တိမောသေဩဝါဒစာဒုတိယစောင် - ၃

ခဲယဉ်းသောကာလ
1နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်း ဟူမူကား၊- 2လူတို့သည် ကိုယ်ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊- 3ပကတိ ကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊- 4သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊- 5မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။- 6-7ဒုစရိုက်အပြစ်ဝန်ကို ထမ်းရွက်၍၊ အထူးထူးအပြားပြားသော လောဘကိလေသာ သွေးဆောင်ရာသို့လိုက်၍၊ အစဉ်သင်သော်လည်း၊ သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သော မိန်းမမိုက်တို့ကို၊ အိမ်ထဲသို့ဝင်၍ ဖမ်းသွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ၏။- 8ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကိုဆီးတားကြ၏။ စိတ်နှလုံးယိုယွင်း၍ ယုံကြည်ယောင်ဆောင်သောသူ ဖြစ်ကြ၏။- 9ထိုသူနှစ်ယောက်တို့၏ မိုက်မဲခြင်းသည် လူအပေါင်းတို့ရှေ့မှာ ထင်ရှားသကဲ့သို့၊ ဤသူတို့၏ မိုက်မဲ ခြင်းသည်လည်း ထင်ရှားလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် တိုး၍ မလွန်မသွားရကြ။
တိမောသေသို့ညွှန်ကြားချက်
10-11ငါဆုံးမဩဝါဒပေးခြင်း၊ အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကိုလည်းကောင်း၊ အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့၌ ငါခံရသကဲ့သို့၊ အရပ်ရပ်တို့၌ ခံရသော ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းတို့ကိုလည်းကောင်း၊ သင်သည် ရှာဖွေနားလည်ရပြီ။ ထိုသို့သော အမှုတို့ကို ငါတွေ့ရသော်လည်း၊ တွေ့သမျှတို့မှ သခင်ဘုရားသည် ငါ့ကိုကယ်နုတ်တော်မူပြီ။- 12ယေရှုခရစ်၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍ နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်။- 13ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတစ်ပါးကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း လှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့ တိုးပွားကြလိမ့်မည်။
14-15သင်သည်အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကိုလည်းကောင်း၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကိုလည်းကောင်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။- 16ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊- 17ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။

တိမောသေဩဝါဒစာဒုတိယစောင် - ၃ (အနက်ဖွင့်)

(ရောက်လာမည့် မိစ္ဆာဆရာများ (:၁၃)

          : သခင်ဘုရားကြွလာမည့်အခါ ဖြစ်ပျက်မည့် အကြောင်းအရာများကို တိမောသေအား ရှင်းပြထားသည်။ အပြစ်ဒုစရိုက်များသည် တစ်ခုနှင့်တစ်ခု နှီးနွယ်ပတ်သက်နေပြီး ဆင်တူရိုးမှားဖြစ်ကြောင်း ရောမဩဝါဒစာ အခန်း ၁တွင် ရေးထားသည်။ နောက်ဆုံးသော ကာလတွင် ယုံကြည်ဟန်ရှိသော ခရစ်ယာန်များ၏ အပြုအမူလက္ခဏာများသည် ပိုမိုသက်သာထင်ရှားလာမည်။ အထူးသဖြင့် နောင်ကာလသည် ဆင်းရဲကြပ်တည်းသောကာလ ဖြစ်သောကြောင့် လူအများအပြားသည် ဖောက်ပြန်ကြလိမ့်မည်။

နောင်ကာလဆိုသည်မှာ တမန်တော်ကြီး မရှိသည့်နောက်ပိုင်းနှင့် သခင်ဘုရား ကြွရောက်လာမည့်အကြား အချိန်ကာလဖြစ်သည်။

: ဆုတောင်းဆက်ကပ်ခြင်း ရှိမှသာလျှင် ချစ်ခြင်းအကြောင်းကို နားလည်နိုင်မည်။ ဤကျမ်းပိုဒ်တွင် ကိုယ်ကိုကိုယ်ချစ်သောသူနှင့် ငွေကိုတပ်မက်သောသူဟူ၍ ခွဲပြထားသည်။ ငယ်(၃)တွင် ချော့စားတတ်သောသူဟုဆို၍ ငယ်(၄)တွင် ဘုရားသခင်ကို ချစ်မြတ်နိုးသူထက် အပျော်အပါးတပ်မက်ခြင်းကို သတိပေးသည်။

အခန်းငယ် (၂)မှ (၅)တွင် နောက်ဆုံးကာလ၌ ပေါ်ပေါက်မည့် လူ့အကျင့်လက္ခဏာများကို ရှင်းပြသည်။ ထိုလက္ခဏာများနှင့် အရင်းအမြစ်များကို ကြည့်ကြပါစို့။

ကိုယ့်ကိုကိုယ်ချစ်ခြင်း – အတ္တဗဟိုပြုဝါဒီ၊ အတ္တ၊ လှည်းစားခြင်း၊

ငွေတပ်မက်ခြင်း        – ငွေလောဘကြီးခြင်း၊ လောဘဇောကြီးခြင်း၊

ကြွားဝါခြင်း   – လူ့ဗာလ၊ လူကြွား၊ လေလုံးထွားခြင်း။

မာနထောင်လွှားခြင်း  – ဟော့ရမ်းခြင်း မိမိကိုယ်ကို အထင်ကြီးလွန်းခြင်း။

ဘုရားတရားပြစ်မှားခြင်း       – ဖရုဃဝါစာပြောဆိုခြင်း၊ အငြင်းပွားခြင်း၊ အချည်းနှီးစကားပြောခြင်း၊ ရန်စကားပြောခြင်း၊ သူတစ်ပါးအားစီရင်ခြင်း။

မိဘစကားနားမထောင်ခြင်း   – တာဝန်မကျေပြွန်ခြင်း၊ သောင်းကျန်းခြင်း၊ မိမိကိုယ်ကို ထိန်းသိမ်းမှုမဲ့ခြင်း။

ကျေးဇူးကန်းခြင်း – ကျေးဇူးမတုံ့ပြန်ခြင်း၊ လူမှုဆက်ဆံရေး ညံ့ဖျင်းခြင်း၊

မစင်ကြယ်ခြင်း            – မဖြောက်မတ်ခြင်း၊ ဖြစ်ကတက်ဆန်းနေခြင်း၊ နှုတ်မလုံခြင်း၊ မသန့်ရှင်းခြင်း။

: မေတ္တာကင်းမဲ့ခြင်း         – အစားမထိုးနိုင်ခြင်း၊ ငြိမ်းချမ်းရေးမလိုလားခြင်း၊ ရွှေပြည်အေးတရား လက်မခံခြင်း။

ဂုဏ်သိက္ခာထိပါးခြင်း – အတင်းအဖျင်းပြောခြင်း၊ မှားယွင်းသော စွပ်စွဲချက်၊

စည်းမစောင့်ခြင်း – မိမိကိုယ်ကို မထိန်းနိုင်ခြင်း၊ အကျင့်မကောင်းခြင်း၊ ယုတ်ညံ့ သိမ်ဖျင်းခြင်း၊

စိုးရိမ်ခြင်း – စည်းစနစ်မရှိခြင်း၊ မယဉ်ကျေးခြင်း အလိုက်မသိခြင်း၊

ကုန်းချောင်းခြင်း – မလိုချင်သော မချစ်ခင်သောသူကိုလည်း မြှောက်ပင့်ခြင်း၊ ကြံဖန်၍ လေထိုးကောင်းပြောခြင်း။

: ဖောက်ပြန်ရေးသမားများ ကတိမတည်သူ သစ္စာမရှိသူ။

ခေါင်းမာသူများ – လောဘကြီးသူ၊ အရမ်းပြုလုပ်တတ်သူ၊ ဘေးပတ်ဝန်းကျင် မကြည့်သူ၊

စဉ်းလဲသူ – ဟန်ဆောင်သူ လိမ်လည်လှည့်ဖျားသူ

အပျော်အပါးမက်သူ – ဘုရားသခင်ထက် လောကအရာများ၌ မွေ့လျော်သူ၊

: ထိုသူများသည်လည်း ဘာသာရေးကိုင်းရှိုင်းသူများဟု ဝန်ခံကြသော်လည်း အမည်ခံခရစ်ယာန်များသာဖြစ်သည်။ အလုပ်ထက်အပြောကြီးသူများဖြစ်သည်။ အပြုအမူများသည်လည်း လန်ကြုတ်သာဖြစ်သည်။ အသက်တာတွင် ဘုရားသခင်၏ ဘုန်းတန်ခိုးအရိပ်အယောင်မျှ မတွေ့။ အသက်တာပြောင်းလဲသည် ဆိုကြသော်လည်း အသစ်တဖန် မွေးဖွားခြင်းမရှိ။ Weymouth က “ယုံကြည် ဟန်ဆောင်ကြသော်ငြားလည်း ယုံကြည်ခြင်း လက္ခဏာစစ်စစ်မတွေ့” ဟု ဆိုသည်။ Moffatt ကလည်း “ဘာသာရေးသမားများ ဆိုကြသော်လည်း စိတ်ပါဝင်စားပုံမရ” ဟု ဆိုသည်။ Philip ကမူ “ဘာသာရေး လိုက်စားသည် ဆိုကြသော်လည်း ဘာသာရေး အဆီအနှစ်ကို လွှင့်ပစ်သူများ ဖြစ်သည်” ဟု ဆိုသည်။ ဘာသာရေးယုံကြည်ခြင်းနှင့်အတူ အပြစ်ဒုစရိုက် ပြုကျင့်သူများ (ဗျာ ၃:၁၄-၂၂) ဖြစ်သည်။ Hiebert က “ထိုသူများသည် ခရစ်ယာန်အသိုင်းအဝန်းတွင် အလွန်ကြောက်ရွံ့ဖွယ်ရာများ ဖြစ်သည်။ အသစ်ပေါ်ထွန်းသော ရုပ်တုဆင်းတု ဝါဒီများဖြစ်သည်” ဟု ဆိုသည်။၂၆

ထိုသူအားလုံးကို တိမောသေအား ရှောင်ခိုင်းသည်။ ယခင်ကျမ်းပိုဒ်ပါ အသရေမရှိသော တန်ဆာများ ဖြစ်သည်။

: ထိုယိုယွင်းပျက်စီးသော နောက်ဆုံးသောကာလ၌ မှားယွင်းသော ဘာသာရေးဆရာများ သင်ဆရာများ ဘာသာရေးခေါင်းဆောင်များကို အထူးသတိပြုရန် ထုတ်ဖော်သတိပေးထားသည်။

ထိုသူများသည် မိန်းမပျက်ကဲ့သို့ အိမ်တွင်းသို့ဝင်လာလိမ့်မည်ဟု ဦးစွာသတိပေးသည်။ ထိုသို့ ဝင်လာခြင်းသည် လမ်းကြုံ၍ ဝင်ရောက်လာခြင်းမဟုတ်။ မြွေအကြံဖြင့် ဝင်ရောက်ခြင်းဖြစ်သည်။ အကယ်၍ ဇာတိရုပ်အမှန် ပြသပါက ရည်ရွယ်ချက် မအောင်မည် စိုးသောကြောင့် ဘုရား ယေရှုကျမ်းစာ အကြောင်းဟန်ပြ၍ ဝင်ရောက်ခြင်းဖြစ်သည်။

နောက်တစ်ချက်မှာ လှည့်ဖျားလွယ်သော မိန်းမများကိုဖမ်းဆီးခြင်း ဖြစ်သည်။ ယောက်ျားများ မရှိသည့်အချိန်တွင် ဝင်ရောက်လာမည်။ အပ်ကြောင်းထပ်အောင် စကားဖောင်ဖွဲ့ဆိုမည်။ ဧဒင်ဥယျာဉ်တွင် ဧဝသို့စာတန် ချဉ်းကပ်သည့်အတိုင်း ချဉ်းကပ်မည်။ မိန်းမများမှ တဆင့်ယောက်ျားများအား ဖြားယောင်းသွေးဆောင်ခိုင်းမည်။ စာတန်၏ စစ်နည်းဗျူဟာသည် ထိုအတိုင်းဖြစ်သည်။ မိန်းမထုအား မှားယွင်းသော အယူဝါဒသွန်သင်၍ ချည်နှောင်မည်။ မိန်းမများသည် အားနွဲ့သူများဖြစ်သောကြောင့် အယုံလွယ်ကြသည်။ အချော့ကြိုက်သည်။ မြှောက်ပင့်၍ ပြောဆိုခြင်းကိုလည်း ကြိုက်ကြသည်။ ဦးနှောက်က မချို့ယွင်းကြသော်လည်း စိတ်အားငယ်သူများဖြစ်ကြသည်။

အပြစ်ဝန်အထုတ်အပိုးဖြင့် ရမက်နောက်သို့ လိုက်ပါသွားတတ်သူများဖြစ်သည်။ အပြစ်ဝန်ပိ၍ အသက်တာတွင် တစ်ခုခုလိုနေသည်။ ထိုအချိန်တွင် အချိန်ကိုက်ဘာသာရေးသမားများ ပွဲတော်တွေ့ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ အားကြိုးမာန်တက် ရှိရမည့်အစား ထိုသို့ရေလိုက်လွဲခြင်းသည် အဘယ်မျှ ကြေကွဲဝမ်းနည်းဖွယ်ရာ ကောင်းပါသနည်း။ နောက်တစ်ချက်မှာ ရမက်နောက်သို့ တကောက်ကောက် ပါသွားခြင်းဖြစ်သည်။ Weymotက “သင်္ခါရနောက်သို့ လိုက်ခြင်း” ဟု ဆိုသည်။ Moffatt က “အဟိံတိရစ္ဆာန်လမ်းသို့သွားခြင်း” ဟုခေါ်သည်။ ထိုသူများသည် လေဟုန်စီးခြင်း၊ ဘာသာရေးဝတ္ထုဖတ်ခြင်း နှင့် တူပေသည်။

: အစဉ်သင့်ယူခြင်း ဆိုသည်မှာ စဉ်ဆက်မပြတ်သခင်ယေရှုနှင့် နှုတ်ကပတ်တော်အား သင်ယူခြင်း မဟုတ်ပါ။ ဘာသာရေး တစ်ခုပြီးတစ်ခု လိုက်စားကြသော်လည်း သမ္မာတရားမလေ့ကျင့်ခြင်းကို ဆိုလိုသည်။ သခင်ယေရှု ဘုရားကိုယ်တိုင်သည် သမ္မာတရား ဖြစ်သည်။ ထိုမိန်းမများသည် သခင်ယေရှုကို မျက်ဝါးထင်ထင် အနီးကပ်မြင်ဖူးခဲ့ကြပါသည်။ သို့သော်လည်း ထိုသခင်ယေရှု၌ မတည်ကြသောကြောင့် စိတ်ဝိညာဉ်များ ဖမ်းဆီးချုပ်နှောင်ခြင်း ခံကြရသည်။

ထိုကျမ်းပိုဒ်က “ကျွန်တော် ကျွန်မလေ့လာနေဆဲပါ” ဆိုသူများ သတိပေးနေပါသည်။ ဘယ်သောအခါမှ “ယေရှုခရစ်တော်ကို ယုံကြည်ပါသည်” ဟု ပြောချိန်ရှိမည်မဟုတ်။ လေ့လာရင်းဖြင့်သာ ဘဝအချိန်လွန်သွားမည်။

ယနေ့တွင် လူ့အသိဉာဏ်ပညာ ဦးစားပေးနေကြခြင်းကို ဤကျမ်းပိုဒ်က သတိပေးပါသည်။ လူမှုသိပ္ပံ၊ သိပ္ပံပညာနှင့် ပညာရေးများတွင် ပိုမိုအာရုံ စူးစိုက်၍သမ္မာတရား၌ ကျဆင်းခြင်းမရှိရန် သွန်သင်ပါသည်။

: ဤကျမ်းပိုဒ်တွင် လူ(၃)မျိုးဖော်ပြထားပါသည်။

– သမ္မာတရားကို အရှက်ရသော ဖုဂေလုနှင့် ဟေရမောင်ဂင်ကဲ့သို့သောလူ (၁:၁၅)

– မှားယင်းသော သမ္မာတရားဆရာ၊ ဟုမေနဲနှင့် ဖိလက်ကဲ့သို့သောလူ (၂:၁၇)

– သမ္မာတရားကို ဆီးတားသော ယန္နေနှင့် ယံဗြေကဲ့သို့သောလူ (၃:၈)

ဤကျမ်းပိုဒ်တွင် မှားယွင်းသော ဆရာနှင့် ခေါင်းဆောင်များအကြောင်းကို တဖန်ဖော်ပြသည်။ မောရှေကို ဆီးတားသည့် ယန္နေနှင့် ယံဗြေတို့ဖြင့် ခိုင်းနှိုင်းထားသည်။ ဤသူများသည် မည်သူတွေနည်း။ သူတို့နာမည်ကို ဓမ္မဟောင်းတွင် မတွေ့ရပါ။ သို့သော် ဖာရောဘုရင် မင်းရှေ့မှောက်တွင် မျက်လှည့်ပြသော အောက်လမ်းဆရာများ ဖြစ်သည်ဟု နားလည်ရသည်။

ပေါလုက သူတို့နာမည်ကို မည်သို့သိရှိသနည်း။ မခက်ခဲပါ။ ယုဒလူမျိုးသာမဟုတ်လျှင် ဤအဖြေစကားကို ရမည်မဟုတ်ပါ။ ဘုရားက ဖွင့်ပြပေးခြင်းဖြစ်သည်။

အရေးကြီးသောအချက်မှာ ထိုအောက်လမ်းဆရာများသည် တတ်ထားသော မျက်လှည့်ပညာဖြင့် မောရှေကို ဆီးတားကြသည်။ ထိုနည်းလမ်းသည် ဘာသာရေးသမား၏ လက်သုံးဗျူဟာဖြစ်သည်။ ဘုရားသခင်၏ အမှုတော်၌  ပါဝင်ကြသည်။ သမ္မာကျမ်းစာကိုင်ကြသည်။ မိမိနည်းဟန်ဖြင့် ကယ်တင်ခြင်း ရယူကြသည်။ ခပ်တိုတိုပြောရလျှင် ခရစ်ယာန်များအကြား နေရာတိုင်းတွင် ဝင်ဆန့်ကြသည်။ သမ္မာတရားကို မျက်လှည့်ကဲ့သို့ သဘောထားကြသည်။

ဤသူများသည် ဦးနှောက်ပုံမှန်မရှိသူများ ဖြစ်သည်။ A.Way က “ဦးနှောက်အတွင်းသား ပုပ်သိုးသူများ” ဟု ဆိုသည်။ သူတို့အသိဉာဏ်သည် တလွဲဖြစ်နေသည် ယုတ်လျော့နေသည်၊ ပုံမှန်အလုပ်မလုပ်ပါ။

ခရစ်ယာန်ယုံကြည်ခြင်းအကြောင်း ပြောလျှင်တလွဲတချော် ပြောကြသည်။ ခရစ်ယာန် ယုံကြည်ခြင်း၏ အဓိကမေးခွန်း “ယေရှုသည် ဘုရားဟုတ်ပါသလား” ဟု မေးလျှင်ပင် အဖြေမှန် မပေးနိုင်ကြ။ ယေရှုသည် ဘုရားသားတော်သာဖြစ်သည်ဟု အလွဲလွဲအမှားမှား ဖြေကြသည်။ ယေရှုသည် ဘုရားသားတော်ဖြစ်သည်ဟု ဆိုခြင်းဖြင့် မှားယွင်းသော အယူဝါဒကို ကပြာကယာ တစ်ဝက်တပြတ် ဖုံးဖိတတ်ကြသည်။ ယေရှုသည် ဘုရားဟုတ်ပါသလားဟု ထပ်မေးလျှင် စိတ်ဆိုးလေ့ရှိသည်။ ယေရှု၏ ဇာတိကို မငြင်းပယ်သော်လည်း ယေရှုကို အသေအချာ မသိကြပါ။ ထိုသူများမှာ Christian Scientist, Spritualist, Christadelphians, Jehovah Witness နှင့် The Way အဖွဲ့များဖြစ်သည်။

: ထိုအဖွဲ့များ ကြီးထားပြန့်ပွားလာမည့်အကြောင်းကို တိမောသေအား သတိပေးထားသည်။ ခက်သည်မှာ ထိုအဖွဲ့များကို အသက်အရွယ်မရွေး ဆက်ဆံကြခြင်းနှင့် အတားအဆီးမရှိခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ အတင်းအဖျင်း ကောလဟာလ သတင်းစကားသည် လေနှင့်အတူ ပျံ့နှံ့ပြီး တည်တံ့နိုင်သော်လည်း တစ်နေ့သောအခါ ထိုသတင်းစကားက သက်သေခံပါလိမ့်မည်။ လူများကို စည်းရုံးဦးဆောင်၍ ပြုပြင်ပြောင်းလဲခြင်း လုပ်ပေးကြသည် မှန်သော်လည်း အမွေခံမျိုးဆက်မရှိကြ။ အပြစ်ဒဏ်မှ ကင်းလွတ်ခွင့်တန်ခိုး လွတ်လပ်ခြင်းမပေးနိုင်။ အသက်မပေးနိုင်။

ယန္နေနှင့် ယံဗြေတို့က မောရှေအား မျက်လှည့်ပြခန်း၌ စိတ်ဝင်စားအောင် လုပ်နိုင်ခဲ့ကြသည်။ သို့သော် သေခြင်းတရားမှ ပေါက်ဖွားလာသူများဖြစ်သောကြောင့် အစွမ်းတန်ခိုးမရှိကြ။ မှားယွင်းသော ဆရာများ၏ ပဓာနရှုံးနိမ့်ခြင်းမှာ ထိုတရားဖြစ်သည်။

:၁၀ မှားယွင်းသော ဆရာများ၏ အသက်တာသည် ပေါလုသွန်သင်သော အသက်တာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ တိမောသေကိုလည်း အထူးသတိပြုရန် သူတို့၏ ဂုဏ်အင်လက္ခဏာများကို ရှင်းပြထားသည်။ ထို့ကြောင့် ပေါလုနှင့် နီးကပ်စွာရပ်တည်လျက် ခရစ်တော်၏ နှုတ်ကပတ်တော်ကို စောင့်ထိန်းသည်။

တမန်တော်ကြီး၏ သွန်သင်ခြင်းဆုံးမဩဝါဒသည် နှုတ်ကပတ်တော်နှင့် သခင်ယေရှုခရစ်တော် အပေါ်၌ တည်မြဲသည်။ သူ၏ အသက်တာသည်လည်း ဟောကြားသည့် ဒေသနာနှင့် တစ်ထပ်တည်း ဖြစ်သည်။ အကျင့်အကြံများသည် ယုတ်ညံ့သော ကိုယ်ကျင့်သိက္ခာအယူအဆများနှင့် ကင်းစင်သည်။ ဘုရားသခင်၌ အကြွင်းမဲ့တည်မှီသူဖြစ်ကြောင်း တိမောသေက အသိအမှတ်ပြုသည်။ ရိုးသားဖြောင့်မတ်သူနှင့် အသက်တာကြွယ်ဝသူလည်း ဖြစ်သည်။ တမန်တော်ကြီးသည် ကာလရှည်ကြာ စုံစမ်းခြင်းခံနေရကြောင်း ခန္ဓာကိုယ် အားနည်းခြင်းဖြင့် သိရသည်. တရားကို ချစ်သောကြောင့် ကိုယ်ကျိုးစွန့်လျက် နောက်တော်သို့ လိုက်သည်။ လူများက မချစ်ခင်ကြသည့်တိုင်အောင် တမန်တော်ကြီးသည် ထိုသူများကို ချစ်ခင်သည်။ လုံ့လ ဝိရိယရှိခြင်းဆိုသည်မှာ စိတ်ရှည်သည်းခံခြင်း တစ်မျိုးဖြစ်သည်။

:၁၁ ရှင်ပေါလုသည် စုံစမ်းခြင်းခံနေရကြောင်း (၂ကော ၁၁:၂၃-၂၈)တွင် တွေ့ရသည်။ တိမောသေက လုတ်တရမြို့၌ ရှင်ပေါလုခံရသည့် ဆင်းရဲခြင်းကို သိရှိခဲ့သည်။ ရှင်ပေါလုကိုယ်တိုင်၌၎င်း အနီးဝန်းကျင် အန္တိအုတ်နှင့် ဣကောနိများမှ၎င်း စုံစမ်းနှောင့်ယှက်ခြင်း ဖိစီးခဲ့သည်များကို သိသည်။ အန္တိအုတ်၌ ခံစားရပုံကို (တ ၁၃:၄၅-၅၀)တွင်၎င်း၊ ဣကောနိ၌ ဆင်းရဲပုံကို (တ ၁၄:၃-၆)တွင်၎င်း၊ လုတ္တရ၌ ဒုက္ခတွေ့ပုံကို (တ ၁၄:၁၉-၂၀)တင်၎င်း ရေးထားသည်။

ထိုအခက်အခဲ အကြပ်အတည်းများထဲမှ ဘုရားရှင် ရွေးနှုတ်ခဲ့ပုံများကို တိမောသေသို့ ပြန်လည် စားမြုံ့ပြန်သည်။ သခင်ဘုရားက ထိုဆင်းရဲဒုက္ခများ မကြုံတွေ့အောင် မပြင်ဆင်ပေးပါ။ ထိုအကြပ်အတည်းဒုက္ခများထဲမှ လွန်မြောက်စေသည်။ ထို့ကြောင့် ဘုရားရှင်သည် ကျွန်ုပ်တို့အား ဆင်းရဲဒုက္ခပြဿနာများ ရန်မှ မကယ်ထုတ်ပါ။ အောင်မြင်ကျော်လွှားသည့် နည်းလမ်းကိုသာ ပေးကြောင်း ဤကျမ်းချက်အားဖြင့် နားလည်ရသည်။

:၁၂ အသက်တာဆက်ကပ်သူတိုင်း ညှဉ်းဆဲခြင်းကို မလွဲမသွေ ကြုံတွေ့ခဲ့ကြသည်။ ထို့ကြောင့် ငယ်ရွယ်နုနယ်သော တိမောသေကို အထူးသတိပေးခြင်းဖြစ်သည်။ တစ်မျိုးတွေးလျှင် ရေနက်ရာသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ဘုရားဝတ်၌ မွေ့လျော်သူများသည် ညှဉ်းဆဲခြင်း ခံရစမြဲဖြစ်သည်။

အကြောင်းမှာ ဘုရားသခင်၌ မွေ့လျော်သူများအား အခြားသူများက ငြိုငြင်လာကြသည်။ လူများသည် ဘုရားသခင်၌ မွေ့လျော်ခြင်းကို မရှုစိမ့်နိုင်ကြပါ။ မိမိတို့ အပြစ်များကို ဝန်ချတောင်းပန်၍ ခရစ်တော်ထံသို့ ချဉ်းကပ်ရမည့်အစား ယုံကြည်သူများကို ဖျက်ဆီးဖို့ရှာကြံနေကြသည်။ ထိုအပြုအမူသည် ဆင်ခြင်တုံတရားကင်းမဲ့သောအကျင့်ပျက်များ၏ ကိုယ်ကျင့်တရားဖြစ်သည်။

:၁၃ ကမ္ဘာလောကကြီးသည် တစ်စထက်တစ်စ တိုးတက်ကောင်းမွန်၍ အသက်တာ ပြောင်းလဲမည့်အစား သာ၍ ဆိုးရွားပျက်စီးကြမည်ဟု ရှင်ပေါလုက သတိပေးသည်။ ဆိုးညစ်သောသူ၊ လှည့်ဖျားသောသူ ပိုဆိုးလာကြမည် ဟုဆိုသည်။ မာယာပရိယာယ် နည်းလမ်းမျိုးစုံသုံး၍ လက်နက်များဖြင့် တိုက်ခိုက်လာကြမည်။ တခြားသူများကို ဖျက်ဆီးသည်သာမက မိမိထောင်ချောက်၌ မိမိကိုယ်ကို ပြန်မိကြမည်။ မုသာ၌ ကြာရှည်ကျင်လည်ခဲ့ကြသောကြောင့် နောက်ဆုံးတွင် ထိုမုသာကို အမှန်ဟု ထင်မှတ်လာကြမည်။

(လူသားတော်၏ အရင်းအမြစ်အပေါ်မိစ္ဆာဆရာများ၏ အမြင် (:၁၄:)

          :၁၄ ဘုရားသခင် နှုတ်ကပတ်တော်၌ တည်မြဲခိုင်ခန့်ရန် တိမောသေအား အဖန်တလဲလဲ တိုက်တွန်းသည်။ မိစ္ဆာဆရာများ ပတ်ချာဝိုင်းရံနေသည့်ကာလတွင် ထိုတိုက်တွန်းချက်သည် အဓိက အချက်ဖြစ်သည်။ အကယ်၍ သမ္မာတရားကိုသိရှိ၍ လိုက်လျှောက်ပါက မည်သည့်ဘေးရန်ကမှ ဆွဲဆောင်နိုင်မည် မဟုတ်။

တိမောသေသည် သမ္မာတရားကို သင်အံသည်သာမက ယုံကြည်ခြင်း၌လည်း စိတ်ချအာမခံချက်ရှိသူ ဖြစ်သည်။ ထိုယုံကြည်ခြင်းသည် ယဉ်ကျေးမှုနှင့်၎င်း အသိပညာနှင့်၎င်း မသက်ဆိုင်ကြောင်း ကောင်းစွာ နားလည်ခဲ့သည်။ လူ့အသိဉာဏ်ကို ကိုးစား၍ သမ္မာတရားကို စွန့်ပစ်ခြင်းမရှိ။

တမန်တော်ကြီးက သိရှိနားလည်ပြီးသော သစ္စာတရားကို မမေ့လျော့ဖို့ သတိပေးသည်။ ဤနေရာတွင် တိမောသေကို သင်ပေးသူဟူသော စကားတွင် စဉ်းစားစရာရှိပါသည်။ တချို့က ရှင်ပေါလုဟု၎င်း၊ အချို့ကအဖွားနှင့် အမေဟု၎င်းဆိုကြသည်။ မည်သို့ပင်ဖြစ်စေ တိမောသေသည် သမ္မာတရားအား သိရှိနားလည်သွားသည်။ ထိုသူများသည် ဘုရားသခင်၏ မျက်နှာတော်ကိုသာ ကြည့်ရှုသူများ ဖြစ်ပေသည်။

:၁၅ စိတ်ကူးစိတ်သန်း အလွန်ကောင်းသော ကျမ်းပိုဒ်ဖြစ်သည်။ တိမောသေသည် ငယ်စဉ်တောင်ကျေးကလေးဘဝမှစ၍ သမ္မာတရား၌ ကျင်လည်သူဖြစ်သည်။ မိခင်က က၊ခ သင်ပေးရာတွင် ဓမ္မဟောင်းကျမ်းကို ဖတ်စာအဖြစ်အသုံးပြုသည်။ ကလေးသူငယ်ဘဝကပင် သမ္မာကျမ်းစာ အရိပ်အာဝါသ လွှမ်းမိုးသည်။ ထို့ကြောင့် သမ္မာကျမ်းစာပါ အလိမ္မာများကို မေ့နိုင်စရာအကြောင်းမရှိ။ သူ့ဘဝသည် ဘုရားသခင်နှင့် ကောင်းသောအကျင့်သာဖြစ်သည်။

သမ္မာကျမ်းစာသည် လူများကို လိမ္မာရေးခြားရှိ၍ ကယ်တင်းခြင်း ရရှိအောင် ပို့ပေးနိုင်စွမ်းရှိသည်။ ဆိုလိုသည်မှာ တိမောသေသည် သမ္မာကျမ်းစာအားဖြင့် ကယ်တင်ခြင်း ရရှိခြင်းဖြစ်သည်။ ကယ်တင်ခြင်း၏ စိတ်ချမှုသည် နှုတ်ကပတ်တော်ဖြင့် ခွန်အားရပါသည်။

ယေရှုခရစ်ကို ယုံကြည်ခြင်းဖြင့်သာ ကယ်တင်ခြင်းရရှိပါသည် တိုတောင်းစွာ မှတ်သားရမည်။ အကျင့်ကောင်း၊ နှစ်ခြင်းမင်္ဂလာ၊ အသင်းတော်၌ ပါဝင်ခြင်း ပညတ်တော်ဆယ်ပါးလိုက်လျှောက်ခြင်း၊ ရွှေပညတ်တော်များ ထိန်းသိမ်းခြင်းနှင့် တခြားလူလုပ် အမှုအရာအားဖြင့် မရနိုင်ပါ။ ဘုရားသားတော်ကို ယုံကြည်ခြင်း တစ်မျိုးတည်းဖြင့်သာ ကယ်တင်ခြင်းရရှိနိုင်ပါသည်။

:၁၆ ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအရာဖြစ်သည်ဟု ဆိုသည်။  ဓမ္မဟောင်းကျမ်းကို ပေါလုက ရည်ညွှန်းခြင်းဖြစ်သည်။ သို့သော် ထိုစကားကို ကောက်လျှင် ဓမ္မသစ်ကျမ်းလည်း ပါသည်။ ၁တိ ၅:၁၈၊ လု ၁၀:၇ ကိုကျမ်းစာအဖြစ် ရည်ညွှန်း(၂ပေ ၃:၁၆)သည်။ ယနေ့ကာလတွင် ဤကျမ်းပိုဒ်ကို သမ္မာစကားအဖြစ် ယူမှတ်နေကြပါပြီ။

ဤစကားသည် ဘုရားသခင်မှုတ်သွင်းတော်မူသော ကျမ်းစာအုပ်ထဲမှ စကားတစ်ခွန်းဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းတော်မူသည်၂၇ ဟု ဆိုပါသည်။ အံ့ဩဖွယ်လက္ခဏာဖြင့် ဘုရားသခင်သည် လူသားများအား အသုံးပြု၍ ကျမ်းစကား ရေးမှတ်ခိုင်းပါသည်။ ရေးသားသမျှသည် အပြစ်ဆိုဖွယ်မရှိ၊ ဘုရားရှင်မှုတ်သွင်းသော စကားလုံးအတိအကျအတိုင်း ဖြစ်သည်။ ထို့ကြောင့် အသီးသီး အသက အသက ရေးကြသော်လည်း ပျက်စီးခြင်းမရှိ။ ဝိညာဉ်တော် အတိုင်းသာ ရေးမှတ်ကြသည်။ (၁ကော ၁:၁၃) တွင် ‘ဘုရားသခင်ပေးတော်မူသော အရာကို ငါတို့သည် လူပညာကို အမှီပြု၍ နားလည်သောစကားနှင့် မဟော။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်နှင့် စပ်ဆိုင်သောအရာကို ဝိညာဉ်စကားဖြင့် ဖွင့်ပြ၍ ပဲ့ပြင်တော်မူသော စကားနှင့် ဟောကြ၏” ဟု ကျမ်းစကားရှိထားပါသည်။ ဤကျမ်းစကားကို သက်သေထူရလျှင် ကျမ်းစာပါသမျှသော သမ္မာစကားများသည် ဝိညာဉ်တော် ဖွင့်ပြခြင်းဖြင့် ရေးသားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ နှုတ်ဖြင့် မြွက်ပြခြင်းဖြစ်သည်။

ဘုရားသခင်က အကြံဉာဏ်ပေး၍ ကျမ်းစာရှင်များ၏ ရေးတတ်သကဲ့သို့ ပြန်လည်ရေးသားကြခြင်း မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်က အစစ်အမှန် မှုတ်သွင်းသော မူရင်းစကားလုံးများဖြစ်သည်။

အဘယ်ကြော့်ဆိုသော် သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် အစစ်အမှန်ဖြစ်သည်။ အချို့က ကျမ်းစာတွင်ပါရှိသည့် ဆွေစဉ် မျိုးဆက်များ အဓိပ္ပါယ်မရှိသော ကျမ်းပိုဒ်များအား အံ့အားသင့်ကြသည်။ ဝိညာဉ်တော်အားဖြင့် ဘုရားနှုတ်တော်မှ ရွတ်ဆိုပြသော စကားလုံးများဟုသာ ခံယူရမည်။

သမ္မာကျမ်းစာသည် အလွန်ကောင်းသော အယူဝါဒဖြစ်သည်။ ဘုရားသခင်၏ အကြံတော်ဖြစ်သည်နှင့် အညီ သုံးပါးတစ်ဆူ၊ ကောင်းကင်တမန်၊ အပြစ်ဒုစရိုက်၊ ကယ်တင်ခြင်း၊ ဖြောင့်မတ်စင်ကြယ်ခြင်း အသင်းတော်နှင့် အနာဂတ်အဖြစ်အပျက်များ ပါဝင်သည်။

တဖန် သက်သေထူနိုင်သည်။ သမ္မာကျမ်းစာ ဖတ်ရှုသောအခါ စိတ်တော်နှင့် မထိတွေ့သော အရာများအား မိမိတို့ အသက်တာတွင် အမှန်တကယ် တွေ့ရှိရသည်။ အမျက်တော်ဖြေဖို့ရာ အပြစ်ဝန်ချ တောင်းပန်ခြင်း နည်းလမ်းကိုလည်း သွန်သင်ထားသည်။

ထို့အပြင် အမှားပြင်ဆင်ရာတွင်လည်း အကျိုးအမြတ်ပြုပါသည်။ အမှားကို ထောက်ပြရုံသာမက အမှန်ပြင်ဆင်နည်းကိုလည်း ပြသပေးထားသည်။ ဥပမာအားဖြင့် ကျမ်းစာက “သူတစ်ပါးကို မခိုးနှင့်” ဟုသာ မသွန်သင်ပါ။ ထိုစကားကို “အလုပ်လုပ်ပါ။ မိမိလိုအပ်သောအရာ ရရှိဖို့ရာ ကောင်းသော အလုပ် လုပ်စေပါ” ဟု ဆက်ပါသည်။ ပထမပိုင်းသည် သိမှတ်ခြင်း ဖြစ်၍ ဒုတိယပိုင်းသည် အမှားပြင်ဆင်ခြင်း ဖြစ်သည်။

နောက်ဆုံးအချက်မှာ ကျမ်းစာသည် ဖြောင့်မတ် စင်ကြယ်ဖို့ သမ္မာလမ်းညွှန် ဖြစ်သည်။ အလိုတော်နှင့်အညီ ပြုမူနေထိုင်နိုင်ရန် နှုတ်ကပတ်တော်က အသေးစိတ် သွန်သင်ပါသည်။

:၁၇ ဘုရားသခင်၏ လူသည် စုံလင်သောသူ ကောင်းသောအမှုအမျိုးအမျိုး ပြုစုသူ ဖြစ်ဖို့ရန် ပြင်ဆင်ထားပါသည်။ ကောင်းသောအကျင့်များ စုံလင်ခြင်းဖြင့် ကယ်တင်ခြင်း ပန်းတိုင်ကို ဖက်တွယ်ရသည် (ဧ ၂:၈-၁၀) ထိုကျမ်းစကားသည် ခေတ်သစ် အယူအဆများနှင့် အနည်းငယ် တိမ်းစောင်းနိုင်သည်။ ထို့ကြောင့် Lenski က ဤသို့ဆိုထားသည်။

သမ္မာကျမ်းစာသည် လုံးဝယှဉ်ပြစရာ မရှိသော စာအုပ်ြဖစ်သည်။ အပြစ်သားများအား လိမ္မာရေးခြား ရှိလာ၍ ကယ်တင်ခြင်း ရရှိအောင် မည်သည့် စားကြည့်တိုက် အဘိဓမ္မာကမှ မစွမ်းဆောင်နိုင်ပါ။ ဘုရားသခင် တန်ခိုးမှုတ်သွင်းခြင်း မရှိသော အရာများသည် အဆုံးတွင် အနိစ္စသာဖြစ်ပါသည်။ သမ္မာကျမ်းစာမူကား တန်ခိုးမှုတ်သွင်းသောကြောင့် စစ်မှန်သော ကယ်တင်ခြင်းပေးပါသည်။ မုသာနှင့် ယိုယွင်းပျက်စီးသော အရာများကို ဖယ်ရှားပေးသည်။ လဲနေသော ခရစ်ယာန်များကို ထူပေးသည်။ အသိဉာဏ်ပညာ စည်းကမ်းကလနားနှင့် အလေ့အကျင့်များဖြင့် ဖြောင့်မတ် မှန်ကန်ခြင်းသို့ ရောက်အောင် ပို့ဆောင်ပါသည်။၂၈

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။