ရာဇဝင်ချုပ်ဒုတိယစောင် - ၁၉

ယောရှဖတ်အားယေဟုအပြစ်တင်ခြင်း
1ယုဒရှင်ဘုရင်ယောရှဖတ်သည် ယေရုရှလင်မြို့ နန်းတော်သို့ ငြိမ်ဝပ်စွာပြန်လာ၏။ 2ဟာနန်သား ပရောဖက်ယေဟုသည်၊ ယောရှဖတ်မင်းကြီးကို ခရီးဦးကြိုပြုအံ့သောငှာ ထွက်သွား၍၊ မင်းကြီးသည် မတရားသောသူတို့ကို မစသင့်သလော။ ထာဝရဘုရားကို မုန်းသောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား၏ အမျက်တော်သည် မင်းကြီးအပေါ်သို့ သက်ရောက်လေပြီ။ 3သို့သော်လည်း၊ မင်းကြီးသည် တစ်ပြည်လုံးတွင်၊ အာရှရပင်တို့ကို ပယ်ရှား၍၊ ဘုရားသခင်ကိုရှာခြင်းငှာ သဘောချသောကြောင့်၊ ကျင့်သော အကျင့်ကောင်းပါပြီဟု ဆို၏။
ယောရှဖတ်၏ပြုပြင်ပြောင်းလဲမှုများ
4ထိုနောက်၊ ယောရှဖတ်သည် ယေရုရှလင်မြို့၌နေ၏။ တစ်ဖန် ဗေရရှေဘမြို့မှစ၍၊ ဧဖရိမ်တောင်တိုင်အောင် လှည့်လည်သဖြင့်၊ ပြည်သားတို့ကို ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်စေတော်မူ၏။ 5ယုဒနိုင်ငံတွင်၊ ခိုင်ခံ့သောမြို့ရှိသမျှ အသီးအသီးတို့၌ တရားသူကြီးတို့ကို ခန့်ထား၍၊ 6သင်တို့ပြုသောအမှုကို သတိပြုကြလော့။ လူ၏အမှုကိုစောင့်၍ တရားစီရင်သည်မဟုတ်။ သင်တို့စီရင်ရာတွင်၊ ရှိတော်မူသော ထာဝရဘုရား၏အမှုတော်ကို စောင့်၍ စီရင်ရကြ၏။ 7သို့ဖြစ်၍ ထာဝရဘုရားကို ကြောက်ရွံ့သောစိတ်ရှိ၍ သတိပြုကြလော့။ ငါတို့ဘုရားသခင်သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာကိုထောက်ခြင်း၊ တံစိုးစားခြင်း အခွင့်ရှိတော်မမူဟု မှာထားတော်မူ၏။
8ယေရုရှလင်မြို့၌လည်း၊ ထာဝရဘုရား၏ တရားမှုကိုလည်းကောင်း၊ ယေရုရှလင်မြို့သားအချင်းချင်း တရားတွေ့မှုတို့ကိုလည်းကောင်း၊ စီရင်စေခြင်းငှာ လေဝိသား၊ ယဇ်ပုရောဟိတ်၊ ဣသရေလအဆွေအမျိုး သူကြီးအချို့တို့ကို ခန့်ထား၍၊ 9သင်တို့သည် စုံလင်သောစိတ်နှလုံးနှင့် ထာဝရဘုရားကို ကြောက်ရွံ့လျက်၊ သစ္စာစောင့်လျက် စီရင်ကြလော့။ 10အမြို့မြို့၌နေသော အမျိုးသားချင်းတို့တွင်၊ လူအသက်သတ်ခြင်းအမှု၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ်တရားကို လွန်ကျူးခြင်းအမှု မည်သည်ကား၊ သင်တို့ရှေ့သို့ရောက်လျှင်၊ သင်တို့နှင့် အမျိုးသားချင်းတို့အပေါ်သို့ အမျက်တော် သက်ရောက်စေခြင်းငှာ၊ သူတို့သည် ထာဝရဘုရားကို မပြစ်မှားရမည်အကြောင်း သတိပေးကြလော့။ သို့ပြုလျှင်၊ ကိုယ်တိုင်အပြစ်လွတ်ကြလိမ့်မည်။ 11ထာဝရဘုရား၏ အမှုအရာရာတွင်၊ ယဇ်ပုရောဟိတ်မင်း အာမရိသည် သင်တို့ကို အုပ်ချုပ်ရ၏။ ရှင်ဘုရင်၏ အမှုအရာရာတွင်၊ ယုဒအမျိုးမှာ မင်းဖြစ်သော ဣရှမေလသားဇေဗဒိသည် အုပ်ချုပ်ရ၏။ လေဝိသားတို့သည်လည်း၊ အမှုထမ်းလုလင် လုပ်ရကြ၏။ ရဲရင့်စွာ စီရင်ကြလော့။ ထာဝရဘုရားသည် ကောင်းသောသူတို့ဘက်မှာ နေတော်မူမည်ဟု မှာထားတော်မူ၏။

ရာဇဝင်ချုပ်ဒုတိယစောင် - ၁၉ (အနက်ဖွင့်)

၁၉: ယောရှဖတ်မင်း သည် မျက်စိမျက်နှာ ပျက်လျက် ယေရုရှလင် သို့ ပြန်လာသည်။ ဟာနန်း၏ သား ပရောဖက်ယေဟု က ခရီးဦးကြို၍ မကောင်းသော သူနှင့် ပေါင်းဖက်ခြင်း၏ အကျိုးအရသာ မြည်းစမ်းပြီလား။ မှတ်မိပြီ လားဟု အပြစ်တင် သည်။ မင်းကြီးကလည်း မှားပါသည် ဟု ဝန်ချ နောင်တရရှိသည်။             ဘုရားတရားမသိသော မိတ်ဆွေ အာခတ်မင်းက သင်ခန်းစာ လှလှ ပေးသွားသည်။ အာခတ်မင်း သည် မည်သူမပြု မိမိမှု၊ ကိုယ့်အကြောင်းနှင့် ကိုယ်ဖြစ်သည်။ ယောရှဖတ် မင်းသည် ထိုအတွေ့အကြုံကို သင်ခန်းစာယူ ၍ တိုင်းသူပြည်သား လူအများအား လှည်းနေလှေအောင်း မြင်းဇောင်း မကျန် ထာဝရဘုရား သခင်ထံ သို့ ပို့ဆောင်သည်။ သူကိုယ်တိုင်လည်း မောရှေပညတ်တော် (တရား ၁၆:၁၈−၂၀) အတိုင်းမင်းကျင့်တရား နှင့်အညီ ကျင့်ကြံစောင့်ထိန်းသည်။ သို့ဖြင့် ယောရှဖတ်မင်း၏ ဘဝနိဒိန်းပိုင်းသည် ဟာလေလုယာ၊ အာမင်သံများနှင့် ဝေစည်သည် (၁၇:၇−၉)။ တိုင်းပြည်အဝှမ်းတွင် တရားတော်များ လိုက်လံသွန်သင်ဝေငှသည်။ ယုဒပြည်သည် ယေဟောဝါဘုရားသခင်၏ ပျော်စံရာ ဖြစ်ခဲ့သည်။

၁၉:၁၁ ယောရှဖတ်မင်း တိုက်တွန်းပြဌာန်းချက်မှာ တရားတော် အတိုင်း ဖြစ်သည် (ငယ်၁၀)။ ပြည်သူများကိုလည်း ဘုရားသခင်၏ တရားတော်နှင့်အညီ တရားစီရင်ခြင်း ကို တွေ့မြင်ခဲ့ကြဘူးသောကြောင့် အပြစ် စီရင်ခြင်းခံရမည် ကိုကြောက်လန့် စိုးရိမ်နေကြသည်။ ယေရုရှလင်မြို့တော်တွင် ပြည်သူ့တရားသူကြီးအဖွဲ့ ခန့်အပ်၍ ခက်ခဲရှုပ်ထွေးသော အမှုကြီးများကို စီရင်စေသည်။ ယဇ်ပုရောဟိတ်အကြီး အာမရိကို ဘာသာရေး ဆိုင်ရာ အမှုအခင်း တရားသူကြီး ဥက္ကဌ အဖြစ်၎င်း ၊ နယ်ဘက်တရား သူကြီးဥက္ကဌ အဖြစ် ယုဒအမျိုးသား ခေါင်းဆောင် ဇေဗဒိကို၎င်း ခန့်အပ်စီရင်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။