မိက္ခာအနာဂတ္တိကျမ်း - ၅

1ယခုမူကား၊ အို ဗိုလ်ခြေသတို့သမီး၊ စည်းဝေး၍ ခင်းကျင်းလော့။ ငါတို့ကို ဝိုင်းထားကြပြီ။ ဣသရေလမင်း၏ပါးကို ကြိမ်လုံးနှင့် ရိုက်ကြပြီတကား။
ဗက်လင်မြို့မှဘုရင်ပေါ်ထွန်းမည်
2အို ဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဖို့ သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင် ဖြစ်၏။ 3သို့ဖြစ်၍၊ သားဖွားခြင်းဝေဒနာကို ခံရသော မိန်းမသည် မဖွားမီတိုင်အောင်လည်းကောင်း၊ ဣသရေလအမျိုးသားတို့နှင့်တကွ ကျန်ကြွင်းသော ညီအစ်ကိုတို့သည် မပြောင်းလဲမီ တိုင်အောင်လည်းကောင်း၊ သူတို့ကို စွန့်ပစ်တော်မူလိမ့်မည်။ 4ထိုသခင်သည် ရပ်၍ ထာဝရဘုရား၏ အစွမ်းသတ္တိနှင့်လည်းကောင်း၊ မိမိဘုရားသခင် ထာဝရဘုရား၏ နာမတော် တန်ခိုးအာနုဘော်နှင့်လည်းကောင်း၊ မိမိသိုးစုကို ကျွေးမွေးလိမ့်မည်။ သူတို့သည်လည်း တည်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုသခင်သည် မြေကြီးစွန်းတိုင်အောင် အစိုးရ၍၊ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူလိမ့်မည်။
ကယ်နုတ်ခြင်းနှင့်ဒဏ်ခတ်ခြင်း
5အာရှုရိလူသည် ငါတို့ပြည်သို့လာ၍၊ ငါတို့ ဘုံဗိမာန်များကိုနင်းသောအခါ၊ သိုးထိန်းခုနစ်ပါးနှင့် လူကြီးရှစ်ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း၍၊ 6ဓားလက်နက်ဖြင့် အာရှုရိပြည်ကိုလည်းကောင်း၊ မြို့တံခါးဝအတွင်း၌ နိမ်ရောဓနိုင်ငံကိုလည်းကောင်း သုတ်သင် ပယ်ရှင်းသောအားဖြင့်၊ ငါတို့ပြည်သို့လာ၍၊ ငါတို့နယ်အတွင်းတွင် နင်းသော အာရှုရိလူ၏လက်မှ ငါတို့ကို ကယ်လွှတ်လိမ့်မည်။
7ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တစ်ပါးအမျိုးသား အများတို့တွင်နေ၍၊ ထာဝရဘုရား ပေးတော်မူသော နှင်းကဲ့သို့လည်းကောင်း၊ လူကိုမငံ့လင့်၊ လူသားတို့၏ အလိုသို့မလိုက်သော မိုးရေကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ 8ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တစ်ပါးအမျိုးသား အများတို့တွင်နေ၍၊ တောသားရဲတို့တွင် ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးစုတို့တွင် ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ ခြင်္သေ့ဝင်သောအခါ အဘယ်သူမျှ မကယ်နုတ်နိုင်အောင် နင်း၍ ကိုက်စားတတ်၏။ 9သင်၏ရန်ဘက်၌ နေသောသူတို့ကို သင်တိုက်၍၊ ရန်သူအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည်။ 10ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်၏မြင်းတို့ကို သင့်အလယ်က ငါပယ်ရှင်း၍၊ သင်၏ ရထားတို့ကိုလည်း ဖျက်ဆီးမည်။ 11သင်၏ပြည်၌ မြို့ရိုးတို့ကို ငါပယ်ရှင်း၍၊ သင်၏ရဲတိုက်ရှိသမျှတို့ကို ဖြိုဖျက်မည်။ 12သင်၏နယ်၌ စုန်းလုပ်သောသူတို့ကို ငါပယ်ရှင်း၍၊ သင်၌ ဗေဒင်ဟောသောသူမရှိရ။ 13ထုလုပ်သော ရုပ်တုဆင်းတုတို့ကို သင့်အလယ်က ငါပယ်ရှင်း၍၊ ကိုယ်လက်နှင့်လုပ်သော အရာကို နောက်တစ်ဖန် သင်မကိုးကွယ်ရ။ 14အာရှရပင်တို့ကိုလည်း သင့်အလယ်၌ ငါနုတ်၍၊ သင်၏မြို့တို့ကိုလည်း ငါဖျက်ဆီးမည်။ 15ငါ့စကားကို နားမထောင်သော တစ်ပါးအမျိုးသားတို့ကို ပြင်းစွာအမျက်ထွက်၍ အပြစ်ဒဏ်ကို ငါစီရင်မည်။

မိက္ခာအနာဂတ္တိကျမ်း - ၅ (အနက်ဖွင့်)

၆။ မေရှိယကြွလာမည့်အကြောင်းကတိတော်(အခန်း၅)

: ဤကျမ်းပိုဒ်သည် မိက္ခာအနာဂတ္တိကျမ်းရေးချိန်တွင် တိုင်းသူပြည်သားများ၏ ဘဝမြင်ကွင်းဖြစ်သည်။ ဣသရေလဟူသော ယုဒများ ဗာဗုလုန်စစ်သားများက ဝိုင်းရန်ဖို့ပြင်ဆင်နေပုံ၊ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံမည့်အကြောင်းဖြစ်သည်။ သနာခရိပ်မင်းက ပြက်ရယ်ပြုသော ဟေဇကိမင်း၊ ဟို့မဟုတ် နေဗုခပ်နေဇာမင်း ချိုးနှိမ်သော ဇေဒကိမင်းကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။

          : ဤကျမ်းပိုဒ်သည် ဣရေလတို့၏ အရှင်သခင်၊ ရှေးကပ်ကမ္ဘာမှစ၍ နိစ္စထာဝရပေါ်ထွန်းတော်မူသောသူ ဖွားမြင်တော်မူမည့်အကြောင်း ဗျာဒိတ်တော်ဖြစ်သည်။ ဤကျမ်းစကားအားဖြင် နိစ္စထာဝရစိုးစံသော မေရှိယသခင်၏ဇာတိတော်ကို သိရှိခွင့်ရသည်။ ထိုခေတ်ကာလ၌ ဗက်လင်မြို့ နှစ်မြို့ရှိခဲ့သည်။ ထိုကြောင့်ကွဲပြားအောင်မိက္ခာက ရှင်းပြခြင်းဖြစ်သည်။ ဗက်လင်ဧဖရတ်မှာ ယေရုရှလင် မြို့တောင်ဘက်(၆)မိုင်အကွာတွင် ရှိသည်။ ဤကျမ်းပိုဒ်သည် အပိုဒ်ငယ်(၁)နှင့် အခြေအနေပြောင်းပြန်ဖြစ်စေ၏။ လတ်တလောကာလတွင် ဣသရေလတို့သည် မျက်စိသူငယ် နားသူငယ်ဖြစ်ကြသေ်လည်း မေရှိယသခင်ပေါ်ထွန်းလာသောအခါ အခြေအနေက ဇောက်ထိုးပြောင်းပြန် ဖြ်သွားမည်။

          : ဣသရေလသမိုင်းကို (၃)ဆင့် ခွဲခြားထာသည်။ (၁) ယေရှုခရစ်တော်ကို ငြင်းပယ်ခဲ့သောကြောင့် စွန့်ပစ်ခံရသည်။ သို့ဖြင့်မျက်မှောက်ကာလဖြင့်သည့် ကျေးဇူးတော်ကာလဖြစ်ပေါ်စေ်စေ။ (၂) လူမျိုးတော်အား ဒုက္ခဆင်းရဲခံရမည့် အချိန်ကာလကစောင့်နေသည်။ ဘေးဒဏ်ကြီးကာလပင် ဖြစ်သည်။ (၃)ထိုနှစ်ဆင့်ပြီးနောက် ဣသရေလလူမျိုးပြန်လည်မွေးဖွားမည်။ ၎င်းမှာမယုံကြည်သူများထဲမှ ကျန်ကြွင်းသောယုံကြည်သူများ ဖြစ်သည်(Scofield)။ ကျန်ကြွင်းသောဣသရေလများကို ဘူမိနက်သန်သို့ ပြန်လည်စုစည်းစေလျက် ခရစ်တော်အုပ်စိုးလိမ့်မည်။

          : ခရစ်တော်၏သိုးထိန်းများ ကမ္ဘာတဝှမ်းရှိ ဣသရေလများကို စောင့်ရှောက် ဂရုစိုက်ကြမည်။ အာရှုရိစစ်သားများက ယေရုရှလင် လာရောက်တိုက်ခိုက်လျှင်လည်း မေရှိယသခင်က တွန်းလှန်ချေမှုန်းနိုင်ဖို့ အင်အားကို အလုံအလောက်ပေးမည်။ “သိုးထိန်းခုနှစ်ပါးနှင့် လူကြီးရှစ်ပါး” ဆိုသည်မှာ အာရှုရိရန်ကို ခုခံတွန်းလှန်နိုင်မည့် ခေါင်းဆောင် တစ်ဆယ့်ငါးပါးပေါ်ထွန်းလာမည်ဟု အတိအကျဆိုလိုခြင်းမဟုတ်။ လင်္ကာဗေဒအရ ကိန်းဂဏန်းတွဲလိုက်လာလျှင် အထူးအဓိပ္ပါယ်ရှိသည်။၎င်းမှာ လုံလောက်သော အရေအတွက်ရှိခြင်း၊ ပြည့်စုံကုံလုံခြင်းကို ရည်ညွှန်းသည်။

          : ထိုအခါ ဣသရေလတို့သည် ကောင်းချီးနှင့် ပြည့်ဝကြမည်။ ခြင်္သေ့မင်းနှယ် ရို့ကျိုးခန့်ညားခံရမည်။ ဘုရားသခင်အားတုပြိုင်လာသမျှ ရန်သူများအား ချေမှုန်းနိုင်လိမ့်မည်။

          :၁၀၁၅ ထိုကာလ၌ ဣသရေလတို့သည် သန့်ရှင်းစင်ကြယ်ခံရကြမည်။ တိုက်မြင်းများစစ်ရထားများနှင့် အုတ်မြို့ရိုးတို့ကိုလည်း လိုအပ်တော့မည်မဟုတ်။ စုန်း၊ မှော်အတတ်နှင့် ရှေ့ဖြစ်နောက်ဖြစ်ဟောသူများ ပယ်ရှင်းမည်။ လက်လုပ်ဘုရားရုပ်တုများ နတ်ကွန်းများကို ဖြိုလှဲဖျက်ဆီးပစ်မည်။ ဘုရားသခင်၏အငြိုးအတေးသည် ရန်သူတိုင်းနိုင်ငံ လူမျိုးတို့အပေါ်ကြရောက်မည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။