ရာဇဝင်ချုပ်ဒုတိယစောင် - ၂၄

ယုဒဘုရင်ယောရှ
(၄ရာ၊ ၁၂:၁-၁၆)
1ယောရှသည် အသက်ခုနစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်စိုးစံ၏။ မယ်တော်ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။ 2ယဇ်ပုရောဟိတ် ယောယဒလက်ထက် ကာလပတ်လုံး၊ ယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။ 3ယောယဒပေးစားသော မိန်းမနှစ်ယောက်နှင့် စုံဖက်၍ သားသမီးတို့ကို မြင်ရ၏။
4ထိုနောက်မှ၊ ယောရှသည် ဗိမာန်တော်ကို ပြုပြင်မည် အကြံရှိလျက်၊ 5ယဇ်ပုရောဟိတ် လေဝိသားတို့ကို စုဝေးစေ၍၊ သင်တို့ဘုရားသခင်၏အိမ်တော်ကို ပြုပြင်ခြင်းငှာ၊ ယုဒမြို့တို့ကို လှည့်လည်သဖြင့်၊ နှစ်တိုင်းအစဉ် ဣသရေလလူအပေါင်းတို့မှ ငွေကိုခံယူ၍၊ အမှုပြီးအောင် ကြိုးစားအားထုတ်ကြလော့ဟု မိန့်တော်မူ၏။ သို့သော်လည်း၊ လေဝိသားတို့သည် မကြိုးစားဘဲ နေကြ၏။ 6တစ်ဖန် ရှင်ဘုရင်သည် ယဇ်ပုရောဟိတ်အကြီးယောယဒကိုခေါ်၍၊ သက်သေခံတော်မူချက် တဲတော်အဖို့၊ ထာဝရဘုရား၏ကျွန်မောရှေနှင့် စည်းဝေးရာ ဣသရေလ ပရိသတ်ပြုသည်နည်းတူ၊ လေဝိသားတို့သည် ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်တို့မှ ငွေကိုခံယူ၍ ဆောင်ခဲ့မည်အကြောင်း၊ အဘယ်ကြောင့် မမှာထားဘဲနေသနည်းဟု မေးတော်မူ၏။ 7အဓမ္မမိန်းမ အာသလိ၏သားတို့သည် ဗိမာန်တော်ကိုဖြိုဖျက်၍၊ ဗိမာန်တော်၌ ပူဇော်သောဘဏ္ဍာရှိသမျှတို့ကိုလည်း ဗာလဘုရားတို့အား ပူဇော်ကြ၏။ 8ရှင်ဘုရင်အမိန့်တော်အတိုင်း သေတ္တာကိုလုပ်၍၊ ဗိမာန်တော်ပြင်၊ တံခါးနားမှာထားကြ၏။ 9ဘုရားသခင်၏ကျွန်မောရှေသည် တောမှာ ဣသရေလအမျိုး၌ ငွေခွဲသည်အတိုင်း၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည်ဟု ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌ ကြော်ငြာကြ၏။ 10မင်းများနှင့် ပြည်သူပြည်သားများအပေါင်းတို့သည်၊ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့၍၊ လက်စသတ်သည်တိုင်အောင် သေတ္တာထဲသို့ သွင်းထားကြ၏။ 11ထိုသေတ္တာကို လေဝိသားတို့သည် ဘဏ္ဍာတော်တိုက်ထဲသို့ သွင်း၍၊ ငွေများသည်ကိုသိမြင်လျှင်၊ ရှင်ဘုရင်၏စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်း၏ စာရေးသည်လာ၍၊ ငွေကိုထုတ်ယူပြီးမှ၊ သေတ္တာကို သူ့နေရာ၌ထားပြန်၏။ ထိုသို့ နေ့တိုင်းပြု၍ များစွာသောငွေကို စုထားကြ၏။ 12ရှင်ဘုရင်နှင့် ယောယဒသည် ဗိမာန်တော်၏အမှုတော်စောင့်တို့၌ ထိုငွေကိုအပ်၍ ဗိမာန်တော်ကို ပြုပြင်စေခြင်းငှာ၊ ပန်းရန်သမား၊ လက်သမား၊ ပန်းပဲသမား၊ ပန်းတဉ်းသမားတို့အား ပေးဝေကြ၏။ 13အလုပ်လုပ်သော သူတို့သည် ကြိုးစား၍ ပြုပြင်သဖြင့်၊ ဗိမာန်တော်ကို ပကတိအဖြစ်၌ ခိုင်ခံ့စေကြ၏။
ယောယဒ၏မူဝါဒပျက်ပြားသွားခြင်း
14လက်စသတ်သောအခါ၊ ကျန်ကြွင်းသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံသို့ယူခဲ့၍၊ ထိုငွေနှင့် ဗိမာန်တော်၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ၊ ရွှေဖလား၊ ငွေဖလား၊ ဇွန်းများကိုလုပ်ကြ၏။ ယောယဒလက်ထက် ကာလပတ်လုံး၊ ဗိမာန်တော်၌ မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။ 15ယောယဒသည် အို၍ ကာလပြည့်စုံရာရောက်လျက်၊ အသက်တစ်ရာသုံးဆယ်ရှိသော် သေ၍၊ 16ဒါဝိဒ်မြို့မှာ ရှင်ဘုရင်တို့တွင် သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ အကြောင်းမူကား၊ ဣသရေလအမျိုးတွင် ဘုရားသခင်၌လည်းကောင်း၊ အိမ်တော်၌လည်းကောင်း ကျေးဇူးပြုသောသူဖြစ်သတည်း။
17ယောယဒသေသောနောက်၊ ယုဒမင်းတို့သည် ရှင်ဘုရင်ထံတော်သို့ လာ၍ ရှိခိုးကြ၏။ သူတို့စကားကို ရှင်ဘုရင်နားထောင်သဖြင့်၊ 18သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကိုစွန့်၍၊ အာရှရပင်နှင့် ရုပ်တုတို့ကို ဝတ်ပြုကြ၏။ ထိုအပြစ်ကြောင့် အမျက်တော်သည် ယုဒပြည်နှင့် ယေရုရှလင်မြို့အပေါ်မှာ သက်ရောက်လေ၏။ 19သူတို့ကို ထာဝရဘုရားထံတော်သို့ သွေးဆောင်စေခြင်းငှာ၊ ပရောဖက်တို့ကို စေလွှတ်တော်မူ၍၊ ပရောဖက်တို့သည် သက်သေခံသော်လည်း၊ သူတို့သည် နားမထောင်ကြ။ 20တစ်ဖန်ဘုရားသခင်၏ဝိညာဉ်တော်သည် ယဇ်ပုရောဟိတ်ယောယဒသား ဇာခရိအပေါ်မှာ သက်ရောက်၍၊ သူသည် ပရိသတ်အလယ်၊ မြင့်သောအရပ်၌ ရပ်လျက်၊ ဘုရားသခင်မိန့်တော်မူသည်ကား၊ သင်တို့သည် ကိုယ်အကျိုးကို ပျက်စေခြင်းငှာ၊ ထာဝရဘုရား၏ပညတ်တော်တို့ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ သင်တို့သည် ထာဝရဘုရားကို စွန့်သောကြောင့်၊ သင်တို့ကိုလည်း စွန့်တော်မူပြီဟု မြွက်ဆို၏။ 21လူများတို့သည် သူ့ကို မကောင်းသောအကြံနှင့် တိုင်ပင်၍၊ ရှင်ဘုရင်အမိန့်တော်နှင့် ဗိမာန်တော်အတွင်း၌ ကျောက်ခဲနှင့်ပစ်၍ သတ်ကြ၏။ 22ထိုသို့ ယောရှမင်းကြီးသည် ဇာခရိအဘ ယောယဒပြုသောကျေးဇူးကို မအောက်မေ့၊ သားကို သတ်လေသည်တကား။ ဇာခရိသေသောအခါ၊ ဤအမှုကို ထာဝရဘုရားသည် ကြည့်ရှုစစ်ကြောတော်မူမည်ဟု ဆို၏။
ယောရှမင်းနန်းသက်ကုန်ဆုံးခြင်း
23ထိုနှစ်အဆုံး၌၊ ရှုရိတပ်သားတို့သည် စစ်ချီ၍ လာကြသဖြင့်၊ ယုဒပြည် ယေရုရှလင်မြို့သို့ ရောက်မှ၊ မှူးမတ်အရာရှိအပေါင်းတို့ကို သုတ်သင်ပယ်ရှင်း၍၊ လက်ရဥစ္စာရှိသမျှတို့ကို ဒမာသက်ရှင်ဘုရင်ထံသို့ ပေးလိုက်ကြ၏။ 24ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို စွန့်သောကြောင့်၊ များပြားသောအလုံးအရင်း ဖြစ်သော်လည်း၊ နည်းသောရှုရိတပ်အလုံးအရင်းလက်သို့ ထာဝရဘုရား အပ်တော်မူ၍၊ ရှုရိလူတို့သည် ယောရှကိုတရားစီရင်ကြ၏။ 25ရန်သူထွက်သွားသောအခါ၊ ယောရှသည် ကြီးစွာသောဒုက္ခကို ခံရလျက် နေရစ်သည်ဖြစ်၍၊ ယဇ်ပုရောဟိတ်ယောယဒသားတို့ကို သတ်သောအပြစ်ကြောင့်၊ မိမိကျွန်တို့သည် သင်းဖွဲ့၍၊ သလွန်ပေါ်မှာ သေအောင်လုပ်ကြံကြ၏။ ထိုမင်းကို ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော်လည်း၊ ရှင်ဘုရင်တို့တွင် မသင်္ဂြိုဟ်။ 26လုပ်ကြံသောသူကား၊ အမ္မုန်အမျိုးသမီး ရှိမတ်သား ယောဇဗဒ်နှင့် မောဘအမျိုးသမီး ရှိမရိတ်သား ယဟောဇဗဒ်တည်း။ 27ယောရှသည် သားရှိခြင်းအရာ၊ လေးသောအမှုကို ထမ်းခြင်းအရာ၊ ဗိမာန်တော်ကို ပြုပြင်ခြင်းအရာတို့သည် ရာဇဝင်နှင့် ဆက်သောစာ၌ ရေးထားလျက်ရှိ၏။ သားတော်အာမဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

ရာဇဝင်ချုပ်ဒုတိယစောင် - ၂၄ (အနက်ဖွင့်)

(ယောရှမင်း (အခန်း ၂၄)

၂၄: ယောရှမင်းသည်အသက်()နှစ်တွင် နန်းတက်၍ နှစ်ပေါင်း(၄၀)ယုဒဘုရင်အဖြစ် နန်းစံသည်။ ယဇ်ပုရောဟိတ်ယောယဒရှိနေသရွေ့ ယောရှမင်းသည် ဖြောင့်မတ်တည်ကြည်စွာနန်းစံသည်။ ယောယဒ၏ အခါတော်ပေးမှုဖြင့် မိဖုရား()ပါးနှင့် လက်ဆက်သည်။

၂၄:၁၄ ယောရှမင်းသည်  ဗိမာန်တော်ပြုပြင်မွမ်းမံလိုသောစိတ်ရရှိသဖြင့် ယဇ်ပုရောဟိတ်များအား ဣသရေလပြည်သူများထံမှ ဗိမာန်တော်ရန်ပုံငွေ လိုက်ကောက်ခိုင်းသည်။ လေဝိအမျိုးသားများက နှေးတုံနှေးတုံလုပ်ကြသဖြင့် ယောယဒကို တိုင်ပင်သည်။ ယောယဒ၏တိုက်တွန်းချက်ဖြင့် သွက်လက်မြန်ဆန်စွာ လှုပ်ရှားကြသည်။ ဗိမာန်တော်အလှူခံသေတ္တာ၂၂တွင် အလှူငွေများနေ့တိုင်းပြည့်လာသည်။ အလုပ်သမားများက စေတနာရှိရှိ အားကြိုးမာန်တက်လုပ်ကြသဖြင့် အာသလိဘုရင်မလက်ထက်တွင် ယိုယွင်းပျက်စီးနေခဲ့သော ဗိမာန်တော်သည် ပကတိအတိုင်း ခိုင်ခံလှပလာသည်။ လုပ်ငန်း လက်စသက်၍ ကျန်ကြွင်းသော အလှူငွေများကို ဗိမာန်တော်၌ အသုံးပြု၍ တန်ဆာပလာများ ပြုလုပ်ကြသည်။၂၃

 ၂၄:၁၅၁၉ ယောယဒသည် လူ့ဘဝကို ပီပြင်စွာ အသက်ရှင်ပြီးနောက် ကွယ်လွန်သောအခါ ယုဒဘုရင်များ အသုဘအခမ်းအနားကဲ့သို့ ဂုဏ်ပြုသဂြိုဟ်ကြသည်။ တော်ဝင်မိသားစုဝင် မဟုတ်သူများ ထိုကဲ့သို့ သဂြိုဟ်ရိုးမရှိခဲ့။ ယောယဒ၏အရိပ် လွှမ်းမိုးသရွေ့ ကာလပတ်လုံး ယောရှမင်းသည် တရားတော်နှင့်အညီ နန်းစံသော်လည်း ဝိညာဉ် ရေးရာအထနမ်းအကွပ်မဲ့သွားသောအခါ ဘုရားတု နောက်သို့ယိမ်းယိုင်သွားသည်။ ဘုရားသခင်၏ ပရောဖက်များက အလီလီသတိပေးကြသော်လည်း နားမဝင်။ ယုဒလူကြီးများကလည်း ယောရှမင်းအား အာခံပုန်ခံလာကြသည်။

၂၄:၂၀-၂၇ ပရောဖက်ဇာခရိက ယောရှမင်းအား သွားရောက်သတိပေးသောအခါ ဟုတ်တိုင်းမှန်ရာနာလိုခံခက်၍ ကျောက်ခဲဖြင့် ပေါက်သတ်ခိုင်းသည်။ (ဇာခရိ၏အဖေ ၊ အဖိုးလည်း ဖြစ်နိုင်သည်)၂၄ စောင့်ရှောက်ခဲ့မှုတွေကို မထောက်မထားမိုက်ကမ်းသည်။ ဇာခရိ၏ဆုတောင်းချက်ကို ဘုရားသခင်ကြားသိသောကြောင့် ဘုရားသခင်က ရှုရိစစ်တပ်ကို စေလွှတ်၍ ယုဒမှူးကြီးမတ်ရာများကို တိုက်ခိုက်သတ်ဖြတ်ခြင်းဖြစ်ဟန်သည်။ မတော်မတရားသူနှင့် ပုလင်းတူဗူးစို့လုပ်သောကြောင့် ယောရှမင်း၏ လက်ရုံးတော်များတိမ်းပါးကြ၍ ယောရှမင်းကိုယ်တိုင်လည်း သေလုမြောပါးဒဏ်ရာရရှိခဲ့သည်။ သို့ဖြင့် မိမိကျွန်လက်ချက်ဖြင့် ဘဝအဆုံးသတ်ရသည်။ သူ့ရှေ့မှသွားသော ယေရောဗောင်မင်းကဲ့သို့ပင် ယုဒဘုရင်များ သုဿန်တွင် သဂြိုဟ်ခွင့်မရ။

ယောရှမင်း၏ဘဝနောက်ပိုင်း ဖောက်ပြန်မှုသည် ငယ်ရွယ်စဉ်အခါက လုပ်ဆောင်ခဲ့သမျှကို သင်ပုန်းချေပစ်သည်။ တသက်လုံးကျွေးမွေးလာသမျှသောကြက် တမနက်တည်းနှင့် ရိုက်ချက်စားသည်။ ဗိမာန်တော်ပြုပြင်၍ ဘဏ္ဍငွေများ ဆက်ကပ်သမျှကိုလည်း ပြန်ခွာ၍ ရှုရိဘုရင်ဟာ ဇေလလက်ထဲသို့ အပ်နှံရသည် (၄ရာ ၁၂:၁၇ – ၁၈) ။ အစကောင်းရန်လိုအပ်သော်လည်း ပွဲသိမ်းလှရန် ပိုမိုအရေးကြီးပါသည်။ တပည့်တော်ယောဟန်က ယုံကြည်သူများကို ” ငါတို့သည် ကိုယ်ပြုစုသောအရာမပျောက်မပျက် ၊ စုံလင်သောအကျိုးကိုရမည့်အကြောင်း ၊သင်တို့သည် ကိုယ့်ကိုကိုယ် သတိပြု၍ စောင့်ရှောက်ကြလော့” (၂ယော ၈) ဟုနှိုးဆော်ထားပါသည်။

ယောရှမင်းအကြောင်းကို ရာဇဝင်ချုပ်ထက် ၄ရာ ၁၂ တွင် ပိုမိုပြည့်စုံစွာရေးထားသည်။ Joash သို့မဟုတ် jehoash ဟုလည်းခေါ်ကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။