ဓမ္မရာဇဝင်ဒုတိယစောင် - ၂၀

ရှေဘပုန်ကန်ခြင်း
1ထိုအခါ ဗင်္ယာမိန်အမျိုး ဗိခရိ၏သားရှေဘ အမည်ရှိသော အဓမ္မလူတစ်ယောက်ရှိ၏။ ထိုသူသည် တံပိုးမှုတ်၍၊ အိုဣသရေလ အမျိုး၊ ငါတို့သည် ဒါဝိဒ်၌တစ်ဖို့ကိုမျှ မဆိုင်။ ယေရှဲ၏သားကို အမွေမခံထိုက်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ သွားကြဟုဆိုသဖြင့်၊ 2ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ထံတော်မှထွက်၍ ဗိခရိသားရှေဘနောက်သို့ လိုက်ကြ၏။ ယုဒအမျိုးသားတို့မူကား၊ ယော်ဒန်မြစ်မှသည် ယေရုရှလင်မြို့တိုင်အောင် ရှင်ဘုရင်၌ ဆည်းကပ်ကြ၏။ 3ဒါဝိဒ်မင်းကြီးသည် ယေရုရှလင်မြို့ နန်းတော်သို့ ရောက်သောအခါ၊ နန်းတော်ကိုစောင့်စေခြင်းငှာ ထားခဲ့သော ကိုယ်လုပ်တော်တစ်ကျိပ်တို့ကိုယူ၍ လှောင်အိမ်၌ထား၏။ ထိုသူတို့ကို ကျွေးမွေးသော်လည်း မပေါင်းဖော်။ သူတို့သည် သေသည်တိုင်အောင် အချုပ်ခံ၍ မုဆိုးမကဲ့သို့ နေရကြ၏။ 4ရှင်ဘုရင်ကလည်း၊ သုံးရက်အတွင်းတွင် ယုဒလူတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့နှင့်အတူ ကိုယ်တိုင်လာရမည်ဟု အာမသအား မိန့်တော်မူ၏။ 5အာမသသည် သွား၍ ယုဒလူတို့ကို နှိုးဆော်သဖြင့်၊ ချိန်းချက်သောအချိန်ကို လွန်စေ၏။ 6ဒါဝိဒ်ကလည်း၊ အဗရှလုံပြုသည်ထက် ဗိခရိသားရှေဘသည် သာ၍ အပြစ်ပြုလိမ့်မည်။ သင့်သခင်၏ကျွန်တို့ကို ခေါ်၍ ထိုသူကိုလိုက်လော့။ သို့မဟုတ်သူသည် ခိုင်ခံ့သောမြို့ တစ်စုံတစ်မြို့ထဲသို့ဝင်၍ ငါတို့လက်မှ လွတ်လိမ့်မည်ဟု အဘိရှဲအား မိန့်တော်မူသည်အတိုင်း၊ 7အဘိရှဲနောက်မှာ ယွာဘ၏လူများနှင့် ခေရသိလူ၊ ပေလသိလူများမှစ၍ ခွန်အားကြီးသောသူအပေါင်းတို့သည် ဗိခရိသားရှေဘကို လိုက်အံ့သောငှာ ယေရုရှလင်မြို့မှ ထွက်သွားကြ၏။ 8ဂိဗောင်မြို့၌ရှိသော ကျောက်ကြီးသို့ ရောက်ကြသောအခါ၊ အာမသသည် သူတို့ရှေ့သို့ ချီသွားလေ၏။ ယွာဘသည် မိမိဝတ်သောအဝတ်ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ်မှာလည်း ဓားကိုအိမ်နှင့်တကွ ဆွဲလျက်ထား၏။ သွားစဉ်တွင် ဓားသည် လျှော၍ကျ၏။ 9ယွာဘကလည်း၊ မာ၏လားငါ့ညီဟု အာမသကိုမေး၍ နမ်းဟန်ဆောင်လျက် လက်ယာလက်နှင့် အာမသ၏မုတ်ဆိတ်ကို ကိုင်၏။ 10လက်ဝဲလက်၌ကိုင်သောဓားကို အာမသသည် သတိမပြုသောကြောင့်၊ ဝမ်းကိုထိုး၍ အအူကိုမြေပေါ်မှာချ၏။ ထပ်၍ မထိုးသော်လည်း အာမသသေလေ၏။ ယွာဘနှင့်ညီအဘိရှဲသည် ဗိခရိသားရှေဘကို လိုက်ကြ၏။ 11သူအနားမှာ ယွာဘ၏လူတစ်ယောက်သည်ရပ်၍ ယွာဘနှင့်ဒါဝိဒ်ဘက်၌ နေသောသူဖြစ်လျှင် ယွာဘနောက်သို့ လိုက်တော့ဟုဆို၏။ 12အာမသသည် လမ်းမအလယ်တွင် မိမိအသွေး၌ လူးလျက်ရှိ၏။ လမ်း၌ သွားလာသောသူ အပေါင်းတို့သည် ရပ်၍ နေကြသည်ကို ယွာဘ၏လူမြင်သောအခါ၊ အာမသကို လမ်းမကယူ၍ လယ်ပြင်သို့ရွှေ့ပြီးလျှင် အဝတ်နှင့်ဖုံးလေ၏။ 13ထိုသို့ လမ်းမကရွှေ့ပြီးမှ၊ လူအပေါင်းတို့သည် ယွာဘနှင့်အတူ ဗိခရိသားရှေဘကို လိုက်သွားကြ၏။
14ယွာဘသည် ဗက်မာခပြည်၊ အာဗေလမြို့တိုင်အောင် ဣသရေလတိုင်းခရိုင် ရှိသမျှကို လျှောက်သွား၏။ ဗေရိလူအပေါင်းတို့သည်လည်း စုဝေး၍ ယွာဘနောက်သို့ လိုက်ကြ၏။ 15ရှေဘတည်းခိုသော ဗက်မာခပြည်၊ အာဗေလမြို့ကို ဝိုင်းထား၍၊ ပြင်မြို့ရိုးတစ်ဖက်တစ်ချက်၌ မြေရိုးကိုဖို့ကြ၏။ ယွာဘနှင့် သူ၏လူအပေါင်းတို့သည် မြို့ရိုးကို ဖြိုခြင်းငှာ ထိုးဖောက်ကြ၏။ 16ထိုအခါ ပညာရှိသော မိန်းမတစ်ယောက်သည် မြို့ထဲကဟစ်၍ ဆိုသည်ကား၊ နားထောင်ကြ၊ နားထောင်ကြ၊ ငါသည်ယွာဘနှင့် စကားပြောနိုင်မည်အကြောင်း ချဉ်းလာပါဟု ယွာဘအားလျှောက်ကြလော့ ဟုဆိုသည်အတိုင်း၊ 17ယွာဘသည် ချဉ်းလာသောအခါ မိန်းမက၊ သင်သည် ယွာဘဟုတ်သလောဟု မေးလျှင်၊ ငါဟုတ်သည်ဟု ဆိုသော်၊ မိန်းမက၊ ကိုယ်တော်ကျွန်မ၏ စကားကို နားထောင်တော်မူပါဟုဆို၏။ ယွာဘကလည်း၊ ငါနားထောင်လျက်နေသည်ဟု ဆိုသော်၊ 18မိန်းမက၊ အကယ်စင်စစ် အာဗေလမြို့မှာတိုင်ပင်၍ အမှုကိုဆုံးဖြတ်ပါလေစေဟု ရှေးကာလ၌ ဆိုတတ်ကြ၏။ 19ကျွန်မသည် ဣသရေလအမျိုး၌ အမှုမလုပ်ပါ။ သစ္စာစောင့်သောသူ ဖြစ်ပါ၏။ ကိုယ်တော်သည် မြို့တစ်မြို့တည်းဟူသော ဣသရေလအမျိုးတွင် အမိတစ်ယောက်ကို ဖျက်ဆီးခြင်းငှာ ရှာတော်မူ၏။ ထာဝရဘုရား၏အမွေတော်ကို မျိုခြင်းငှာ အဘယ်ကြောင့် အလိုရှိတော်မူသနည်းဟု လျှောက်လျှင်၊ 20ယွာဘက၊ မျိုခြင်းအမှု၊ ဖျက်ဆီးခြင်းအမှုသည် ငါနှင့်ဝေးပါစေသော။ ဝေးပါစေသော။ 21ထိုသို့မဟုတ်ပါ။ ဧဖရိမ်တောင်သားဖြစ်သော ဗိခရိ၏သား ရှေဘအမည်ရှိသော သူသည် ရှင်ဘုရင်ဒါဝိဒ်ကို ပုန်ကန်ပြီ။ ထိုသူကို အပ်လော့။ အပ်လျှင် ဤမြို့မှ ငါထွက်သွားမည်ဟု ပြောဆိုသော်၊ မိန်းမက၊ သူ၏ဦးခေါင်းကို ကိုယ်တော်ရှေ့သို့ ပစ်ချပါမည်ဟု ဆိုပြီးမှ၊ 22ထိုမိန်းမသည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ ဦးခေါင်းကိုဖြတ်၍ ယွာဘရှေ့သို့ ပစ်ချကြ၏။ ယွာဘသည်လည်း တံပိုးမှုတ်သဖြင့်၊ လူများတို့သည် ထိုမြို့မှ မိမိတို့နေရာသို့ ပြန်သွားကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံတော်သို့ ပြန်သွား၏။
ဒါဝိဒ်၏အရာရှိများ
23ယွာဘသည် ဣသရေလတပ်သားအပေါင်းတို့ကိုအုပ်သော ဗိုလ်ချုပ်မင်းဖြစ်၏။ ယောယဒသား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။ 24အဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။ 25ရှေဝသည် စာရေးတော်ကြီးဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာသည် ယဇ်ပုရောဟိတ်ဖြစ်၏။ 26ယာဣရမြို့သား ဣရသည်နန်းတော်အုပ်ဖြစ်၏။

ဓမ္မရာဇဝင်ဒုတိယစောင် - ၂၀ (အနက်ဖွင့်)

(ရှေဘပုန်ကန်ခြင်းနှင့် သေခြင်း (အခန်း ၂၀)

၂၀:  ဗင်္ယာမိန်အမျိုးတွင် စိတ်သဘောထားမမှန်သော ရှေဘ (ရှောလုနှင့် သွေးသားမကင်း)သည် ဣသရေလ လူများကို ကုန်းချောစည်းရုံးလျှက် (၁၉:၄၂) သူပုန်ထကြသည်။ ယုဒလူမျိုးများသည် ဒါဝိဒ် မင်းအား ပြည့်ရှင်မင်းတရားဟု ခံယူသူများဖြစ်သည်။ ဒါဝိဒ်၏ တိုင်းပြည်တွင် ဣသရေလ လူနေရာမရှိ ဟုဆိုသည်။ ဣသရေလလူမျိုး အပေါင်းတို့ ဆိုခြင်းမှာ ဣသရေလလူ ဆယ်မျိုးကို ယေဘုယျ သိမ်းကြုံးခေါ်ဆိုခြင်းဖြစ်သည်။

၂၀:  ယေရုရှလင်မြို့ သို့ ဒါဝိဒ်ရောက်လာသောအခါ နန်းတော်တွင် ချန်ထားပစ်ခဲ့သော မောင်းမမီဿံဆယ်ယောက် ကို တွေ့ရသည်။ အဗရှလုံနှင့် မသင့်မလျော်နေခဲ့ပြီ။ ထို့ကြောင့်ထို အမျိုးသမီးများအား မုဆိုးမများကဲ့သို့  အိမ်တလုံးတွင် တသက်လုံး အကျယ်ချုပ် ချုပ်ထားသည်။

၂၀:  ရှေ သည် သူပုန်အဗရှလုံ၏ စစ်သူကြီး အာမသ လက်ထောက်သို့ ရာထူးလျှော့ကျသည်။ ဒါဝိဒ်က အာမသ အား ယုဒများ ကို သုံးရက်အတွင်းစုစည်းပြီး သူပုန် ရှေဘအား လိုက်လံချေမှုန်းစေသည်။ အာမသ သည် လုပ်ငန်းမကျွမ်းကျင်သေးသောကြောင့် ဒါဝိဒ်က အဘိရှဲအား တွဲဖက်ခေါ်ခိုင်းခြင်းဖြစ်သည် ဟု အချို့က ဆိုကြသည်။ သတ်မှတ်ထားသောအချိန်တွင် လူမစုနိုင်သေးသဖြင့် ဒါဝိဒ်က အဘိရှဲအား ရှိသမျှအင်အားဖြင့် ရှေဘနောက်သို့ လိုက်နှင့်ခိုင်းသည်။ သို့မဟုတ်လျှင် ရှေဘသည် ခိုင်ခံ့သော ခံတပ်ရောက်ဖို့အချိန်ရနေ ဦးမည်။ အဘိရှဲတပ်ဖွဲ့ထဲတွင် ယွာဘ လည်း လိုက်ပါသည်။

၂၀:၁၀  ဂိဗောင်ကျောက်တုံး ကြီးနားအရောက်တွင် ယွာဘ က အာမသကို တွေ့သည်။ ယွာဘသည် စစ်အတွက် အဝတ်အစား စစ်ချပ်တန်ဆာဝတ်ဆင်ထားသည်။ အာမသ အား နှုတ်ဆက်လိုက်သည်။ ကိုင်ထားသော ငှက်ကြီးတောင် ဓါးလွတ်ကျ၍ လိုက်ဖမ်းစဉ် အာမသ၏ဝမ်းဗိုက်ခွဲမိ၍ အာမသလဲကျသေဆုံးသည်။ ယွာဘသည် တမင်တကာလုပ်ကြံဟန် မတူ။ ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် အာမသ၏ မုတ်ဆိတ်မွှေးကိုင်၍ နမ်းသည် ဟုဆိုသည်။

၂၀:၁၁၁၃  ယွာဘနှင့် အဘိရှဲတို့၏ စစ်သည်တော်များသည် ရှေဘနောက်သို့ ဒလစပ်လိုက်ကြသည်။ အာမသ၏အလောင်းကို ဘေးဖယ်ရန် အချိန်မပေးနိုင်ကြ။ လူသွားလမ်းပေါ်တွင် သွေးစီးနေသည်။ နောက်တွင် ယွာဘ၏ တပည့်က လမ်းရွှေ့ပေးလိုက်သည်။

၂၀:၁၄၂၂  မြောက်ပိုင်းအရပ်ရှိ ဗက်မာခပြည် အာဗေလမြို့ ထိလိုက်ကြသည်။ ထိုမြို့သည် မေရောမ်ရေပြင် အနားတွင်ရှိသည်။ ထိုမြို့သည် ပညာရှိများ ထွန်းကားရာမြို့အဖြစ် လူသိများထင်ရှားသည်။ ယွာဘ၏စစ်သားများသည် မြို့ရိုးပြိုလဲအောင် အမြစ်မှတူးဆွနေစဉ် မြို့ထဲမှ ပညာရှိအမျိုးသမီးတစ်ဦးက စစ်သူကြီးယွာဘအား တယောက်ချင်းခေါ်၍ ဣသရေလလူများ၏ မိခင်မြို့ကို အဘယ်ကြောင့် ဖျက်ဆီးချင်သနည်းဟု မေးသည်။ (ပညာရှိများ ထွက်ရာအရေးကြီးသော မြို့ဆိုလိုသည်)။ ထိုမိန်းမက ပညာရှိအဆိုအမိန့်များကို ကိုင်ထားထောက်ပြ၍ ရှင်းပြသည်။ ယွာဘက မြို့ကို ဖျက်ဆီးလို၍ မဟုတ်၊ သူပုန်ဗိုလ် ရှေဘ၏ ဦးခေါင်းကို လိုချင်သောကြောင့် စပါးကို မီးရှို့ခြင်းဖြစ်ကြောင်းကို ရှင်းပြသောအခါ ထိုအမျိုးသမီးက ရှေဘ၏ ဦးခေါင်းကို ဆက်သမည်ဟု ဆိုသည်။ ရှေဘ၏ ဦးခေါင်းအား နံရံကျော်၍ လှမ်းပစ်သည်။ ယွာဘသည် ရှေဘ၏ဦးခေါင်းကို ရရှိသောအခါ အောင်စည်တံပိုးမှုတ်၍ ယေရုရှလင်သို့ ပြန်ကြသည်။ ရှေဘ၏ ပုန်ကန်ခြင်းသည် သီတင်းတပတ်ထက်မပို။

၂၀:၂၃၂၆  ဒါဝိဒ်သည် ယွာဘအား ရာထူးလျှော့ချပြီး အာမသကို ရာထူးတိုးပေးသည် (၁၉:၁၃)။ အာမသအောက်တွင် အဘိရှဲခန့်အပ်သည် (၂၀:၆)။ သို့သော်လည်း လက်တွေ့လုပ်ဆောင်ရာတွင် ယွာဘသည် စစ်ခေါင်းဆောင်ကြီး ဖြစ်နေသည်။

ဒါဝိဒ်မင်း၏ မင်းမှုထမ်းများကို ၈:၁၅-၁၈ တွင် ဖေါ်ပြပြီးဖြစ်သည်။ ယခုအပြောင်းအလဲများဖြင့် ဖြည့်ဆည်းသည်။ ယွာဘကစစ်ဦးစီးချုပ် ဗေနာယသည် ဘုရင့်ကိုယ်ရံတော်တပ်မှူး၊ ယောရှဖတ်သည် အတွင်းဝန်၊ ရှေဝ (ရှေရယ်ရဟ လည်းခေါ်သည်ရုံးအဖွဲ့မှူး၊ ဇာဒုတ်နှင့် အဗျာသာတို့သည် ယဇ်ပုရောဟိတ် (အစောပိုင်းစာရင်းတွင် ဇာဒုတ်နှင့် အဟိမလက်ဟု မှတ်တမ်းတင်ထားသည်)။ ထူးခြားပြောင်းလဲချက်မှာ အဒေါနိရံက အခွန်တော်ဝန်ကြီး၊ ယာဣရမြို့သား ဣရ နန်းတော်အုပ် ဖြစ်လာကြသည်။ ဒါဝိဒ်၏သားများသည် အခန်း ၈ တွင် ရေမှတ်သည့်အတိုင်းဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။