ဓမ္မရာဇဝင်ပဌမစောင် - ၃၀

အာမလက်တို့နှင့်စစ်ဖြစ်ခြင်း
1သုံးရက်လွန်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ အာမလက်လူတို့သည် တောင်ပြည်နှင့် ဇိကလတ်မြို့ကို တိုက်သဖြင့်၊ ဇိကလတ်မြို့ကို လုပ်ကြံ၍ မီးရှို့နှင့်ကြပြီ။ 2မြို့၌ရှိသော မိန်းမအကြီးအငယ် တစ်ယောက်ကိုမျှ မသတ်၊ ရှိသမျှတို့ကို သိမ်းသွားနှင့်ကြပြီ။ 3သို့ဖြစ်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် မြို့သို့ရောက်သောအခါ၊ မြို့ကိုမီးရှို့၍ မယားသားသမီးများကို သိမ်းသွားကြောင်းကို တွေ့သဖြင့်၊ 4ငိုသံကိုလွှင့်၍ အားကုန်သည်တိုင်အောင် ငိုကြွေးကြ၏။ 5ဒါဝိဒ်မယားနှစ်ယောက် ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား ကရမေလမြို့သူ အဘိဂဲလတို့သည်လည်း ပါသွားကြပြီ။ 6ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင်ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်မည်ဟု ဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊ 7သင်တိုင်းတော်ကို ငါ့ထံသို့ဆောင်ခဲ့ပါလော့ဟု အဟိမလက်၏သား အဗျာသာကို ဆိုလျှင်၊ အဗျာသာသည် သင်တိုင်းတော်ကို ဒါဝိဒ်ထံသို့ ဆောင်ခဲ့လေ၏။ 8ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မီ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း၊ 9ဒါဝိဒ်နှင့် သူ၌ပါသော လူခြောက်ရာတို့သည် သွား၍ ဗေသော်ချောင်းသို့ ရောက်သောအခါ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ်ကြ၏။ 10ဒါဝိဒ်နှင့် လူလေးရာတို့သည် လိုက်ကြ၏။ နှစ်ရာတို့သည်မော၍ ဗေသော်ချောင်းကိုမကူးနိုင်သောကြောင့် နေရစ်ကြ၏။ 11လွင်ပြင်၌ အဲဂုတ္တု လူတစ်ယောက်ကိုတွေ့၍ ဒါဝိဒ်ထံသို့ ဆောင်ခဲ့သဖြင့်၊ မုန့်ကိုပေး၍ ထိုသူသည်စား၏။ ရေကိုလည်း သောက်စေကြ၏။ 12သင်္ဘောသဖန်းသီးပျဉ် တစ်ဖဲ့၊ စပျစ်သီးနှစ်ပြွတ်ကိုလည်း ပေး၍ သူသည်စားသဖြင့် အားပြည့်ပြန်၏။ သုံးရက်ပတ်လုံး မစားမသောက်ဘဲ ငတ်မွတ်ခဲ့ပြီ။ 13ဒါဝိဒ်ကလည်း၊ သင်သည် အဘယ်သူနှင့် ဆိုင်သနည်း။ အဘယ်အရပ်က လာသနည်းဟု မေးလျှင်၊ ကျွန်တော်သည် အာမလက်လူထံ၌ ကျွန်ခံရသော အဲဂုတ္တုလူကလေးဖြစ်ပါ၏။ သုံးရက်အထက်က အနာရောက်သောကြောင့် သခင်သည် ပစ်ထားပါ၏။ 14ခေရသိပြည်တောင်ပိုင်း၊ ယုဒပြည်နှင့် ကာလက်ပြည်တောင်ပိုင်းကို တိုက်၍ ဇိကလတ်မြို့ကို မီးရှို့ပါပြီဟုပြောဆို၏။ 15ဒါဝိဒ်ကလည်း၊ ထိုအလုံးအရင်းရှိရာသို့ လမ်းပြနိုင်သလောဟု မေးလျှင် သူက၊ ကိုယ်တော်သည် ကျွန်တော်ကို မသတ်၊ သခင့်လက်သို့ မအပ်မည်အကြောင်း ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုပါတော့။ သို့ပြုလျှင် ထိုအလုံးအရင်းရှိရာသို့ လမ်းပြပါမည်ဟု ဆိုသည်အတိုင်း၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။
16လူကလေးသည် လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိပြည်နှင့် ယုဒပြည်ထဲကသိမ်းယူသော ဥစ္စာပစ္စည်းများအပေါင်းတို့ကြောင့် စားသောက်လျက်၊ ကခုန်လျက် မြေတစ်ပြင်လုံး၌ အနှံ့အပြားရှိကြ၏။ 17ဒါဝိဒ်သည်လည်း ညဉ့်ဦးမှစ၍ နက်ဖြန်ညဉ့်ဦးတိုင်အောင် သူတို့ကိုလုပ်ကြံသဖြင့်၊ ကုလားအုတ်ကို စီး၍ပြေးသော လုလင်လေးရာမှတစ်ပါး လူတစ်ယောက်မျှ မလွတ်။ 18အာမလက်လူတို့သည် သိမ်းသွားသမျှတို့ကို ဒါဝိဒ်သည်ရပြန်၍၊ မိမိမယားနှစ်ယောက်ကိုလည်း ကယ်နုတ်လေ၏။ 19လူအကြီးအငယ်၊ သားသမီး၊ ဥစ္စာပစ္စည်း၊ လုယူသိမ်းသွားသမျှတို့တွင် တစ်စုံတစ်ခုမျှမကျန်၊ အလုံးစုံတို့ကို ဒါဝိဒ်သည် ရပြန်လေ၏။ 20ဒါဝိဒ်သည်လည်း ထိုသိုးနွားများရှေ့မှာ အရင်နှင်သော သိုးနွားအပေါင်းတို့ကိုလည်း ယူ၍၊ ဤဥစ္စာသည် ဒါဝိဒ်ပိုင်သော လက်ရဥစ္စာဖြစ်သည်ဟု ဆို၏။
21မော၍ ဒါဝိဒ်နောက်သို့ မလိုက်နိုင်၊ ဗေသော်ချောင်းနားမှာ နေရစ်သော လူနှစ်ရာရှိရာသို့ ဒါဝိဒ်ရောက်၍၊ သူတို့သည် ဒါဝိဒ်နှင့် သူ့၌ပါသောလူတို့ကို ခရီးဦးကြိုပြုလိုသောငှာ ထွက်လာသဖြင့်၊ ဒါဝိဒ်သည် အနီးသို့ရောက်သောအခါ သူတို့ကိုနှုတ်ဆက်လေ၏။ 22ဒါဝိဒ်နှင့် လိုက်သွားသောသူတို့တွင် အဓမ္မလူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မလိုက်သောကြောင့်၊ ငါတို့ရသော ဥစ္စာတို့တွင် သူတို့သားမယားမှတစ်ပါး အခြားသောဥစ္စာကို သူတို့အားမပေးရ။ ကိုယ်သားမယားကို ယူ၍ ထွက်သွားကြစေဟု ဆိုကြ၏။ 23ဒါဝိဒ်ကလည်း၊ ငါ့ညီအစ်ကိုတို့ ငါတို့ကို စောင့်မ၍ ငါတို့ကိုတိုက်လာသော အလုံးအရင်းကို ငါတို့လက်သို့ အပ်တော်မူသော ထာဝရဘုရားပေးသနားတော်မူသော ဥစ္စာကို ထိုသို့မပြုရ။ 24ဤအမှု၌ သင်တို့စကားကို အဘယ်သူ နားထောင်လိမ့်မည်နည်း။ စစ်တိုက်သွားသောသူ ရသည်အတိုင်း၊ ဥစ္စာကိုစောင့်လျက် နေရစ်သောသူ ရစေ။ နှစ်ပါးစလုံးတို့သည် အညီအမျှခံစေဟု စီရင်၏။ 25ထိုနေ့မှစ၍ ယနေ့တိုင်အောင် ဣသရေလအမျိုး၌ ထိုသို့သော ထုံးစံဖြစ်စေခြင်းငှာ စီရင်ထုံးဖွဲ့သတည်း။
26ဒါဝိဒ်သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ လက်ရဥစ္စာအချို့ကို မိမိအဆွေခင်ပွန်း၊ ယုဒအမျိုး အသက်ကြီးသူတို့ထံသို့ ပေးလိုက်၍၊ ထာဝရဘုရား၏ ရန်သူလက်မှရခဲ့သော ဥစ္စာထဲက သင်တို့အဖို့လက်ဆောင်ကို ကြည့်လော့ဟုမှာလိုက်၏။ 27ဗေသလမြို့၊ တောင်ရာမုတ်မြို့၊ ယတ္တိယမြို့၊ 28အာရော်မြို့၊ ရှိဖမုတ်မြို့၊ ဧရှတမောမြို့၊ 29ရာခလမြို့၊ ယေရမေလလူ နေရာမြို့များ၊ ကေနိလူ နေရာမြို့များ၊ 30ဟောမာမြို့များ၊ ခေါရာရှန်မြို့၊ အာသက်မြို့၊ 31ဟေဗြုန်မြို့မှစ၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ်သို့ ပေးလိုက်သတည်း။

ဓမ္မရာဇဝင်ပဌမစောင် - ၃၀ (အနက်ဖွင့်)

(အာမလက်တို့အားအနိုင်ယူခြင်း (အခန်း၃၀)

          ၃၀: အာခိတ်မင်းနှင့်အတူ မြောက်ဘက်စစ်မျက်နှာသို့ ဒါဝိဒ်စစ်တိုက်ထွက်သွားကြောင်း သိကြသောအခါ အာမလက်တို့သည် နောက်ပိုင်းမှနေ၍ ဇိကလတ်မြို့ကို စီးနင်းသိမ်းပိုက်သည်။ မိန်းမများနှင့် ကလေးသူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ ဇိကလတ်သို့ ဒါဝိဒ်ပြန်ရောက်သောအခါ ခွေးတစ်ကောင် ကြောင်တစ်ပြီးမတွေ့။ ဖိလိတ္တိတို့နှင့် ပေါင်းဖက်သောကြောင့် ဘုရားသခင်က အရေးယူအပြစ်ပေးခြင်းများလား။ ဒါဝိဒ်သည် အကြီးအကျယ်စိတ်ထိခိုက်သည်။ သူများကောင်းစားဖို့ ကူညီသော်လည်း အခြားသူများက သူ့ကို ဒုက္ခပေးကြသည်။ ဤဆင်းရဲဒုက္ခသည် ဘုရားသခင်မှ လွဲ၍ မည်သူကမှ ဖြေဆေးမပေးနိုင်။ ဘုရားသခင်က ဖြေဆည်ရာပေးနိုင်ကြောင်း ယုံကြည်သည်။ “ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိဖြစ်စေတော်မူမည်။ ဒဏ်ခတ်သော်လည်း အနာကိုစည်းပေးတော်မူမည်” (ဟော ၆:၁)ဟု ခံယူသည်။

၃၀:၁၅ ဒါဝိဒ်သည် ဘုရားသခင်ထံအားကိုးတကြီးဖြင့် မေးလျှောက်ပြီးနောက် အောင်စိတ်ဖြင့် အာမလက်တို့နောက်သို့ ထပ်ချပ်လိုက်စစ်ဆင်သည်။ ဇိကလတ်သို့ ပြန်လာကြစဉ် သုံးရက်တိတိကြာညောင်း ခရီးပန်ကြပြီးဖြစ်သောကြောင့် ဗေသော်ချောင်းသို့ရောက်သောအခါ အင်အားသုံးပုံတစ်ပုံလူနှစ်ရာခန့်သည် အားပြတ်၍ မလိုက်နိုင်ကြ။ ချောင်းဘေးမှာ ကျန်ရစ်ခဲ့ကြသည်။ ယောက်ျားတို့မာန်သေခါမှ လျှော့သောကျန်စစ်သည်တော် လေးရာဖြင့် ဆက်လိုက်ကြသည်။ လယ်ကွင်းပြင်တွင် ငတ်ပြတ်နေသော အဲဂုတ္တုသား တစ်ယောက်တွေ့ရှိရာ အစာရေစာကျွေးမွေးပြီ။ အာမလက်တို့ ဆုတ်ခွာရာလမ်းကြောင်းကို လိုက်ပြခိုင်းသည်။ ထိုသူငယ်သည် အာမလက်တို့ တပ်ဖွဲ့ထဲမှ အားမင်ကုန်ခမ်း၍ လမ်းတစ်ဝက်တွင် ကျန်ရစ်သူဖြစ်၍ အသက်အန္တရာယ်လုံခြုံပေးပါက လိုက်ပြမည်ဟုဆိုသည်။

၃၀:၁၆၂၅ အာမလက်တို့သည် ဇိကလတ်နှင့်ယုဒများထံမှ တိုက်ရိုက်သိမ်းပိုက်သော ပစ္စည်းများဖြင့် မိုးမမြင်လေမမြင် ခြိမ့်ခြိမ့်သဲအောင်ပွဲခံကြသည်။ သောက်စားမူးယစ်ကခုန်ကြသည်။ ဒါဝိဒ်တပ်ဖွဲ့က ကျားသစ်အုပ်ပမာ ဝင်စီးကြသဖြင့် ကုလားအုပ်လေးရာဖြင့် ထွက်ပြေးသွားသောလူငယ်လူရွယ်များမှ တစ်ပါး အကုန်အစင် ချေမှုန်းသုတ်သင်ပစ်ကြသည်။ (၂၄)နာရီလုံးလုံး လက်ညောင်းမတတ် သုတ်သင်ရသည်။ ဇိကလတ်သားတို့ထံမှ သိမ်းဆည်းလုယူသွားသော ပစ္စည်းများသာမက၊ အာမလက်တို့ထံမှ ပြန်လည် သိမ်းဆည်းသော ပစ္စည်းအပါအဝင် ပြန်လည်သိမ်းဆည်းရယူကြသည်။ အာမလက်များထံမှ သိမ်းဆည်းရမိသော သိုးနွားများကို ဒါဝိဒ်ပိုင်အဖြစ် သတ်မှတ်ကြသည်။ ကျန်ပစ္စည်းများကို ကိုယ်စီဝေစုခွဲကြသည်။ ဗေသော်ချောင်းမှာ ကျန်ရစ်ခဲ့သူများအား စစ်အောင်နိုင်သူများက ဝေစုမခွဲပေးလိုကြ။ အားမတန်မာန်လျှော့ ငတ်ပြတ်၍ ကျန်ရစ်ခဲ့သူများလည်း အချိုးညီညီဝေပေးရမည်ဟု ဒါဝိဒ်အမိန့်ထုတ်လိုက်သည်။ စစ်ပွဲဝင်သူနှင့် အားပေးထောက်ပံ့သူလည်း အကျိုးတူခံစားခွင့်ရှိသည် (တော ၃၁:၂၇ ကိုလည်းကြည့်)။

၃၀:၂၆၃၁ ဇိကလတ်သို့ ပြန်ရောက်သောအခါ လက်ရဥစ္စာများကို ယုဒတစ်မျိုးသားလုံးသို့ ဖြန့်ဝေလိုက်သည်။ ဒါဝိဒ်သစ္စာခံမြို့ပြပြည်ရွာအနှံ့သို့ မျှဝေလိုက်သည်။ ဘုရားသခင်က ရန်သူများအပေါ် အောင်ခြင်း အခွင့်ပေးသည်ဟု ခံယူကြသည်။ ရှောလုထံသို့လည်း စစ်ပြေငြိမ်း ရင်းနှီးချစ်ကြည်စကားဆိုဖို့ ပြင်ဆင်ထားသည်။ စင်စစ်ထိုအချိန်တွင် ရှောလုသေသွားပြီဖြစ်သော်လည်း ဒါဝိဒ်မသိသေး။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။