သုတ္တံကျမ်း - ၁၁
သုတ္တံကျမ်း - ၁၁ (အနက်ဖွင့်)
၁၁:၁ မသမာသောဈေးသည်များသည် ချိန်ခွင်အလေး(၂)ခု ကိုင်သည်။ ကုန်ရောင်းသောအခါ အလေးတခုသုံး၍၊ ဝယ်သောအခါ နောက်အလေးတမျိုး သုံးကြသည်။ ကုန်ဝယ်ရာတွင် သုံးသောအလေးသည် ရောင်းရာတွင် သုံးသောအလေးထက်လေးသည်။ ကုန်ရောင်းရာတွင် သုံးသောအလေးသည် ကုန်ဝယ်ရာတွင်သုံးသော အလေးထက်ပေါ့သည်။ သို့ဖြင့် စားသုံးသူများသည် တန်ရာတန်ကြေးပစ္စည်း မရကြ။
၁၁:၂ မာနထောင်လွှားခြင်းက အရှက်ကွဲခြင်းဖြစ်သည်။ ကျဆုံးစေသည်။ စိတ်နှလုံးနှိမ့်ချ အောက်ကျို့သူများသည် မင်္ဂလာရှိ၏။ ထိုသူများသည် ပညာရှိသူများဖြစ်၍ ဘေးရန်ကင်းဝေးသည်။
၁၁:၃ ရိုးသားဖြောင့်မတ်ခြင်းသည် အကောင်းဆုံးသော နည်းလမ်းစဉ်ဖြစ်သည်။ စိတ်နှလုံးဖြောင့်မတ်ခြင်းသည် လူကို ဖြောင့်မတ်စေပြီး ဘဝလမ်းမှန်ပို့ပေးသည်။ ယောသပ်၏ဘဝကို သင်ခန်းစာ ယူသင့်သည်။ စိတ်နှလုံးကောက်သောသူများသည် မိမိဘဝကို ဖျက်ဆီးသူများ ဖြစ်သည်။ ပရောဖက်ဗာလံကို ကြည့်ပါ။
၁၁:၄ ဘုရားသခင် အမျက်ဒေါသသင့်ရာနေ့ရက်၌ စည်းစိမ်ဥစ္စာသည် တန်ဖိုးမရှိ။ ဖြောင့်မတ်ခြင်းသည် အသက်ဘေးရန် ကာကွယ်ပေးသည့်အပြင် မျက်မှောက်အကျိုးစီးပွားကိုလည်း ဖြစ်ထွန်းစေသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဝတ်ရုံဝတ်ဆင်သူသည် ဒုတိယသေခြင်းမှ လွတ်မြောက်သည်။
၁၁:၅ ဖြောင့်မတ်ခြင်းပါရမီရှိသူသည် အပြစ်တင်ခြင်းမခံရ။ မတရားသောသူသည် မိမိဆိုးညစ်မှုကြောင့် ပျက်စီးခြင်းသို့ ရောက်ရသည်။
၁၁:၆ ဖြောင့်မတ်ခြင်းဘုရားသည် ကောင်းရာမွန်ရာကို လမ်းညွှန်ပေးသည်သာမက လူ့မျက်စိဖြင့်မြင်နိုင်သော၊ မမြင်နိုင်သော ဘေးအန္တရာယ်များမှလည်း ကွယ်ကာပါသည်။ ယုဒကဲ့သို့သော အယူမှားလောဘသမား၏ အဖြစ်ဆိုးဘဝမှ လုံခြုံစေပါသည်။
၁၁:၇ လူမိုက်များ၏ မျှော်လင့်ချက်သည် သင်္ချိုင်းကုန်းတွင် အဆုံးသတ်သည်။ မတရားသောသူ၏ တောင့်တခြင်းလည်း လေထဲတွင် ပျောက်သွားပါသည်။ ပိုင်ဆိုင်မြင်တွေ့သောအရာများသည်လည်း မမြဲ။ မျှော်လင့်ချက်နှင့်အတူ ထာဝရ ကွယ်ပျောက်ပါသည်။
၁၁:၈ ဘုရားသခင်သည် ဖြောင့်မတ်သူများ ကြုံတွေ့ရမည့် ဘေးအန္တရာယ်များကို ဖယ်ရှားပေး၍ မတရားသောသူများထံသို့ ကျရောက်စေသည်။ ဟေဗြဲသားသုံးယောက်သည် မီးတောက်ထဲမှ ဘုရားသခင်က ကွယ်ကာကယ်မခဲ့သည် (ဒံ ၃:၂၂-၂၆)
၁၁:၉ ကြောင်သူတော် သို့မဟုတ် အဓမ္မလူများသည် အိမ်နီးနားချင်းများကို သံသယစိတ်ဖြင့် အစဉ်ကြည့်ရှုဖတ်တတ်သည်။ ဉာဏ်ပညာမူကား မိမိကိုယ်ကို ကွယ်ကာစောင့်ရှောက်သည့်အပြင် ကိုယ်နှင့်ပတ်သက်သူများကိုလည်း လုံခြုံအောင် ကွယ်ကာစောင့်ရှောက်သည်။ ဖြောင့်မတ်ခြင်းတရား၏ အကျိုးကို ဝေငှမျှဝေနိုင်သည်။
၁၁:၁၀ တရွာလုံးနှင့်ပတ်သက်သောအဖြစ်အပျက် ရှင်းပြထားသည်။ တရားသောသူ ကောင်းစားသောအခါ တရွာလုံးပျော်ရွှင် ဝမ်းသာကြသကဲ့သို့ မတရားသောသူ သေလွန်လျှင်လည်း တရွာလုံး ဝမ်းသာကြသည်။
၁၁:၁၁ တရားသောသူ ကောင်းကြီးမင်္ဂလာ ခံစားသောအခါ မြို့ရွာသည်လည်း ဂုဏ်ကျက်သရေ တင့်တယ်သည် (၁တိ ၂:၁-၂) သို့မဟုတ် တရားသူသည် မိမိမြို့ရွာအတွက် မင်္ဂလာယူဆောင်လာလေ့ရှိသည်။ (သခင်ယေရှုက တပည့်တော်များအား လောက၏ ဆားဖြစ်ကြလော့ဟု သွန်သင်မိန့်မှာထားသည် မ ၅:၁၃)။
မတရားသူသည် ကတိသစ္စာချိုးဖောက်၊ လိမ်လည်လှည့်ဖျား၊ အလွဲသုံးစားသဖြင့် မိမိကိုယ်ကို ဒုက္ခပေးသည့်အပြင် ရပ်ရွာလည်း နာသည်။
၁၁:၁၂ ပညာမဲ့သောသူသည် အိမ်နီးနားချင်း၊ ရပ်သူရွာသားများနှင့် ဗြောင်းဆန်လေ့ ရှိသော်လည်း ပညာရှိသူသည် ရပ်ရွာ ငြိမ်းချမ်းစည်ပင်ရေး တည်ဆောက်သည်။ သူတပါးကို ဆင်းရဲဒုက္ခပေးသူ၊ ဘေးဥပါဒ်ပေးသူ၊ ရပ်ရွာနှင့်မတည့်သူသည် ဘုရားသခင်၏ တရားကို မထီမဲ့မြင်ပြုရာ ရောက်သည်။ ထိုသူများသည် မည်သို့အကူအညီမှ မရနိုင်သော တကောင်ကြွက်မျိုး ဖြစ်သည်။ ဉာဏ်ကောင်းသူမူကား တိတ်ဆိတ်စွာနေခြင်းဖြင့် ကောင်းသောအမှု ပြုတတ်သည်။ ချီးမွမ်းဖွယ်ရာ မကြုံသော်လည်း ကဲ့ရဲ့စရာမရှိ။
၁၁:၁၃ တအိမ်တက်ဆင်းလျှောက်လည်တတ်သောသူသည် လျှို့ဝှက်ချက်များကို သိုဝှက်နိုင်စွမ်းမရှိ။ နှုတ်မလုံ။ ယုံကြည်မှုဖောက်ဖျက်တတ်သည်။ ရပ်သိရွာသိဖြစ်သော်လည်း မယ်မယ်ရရ လုပ်ဆောင်နိုင်စွမ်းမရှိ။
သစ္စာရှိသော မိတ်ဆွေသည် စကားဖြင့်မဟုတ်။ အလုပ်ဖြင့်သက်သေပြတတ်သဖြင့် ယုံကြည်အားကိုးရသည်။
၁၁:၁၄ ပညာရှိသော ခေါင်းဆောင်၊ ထက်မြတ်သောခေါင်းဆောင်မှုမရှိလျှင် နောက်လိုက်များသည် ဘေးဒုက္ခရောက်ကြသည်။ အခြားတဘက်တွင် ပညာရှိသုခမိန်များ၊ အတွေ့အကြုံရင့်ကျက်သူများနှင့် တရားသူများ၊ စိတတူကိုယ်တူ ပေါင်းစည်းတိုင်ပင်ကြလျှင် ပြည်သူများသည်လည်း လုံခြုံချမ်းသာကြသည်။
၁၁:၁၅ အကျွမ်းမဝင်သော လူစိမ်း၏အကြွေး၊ အာမခံပေးခြင်းသည် ကြီးမားသော စိတ်သောက ဖြစ်စေသည်။ ထိုသို့အာမခံပေးသောကြောင့် အစားလျော်ပေးစရာ အကြောင်းရှိသည်။ မသေချာသောအမှုတွင် ပါဝင်ခြင်းဖြစ်သောကြောင့် သောကဒုက္ခပြန်ရောက်မည်။ မိမိနှင့်မဆီမဆိုင်သော အမှုကိစ္စတွင် ပါဝင်သူသည် ခေါင်းရှုပ်စရာ ပြဿနာပေါ်လိမ့်မည်။ အငှါးဗိုက်နှင့် ဓါးထိုးခံရမည်။
၁၁:၁၆ နှစ်သက်ဖွယ်ရှိသောမိန်းမသည် ဂုဏ်အသရေရှိ၍ လူတကာက ချီးမွမ်းကြမည်။ အဘိဂဲလကို သင်ခန်းစာယူပါ (၁ရာ ၂၅)။ ခွန်အားကြီးသော ယောက်ျားသားသည်လည်း စည်းစိမ်ဥစ္စာ ရတတ်သည်။ သို့သော် နာမည်ကောင်းမရ။
၁၁:၁၇ သူတပါးအား စာနာတတ်သူသည် မိမိကျန်းမာရေးကို ဂရုစိုက်သူဖြစ်သည်။ မိမိကိုယ်ကိုကောင်းကျိုးပြုသူဖြစ်သည်။ သနားကြင်နာတတ်သူသည် ဝမ်းမီးရောဂါ အစာအိမ်ရောဂါ၊ သွေးလေရောဂါ ကင်းရှင်းသည်။ အစားမှန်အသောက်မှန် အနေမှန်၍ ကျန်းမာကြသည်။ စိတ်သဘောထားကြမ်းတမ်းသူများသည် မိမိအနေအထိုင်ကိုလည်း ဂရုမစိုက်၊ သူများကိုလည်း စာနာရမှန်းမသိသဖြင့် ကျန်းမာရေး ထိခိုက်စေသူဖြစ်သည်။
တခါက ဗြိတိန်နိုင်ငံ ဆေးကောင်စီက ခန္ဓာကိုယ်တွင် စိတ်ဝိညာဉ်နှင့် ကင်းလွတ်သော အသားမျှင်တခုမှ မရှိဟု ထုတ်ပြန်ဖူးသည်။ စိတ်နေသဘောထားကြမ်းတမ်းသူသည် မိမိခန္ဓာကိုယ် အသားမျှင် သွေးကြောများကို ခဏခဏဒုက္ခပေးနေသူ ဖြစ်သည်။
၁၁:၁၈ ဆိုးယုတ်သော သူတို့သည် တကယ်စင်စစ် အဘယ်အကျိုးကိုမျှ မခံစားရတတ်။ မှန်ကန်ရာကို ပြုကျင့်တတ်သူတို့မူကား ကောင်းကျိုး ဧကန်အမှန် ခံစားကြရမည်။ မတရားသောသူများသည် ကြီးပွားချမ်းသာခြင်းကို ညလုံးပေါက်ရှာဖွေကြပါသော်လည်း ရရှိသော လာဘ်လာဘသည် တည်ငြိမ်ခြင်းမရှိ။ ကြာရှည်မခံ။ သူများကို အကျိုးမပြု။ လိုချင်၍သာ ရှာကြခြင်းဖြစ်သည်။ တရားသဖြင့် မှန်ကန်စွာရရှိသော ဥစ္စာများသည် ဘဝအသက်တာ တည်တံ့ခိုင်မြဲသည်။
၁၁:၁၉ ပြုမူလုပ်ဆောင်မှုတိုင်းသည် လမ်းနှစ်သွယ် ရွေးလျှောက်ကြသည်။ အသက်ရှင်လမ်း သို့မဟုတ် မရဏာလမ်း ရွေးရသည်။ ဤသုတ္တံစကား၏ သွန်သင်ချက်သည် ကောင်းမှုကုသိုလ်ပြုခြင်းဖြင့် ကယ်တင်ခြင်းရရှိသည်ဟု မဆိုလို။ ဘုရားသခင်ထဲတွင် တည်မှီသူမှလွဲ၍ မည်သူမှ ဖြောင့်မတ်ခြင်းမရနိုင်။ ပထမဦးစွာ အသစ်တဖန်မွေးဖွားရမည်။ အပြစ်ဒုစရိုက်နောက်သို့လိုက်သူသည် အသက်တာမပြောင်းလဲသူ ဖြစ်သည်။
၁၁:၂၀ ဘုရားသခင်သည် စိတ်သဘောကောက်သူ၊ အပျင်းထူသူများကို စက်ဆုပ်ရွံရှာသည်။ တရားတော်နှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ လျှောက်လှမ်းသူကို နှစ်သက်သည်။ စိတ်နှလုံးသည် တကြိမ်တခါတည်းတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် မုန်းတီးခြင်းမခံယူနိုင်။
၁၁:၂၁ “အသင်းဖွဲ့သော်လည်း“ဟူသော စကားကို NKJV ကျမ်းမူတွင် လက်ချင်းချိတ်သော်လည်းဟု ဆိုထားသည်။ အဓိပ္ပါယ်(၂)မျိုးဖြင့် နားလည်ခံယူနိုင်သည်။ မသေချာမရေရာသော လူ့လောကတွင် သေချာသည်မှာ ဆိုးညစ်သူများသည် အရေးယူအပြစ်ပေးခြင်း ခံရ၍ သူတော်ကောင်းတို့သည် ဖြောင့်မတ်မှုကိုသာ ခံစားကြရမည်။
၁၁:၂၂ ရွှေနားကွင်းနှင့် ဝက်မနှာခေါင်းသည် မအပ်စပ်ပါ။ ဝက်မနှာခေါင်းတွင် ရွှေနားကွင်းတပ်ဆင်ထားခြင်းသည် အဓိပ္ပါယ်မရှိ။ ကြည့်မကောင်း၊ ရှုချင်စဖွယ်မဟုတ် ကြော့မော့လှပ သန့်ရှင်းသောမိန်းမ၏ ကျက်သရေယုတ်ခြင်းသည် အရာဝတ္ထုနှစ်ခု၏ ဆန့်ကျင်ဘက်တရားကို သရုပ်ဖော်သည်။ ပြင်ပလက္ခဏာလှပခြင်းနှင့် စိတ်နှလုံးယိုယွင်းခြင်းကို ယှဉ်ပြသည်။
၁၁:၂၃ ဖြောင့်မတ်သူများသည် မြတ်သောတရားကို နှစ်သက်စွဲလမ်းကြသဖြင့် စိတ်နှလုံးပါရှိသည့်အတိုင်း ရရှိကြသည်။ မတရားသူများသည် ဒေါသအမျက်သင့်ဖွယ်ရာများကို မက်မောကြသဖြင့် အပြစ်စီရင်ခြင်းခံကြရသည်။
ဤသုတ္တံစကားက ကောင်းမြတ်သောဘဝ ရည်မှန်းချက်ထားရှိကြဖို့ မီးမောင်းထိုးပြပါသည်။ အဘယ်ကြောင့်ဆိုသော် မျက်မှောက်ဘဝသာမက မျက်မှောက်ဘဝလွန်ကာလတွင်လည်း ကောင်းကျိုးချမ်းသာ ဖြစ်စေသည်။ Emerson က “သင့်ကုန်ကားကို ကြယ်ပေါ်ရောက်အောင် ဆောင့်ဆွဲတင်ပါ”ဟု ဆိုသည်။ ဗြိတိသျှအမတ်ကြီးတပါးကမူ “ဘာဘဲလုပ်လုပ် မြေကြီးကို ကြည့်၍ လုပ်ပါ”ဟု ဆိုသည်။
၁၁:၂၄ မင်္ဂလာရှိသော ဝိရောဓိစကား ဖြစ်သည်။ လူချမ်းသာသည် ရက်ရောစွာ ပေးကမ်းသော်လည်း မဆင်းရဲနိုင်၊ လောကဘဏ္ဍာကို ကပ်စေးနည်းစွာ ဆည်းပူးသော်လည်း မချမ်းသာနိုင်။
ကပ်စေးနည်းခြင်းသည် ဆင်းရဲခြင်း၊ ပေးလှူခြင်းသည် ချမ်းသာခြင်း ဖြစ်သည်။
Jim Elliat က “ပေးကမ်းခြင်းသည် ဖြုန်းတီးခြင်းမဟုတ်။ မမြင်နိုင်သော ကောင်းကြီးရရှိရာ နည်းလမ်းဖြစ်သည်။ ထို့ကြောင့် စွန့်ကြဲခြင်းသည် မိုက်မဲခြင်းမဟုတ်”ဟုဆိုသည်။ Dr.Barnhouse ကမူ “ဘုရားသခင်ထံ ဆယ်ဘို့တဘို့ မပေးလှူလျှင် ဆရာဝန်၊ သွားဆရာဝန်ထံသို့ ပေးလှူတတ်သည်”ဟု ဆိုသည်။
၁၁:၂၅ စေတနာသဒ္ဒါထက်သန်သူသည် ပေး၍မကုန်၊ လှူ၍မခမ်းနိုင်အောင် ကြွယ်ဝချမ်းသာမည်။ အဘယ်ကလာမှန်းမသိသော လာဘ်လာဘများ ဝင်လာလိမ့်မည်။ သို့သော် ကပ်စေးနည်းကော်တရာသည် ငွေတပြားကို နှစ်ပြားဖြစ်အောင် ခွာယူခြင်းဖြင့် အချိန်ကုန်မွဲတေမည်။
တနင်္ဂနွေ ဥပုသ်အဖြေသင်တန်းများတွင် စာသင်ကြဖို့ ကြိုတင်ပြင်ဆင်ရသည်။ ထိုသို့ပြင်ဆင်ပြီး သင်ပြသည့်နောက်တွင် မည်သူတွင် အကျိုးပိုများမည်ထင်သနည်း။ ဆရာမလား။ တပည့်လား။
၁၁:၂၆ အတ္တသမားသည် ဈေးကွက်အခြေအနေကို ကြည့်၍ ဆန်ရေစပါးသိုလှောင်ထားကြသည်။ စားသုံးသူများ ဆန်ရေစပါးငတ်ပြတ်မှ အမြတ်တင်၍ ခေါင်းပုံဖြတ်ရောင်းစားသည်။ ထိုသူများသည် သူများထမင်းငတ်လေ သဘောကျလေ၊ ခေတ်ပျက်သူဌေးများ ဖြစ်သောကြောင့် ကျိန်ဆဲခြင်းခံရသည်။ လူအများက ကျိန်ဆဲသည်မှာ အံ့ဩစရာမဟုတ်။
လောကလူသားများသည် သမုဒ္ဒရာဝမ်းတထွာအတွက် ဆင်းရဲဒုက္ခရောက်ကြသည်။ သူတပါးငတ်မွတ်ဆင်းရဲခိုက် ရောင်းချဝေငှသူသည် မင်္ဂလာရှိသည်။ ကောင်းကြီးမင်္ဂလာ ခံစားရာ ဖြစ်သည်။
၁၁:၂၇ မိမိကိုယ်ကျိုးမဖက်၊ စိတ်သဘောထား ပြည့်ဝသော ကြံရွယ်လုပ်ဆောင်ချက်သည် အောင်ပန်းဆင်သည်။ သူတပါး ဆင်းရဲဒုက္ခရောက်အောင် ကြံရွယ်လုပ်ဆောင်သူသည် ကိုယ်ရှူးကိုယ်ပတ်တတ်သည်။ ဝဋ်လည်တတ်သည်။
၁၁:၂၈ ဤသုတ္တံစကားသည် ဓမ္မသစ်ကျမ်း ၁တိ ၆:၁၇-၁၉ နှင့် အပြန်အလှန် ဖြစ်သည်။ စည်းစိမ်ချမ်းသာသည် တည်မြဲခြင်းမရှိ၊ သင်္ခါရတရားသာ ဖြစ်သည်။ ထို့ကြောင့် ယုံကြည်စိတ်ချမှုမရနိုင်။ ခရစ်ယာန်တို့၏ ယုံကြည်ရာသည် အသက်ရှင်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။ ဘုရားသခင်သည် ပျော်ရွှင်ဖွယ်ရာ အရာခပ်သိမ်းကို ကြွယ်ဝစွာ ပေးစွမ်းနိုင်သည်။
“သံချေးမတက် ခြပိုးမစားနိုင်ဟု ယူဆရသော ရွှေစင်သည်လည်း အဆုံးတွင် အရောင်မှေးမှိန်၍ တန်ဖိုး ကျဆင်းတတ်ပါသည်”ဟု Samuel Johnson က သတိပေးထားသည်။
ဖြောင့်မတ်သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လေးစားသောကြောင့် ဘဝအသက်တာတလျှောက်တွင် မိုးဦးပင်ပျိုကဲ့သို့ အမြဲ စိမ်းလန်းဝေဆာနေသည်။
၁၁:၂၉ မိမိ၊ မိဘ၊ အိမ်ထောင်မိသားစု ကို အမျိုးမျိုး ဆင်းရဲဒုက္ခပေးသူများရှိသည်။ မူးယစ်သောစားသောက်၊ လောင်းကစားခြင်း၊ အကျင့်ပျက်ခြင်း၊ စည်းစနစ်မရှိခြင်း အစရှိသဖြင့် အမျိုးမျိုး ဂြိုလ်မွှေကြသည်။ ဤကျမ်းချက်၏ အဓိကဆိုလိုချက်မှာ အတ္တဆန်ခြင်း ဖြစ်သည် (၁၅:၁၇ ကိုလည်း ကြည့်)။ သူ့ဘဝတခုလုံးတွင် တန်ဖိုးထားသောအရာသည် ငွေကြေးဖြစ်သည်။ သွားလေရာတွင် ငွေမျက်နှာကိုသာ မြင်သည်။ ထိုသူ၏ အမွေဥစ္စာသည် လေပွေ ဖြစ်သည်။ ဆိုလိုသည်မှာ ကိုင်တွယ်စရာအမွေတခုမှမရှိ။ ထိုလူမိုက်သည် လူလိမ္မာ၏ ကျေးကျွန်တပည့်ခံရမည်။
၁၁:၃၀ ပညာရှိသုခမိန်၏ အသက်သည် ဖြောင့်မတ်သောကြောင့် အသီးအပွင့်များစွာ သီးသည်။ အခြားလူများကိုလည်း စားမကုန်အောင် ပေးဝေလှူဒါန်းနိုင်သည်။ ကောင်းမှုကုသိုလ်ပြုနိုင်သည်။ ခွန်အားပေးနိုင်စွမ်းရှိသည်။ အခြားသူများကို ဉာဏ်ပညာနှင့် ဖြောင့်မတ်ခြင်းမျှ ဝေနိုင်သည်။
သူတပါး၏ စိတ်ဝိညာဉ်ရယူအောင်မြင်နိုင်ခြင်းသည် သမ္မာကျမ်းစာ၏ အလေးနက်ဆုံး အနှစ်သာရဖြစ်သည်။ သခင်ယေရှုက ပေတရုအား ပြောကြားသည့်စကားကို ပြန်လည်ကြားယောင်ကြည့်ပါ။ “သင့်ကို လူဖမ်းသောတံငါ ဖြစ်စေမည်” (လု ၅:၁၀)ဟု ဆိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဝေငှနိုင်သော အခွင့်အရေးထူးသည် လူ့အသက်တာတွင် ရတောင့်ရခဲဖြစ်သည်။ ထာဝရကောင်းကြီးမင်္ဂလာခံစားရာ ဖြစ်သည်။ သူတပါးဝိညာဉ်အား သခင်ယေရှုထံ ပို့ဆောင်နိုင်ခြင်းသည် ဘုရားသခင်၏ နာမတော်အား နိစ္စထာဝရ ဖူးမျှော်ခွင့်ရသူများ ဖြစ်သည်။
၁၁:၃၁ ဖြောင့်မတ်သောသူများသည်လည်း မှားယွင်းလုပ်ဆောင်၊ မှားမိချက်များအတွက် လူအပေါင်းက အပြစ်တင်ကြ သည်။ မောရှေသည် ကတိတော်မြေနှင့် လွဲသကဲ့သို့ ဒါဝိဒ်သည်လည်း လေးကြိမ်လေးခါ နလံပြန်ထူရသည်။ ဖြောင့်မတ်သောသူများပင်လျှင် ထိုကဲ့သို့ အရေးယူခြင်းခံရပါက မတရားသောသူများအတွက် ပြောဖွယ်ရာ မရှိတော့ပါ။ သို့မဟုတ် ပေတရုကဲ့သို့ ” ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းသို့ ရောက်နိုင်ခဲ့သည်မှန်လျှင်၊ ဘုရားသခင်ကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူသည် အဘယ်မှာ ပေါ်လိမ့်မည်နည်း”ဟု ဆိုကြရမည်လား (၁ပေ ၄:၈)။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။