ဓမ္မရာဇဝင်ဒုတိယစောင် - ၁၉

ဒါဝိဒ်အားယွာဘပြစ်တင်ခြင်း
1ရှင်ဘုရင်သည် အဗရှလုံကြောင့် ငိုကြွေးမြည်တမ်းတော်မူသည်ဟု ယွာဘအား ကြားပြောလေ၏။ 2ထိုနေ့၌အောင်ပွဲသည် လူအပေါင်းတို့တွင် ဝမ်းနည်းစရာအကြောင်းဖြစ်ပြန်၏။ ရှင်ဘုရင်သည် သားတော်ကြောင့် စိတ်နာကျင်တော်မူသည်ကို လူအပေါင်းတို့သည် ထိုနေ့၌ကြား၍၊ 3စစ်တိုက်ရာမှပြေးသော သူတို့သည် ရှက်၍ တိတ်ဆိတ်စွာ ပြေးတတ်သကဲ့သို့ မြို့ထဲသို့ တိတ်ဆိတ်စွာ ပြေးဝင်ကြ၏။ 4ရှင်ဘုရင်သည်လည်း မျက်နှာကိုဖုံး၍၊ အိုငါ့သား အဗရှလုံ၊ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သားဟု ကြီးသောအသံနှင့် ငိုကြွေးတော်မူ၏။ 5ယွာဘသည် ရှင်ဘုရင်ထံ အိမ်ထဲသို့ဝင်၍၊ ကိုယ်တော်၏အသက်မှစ၍ သားတော်သမီးတော်၊ မိဖုရားမောင်းမမိဿံတို့၏ အသက်ကို ကယ်တင်သော ကိုယ်တော်ကျွန်တို့ကို ယနေ့ အရှက်ကွဲစေတော်မူပြီ။ 6ရန်သူတို့ကိုချစ်၍ အဆွေခင်ပွန်းတို့ကို မုန်းတော်မူ၏။ မှူးမတ်များ၊ ကျွန်များတို့ကို ပမာဏပြုတော်မမူကြောင်းကို ယနေ့ထင်ရှားစွာပြတော်မူပြီ။ အဗရှလုံသည် အသက်ရှင်၍ ကျွန်တော်မျိုးအပေါင်းတို့သည် ယနေ့သေလျှင် အားရတော်မူလိမ့်မည်ဟု ယနေ့ကျွန်တော်သိမြင်ပါ၏။ 7ယခုမှာထတော်မူပါ။ ကြွ၍ ကိုယ်တော်ကျွန်တို့အား နှစ်သိမ့်စကားကို ပြောတော်မူပါ။ ကြွတော်မမူလျှင် ယနေ့ညမှာ အထံတော်၌ လူတစ်ယောက်မျှမနေပါ။ ထိုအမှုသည် ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် ကိုယ်တော်၌ ဖြစ်လေသမျှသောအမှုထက် သာ၍ဆိုးပါလိမ့်မည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျွန်တော်ကျိန်ဆိုပါသည်ဟု လျှောက်သော်၊ 8ရှင်ဘုရင်သည် ထ၍ တံခါးဝ၌ထိုင်တော်မူ၏။ ရှင်ဘုရင်သည် တံခါးဝ၌ ထိုင်တော်မူသည်ကို လူအပေါင်းတို့သည် ကြားသောအခါ အထံတော်သို့ ချဉ်းကပ်ကြ၏။ ဣသရေလလူများမူကား မိမိတို့နေရာသို့ ပြေးသွားကြပြီ။
ယေရုရှလင်မြို့သို့ဒါဝိဒ်ပြန်လာခြင်း
9ထိုနောက်၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့က၊ ရှင်ဘုရင်သည် ဖိလိတ္တိလူအစရှိသော ရန်သူတို့လက်မှ ငါတို့ကိုကယ်နုတ်တော်မူပြီ။ ယခုမှာ အဗရှလုံကြောင့် နိုင်ငံတော်မှ ထွက်ပြေးတော်မူရ၏။ 10ငါတို့ ဘိသိက်ပေး၍ ချီးမြှောက်သော အဗရှလုံသည် စစ်တိုက်ပွဲ၌သေပြီ။ ယခုမှာ ရှင်ဘုရင်ကို တစ်ဖန်ဆောင်ခဲ့ရမည်ဟုမဆို၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေကြသနည်းဟု အချင်းချင်းအပြစ်တင်ကြ၏။ 11ဒါဝိဒ်မင်းကြီးသည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာတို့ထံသို့ လူကိုစေလွှတ်၍၊ ယုဒအမျိုး သက်ကြီးသူတို့ထံသို့ သွား၍ပြောရမည်ကား၊ ရှင်ဘုရင်ကို နန်းတော်သို့ ပြန်ပို့ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျကြသနည်း။ ရှင်ဘုရင်သည် စံနန်းတော်၌ နေစဉ်အခါ၊ ဣသရေလအမျိုးသားအပေါင်းတို့ ပြောတတ်သောစကားကို ကြားတော်မူပြီ။ 12သင်တို့သည် ငါ့ညီအစ်ကို၊ ငါ့အရိုး၊ ငါ့အသားဖြစ်၍၊ ရှင်ဘုရင်ကို ပြန်ပို့မည့်အမှုမှာ အဘယ်ကြောင့်နောက်ကျကြသနည်း ဟူ၍လည်းကောင်း၊ 13အာမသအားလည်း၊ သင်သည် ငါ့အသား ငါ့အရိုးတို့အဝင်ဖြစ်သည်မဟုတ်လော။ သင်သည် ငါ့ရှေ့မှာ ယွာဘ၏ကိုယ်စား အစဉ် ဗိုလ်ချုပ်မင်းမဖြစ်လျှင် ထိုမျှမက ဘုရားသခင်သည် ငါ၌ပြုတော်မူစေသတည်း ဟူ၍လည်းကောင်း၊ ပြောကြလော့ဟု မှာလိုက်တော်မူ၏။ 14ထိုသို့ယုဒအမျိုးသား အပေါင်းတို့ကို တညီတညွတ်တည်း နှလုံးညွတ်စေတော်မူသဖြင့်၊ သူတို့က ကိုယ်တော်ကျွန်အပေါင်းတို့နှင့်တကွ ကိုယ်တော်တိုင်ပြန်လာတော်မူပါဟု ရှင်ဘုရင်အား လျှောက်စေကြ၏။ 15ထိုအခါ ရှင်ဘုရင်သည်ပြန်၍ ယော်ဒန်မြစ်သို့ ရောက်တော်မူ၏။ ယုဒအမျိုးသည် ရှင်ဘုရင်ကို ခရီးဦးကြိုပြု၍ ယော်ဒန်မြစ်တစ်ဖက်သို့ပို့ခြင်းငှာ ဂိလဂါလမြို့သို့ သွားကြ၏။
16ဗင်္ယာမိန်အမျိုးဖြစ်သော ဗာဟုရိမ်မြို့သား ဂေရ၏သားရှိမိသည် ယုဒအမျိုးသားတို့နှင့်အတူ ဒါဝိဒ်မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှာ အလျင်အမြန် လိုက်လာ၏။ 17သူနှင့်အတူ ဗင်္ယာမိန်အမျိုးသားတစ်ထောင်၊ ရှောလုအဆွေအမျိုး၏ ကျွန်ဇိဘနှင့် သူ၏သား တစ်ကျိပ်ငါးယောက်၊ ကျွန်နှစ်ဆယ်တို့သည်လည်း လိုက်လာ၍ ရှင်ဘုရင်ရှေ့တော်၌ ယော်ဒန်မြစ်ကို ကူးကြ၏။
ရှိမိအားဒါဝိဒ်ကရုဏာပြခြင်း
18ကူးတို့လှေသည် နန်းတော်သားများကို ပို့ခြင်းငှာလည်းကောင်း၊ အလိုတော်ကို ဆောင်ခြင်းငှာလည်းကောင်း၊ သွားလာလျက်ရှိ၏။ ယော်ဒန်မြစ်ကို ကူးတော်မူသောအခါ၊ ဂေရ၏သား ရှိမိသည် ရှေ့တော်၌ပျပ်ဝပ်၍၊ 19ကျွန်တော်အရှင်သည် ကျွန်တော်ကို အပြစ်ပေးတော်မမူပါနှင့်။ အရှင်မင်းကြီးသည် ယေရုရှလင်မြို့မှ ထွက်တော်မူသောနေ့၌ ကိုယ်တော်ကျွန်သည် လွန်ကျူးစွာ ပြုမိသောအမှုကို မှတ်တော်မမူပါနှင့်။ နှလုံးသွင်းတော် မမူပါနှင့်။ 20ကိုယ်တော်ကျွန်သည် ပြစ်မှားမိသည်ကို ကိုယ်တော်ကျွန်သိပါ၏။ သို့သော်လည်း ယောသပ်အမျိုးသား အပေါင်းတို့အရင်၊ ကျွန်တော်သည် ယနေ့အရှင်မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှာ လာပါပြီဟု လျှောက်လေ၏။ 21ဇေရုယာသား အဘိရှဲကလည်း၊ ရှိမိသည် ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောအရှင်ကို ကျိန်ဆဲသောကြောင့် အသေသတ်ခြင်းကို ခံရမည်မဟုတ်လောဟုဆိုသော်၊ 22ဒါဝိဒ်က၊ အိုဇေရုယာသားတို့၊ သင်တို့သည် ယနေ့ ငါ့ရန်သူလုပ်မည်အကြောင်း ငါနှင့်အဘယ်သို့ ဆိုင်ကြသနည်း။ ဣသရေလအမျိုးသား တစ်စုံတစ်ယောက်သည် ယနေ့အသေသတ်ခြင်းကိုခံရမည်လော။ ငါသည် ယနေ့ ဣသရေလရှင်ဘုရင်ဖြစ်သည်ကို ငါသိသည်မဟုတ်လောဟု မိန့်တော်မူ၍၊ 23ရှိမိအားလည်း၊ သင်သည် အသေသတ်ခြင်းကို မခံရဟု ကျိန်ဆိုတော်မူ၏။
မေဖိဗောရှက်အားဒါဝိဒ်ကရုဏာပြခြင်း
24ရှောလု၏သား မေဖိဗောရှက်သည်လည်း ရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှာလာ၏။ ရှင်ဘုရင်ထွက်သောနေ့မှစ၍ ငြိမ်ဝပ်စွာ ပြန်လာတော်မမူမီတိုင်အောင်၊ သူသည်ခြေတို့ကို မပြုစု၊ မုတ်ဆိတ်ကိုမပြင်ဆင်၊ အဝတ်ကို မလျှော်ဘဲနေပြီ။ 25ရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှာ ယေရုရှလင်မြို့သို့ ရောက်လာသောအခါ၊ ရှင်ဘုရင်က မေဖိဗောရှက် ငါနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု မေးတော်မူလျှင်၊ 26အရှင်မင်းကြီး၊ ကိုယ်တော်ကျွန်သည် ခြေဆွံ့သောကြောင့် မြည်းစီး၍ ကိုယ်တော်ထံသို့သွားခြင်းငှာ မြည်းကို ကုန်းနှီးတင်မည်ဟု ကြံစဉ်အခါ၊ ကျွန်တော်ကျွန်သည် ကျွန်တော်ကို လှည့်စားပါ၏။ 27အရှင်မင်းကြီးထံတော်၌ ကိုယ်တော်ကျွန်ကို ကုန်းတိုက်ပါပြီ။ သို့ရာတွင် အရှင်မင်းကြီးသည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ ဖြစ်တော်မူ၏။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ။ 28ကျွန်တော်အဆွေအမျိုးအပေါင်းတို့သည် အရှင်မင်းကြီးရှေ့တော်မှာ လူသေဖြစ်ကြသော်လည်း၊ စားပွဲတော်၌ စားသောသူတို့နှင့်အတူ ကိုယ်တော်ကျွန်ကို နေရာပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင်ထံတော်၌ ကျွန်တော်မြည်တမ်းရသော အခွင့်သည် အဘယ်သို့ ရှိပါသနည်းဟု ပြန်လျှောက်သော်၊ 29ရှင်ဘုရင်က သင်၏အမှုအရာတို့ကို အဘယ်ပြောစရာရှိသနည်း။ သင်နှင့်ဇိဘသည် မြေကိုဝေ၍ ယူရကြမည်ငါစီရင်ပြီဟု မိန့်တော်မူ၏။ 30မေဖိဗောရှက်ကလည်း၊ အရှင်မင်းကြီးသည် နန်းတော်သို့တစ်ဖန် ငြိမ်ဝပ်စွာရောက်တော်မူသောကြောင့်၊ သူသည်အလုံးစုံတို့ကိုပင်ယူပါစေဟု လျှောက်လေ၏။
ဗာဇိလဲအားဒါဝိဒ်ကရုဏာပြခြင်း
31ဂိလဒ်ပြည်သား ဗာဇိလဲသည်လည်း ရောဂေလိမ်မြို့မှလာ၍ ရှင်ဘုရင်ကို ယော်ဒန်မြစ်တစ်ဖက်သို့ ပို့ခြင်းငှာ ကိုယ်တော်နှင့်အတူ ကူးလေ၏။ 32ဗာဇိလဲသည် အသက်ရှစ်ဆယ်ရှိ၍ အိုသောသူဖြစ်၏။ ရှင်ဘုရင်သည် မဟာနိမ်မြို့မှာ တပ်ချသောကာလပတ်လုံး ရှင်ဘုရင်ကို လုပ်ကျွေး၏။ အလွန်ရတတ်သောသူလည်း ဖြစ်၏။ 33ရှင်ဘုရင်ကလည်း ငါနှင့်အတူလိုက်လော့။ ယေရုရှလင်မြို့၌ သင့်ကိုငါနှင့်အတူ ငါလုပ်ကျွေးမည်ဟု ဗာဇိလဲအားအမိန့်ရှိလျှင်၊ 34ဗာဇိလဲက၊ အရှင်မင်းကြီးနှင့်အတူ ယေရုရှလင်မြို့သို့သွားရမည်အကြောင်း ကျွန်တော်အသက်သည် အဘယ်မျှလောက် ကျန်ကြွင်းပါသေးသနည်း။ 35ယနေ့ကျွန်တော်အသက် ရှစ်ဆယ်ရှိပါပြီ။ ကောင်းမကောင်းကို ကျွန်တော်ပိုင်းခြား၍ သိနိုင်ပါမည်လော။ ကိုယ်တော်ကျွန်သည် အစားအသောက် အရသာကို မြည်းနိုင်ပါမည်လော။ သီချင်းသည်ယောက်ျား၊ သီချင်းသည်မိန်းမ ဆိုသောအသံကို ကြားနိုင်ပါမည်လော။ ကိုယ်တော်ကျွန်သည် အရှင်မင်းကြီးကို အဘယ်ကြောင့် နှောင့်ယှက်ရပါမည်နည်း။ 36ကိုယ်တော်ကျွန်သည် အရှင်မင်းကြီးနှင့်အတူ ယော်ဒန်မြစ်တစ်ဖက်သို့ အနည်းငယ်လိုက်ပါမည်။ ရှင်ဘုရင်သည် ဤမျှလောက်ကြီးစွာသော ဆုကို အဘယ်ကြောင့် ချပေးတော်မူမည်နည်း။ 37ကိုယ်တော်ကျွန်သည် နေရင်းမြို့တွင် မိဘသင်္ချိုင်းနားမှာ သေရမည်အကြောင်း၊ ပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ သို့ရာတွင် ကိုယ်တော်ကျွန်ခိမဟံ ရှိပါ၏။ အရှင်မင်းကြီးနှင့်အတူ လိုက်စေတော်မူပါ။ စိတ်တော်ရှိသည်အတိုင်း သူ၌ပြုတော်မူပါဟု လျှောက်လေ၏။ 38ရှင်ဘုရင်ကလည်း၊ ခိမဟံသည် ငါနှင့်အတူ လိုက်ရမည်။ သင်အလိုရှိသည်အတိုင်း သူ၌ငါပြုမည်။ သင်တောင်းသမျှကိုလည်း သင့်အဖို့ ငါပြုမည်ဟု မိန့်တော်မူ၏။ 39လူအပေါင်းတို့သည်လည်း ယော်ဒန်မြစ်ကို ကူးကြ၏။ ရှင်ဘုရင်သည် ကိုယ်တိုင်ကူးပြီးမှ၊ ဗာဇိလဲကိုနမ်း၍ ကောင်းချီးပေးတော်မူသဖြင့်၊ သူသည် မိမိနေရာသို့ ပြန်သွား၏။
ဘုရင်အတွက်အချင်းများကြခြင်း
40ရှင်ဘုရင်သည် ဂိလဂါလမြို့သို့ ကြွတော်မူ၏။ ခိမဟံသည်လည်း လိုက်လေ၏။ ယုဒအမျိုးသားရှိသမျှတို့နှင့် ဣသရေလအမျိုးသား တစ်ဝက်တို့သည် ရှင်ဘုရင်ကို ပို့ကြ၏။
41တစ်ဖန် ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံတော်သို့လာ၍၊ ကျွန်တော်တို့ ညီအစ်ကိုဖြစ်သော ယုဒအမျိုးသားတို့သည် ကိုယ်တော်ကိုခိုးယူ၍ ကိုယ်တော်နှင့်တကွ နန်းတော်သား ကိုယ်တော်၏ လူအပေါင်းတို့ကို အဘယ်ကြောင့်ယော်ဒန်မြစ်တစ်ဖက်သို့ ပို့ရကြမည်နည်းဟု လျှောက်ကြသော်၊ 42ယုဒအမျိုးသားအပေါင်းတို့က၊ ရှင်ဘုရင်သည် ငါတို့နှင့် ပေါက်ဖော်တော်သည်ဖြစ်၍၊ ဤအမှု၌ သင်တို့သည် အဘယ်ကြောင့် စိတ်ဆိုးကြသနည်း။ ရှင်ဘုရင်၏ ရိက္ခာတော်ကို ငါတို့စားကြသလော။ ငါတို့အား တစ်စုံတစ်ခုသော ဆုကိုပေးတော်မူသလောဟု ဣသရေလအမျိုးသားတို့အား ပြန်ပြောကြ၏။ 43ဣသရေလအမျိုးသားတို့ကလည်း၊ ငါတို့သည် ရှင်ဘုရင်၌ ဆယ်ဖို့တို့ကိုဆိုင်ကြ၏။ ဒါဝိဒ်အမျိုးကို သင်တို့ဆိုင်သည်ထက် ငါတို့သာ၍ဆိုင်ကြ၏။ ရှင်ဘုရင်ကို ပြန်ပို့ခြင်းအမှုတွင် ငါတို့နှင့်ရှေ့ဦးစွာ မတိုင်ပင်ဘဲ အဘယ်ကြောင့် ငါတို့ကို မထီမဲ့မြင်ပြုကြသနည်းဟု ယုဒအမျိုးသားတို့ကို ပြန်ပြောကြ၏။ သို့ရာတွင် ဣသရေလအမျိုးသားတို့ စကားထက် ယုဒအမျိုးသားတို့စကားသည် သာ၍ခိုင်ခံ့၏။

ဓမ္မရာဇဝင်ဒုတိယစောင် - ၁၉ (အနက်ဖွင့်)

၁၉:  ဒါဝိဒ်မင်းသည် အကြီးအကျယ် ဝမ်းနည်းကြေကွဲသည်။ စစ်သည်တော်များသည်လည်း အရှက်တဝက် အပြစ်တဝက်ခံစားနေကြသည်။ အောင်ပွဲခံခြင်းထက် ဝမ်းနည်းစရာပိုများသည်။ ယွာဘသည် ဘုရင်ကြီးထံ ဝင်ရောက်ခစား၍ စကားဆိုသည်။ ဘုရင့်အတွက် အသက်ပေးတိုက်ခိုက်သော သစ္စာခံ တပည့်သားမြေးများထက် ရန်သူများကို ဦးစားပေးချင်သလား၊ ဘုရားအသက်ကို ကယ်တင်သူများအား ကျေးဇူးမတင်သည့်အပြင် အပြစ်မြင်ရက်သလား၊ အဗရှလုံ အသက်ရှင်၍ ဒါဝိဒ်၏တပည့်များ သေခြင်းကို နှစ်သက်ပါသလားဟု ဆိုသည်။ အကယ်၍ ယနေ့ည တွင် ဒါဝိဒ်မင်းကြီးသည် ငယ်သားများအား အတွေ့မခံလျှင် ဘုရင့်အနီးအနားတွင် တယောက်တလေမှ မရှိအောင် ထွက်သွားကြမည်ဖြစ်၍ သာ၍ ဆိုးမည်ဟု ထပ်ကွန့်သည်။ ဒါဝိဒ်မင်းသည် အသိတရားနိုးကြားလာကာ၊ မြို့တော်တံခါးဝသို့ သွား၍ တိုင်းသူပြည်သား လူအများနှင့် စကားစမြည်ပြောဆိုလေသည်။

 

(ဒါဝိဒ်ပြည်တော်ပြန်ဝင်ခြင်း (၁၉:၃၄)

၁၉:၁၀  ထိုကာလ၌ ဣသရေလ ပြည်တွင် ပွတ်လောညံနေသည်။ အချင်းချင်းစကားများ ရန်ဖြစ်ကြသည်။ ဖိလိတ္တိတို့ ရန်မှ ကယ်နှုတ်ပေးသော ဒါဝိဒ် ဘုရင်လည်းမရှိ။ မိမိကိုယ်ကို ဘုရင်အဖြစ် ချီးမြှောက်သော အာဏာသိမ်း အဗရှလုံ လည်းသေလေပြီ။ အခြေအနေက ဒါဝိဒ်မင်းအား နန်းပြန်တတ်ရန် တောင်းဆိုနေသည်။ အဘယ်ကြောင့်တိတ်ဆိတ်စွာ နေကြရသနည်း ဟူသော စကားသည် ထိုခေတ်အခါ စကားဖြစ်သော်လည်း ယနေ့ခေတ်ကာလတွင် အသင်းတော်များသို့ ပြောသောစကားလည်းဖြစ်သည်။

၁၉:၁၁၁၅  ဣသရေလအမျိုးဆယ်ပါးတို့က ရာဇပလ္လင်ပြန်လည်တက်စေလိုသည့် အကြောင်းဆွေးနွေး တိုင်ပင်ကြကြောင်း ဒါဝိဒ်မင်း သိရှိသောအခါ ယဇ်ပုရောဟိတ် နှစ်ပါးအား ယုဒလူကြီးသူမခေါင်းဆောင်များထံသို့ စေလွှတ်သည်။ ဣသရေလတို့၏ နောက်ဆုံးဘုရင်သည် ဒါဝိဒ်၏သွေးသားဖြစ်သကဲ့သို့ ဣသရေလ လူများသည်လည်း ရင်ဝယ်သားများဖြစ်ကြပါသည်။ အဗရှလုံသည် ပုန်ကန်ခြားနားသည့်အတွက်  သူ့ကုသိုလ်ကံနှင့် သူသွားနှင့်ပြီ။ ထို့ကြောင့် နန်းသွေးနန်းနွယ်ရှိသော ဖခင်ဒါဝိဒ်မင်း နန်းပြန်တက်သင့်သည်ဟု တိုင်ပင်နှီးနှောခဲ့သည်။

ဒါဝိဒ်သည် စစ်သူကြီး ယွာဘ နေရာတွင် သူ၏တူ အာမသအားခန့်အပ်ချင်သည်။ အာမသ သည် လောလောလတ်လတ်တွက် အဗရှလုံ၏ သူကြီးဖြစ်သည်။ (ယွာဘရာထူးဖယ်ရှားခြင်းမှာ သူ့သား အဗရှလုံ သတ်ခဲ့သောကြောင့် ဖြစ်ပေမည်)။ မိမိလူကို ဖယ်ရှား၍ ရန်သူ့လူအား နေရာပေခြင်းသည် နိုင်ငံရေး လှည့်ကွက်အဖြစ် ယနေ့ခေတ်ကာလတွင်လည်း ကျင့်သုံးလာကြသည်။ နိုင်ငံရေးတည်ငြိမ်ဖို့ အတိုက်ခံပြိုင်ဘက် အင်အားနှင့် ချိန်ခွင်လျှာညှိခြင်းဖြစ်သည်။ ယုဒပြည် သူအပေါင်းသည် ဒါဝိဒ်အား သဘောတူကြသဖြင့် ယောဒန်မြစ်ကမ်းထိ သောင်းသောင်းဖျဖျ ခရီးဦးကြိုပြုကြသည်။

၁၉:၁၆၂၃   ဒါဝိဒ်မင်းပြန်လည် နန်းစံမည့်အကြောင်း သတင်းအား ပျံ့နှံ့သောအခါ ဗာဟုရိမ်မြို့၌ ဒါဝိဒ်ကို ကျိန်ဆဲခဲ့သော ရှိမိ၊ ရှောလု၏ကျွန် ဇိဘ တို့သည် ယောဒန်မြစ်ကမ်းနဖူးတွင် ဒါဝိဒ်အား ဂုဏ်ပြုကြိုဆိုကြသည်။ ရှိမိသည် မင်းပြစ်မင်းဒဏ်သင့်မည် စိုးရိမ်ကြောက်လန့်သောကြောင့် အပြစ်ဝန်ချ တောင်းပန်ခြင်းဖြစ်သည်။  ဒါဝိဒ်မင်း၏ လူအဘိရှဲသည် ထိုရှိမိအား ချက်ချင်းခေါင်းဖြတ်ချင်သည်။ သို့သော်လည်း ဒါဝိဒ်မင်းက တားမြစ်သည်။ သူ့ရှင်ဘုရင် ဖြစ်ခြင်းသည် တိုင်းသူပြည်သားများအား ညှင်းဆဲသတ်ဖြတ်ရန်မဟုတ် ဟုဆိုသည်။ ရှောလမုန်ကိုလည်း ဗင်္ယာမိန် အမျိုးအား အပြစ်မရှာ၊ စေတနာဖြူစင်စွာ ဆက်ဆံကြရန် မှာကြားခဲ့သည် (၃ရာ ၂:၈-၉)။

၁၉:၂၄၃၀  ရှောလုသား မေဖိဗောရှက်လည်း မင်းကြီးကို လာရောက်တွေ့ ဆုံသည်။ ဒါဝိဒ်မင်းမရှိခိုက် လွမ်းဆွေး အားငယ်ရာမှ ဒါဝိဒ်မင်းပြန်ရောက်သောအခါ ဝမ်းသာအားရလာရောက် တွေ့ဆုံခြင်းဖြစ်သည်။ ဇိဘကကုန်းချောသော်လည်း ဘုရင်ကြီးကို သစ္စာရှိရှိ လေးစားကြည်ညိုသူ ဖြစ်သည်။ သူနှင့် တပါတည်း မလိုက်ရကောင်းလားဟု ဒါဝိဒ်က စကားဆိုသောအခါ ဘုရင်ကြီးနန်းတော်မှ ထွက်သွားစဉ်ကပင် လိုက်ချင်ပါသည်။ တပည့်ကျွန် ဇိဘ အား မြည်းပေါ်တင်ပေးဖို့ ပြောသောအခါ ဇိဘက မတင်ပေးသောကြောင့် မလိုက်ခဲ့ရ၊ မျက်နှာပျက်စရာဖြစ်ခဲ့သည် ဟု ရှင်းပြသည်။ မေဖိဗောရှက်သည် ခြေလက်မသန်စွမ်းသူ ဖြစ်သောကြောင့် ကူဖော်လောင်ဖက် အမြဲလိုအပ်သည်။ ဇိဘကူညီမှု ပျက်ကွက်ခြင်းကို စိတ်မကြည်လင်။ သို့သော် ယခုအခါတွင် ဒါဝိဒ်မင်းကြီး ပြန်လာပြီ။ ဒါဝိဒ်မင်းကြီးသည် ရှောလုပိုင်မြေ အားလုံးအား မေဖိဗောရှက် နှင့် ဇိဘသို့ တယောက်တဝက်ခွဲဝေ ပေးလိုက်သည်။ မေဖိဗောရှက်ကလည်း စိတ်ရင်းရှိသည့်အတိုင်း “အရှင်မင်းကြီးသည် နန်းတော်သို့ တဖန်ငြိမ်ဝပ်စွာ ရောက်တော်မူသောကြောင့် သူသည် အလုံးစုံတို့ကို ယူပါစေ” ဟု လျှောက်သည်။

၁၉:၃၁၃၉  ဂိလဒ်ပြည်သားအသက်ရှစ်ဆယ်အရွယ်ရှိ ဗာဇိလဲ သည် ဒါဝိဒ်၏ မိတ်ကောင်းဆွေကောင်း တစ်ဦးဖြစ်သည်။ မဟာနိမ်တွင် ရှိနေစဉ် လိုလေသေးမရှိအောင် ထောက်ပံ့ကူညီခဲ့သည်။ ယခု ယောဒန်မြစ်ကမ်းတွင် လာရောက်နှုတ်ဆက်သည်။ ဒါဝိဒ်မင်းကလည်း ယေရုရှလင်မြို့သို့ တပါတည်းလိုက်ပါရန်နှင့် ဧည့်ဝတ်ကျေပြွန်မည့်အကြောင်း ဖိတ်ခေါ်သည်။ သို့သော် ဗာဇီလဲက မလိုက်လို။ သူသည် အိုမင်းရွယ်အိုဖြစ်၍ အဆိုးအကောင်းအကျိုးအကြောင်း မဝေခွဲနိုင်တော့ပါ။ ဘုရင့်ပွဲတော်များကိုလည်း အရသာမခံတတ်။ နန်းတွင်းလူလှပျိုဖြူများ၏ ယိမ်းနွဲ့ကဟန် သီဆိုသံများလည်း မခံစားတတ်တော့ပါ။ ချက်မြုပ်မြေတွင်သာ သေလိုပါသည်ဟု ဆိုသည်။ သို့နှင့် ယောဒန်မြစ်တဘက်ကမ်း ထိသာ လိုက်ပို့ခွင့်ပြုပါဟု ခွင့်တောင်းလိုက်ပို့သည်။ ခိမဟံ (သူ့သားဖြစ်ဟန်တူသည်) ကိုသာ ဒါဝိဒ်မင်းနှင့် ထည့်ပေးလိုက်သည်။

၁၉:၄၀၄၃  တခန်းရပ်ပြကွက် ပြီးဆုံးသွားလို့ နောက်တခန်းစလေပြီ။ ယုဒသူအပေါင်းနှင့် ဣသရေလ အမျိုးတဝက် က ဒါဝိဒ်ဘုရင်အား ပြန်လည်ပင့်ဆောင်လာကြသည်။

ယုဒလူများသည် သွေးသားကစကားပြောသောကြောင့် အခြားဣသရေလ ဆယ်မျိုးကို မဖိတ်ကြားဘဲ၊ ဒါဝိဒ်မင်းအား ပို့ဆောင်ကြခြင်းဖြစ်ပေမည်။ အခြားဣသရေလ အနွယ်များက သူတို့ကို မဖိတ်ကြားရသလားဟု ဆိုကြသည်။ ယုဒလူများက ဒါဝိဒ်မင်းမှ တပါး ဦးစီးခေါင်းဆောင်နိုင်မည့် သူမရှိဟု ယုံကြည်ကြသည်။ အခြားဣသရေလ အနွယ်များကလည်း ယုဒလူနှင့် ရှင်ဘုရင် ဆယ်ဘို့တဘို့ သက်ဆိုင်သကဲ့သို့ သူတို့လည်း ဆယ်ဘို့ကိုးဘို့သက်ဆိုင်သည်ဟု အပြစ်တင်ကြသည်။ သို့သော် ယုဒတို့စကားသည် အပြောမဟုတ် အလုပ်သက်သေဖြစ်ကြောင်း ထင်ရှားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။