရသည်။ အနှစ်တစ်ထောင်နိုင်ငံတော်ကာလ၌ ဘုရားသခင်ထံမှ အလိုအလျောက်အစဉ်မပြတ်သွန်းလောင်းသော ဝိညာဉ်တော်ဆီအားဖြင့် အလင်း သက်သေခံများဖြစ်မည်။ သို့သော် ဤနေရာ၌ ဘုရားရှင်က ဇေဗဗေလသို့ တိုက်ရိုက်ပေးသာ ကတိတော် ဖြစ်သည့်အတိုင်း ဗိမာန်တော်ပြန်လည် တည်ဆောက်ခြင်းတည်းဟူသော လုပ်ငန်းကြီး အောင်မြင်ပြီးစီး မည့်အကြောင်းဖြစ်သည်။

:၁၀ ဗိမာန်တော်သည် တောင်ကြီးမျှ ကြီးမားသောအတိုက်အခံ ကြုံရသော်လည်း လက်စသတ် ကြမည်။ လူများက ကျေးဇူးတော်ရှိပါစေသော၊ကျေးဇူးတော်ရှိပါစေသောဟု ကြွေးကြော်ကြမည်။ အမှုငယ် ပြုသောနေ့ရက်ကို အဘယ်သူမထီမဲ့မြင် ပြုသနည်း။ ဇေရုဗဗေလလက်သို့ ချိန်းကြိုးအပ်နှင်းထားပြီးဖြစ်သည်။ ဇေရုဗဗေလလက်ဖြင့် ဗိမာန်တော်ကြီးလက်စသတ်သည့် နေ့ရက်ကိုကြုံတွေ့ဦးမည်။

ဆီမီး()ခွက်ဆိုသည်မှာ ဘုရားသခင်၏မျက်စိကို ကိုယ်စားပြုသည်။ ဗိမာန်တော်အပါအဝင် ကမ္ဘာမြေ တခွင်လုံးအား မလပ်မကျန်ရလေအောင် ကြည့်ရှုနေသည်ဟု ဆိုလိုသည်။

:၁၁၁၄ သံလွင်ပင်နှစ်ပင်နှင့် သံလွင်ကိုင်းနှစ်ကိုင်းအကြားအား ဇာခရိက ဆက်လက်မေးမြန်းရာ ဘုရားသခင်၏ ဘိသိက်ပေးထားသော သူနှစ်ဦးဖြစ်ကြောင်း ကောင်းကင်တမန်က ရှင်းပြသည်။ ထိုနှစ်ဦးမှာ ဘုရင်နှင့်ယဇ်ပုရောဟိတ်အဖြစ် ဘိသိက်ပေးထားကြသော ဇေရုဗဗေလနှင့် ယောရှုတို့ရည်ညွှန်းကြောင်း ထင်ရှား သည်။

ဤဗျာဒိတ်ရှုပါရုံ၏ သင်ခန်းစာမှာ ဝိညာဉ်ရေးရာ၌ ပြန်လည်သင့်မြတ်ဖို့ လိုအပ်ပုံနှင့် ယခင်ဗျာဒိတ် ရူပါရုံတွင် ဖော်ပြပြီးသည့်အတိုင်း သန့်ရှင်းခြင်းလိုအပ်ပုံဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။